ထိုမိန်းမသည် ယန်ရွှယ် ခြင်းတောင်းလွယ်ထားသည်ကို မြင်ပြီး ရှန်ရှို့ဖန်နှင့် အကြည့်ချင်း ဆုံသည်ကို တွေ့သောကြောင့် သူမထံမှ မဝယ်ဘဲ ယန်ရွှယ်ထံမှ ဝယ်သွားမည်ကို စိုးရိမ်၍ လိုက်လာခြင်းဖြစ်ကြောင်း ရှန်ရှို့ဖန် ခန့်မှန်းမိသည်။
ရှန်ရှို့ဖန် သူမကို မောင်းထုတ်လိုက်၏။ "တော်တော့၊ ရှင် ဘာလုပ်နေလဲဆိုတာ အားလုံး သိကြတယ်"
အနိုင်ကျင့်ခံမည့်သူ မဟုတ်သော ရှန်ရှို့ဖန်ကြောင့် ထိုမိန်းမမှာ လက်လျှော့၍ ထွက်သွားရသည်။ "ဘယ်သူက တစ်ဆင့်ပြန်ရောင်းနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲ"
ဒေါသထွက်နေသော ရှန်ရှို့ဖန်သည် တံခါးဝအထိ လိုက်သွားပြီး ပြောလြိက်သည်။ "ရှင် မှိုတွေ ရောင်းချင်သေးရဲ့လား"
ယန်ရွှယ်က ရှေ့သို့ တိုးလာပြီး ရှန်ရှို့ဖန်ကို ထိန်းလိုက်၏။ "စိတ်မတိုပါနဲ့၊ ဗိုက်ထဲက ကလေးအတွက် သတိထားအုံးလေ"
ရှန်ရှို့ဖန်သည် သတိပြန်ဝင်လာပြီးနောက် ပြောလိုက်သည်။ "ငါ့မှာ ကိုယ်ဝန်ရှိနေတာတောင် မေ့သွားတယ်"
ထို့နောက် သူမသည် ထိုမိန်းမအကြောင်းကို ရင်ဖွင့်ခဲ့သည်။ "ငါတို့က အိမ်နီးချင်းတွေလေ၊ ဈေးအထိ သွားမနေတော့ဘဲ သူ့ဆီကပဲ ဝယ်မယ်လို့ စိတ်ကူးတာ။ ဒါကို သူက ဈေးလဲ မလျှော့ပေးတဲ့အပြင် ငါ့အိမ်ထဲအထိ လိုက်လာသေးတယ်။ ဘယ်သူက ဒီလို ရောင်းလို့လဲ"
ထိုမိန်းမ၏ အပြုအမူမှာ တကယ်ပင် စိတ်ပျက်ဖွယ် ကောင်းလှ၏။ အရောင်းအဝယ်ဆိုသည်မှာ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ဖြစ်ပြီး ဝယ်သူအနေဖြင့် သူမတစ်ဦးတည်းထံမှ ဝယ်ရန် တာဝန်မရှိပေ။
သို့သော် ယန်ရွှယ်မှာ သူမ၏ အရင်ဘဝ ဈေးရောင်းစဉ်က ထိုကဲ့သို့သော အခြေအနေများကို အကြိမ်ကြိမ် မြင်ဖူးခဲ့သည်။ အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ် ပြုလုပ်သောအခါတွင်မူ ထိုသို့သော ပြဿနာများ မရှိတော့ဘဲ ထူးဆန်းသော ဝယ်သူအချို့နှင့်သာ ရင်ဆိုင်ရတော့၏။ တစ်ဝက်တစ်ပျက်စားပြီးသား ပျားရည်ကို ပြန်ပေးဖို့ ကြိုးစားတဲ့သူလိုပင်။ သန့်စင်တဲ့ လင်ဒန်ပျားရည်လို အရသာမရှိဘူးလို့ ပြောသေးသည်။
သူမသည် ရှန်ရှို့ဖန်၏ ကျောကို ပုတ်ပေးရင်း ရယ်မောကာ ဆိုလိုက်သည်။ "ဒါက ပိုမကောင်းဘူးလား။ အခု သူ ကျွန်မနဲ့ လာမပြိုင်တော့ဘူးပေါ့"
ရှန်ရှို့ဖန် ခေတ္တ ငြိမ်သွားပြီးမှ မျက်နှာမှာ ဝင်းပသွား၏။ "ဟုတ်သားပဲ၊ ဘာလို့ သူ့ကိုပဲ အကုန်ရောင်းခိုင်းရမှာလဲ" သူမက ပြောပြီး ထွက်သွားခဲ့သည်။ "ဒီမှာ ခဏစောင့်အုံး"
သူမမှာ ကိုယ်ဝန်ငါးလရှိနေသော်လည်း အလွန် လျင်မြန်စွာ လှုပ်ရှားနိုင်၏။ ယန်ရွှယ် "ဖြည်းဖြည်း သွားအုံးလေ" ဟု လှမ်းပြောရန်ပင် အချိန်မရလိုက်ခင် ရှန်ရှို့ဖန်မှာ ဝေးရာသို့ ရောက်သွားပြီပင် ဖြစ်သည်။
ခဏအကြာတွင် ရှန်ရှို့ဖန်သည် အခြားလူနှစ်ဦးနှင့်အတူ ပြန်ရောက်လာ၏။ တစ်ဦးမှာ ယခင်က မှိုများကို လာကြည့်ဖူးသူဖြစ်ပြီး ကျန်တစ်ဦးမှာ လူသစ်ဖြစ်သည်။
ရှန်ရှို့ဖန်က ယန်ရွှယ်၏ တောင်းကို ညွှန်ပြလိုက်၏။ "ကဲ... ကြည့်လိုက်ကြအုံး။ ငါ့တူမရဲ့ မှိုတွေက ဟိုမိန်းမရဲ့ ရောနေတဲ့ မှိုတွေထက် အများကြီး ပိုကောင်းတယ် မဟုတ်လား"
ယန်ရွှယ်မှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ သူမ၏ အဒေါ်မှာ တကယ်ပင် ခက်ထန်သူဖြစ်၏။ ထိုမိန်းမက ရှန်ရှို့ဖန်အား အကျပ်ကိုင်ရန် ကြိုးစားခဲ့သော်လည်း ရှန်ရှို့ဖန်ကမူ သူမ၏ ဖောက်သည်များကိုပင် ပြန်လည် ဆွဲယူလိုက်သည်။
ထိုလူနှစ်ဦးမှာလည်း အခြားရောင်းသူ၏ ဈေးနှုန်း သို့မဟုတ် အရည်အသွေးကို စိတ်တိုင်းမကျသောကြောင့်သာ ရှန်ရှို့ဖန်၏နောက်သို့ လိုက်လာခြင်း ဖြစ်နိုင်၏။ ယန်ရွှယ်၏ သေသပ်လှသော မှိုများကို မြင်သောအခါ တစ်ဦးက ချက်ချင်း မေးလာခဲ့သည်။ "ဒါတွေက ဘယ်လောက်လဲ"
"ကီလိုတစ်ဝက်ကို သုံးယွမ် ခုနစ်မောင်ပါ" ယန်ရွှယ်က ရိုးသားစွာ ဖြေလိုက်၏။ "ဒါတွေက ဆောင်းဦးပေါက်မှိုတွေမို့ နွေဦးမှိုတွေလောက် အရည်အသွေး မကောင်းလို့ ဈေးသက်သာတာပါ"
စိုက်ပျိုးမှိုများသည် ပိုမြန်ဆန်စွာ ကြီးထွားပြီး အထွက်နှုန်း ကောင်းသောကြောင့် ဈေးပိုသက်သာသော်လည်း အရသာနှင့် အထိအတွေ့မှာ တောမှိုများကို မမီပေ။
သို့သော် ယန်ရွှယ်က သစ်တုံးဖြင့် စိုက်ပျိုးခြင်း ဖြစ်သည်။ ကနဦး မျိုးသွင်းချိန်မှလွဲ၍ ကျန်ရှိသော အချိန်များတွင် သဘာဝအတိုင်း ကြီးထွားစေသောကြောင့် တောမှိုများကဲ့သို့ပင် ကောင်းမွန်ပြီး အချို့နေရာများတွင် ပို၍ပင် နူးညံ့၏။
ဝယ်သူများမှာ နွေဦးမှိုနှင့် ဆောင်းဦးမှိုကို မခွဲခြားတတ်သော်လည်း အခြားရောင်းသူ၏ လွန်ကဲသော စကားများထက် ယန်ရွှယ်၏ ရိုးသားမှုကို ပို၍ သဘောကျသွားကြသည်။
တစ်ဦးက ဈေးဆစ်လာ၏။ "နည်းနည်းလောက် လျှော့ပေးပါအုံး။ ငါတို့က ရှောင်ရှန်ရဲ့ အိမ်နီးချင်းတွေပဲဟာ"
ယန်ရွှယ်တွင် ပစ္စည်းအများအပြား ရှိနေပြီး ပစ္စည်းများကို အသွားအပြန် သယ်ရခြင်းမှာ ခရီးစရိတ်နှင့် မကာမိသဖြင့် ဈေးတင်ရောင်းရန် အစီအစဉ် မရှိပေ။
သို့သော် သူမက တွန့်ဆုတ်နေဟန် ဆောင်လိုက်သည်။ ဝယ်သူက ထပ်မံ တိုက်တွန်းလာ၏။ "ဈေးလျှော့ပေးရင် အများကြီး ဝယ်မယ်လေ"
"အနည်းဆုံး ကီလိုဝက် ဝယ်မယ်ဆိုရင်တော့ သုံးယွမ် ခြောက်မောင်နဲ့ ပေးပါ့မယ်" ယန်ရွှယ်က သဘောတူလိုက်သည်။ "ကျွန်မလဲ တောင်ပေါ်ကနေ ရထားစီးပြီး လာခဲ့ရတာဆိုတော့လေ"
ရှန်ရှို့ဖန်ကလည်း ဝင်ပြောပေး၏။ "ဟုတ်တာပေါ့၊ သူ ဒီအထိ လာရတာ မလွယ်ဘူး။ သုံးယွမ် ခြောက်မောင်က တန်ပါတယ်"
ဈေးနှုန်းမှာ အခြားရောင်းသူထက် သက်သာသောကြောင့် ဝယ်သူက သဘောတူလိုက်သည်။ "ဒါဆိုရင် ကီလိုဝက် တစ်ထုတ် ပေးပါ"
"ဟုတ်ကဲ့ အဒေါ်" ယန်ရွှယ်က အလေးချိန်ကို ချိန်တွယ်ပေးလိုက်၏။ "ဒါ အတိအကျပါပဲ၊ မယုံရင် အလေးကို ငှားပြီး ပြန်ချိန်ကြည့်လို့ ရပါတယ်"
ထို့နောက် သူမ မေးလိုက်သည်။ "ဒါက ကိုယ်တိုင်စားဖို့လား၊ လက်ဆောင်ပေးဖို့လား"
"ဘာကွာလို့လဲ" နောက်တစ်ဦးက ဝင်မေးလာ၏။
"ကိုယ်တိုင်စားဖို့ဆိုရင် သတင်းစာနဲ့ ထုပ်ပေးမယ်။ လက်ဆောင်ပေးဖို့ဆိုရင်တော့ ကျွန်မမှာ စက္ကူအိတ်လေးတွေ ရှိလို့ပါ" ယန်ရွှယ်က ကိုယ်တိုင်ပြုလုပ်ထားသော အိတ်များကို ထုတ်ပြလိုက်သည်။
ရွေးချယ်စရာ ရှိနေပါက မည်သူက သတင်းစာစက္ကူကို ရွေးချယ်ပါမည်နည်း။ ပထမဝယ်သူက စက္ကူအိတ်ကို ရွေးလိုက်ပြီး ဒုတိယဝယ်သူကမူ "ကျွန်မကို တစ်ကီလို ပေးပါ၊ တစ်အိတ်စီ ခွဲထည့်ပေးနော်"
မကြာမီမှာပင် ယန်ရွှယ်သည် ၁.၅ ကီလိုဂရမ် ရောင်းလိုက်ရ၏။ အသံများကြား၍ ရောက်လာသော အိမ်နီးချင်းတစ်ဦးကလည်း နောက်ထပ် ကီလိုဝက် ထပ်ဝယ်သွားလေသည်။
ဤရပ်ကွက်မှာ အခြေအနေ ပိုကောင်းပုံရ၏။ ဈေးထဲတွင် နှင်းမှိုများ ရောင်းစဉ်က ဝယ်သူများက အနည်းငယ်စီသာ ဝယ်ခဲ့ကြသည်။
ရှန်ရှို့ဖန်မှာ ဝယ်သူများ ထပ်မံ ရှာဖွေပေးရင်း အလုပ်များနေလေ၏။ ယန်ရွှယ် အိမ်မှ ပြန်ထွက်ချိန်တွင် မှိုတောင်းမှာ သုံးပုံတစ်ပုံခန့် လျော့သွားပြီပင် ဖြစ်သည်။
ရှန်ရှို့ဖန်က ထပ်ပြောလိုက်သည်။ "ထပ်ရှိအုံးမယ်ဆိုရင် ငါ့ကို ပြော။ ဒီက အိမ်တွေက လင်မယား နှစ်ယောက်လုံး အလုပ်သွားကြတာဆိုတော့ နေ့ဘက်ဆို ဘယ်သူမှ မရှိကြဘူး"
ယန်ရွှယ်သည် ကျေးဇူးတင်စကား ဆိုကာ ဈေးသို့ ဆက်သွားလိုက်သည်။ သူမ ပြန်ရောက်လာချိန်တွင် မှို ၁.၅ ကီလိုခန့်သာ ကျန်တော့၏။
အိမ်ရောက်သောအခါ အဘွားဖြစ်သူက ခေါင်မိုးပေါ်မှ မှိုများကို သိမ်းနေသည်ကို မြင်၍ သူမ လန့်သွားရသည်။ ယန်ရွှယ် လှေကားကို အလျင်အမြန် ကိုင်ပေးလိုက်၏။ "အဘွား၊ ဘာလို့ တစ်ယောက်တည်း တက်နေတာလဲ။ ချီဖန့်ရော"
"ငါ သတိထားပါတယ်၊ မချော်ပါဘူး" ဒုတိယအဘွားက နှစ်သိမ့်လျက် ပြောလိုက်သည်။ ထို့နောက် ရှင်းပြလာ၏။ "ရုံးက ချီဖန့်ကို ကဗျာရွတ်ဆိုဖို့ စာမူတွေ သွားယူခိုင်းလို့။ မိုးရွာတော့မယ့်ပုံမို့ ငါက ပစ္စည်းတွေ လာသိမ်းတာ"
"ဒါဆိုရင် အဘွားလဲ အောက်ဆင်းတော့။ အဘွား အပေါ်မှာနေတာ မြင်ရတာ ကျွန်မ ရင်တုန်လွန်းလို့" ယန်ရွှယ်သည် အဘွားဖြစ်သူ၏လက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်သည်။
အဘွားမှာ ယန်ရွှယ်၏ အကူအညီဖြင့် အောက်သို့ ဆင်းလာရပြီး ယန်ရွှယ် အပေါ်သို့ တက်ကာ မှိုများကို သိမ်းသည်ကို ကြည့်နေ၏။
ပစ္စည်းများကို ဂိုဒေါင်ထဲ သိမ်းဆည်းပြီးချိန်တွင် မိုးကောင်းကင်မှာ ပိုမှောင်မှိုင်းလာသော်လည်း ချီဖန့်မှာ ပြန်မရောက်သေးပေ။ ယန်ရွှယ် မနေနိုင်တော့သဖြင့် အဘွားအား မေးလိုက်သည်။ "သူ သွားတာ ဘယ်လောက်ကြာပြီလဲ"
"နာရီဝက်ကျော်လောက်တော့ ရှိပြီ" အဘွားက အိမ်ထဲမှ နာရီလေးကို လှမ်းကြည့်ခဲ့၏။
၎င်းမှာ စခန်းသို့ ရောက်ပြီးနောက် နာရီမရှိပါက အချိန်မသိမည်စိုး၍ သူမနှင့် ယန်ကျိအန်းတို့ ဝယ်ထားသော နာရီဖြစ်သည်။
မိုးရွာတော့မည့် အခြေအနေကြောင့် အဘွားမှာ စိတ်ပူနေ၏။ "ချီဖန့်က ထီးလဲ မယူသွားဘူး။ မိုးမိမှာကို စိုးရိမ်မိတယ်"
မိုးက ရုတ်တရက် ရွာချလာခြင်း ဖြစ်သည်။ ယန်ရွှယ် မနက်က ထွက်သွားစဉ်တွင် ကောင်းကင်မှာ ကြည်လင်နေခဲ့၏။
ကံကောင်းစွာဖြင့် မိုးစက်များ စတင်ကျလာချိန်တွင် ချီဖန့် ပြန်ရောက်လာခဲ့သည်။ သူ၏ ချောမောသော မျက်နှာတွင် ရေစက်အချို့သာ စိုစွတ်နေ၏။
"မှိုတွေ အကုန် သိမ်းပြီးပြီလား" ထိုသူက အိမ်ထဲသို့ ဝင်လာရင်း ခေါင်မိုးကို လှမ်းကြည့်ကာ မေးလာသည်။
"အင်း၊ ယန်ရွှယ်က ပြန်သိမ်းပေးသွားတယ်" ဒုတိယအဘွားက ပြန်ဖြေ၏။
ချီဖန့်သည် ယန်ရွှယ်အား စက္ကူနှစ်ရွက် ကမ်းပေးလိုက်သည်။ "ဒါက ကဗျာရွတ်ဆိုပွဲအတွက် စာမူ။ အရင်ဆုံး ဖတ်ထားရမယ်၊ နောက်ရက် မြို့မှာ သွားလေ့ကျင့်တဲ့အခါမှ ဘယ်သူက ဘယ်နေရာက ရွတ်ရမယ်ဆိုတာ ခွဲကြမယ်"
"မြို့အထိ သွားလေ့ကျင့်ရမှာလား" ယန်ရွှယ်က စာမူကို ဖတ်ကြည့်ရင်း မေးလိုက်၏။ ၎င်းမှာ ရင်းနှီးပြီးသား ကဗျာတစ်ပုဒ် မဟုတ်ဘဲ အသစ်ရေးထားခြင်း ဖြစ်နိုင်သည်။
"အင်း၊ သုံးရက်လောက် စောသွားရမယ်။ အခန်းကဏ္ဍတွေ ခွဲရုံတင်မကဘဲ စင်တင်ဆက်မှုတွေအတွက်ပါ ပြင်ဆင်ရမှာမို့လို့"
၎င်းမှာ ဖြစ်သင့်၏။ စခန်းအများအပြား ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ ပွဲမစမီ လေ့ကျင့်မှု လိုအပ်လေသည်။
အဘွားမှာ ကဗျာရွတ်ဆိုခြင်းနှင့် ပတ်သက်၍ နားမလည်သောကြောင့် သူတို့နှစ်ဦး အလုပ်ကိစ္စ ပြောနေစဉ် ထမင်းချက်ရန် ပြင်ဆင်ရင်း ပြောလိုက်၏။ "ကျိအန်း ကျောင်းက ပြန်လာရင် မိုးရွာနေအုံးမလား မသိဘူး"
"မိုးက သိပ်ကြာမှာ မဟုတ်ပါဘူး" ယန်ရွှယ် အပြင်ကို ကြည့်ရင်း ဆိုလိုက်သည်။ အထဲရောက်သောအခါ သူမက အသံကို နှိမ့်ကာ ချီဖန့်အား မေးလိုက်၏။
"တခြား ကိစ္စရှိသေးလား"
စာမူသွားယူရုံသက်သက်ဆိုလျှင် ဤမျှ မကြာနိုင်သလို သူ၏ မျက်နှာမှာလည်း ဤမျှ တည်တင်းနေမည် မဟုတ်ပေ။
ချီဖန့်သည် စာရေးစားပွဲကို မှီလိုက်ပြီး အပြင်ခန်းဘက်သို့ တစ်ချက်ကြည့်ကာ တိုးတိုးလေး ဖြေလိုက်သည်။ "အတွင်းရေးမှူး လျန်က ကိုယ့်ကို လာပြောတယ်။ တစ်ယောက်ယောက်က ကောလာဟလတွေ လွှင့်နေတယ်တဲ့"
ဒုတိယအဘွားကို စိတ်မပူစေရန် သူက အသံကို အလွန်နှိမ့်ထားလေ၏။
ယန်ရွှယ် အနားသို့ တိုးသွားလိုက်သည်။ "အတွင်းရေးမှူး လျန်က ဘာပြောလို့လဲ"
စခန်းတွင် သူတို့ကို မနာလိုသူများ ရှိနိုင်၏။ မှိုများ အမြောက်အမြား ထွက်ရှိနေသည်ကို ဖုံးကွယ်ထား၍ မရသောကြောင့် မနာလိုသူများ ရှိလာခြင်းမှာ သဘာဝပင် ဖြစ်သည်။
သို့သော် ၎င်းမှာ တရားဝင် တိုင်ကြားချက် မဟုတ်ဘဲ ကောလာဟလသာ ဖြစ်သောကြောင့် မည်သည့်အချက်ကို အခြေခံပြီး စွပ်စွဲရမည်ကို မသိကြသေးပုံ ရ၏။ အရေးကြီးသည်မှာ စခန်း၏ သဘောထားပင် ဖြစ်သည်။
သူမက မေးရန် အနားတိုးသွားစဉ် ချီဖန့်က သူမ၏ ခါးကို ဖက်လာ၏။ "အတွင်းရေးမှူး လျန်က အစစအရာရာ သတိထားဖို့နဲ့ စခန်းထဲမှာ ဗြောင်ကျကျ မရောင်းဖို့ အကြံပေးတယ်"
စခန်းတွင် လူတိုင်း၌ ဘေးအလုပ်များ ရှိကြသည်။ မြို့ပေါ်သို့ သွား၍ မှိုမရောင်းဖူးသူ မရှိသလောက်ပင်။
သူတို့စိုက်ပျိုးသော ကြွက်နားရွက် မှိုများမှာ တရားဝင် ရောင်းချခွင့် ရှိသော်လည်း မလိုအပ်ဘဲ အာရုံစိုက်မခံရစေရန် အတွင်းရေးမှူး လျန်က သတိပေးခြင်း ဖြစ်၏။
ယန်ရွှယ် မှိုစိုက်ရန် ရွေးချယ်ခဲ့ခြင်းမှာ ၎င်းသည် တရားဝင် ဘေးဝင်ငွေအဖြစ် အသိအမှတ်ပြုထားသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ အတွင်းရေးမှူး လျန်၏ သတိပေးမှုအတွက် ကျေးဇူးတင်ရမည် ဖြစ်၏။
"ဒီကိစ္စတွေ အေးဆေးသွားရင် အစ်မယွဲ့အာဆီကို မှိုအချို့ သွားပေးရမယ်" ယန်ရွှယ်က သူမကို ဖက်ထားသော ချီဖန့်၏ လက်ကိုပုတ်ကာ ပြောလိုက်သည်။ "ကောင်းပြီ လွှတ်တော့၊ အဘွားမြင်သွားအုံးမယ်"
ယန်ရွှယ် ခန့်မှန်းသည့်အတိုင်းပင် မိုးမှာ မကြာလိုက်ပေ။ ယန်ကျိအန်း ကျောင်းမှ မပြန်လာမီမှာပင် မိုးတိတ်သွား၏။
မှိုများကို ဂိုဒေါင်ထဲ သိမ်းဆည်းပြီးသား ဖြစ်သဖြင့် နောက်တစ်နေ့ မိုးလေဝသ အခြေအနေကို ကြည့်ပြီးမှသာ ပြန်အခြောက်လှန်းရန် ဆုံးဖြတ်လိုက်ကြသည်။
မထင်မှတ်ဘဲ ထိုနေ့ည မီးပိတ်ပြီး မကြာမီမှာပင် တစ်ဖက်ခန်းရှိ ခွေးနှစ်ကောင်၏ ရုတ်တရက် ဟောင်သံကြောင့် အဘွားနှင့် ယန်ကျိအန်းတို့ နိုးလာကြ၏။
သို့သော် ယန်ရွှယ်နှင့် ချီဖန့်တို့မှာမူ မအိပ်သေးဘဲ သူတို့၏ "အမျိုးသမီး စစ်သူကြီးနှင့် ဓားကိုင်ရဲမက်" ဝတ္ထု၏ အခန်းသစ်ဖြစ်သည့် "သန်းခေါင်ယံအချိန်တွင် ရဲမက်ကိုယ်တော်ချောက ဓားသွေးရင်း အမျိုးသမီးစစ်သူကြီးနှင့် နောက်တစ်ကြိမ် စစ်ခင်းခြင်း" ဟူသော အခန်းကို ဖန်တီးနေကြသည်။
ထိုအချိန်တွင် သူတို့နှစ်ဦးမှာ အပြန်အလှန် အကြိတ်အနယ် စိန်ခေါ်နေကြ၏။ စကားစစ်ထိုးပွဲမှာ သရေဖြင့် ပြီးဆုံးသွားခဲ့ပြီးနောက် ယခုအခါတွင်မူ တစ်ဦး၏ အစွမ်းအစနှင့် အကန့်အသတ်ကို တစ်ဦးက လက်တွေ့စမ်းသပ်နေကြပြီ ဖြစ်သည်။
မိမိ၏ စွမ်းဆောင်ရည်ကို ယုံကြည်မှုအပြည့်ရှိသော ရဲမက်သည် အမျိုးသမီးစစ်သူကြီး၏ အနက်ကို သူ၏လက်ဗလာဖြင့်ပင် စမ်းသပ်ရန် ဝံ့ရဲနေ၏။ စစ်သူကြီးကလည်း အလျှော့မပေးလိုဘဲ တိုက်ကွက်တိုင်းကို ခုခံတုံ့ပြန်နေရာ မကြာမီမှာပင် နှစ်ဦးစလုံးမှာ ချွေးစက်များဖြင့် စိုစွတ်ကာ အသက်ရှူသံများ ပြင်းထန်လာကြတော့သည်။
ရဲမက်သည် သူ၏ ဓားကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။ "အနောက်ဘက်မှာ ခွေးတွေ ဟောင်နေတာ မရပ်ဘူး၊ တစ်ခုခုတော့ မမှားနေပြီ
ရဲမက်၏ အရှိန်အဟုန်ဖြင့် တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အနေအထားမှာ လေထဲတွင်ပင် ရပ်တန့်သွားရပြီး၊ အမျိုးသမီး စစ်သူကြီးမှာလည်း အလားတူပင် ထိတ်လန့်သွားကာ ယခင်တိုက်ပွဲငယ်အတွင်းက ကျွတ်ကျကျန်ရစ်ခဲ့သည့် ချပ်ဝတ်တန်ဆာများကို အလန့်တကြား ကောက်ယူဝတ်ဆင်လိုက်ရသည်။
ကံကောင်းသည်မှာ ရဲမက်သည် ဖိအားများအောက်တွင် တည်ငြိမ်အောင် လေ့ကျင့်ထားသူ ဖြစ်၏။ သူက ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်သည်။ "အဘွားနဲ့ ကျိအန်း အထဲမှာပဲ နေကြ၊ ကျွန်တော် သွားကြည့်လိုက်မယ်"
သို့သော် သူသည် အမျိုးသမီးစစ်သူကြီးဘက်သို့ လှည့်ကြည့်လိုက်သောအခါတွင်မူ သူတို့၏ အကြိတ်အနယ် တိုက်ပွဲလေး အနှောင့်အယှက် ခံလိုက်ရသည့်အတွက် စိတ်ပျက်နေသော အရိပ်အယောင်များ မျက်နှာတွင် ထင်ဟပ်နေလေ၏။
ယန်ရွှယ်သည် အခြားရွေးချယ်စရာ မရှိတော့သဖြင့် ချီဖန့် စောစောက ချွတ်ပစ်ခဲ့သော ဘောင်းဘီကို ကမ်းပေးလိုက်ရသည်။ "အပြင်မှာ ဘာရှိလဲ သွားကြည့်ပါအုံး၊ လူလား ဘာလားဆိုတာ"
ချီဖန့်မှာ ခပ်တိုးတိုး ညည်းတွားရင်း ဘောင်းဘီကို လှမ်းယူကာ ခဲခဲယဉ်းယဉ်း ဝတ်လိုက်ရ၏။ ထို့နောက် အင်္ကျီကြယ်သီးများကို ကမန်းကတန်း တပ်ကာ ဖိနပ်စီး၍ အပြင်သို့ ထွက်သွားခဲ့သည်။
တစ်ဖက်ခန်းရှိ ခွေးကလေးနှစ်ကောင်မှာ အနောက်ဘက် ပြတင်းပေါက်သို့ ကြည့်ကာ တကယ်ပင် အဆက်မပြတ် ဟောင်နေကြ၏။ ၎င်းတို့မှာ နှစ်လသားအရွယ်သာ ရှိသေးသဖြင့် အသံမှာ ခြိမ်းခြောက်နိုင်စွမ်း မရှိသလောက်ပင်။
သို့သော် တိတ်ဆိတ်သော ညအချိန်တွင် ထိုအသံမှာ အတော်ပင် ကျယ်လောင်နေသည်။ ချီဖန့် အပြင်သို့ ကြည့်လိုက်ချိန်တွင် သစ်သားခြံစည်းရိုး၏ တစ်နေရာမှာ လှုပ်ရှားသွားသည်ကို အချိန်မီ မြင်လိုက်ရ၏။
သူသည် တွန့်ဆုတ်မနေဘဲ ခွေးကလေးတစ်ကောင်ကို ချီကာ တံခါးကို ဝုန်းခနဲ ဖွင့်၍ ခြံစည်းရိုးဘက်သို့ ပြေးထွက်သွားလိုက်သည်။ အရိပ်တစ်ခုမှာ ရှေ့မှ ခပ်သွက်သွက် ပြေးသွား၏။
ကျူးကျော်သူမှာ ဤမျှ မြန်မြန်ဆန်ဆန် လိုက်လာလိမ့်မည်ဟု မထင်ထားပေ။ သူသည် ခဏမျှ ပုန်းအောင်းပြီး အသက်ရှူရန် ပြင်သော်လည်း ခွေးဟောင်သံမှာ ပိုနီးကပ်လာသောကြောင့် ထပ်ထွက်ပြေးရပြန်သည်။
သူ မှတ်မိသလောက် ဤအိမ်တွင် ခွေးမရှိပေ။
တကယ်လို့ ခွေးရှိတယ်ဆိုရင်တောင် သူတို့ ပြောင်းလာတာ လပိုင်းပဲ ရှိသေးတာ၊ ဘယ်နေရာကနေ ဒီလောက် လျင်မြန်တဲ့ ခွေးအကြီးကြီး ရလာတာလဲဟု သူ တွေးနေမိ၏။
သူသည် ဇဝေဇဝါဖြစ်လျက် နောက်သို့ လှည့်ကြည့်လိုက်သည်။
အရပ်ရှည်ရှည် လူတစ်ယောက်က သူ့နောက်သို့ ကပ်လိုက်လာ၏။ လိုက်လာသည်မှာ ခွေးမဟုတ်ပေ။ ထိုလူမှာ တကယ်ပင် အရှက်မရှိလှ၊ ကိုယ်တိုင် "ရပ်" ဟု မအော်ဘဲ ခွေးကိုသာ အဆက်မပြတ် ဟောင်ခိုင်းပြီး လိုက်လာခြင်း ဖြစ်သည်။
ထိုသူသည် အသက်ပင် ကောင်းကောင်းမရှူနိုင်သေးမီ ခြေချော်ကာ မြေကြီးပေါ်သို့ ဝုန်းခနဲ လဲကျသွား၏။
လိုက်လာသူမှာ လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ ပိုနီးကပ်လာပြီဖြစ်ပြီး၊ ဆူညံသံများကြောင့် ပတ်ဝန်းကျင်ရှိ ခွေးများကလည်း ဝိုင်းဟောင်နေကြလေသည်။
အနီးနားရှိ အိမ်များမှ မီးများ လင်းလာသည်ကို မြင်သောအခါ ကျူးကျော်သူမှာ ထိတ်လန့်သွားရ၏။ သူသည် ဖိနပ်တစ်ဖက် ကျန်ရစ်ခဲ့သည်ကိုပင် ဂရုမစိုက်နိုင်ဘဲ စိုက်ပျိုးရေးအဖွဲ့၏ မြေဩဇာပုံများကြားမှ ဖြတ်၍ ထွက်ပြေးသွားခဲ့သည်။
ထိုနေရာအရောက်တွင် ချီဖန့်သည် ရှေ့ဆက်မလိုက်တော့ဘဲ ရပ်လိုက်၏။ ယခုအချိန်မှာ မြေဩဇာ ကျွေးရန် မလိုသေးသော်လည်း ထိုနေရာမှာ တကယ်ပင် နံစော်ကာ ညစ်ပတ်လွန်းလှသည်။
နောက်ဆုံးတွင် သူသည် ဖိနပ်တစ်ဖက်ကိုသာ ယူဆောင်လာခဲ့လိုက်၏။ သူသည် ဖိနပ်ကို အိမ်ထဲအထိ ယူလာသော်လည်း မျက်နှာပျက်ပျက်ဖြင့် ခြံထဲသို့ ပြန်ပစ်လိုက်သည်။
ယန်ရွှယ်သည် အဝတ်အစားလဲကာ အားလုံးနှင့်အတူ စောင့်နေ၏။ ဖိနပ်ကို မြင်သောအခါ သူမက မေးလိုက်သည်။ "ရှင် သူ့နောက်ကို လိုက်တာ ဖိနပ်တစ်ဖက်ပဲ ရလာခဲ့တာလား"
"အင်း" ချီဖန့်က ခွေးကလေးကို ချပေးလိုက်ရာ ခွေးကလေးမှာ ယန်ကျိအန်း၏ ခြေထောက်နားတွင် ပြေးလွှားဆော့ကစားနေ၏။
***