ပြားချပ်သံချပ်ကာ တစ်စုံတွင် အစိတ်အပိုင်းများစွာ ပါဝင်လေသည်။ လက်မှုပညာသည်များ၏ အကူအညီဖြင့် လူဖေး သည် သံချပ်ကာကို အောင်မြင်စွာ ဝတ်ဆင်နိုင်ခဲ့သည်။
သံခမောက်ကို ဆောင်းလိုက်သည်နှင့် လူဖေးမှာ သံမဏိဘီလူးကြီး တစ်ကောင်ပမာ ဖြစ်သွားတော့သည်။ သူက သံချပ်ကာကြီး တခြွင်ခြွင် မြည်သံနှင့်အတူ စိတ်လှုပ်ရှားစွာ ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်နေလေသည်။
"မဆိုးဘူး၊ တော်တော်လေး လှုပ်ရှားလို့ ကောင်းသားပဲ" ဟု လူဖေးက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "ဒါပေမဲ့ ဒီပြားချပ်သံချပ်ကာက ဓားခုတ်လှံထိုး ဒဏ်တွေကို ခံနိုင်ရည် ရှိမလားတော့ မသိဘူး"
"ဒါက စမ်းသပ်ကြည့်ဖို့ လွယ်ပါတယ်၊ ကျောက်ဟု... သွားပြီး တစ်ချက်လောက် ခုတ်ကြည့်လိုက်စမ်း" ဟု ရှောင်မင်က ပြောလိုက်သည်။
ကျောက်ဟု တစ်ယောက် ချက်ချင်း ချွေးအေးများ ပျံကျလာတော့သည်။ "ချီမင်းသား... ဒါက..."
"ဘာကို ကြောက်နေတာတုန်း၊ ခုတ်ဆို ခုတ်လိုက်စမ်းပါ၊ မင်းက ငါကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ တပ်သား မဟုတ်ဘူးလား" ဟု လူဖေးက ဟောက်လိုက်သည်။
ထိုစကားကို ကြားသောအခါ ကျောက်ဟု၏ မျက်နှာမှာ မည်းမှောင်သွားသည်။ သူက ခါးမှ သံမဏိဓားကို ဆွဲထုတ်ကာ လူဖေး၏ ဝမ်းဗိုက်ဆီသို့ ခုတ်ချလိုက်သည်။ ဒေါင် ခနဲ မြည်သံနှင့်အတူ ဓားသွားက သံချပ်ကာပေါ်တွင် အစင်းရာ ခပ်ပါးပါးလေး တစ်ခုသာ ထင်ကျန်ရစ်စေသည်။ လူဖေးမှာ နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရသော်လည်း အထိအခိုက် မရှိသည့်အပြင် နာကျင်သည့် အသံပင် မထွက်ခဲ့ချေ။
"ချီမင်းသား ကျွန်တော် ဘာမှမဖြစ်ဘူးဗျ၊ နောက်ထပ် နှစ်ချက်လောက် ထပ်ခုတ်စမ်းပါဦး" လူဖေးက စိတ်လှုပ်ရှားစွာ အော်ပြောလေသည်။
ကျောက်ဟု ကိုယ်တိုင်လည်း အံ့သြသွားသည်။ ယခုတော့ ပို၍ ရဲတင်းလာပြီဖြစ်ရာ သူ၏ ဓားကို ဝှေ့ယမ်းကာ လူဖေးကို ဆက်တိုက် ခုတ်ချလေတော့သည်။
လူဖေးမှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာနေရသော်လည်း ပထမ အချက်ကဲ့သို့ပင် အကြိမ်ကြိမ် ခုတ်ခံရပြီးနောက် သက်တောင့်သက်သာ မရှိသည့် ခံစားချက် အနည်းငယ်ကိုသာ ရရှိလေသည်။
ကျောက်ဟု ကမူ အရှိန်ရနေပြီ ဖြစ်သည်။ သူက ဓားကို မရပ်မနား ဆက်တိုက် ခုတ်ချနေရာ နောက်ဆုံးတွင် လူဖေးက သူ့ကို မြေကြီးပေါ် လဲကျသွားအောင် ကန်ချလိုက်ရတော့သည်။
"ဒီကောင်လေး... ငါ့ရဲ့ အဖိုးတန် သံချပ်ကာကို ဘာတွေ လုပ်လိုက်တာလဲ ကြည့်စမ်း၊ အစင်းရာတွေချည်း ဖြစ်ကုန်ပြီ" ဟု လူဖေးက နှမြောတသစွာ အော်လိုက်သည်။ ထို့နောက် သနားစရာ မျက်နှာပေးဖြင့် ရှောင်မင်ဘက်သို့ လှည့်ကာ "ချီမင်းသား... ကျွန်တော်မျိုးကို နောက်တစ်စုံလောက် ထပ်ပေးလို့ ရမလား၊ ဒီကောင်လေး လုပ်လိုက်တာ အစင်းရာတွေ အများကြီး ဖြစ်သွားပြီလေ"
ရှောင်မင်က မဲ့ပြုံး ပြုံးလိုက်ရင်း "ပြားချပ်သံချပ်ကာ တစ်စုံ ထုတ်လုပ်ဖို့ အနည်းဆုံး ငွေစင် သုံးဆယ် ကုန်ကျတယ်ကွ၊ မင်းကများ တောင်းရဲသေးတယ်နော်"
"ငွေစင် သုံးဆယ်" လူဖေး မျက်လုံးပြုးသွားသည်။ "ဒါ ကျွန်တော်မျိုးရဲ့ တစ်နှစ်စာ လစာနဲ့ ညီမျှနေပါလား"
အမှန်တကယ်တော့ လူဖေး သံချပ်ကာကို ပိုမို တန်ဖိုးထားလာစေရန် ရှောင်မင်က ပိုမို ချဲ့ကား ပြောဆိုလိုက်ခြင်းသာ ဖြစ်သည်။ သို့ရာတွင် ရိုးရာ ပန်းပဲဖို နည်းလမ်းများကို အသုံးပြုမည်ဆိုလျှင်တော့ ငွေစင် သုံးဆယ်ခန့် ကုန်ကျမည်မှာ အမှန်ပင်။ သို့သော် ရေအားသုံး သံထုစက်နှင့် ကျေးကျွန်များ၏ အခမဲ့ လုပ်အားတို့ ပေါင်းစပ်လိုက်သောအခါ ဤသံချပ်ကာ တစ်စုံ၏ ကုန်ကျစရိတ်မှာ လယ်ထွန်နွား တစ်ကောင်၏ တန်ဖိုးခန့်သာ ရှိလေသည်။
"အဲဒါတောင် အနည်းဆုံး တွက်ထားတာနော်၊ မင်းရဲ့ သံချပ်ကာက စစ်သူကြီးတွေ ဝတ်တဲ့ အမျိုးအစားမို့ ပိုထူပြီး အလှဆင် ထွင်းထုထားတာတွေ အများကြီး ပါသေးတယ်" ရှောင်မင်က ဖြည့်စွက် ပြောလိုက်သည်။
လူဖေး တစ်ယောက် ချက်ချင်း နောင်တရသွားပြီး ကျောက်ဟုကို ဒေါသတကြီး စိုက်ကြည့်ကာ "မင်း ဒါကို လျော်ရမယ်" ဟု အော်လေသည်။
ကျောက်ဟုက "တပ်မှူးပဲ ခုတ်ဆိုလို့ ခုတ်ရတာလေ၊ ပြီးတော့ ကျွန်တော့်မှာ အဲဒီလောက် ပိုက်ဆံ မရှိဘူး" ဟု ငြင်းဆန်လေသည်။
လူဖေး၏ နှမြောတသ ဖြစ်နေသော အမူအရာကို မြင်သောအခါ ရှောင်မင်သည် ဆက်မစတော့ရန် ဆုံးဖြတ်လိုက်သည်။ "ထားလိုက်ပါတော့၊ ချန်းကျိုးမှာ မင်း စွမ်းဆောင်ခဲ့တာတွေကို ထောက်ထားပြီး ပြားချပ်သံချပ်ကာ သုံးစုံ ထပ်ပေးလိုက်ပါ့မယ်"
"ချီမင်းသားကို ကျေးဇူးတင်ပါတယ်ဗျာ" လူဖေး ဝမ်းသာလွန်း၍ မြေကြီးတွင် ခြေမကပ်နိုင်အောင် ဖြစ်သွားတော့သည်။
သူ၏ တစ်ကိုယ်လုံး ဖုံးလွှမ်းနေသော သံချပ်ကာကြီးကို အမြတ်တနိုး ပွတ်သပ်ရင်း လူဖေးက "ချီမင်းသား... ဒီသံချပ်ကာက တကယ့်ကို အံ့မခန်းပါပဲ၊ ဘာနဲ့မှ ဖောက်လို့ရမှာ မဟုတ်ဘူး၊ ဒီလို သံချပ်ကာတွေ ဝတ်ဆင်ထားတဲ့ တပ်သား တစ်သောင်းလောက်သာ ကျွန်တော့်ကို ပေးမယ်ဆိုရင် လူရိုင်းတွေကို ကြောက်နေစရာ မလိုတော့ဘူး" ဟု ထပ်လောင်း လျှောက်တင်လေသည်။
"စကားကို လွယ်လွယ် မပြောစမ်းနဲ့" လူဖေး အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲသွားမည်ကို စိုးရိမ်သဖြင့် ရှောင်မင်က တင်းမာစွာ ပြောလိုက်သည်။ "ပြားချပ်သံချပ်ကာက ခိုင်ခံ့တယ် ဆိုပေမယ့် လှုပ်ရှားမှုကိုတော့ အတိုင်းအတာ တစ်ခုအထိ ကန့်သတ်ထားတယ်"
လူဖေးက ခန္ဓာကိုယ်ကို လှုပ်ရှားကြည့်လိုက်ပြီး "နည်းနည်းတော့ တင်းကျပ်နေတယ် ဆိုပေမယ့် သိပ်တော့ မဆိုးပါဘူး၊ တကယ့် ပြဿနာက မြားတွေများ ဖောက်နိုင်မလား ဆိုတာပဲ" ဟု ပြောလေသည်။
"သာမန် သံစိမ်း မြားခေါင်းတွေကတော့ လုံးဝ ဖောက်နိုင်မှာ မဟုတ်ဘူး" ဟု ရှောင်မင်က ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ ပြားချပ်သံချပ်ကာ ထုတ်လုပ်ရာတွင် အသုံးပြုသော ပန်းပဲနည်းပညာမှာ ခေတ်သစ် သမိုင်းရှိ ဆယ့်ခုနစ်ရာစု သို့မဟုတ် ဆယ့်ရှစ်ရာစု နည်းပညာများနှင့် အကြမ်းဖျင်း ညီမျှနေသည်။ အထူးပြုလုပ်ထားသော မြားခေါင်းများ မရှိပါက သံချပ်ကာကို ဖောက်ထွင်းနိုင်ရန် အလွန် ခက်ခဲလှပေသည်။
အမှန်တကယ်တော့ အစောပိုင်း သေနတ်များပင်လျှင် ပြားချပ်သံချပ်ကာကို မဖောက်ထွင်းနိုင်ခဲ့ချေ။ သေနတ်များ ပိုမို အင်အားကြီးမားလာချိန်မှသာ ပြားချပ်သံချပ်ကာများ ခေတ်ကုန်သွားခဲ့ရခြင်း ဖြစ်သည်။
မဟာယွီအင်ပါယာ၏ လက်ရှိ အခြေအနေများကို ရင်ဆိုင်နိုင်ရန်အတွက် ရှောင်မင်သည် သူ၏ တပ်ဖွဲ့ကို ပြားချပ်သံချပ်ကာများ တပ်ဆင်ပေးနေခြင်း ဖြစ်သည်။ ထို့အပြင် သူ လက်လှမ်းမီသော နည်းပညာများအရ ပြားချပ်သံချပ်ကာ ထုတ်လုပ်ခြင်းသည် အကြေးခွံပုံ သံချပ်ကာများ ထုတ်လုပ်ခြင်းထက် ပိုမို မြန်ဆန်ပြီး ကုန်ကျစရိတ်လည်း သက်သာလှသည်။
ထို့ကြောင့်ပင် သူက ပြားချပ်သံချပ်ကာကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
"တကယ်ကြီးလား" လူဖေး၏ မျက်နှာပေါ်မှ အပြုံးကြီးက ပိုမို ကျယ်ပြန့်လာပြီး သံချပ်ကာကို ဝတ်ဆင်ကာ စစ်မြေပြင်သို့ အမြန်ဆုံး သွားရောက်လိုစိတ်များ ပြင်းပြနေလေပြီ။
"သေချာတာပေါ့၊ ဒါက ခန့်မှန်းချက် သက်သက်ပါပဲ၊ တကယ့် စမ်းသပ်မှု စစ်အမှန်က စစ်မြေပြင်မှာပဲ ပေါ်လာမှာပါ" ဟု ရှောင်မင်က ပြောလိုက်သည်။ ဤသည်မှာ သူ၏ ရိုးသားသော ထင်မြင်ယူဆချက်ပင် ဖြစ်သည်။ မည်သည့် ကိရိယာတန်ဆာပလာ၏ ထိရောက်မှုကိုမဆို စစ်ပွဲများမှတစ်ဆင့်သာ အမှန်တကယ် ဆုံးဖြတ်နိုင်မည် မဟုတ်ပါလား။
သို့ရာတွင် လူဖေးမှာ အရည်အသွေးမြင့် သံချပ်ကာကို အလွန်အမင်း သဘောကျနေသဖြင့် ရှောင်မင်၏ စကားများကို အပြည့်အဝ နားလည်နိုင်စွမ်း မရှိတော့ချေ။ "ချီမင်းသား... ဒီပြားချပ်သံချပ်ကာ အစုံ သုံးရာကို တပ်စခန်းဆီ အခုပဲ သယ်သွားလိုက်ပါ့မယ်"
"နေပါဦး၊ အရမ်း အလောတကြီး မလုပ်ပါနဲ့ဦး၊ ရှိသေးတယ်" ရှောင်မင်က လက်ကာပြလိုက်ရင်း ပြောလေသည်။ လက်မှုပညာသည်များက လက်ကိုင်ရိုး ရှည်လျားပြီး ဓားသွားရှည်သော လက်နက်တစ်ခုကို ယူဆောင်လာကြသည်။
"ချီမင်းသား... ဒါက ပြောထားတဲ့ မော့တောက် ဆိုတာလား" ဟု လူဖေးက မေးလိုက်သည်။
ရှောင်မင်က သူ့ကို မော့တောက် ပြမည်ဟု ယခင်က ပြောထားခဲ့သဖြင့် လူဖေးမှာ အလွန်အမင်း စောင့်မျှော်နေခဲ့ခြင်း ဖြစ်သည်။
"တိတိကျကျ ပြောရရင် အဲဒါပဲ၊ ဒါက လူရိုင်းတွေရဲ့ အကြီးစား မြင်းတပ်တွေကို ရင်ဆိုင်ဖို့ သီးသန့် ဒီဇိုင်းဆွဲထားတဲ့ မော့တောက် ဓားရှည်ပဲ" ဟု ရှောင်မင်က ရှင်းပြလေသည်။
လောလောဆယ်တွင် မြက်ခင်းပြင်ရှိ လူရိုင်းမြင်းတပ် အများစုမှာ အပေါ့စား မြင်းတပ်များ ဖြစ်ကြသော်လည်း လူရိုင်းတပ်ဖွဲ့၏ အထက်တန်းစား တပ်ဖွဲ့များ ဖြစ်ကြသော အကြီးစား မြင်းတပ်များလည်း အများအပြား ရှိနေသေးသည်။ ပုံမှန်အားဖြင့် လူရိုင်းများသည် အပေါ့စား မြင်းတပ်များဖြင့် ရန်သူ့တပ်၏ ဘေးပတ်လည်မှ အနှောင့်အယှက်ပေးပြီး အကြီးစား မြင်းတပ်များဖြင့် အလယ်ဗဟိုမှ ထိုးဖောက် ဝင်ရောက်သော နည်းဗျူဟာကို အသုံးပြုလေ့ရှိကြသည်။
ဤနည်းဗျူဟာသည် မဟာယွီအင်ပါယာ၏ တပ်ဖွဲ့များကို ရင်ဆိုင်ရာတွင် လုံးဝနီးပါး ဟန့်တား၍ မရနိုင်ကြောင်း သက်သေပြပြီး ဖြစ်သည်။
လူဖေးက မော့တောက်ကို ကောက်ကိုင်လိုက်ပြီး အလေးချိန်ကို စမ်းကြည့်လိုက်သည်။ "ချီမင်းသား... ဒီ မော့တောက်က တော်တော်လေး လေးတာပဲ၊ အနည်းဆုံး ပိဿာ နှစ်ဆယ်လောက်တော့ ရှိမယ်"
"အဲဒါကြောင့်ပဲ လွှဲခုတ်လိုက်ရင် လူရော မြင်းရော နှစ်ယောက်စလုံးကို သေစေလောက်တဲ့ ထိခိုက်မှုမျိုး ပေးစွမ်းနိုင်တာပေါ့" ဟု ရှောင်မင်က ပြောလိုက်သည်။ မော့တောက်ကို သံမဏိစစ်စစ်ဖြင့် အပြည့်အဝ ပြုလုပ်ထားပြီး လက်ကိုင်ရိုး ရှည်လျားကာ ဓားသွားမှာ လှံသွားနှင့် ဆင်တူ၍ ရှည်လျား၊ ကျယ်ပြန့်ကာ အလွန်တရာ ထက်မြက်လှသည်။
လူဖေးက မော့တောက်ကို လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သောအခါ ပြားချပ်သံချပ်ကာနှင့်သာ ပေါင်းစပ်လိုက်ပါက ဤလက်နက်သည် စစ်မျက်နှာပြင်ရှိ မြင်းတပ်များအတွက် အိပ်မက်ဆိုး တစ်ခု ဖြစ်လာလိမ့်မည်ကို သူ သဘောပေါက်သွားတော့သည်။
မော့တောက်အပြင် သံမဏိအလုပ်ရုံသည် တပ်ဖွဲ့အတွက် လှံများ၊ ဓားများနှင့် အခြား လက်နက်များကိုလည်း အမြောက်အမြား ထုတ်လုပ်ပေးခဲ့သည်။ အဝေးပစ် လက်နက်များအတွက်မူ ရှောင်မင်က ဒူးလေးများကို ရွေးချယ်ခဲ့သည်။
ဒူးလေးများသည် ထုတ်လုပ်ရန် ကုန်ကျစရိတ် ပိုမို ကြီးမားပြီး ပစ်ခတ်နှုန်း နှေးကွေးသော်လည်း ရှောင်မင်အတွက်မူ ကျွမ်းကျင်သော မြားပစ်သမား တစ်ဦးကို လေ့ကျင့်ပေးရန် အနည်းဆုံး သုံးနှစ်ခန့် အချိန်ယူရသဖြင့် အလွန်တရာ ကြာမြင့်လွန်းနေသည်။
စစ်ပွဲတွင် တပ်သားများဆိုသည်မှာ အလွယ်တကူ ဆုံးရှုံးနိုင်သော အရာများဖြစ်သည်။ တပ်ဖွဲ့တစ်တပ်ကို ဘယ်သူက အမြန်ဆုံး ဖွဲ့စည်းနိုင်မလဲ ဆိုသည့် အပြေးပြိုင်ပွဲ တစ်ခုသာ ဖြစ်သည်။ ဤသည်မှာလည်း သေနတ်များက နောက်ဆုံးတွင် အဓိက လက်နက် ဖြစ်လာရခြင်း၏ အကြောင်းရင်းပင်။ တပ်သား တစ်သုတ် ဆုံးရှုံးသွားပါက နောက်တစ်သုတ်ကို သုံးလအတွင်း လေ့ကျင့်ပေးနိုင်သည် မဟုတ်ပါလား။
ဒူးလေးများသည်လည်း အလားတူပင် ဖြစ်သည်။ လေးနှင့်မြား များနှင့် နှိုင်းယှဉ်လျှင် ဒူးလေး အသုံးပြုသော တပ်သားများသည် ကြမ်းတမ်းခက်ခဲသော လေ့ကျင့်မှုများ မလိုအပ်သဖြင့် နယ်မြေ၏ လက်ရှိ အခြေအနေအတွက် အသင့်တော်ဆုံး ဖြစ်နေသည်။
ထို့အပြင် ရှေးခေတ် ဒူးလေးများ၏ အကြီးမားဆုံး အားနည်းချက်ကိုလည်း ရှောင်မင် ဖြေရှင်းနိုင်စွမ်း ရှိသည်။ ယေဘုယျအားဖြင့် ဒူးလေးများသည် လေးနှင့်မြား များလောက် မကောင်းရခြင်းမှာ အလွန်တရာ နှေးကွေးလှသော မြားပြန်တင်သည့် အမြန်နှုန်းကြောင့် ဖြစ်သည်။ ထိုအားနည်းချက်ကို အစောပိုင်း သေနတ်များပင် မကျော်လွှားနိုင်ခဲ့ချေ။
ရှေးခေတ် ဒူးလေးများကို မြားပြန်တင်ရန် လက်နှင့် ခြေထောက် နှစ်မျိုးစလုံးကို အသုံးပြုရသဖြင့် ခြေနင်းဒူးလေး ဟုပင် ခေါ်ဝေါ်လေ့ရှိကြသည်။ သို့သော်လည်း ရှောင်မင်က ဒူးလေးများတွင် စက်သီး ယန္တရားများကို ပေါင်းစပ် ထည့်သွင်းထားလိုက်သည်။
ဤသည်မှာ တပ်သားများ အနေဖြင့် ဒူးလေးများကို ထိရောက်စွာ အသုံးပြုနိုင်ရန် ခွန်အား အများကြီး သုံးရန် မလိုအပ်တော့ ဆိုသည့် သဘောပင်။
လောလောဆယ်တွင် ဤစက်သီးတပ် ဒူးလေးများသည် သုတေသနနှင့် ထုတ်လုပ်ရေး အဆင့်တွင်သာ ရှိနေသေးပြီး သံမဏိအလုပ်ရုံတွင် အမြောက်အမြား မထုတ်လုပ်ရသေးချေ။ သို့သော် ခေတ်သစ် နည်းပညာက ၎င်းတို့၏ ဖြစ်နိုင်ခြေကို သက်သေပြပြီးဖြစ်ရာ အဆင်သင့် ဖြစ်လာရန်မှာ အချိန်ပြဿနာ သက်သက်သာ ဖြစ်လေသည်။
တပ်ဖွဲ့အတွက် လက်နက်နှင့် ကိရိယာ တန်ဆာပလာ အမျိုးမျိုးကို လူဖေးအား ပြသပြီးနောက် လူဖေးသည် သံမဏိအလုပ်ရုံမှ ထိုပစ္စည်းများကို တပ်စခန်းဆီသို့ လူလွှတ်၍ ချက်ချင်း သယ်ဆောင်စေလိုက်သည်။
တပ်သားသစ်များသည် သူတို့၏ ကိုယ်ပိုင် အဝတ်အစားများကိုသာ ဝတ်ဆင်ထားရဆဲဖြစ်ရာ သာမန် ပြည်သူများနှင့် ခွဲခြား၍မရအောင် ဖြစ်နေသည်။ ဤလက်နက်အသစ်များနှင့် သံချပ်ကာများ ရှိလာသောအခါ တပ်သားများအတွက် နောက်ဆုံးတွင် မျှော်လင့်ချက် တစ်ခု ရရှိသွားကြလေပြီ။
ချန်ဝမ်လုံ နှင့် ရှောင်မင်တို့သည် အလုပ်ရှုပ်နေသော လူဖေးကို အကူအညီမဲ့စွာဖြင့်သာ ငေးကြည့်နေလိုက်ကြသည်။ ဤသည်မှာ အစသာ ရှိသေးသည်။ သံမဏိအလုပ်ရုံ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမို ကောင်းမွန်လာသည်နှင့်အမျှ ပြားချပ်သံချပ်ကာ ထုတ်လုပ်မှုမှာလည်း အရှိန်အဟုန် မြင့်တက်လာမည်ဖြစ်ပြီး သူ၏ တပ်သားများသည် သင့်လျော်သော လက်နက် သို့မဟုတ် သံချပ်ကာ မရှိဘဲ နောက်ထပ် တစ်ကြိမ် ကွင်းပြင်ထဲ အပစ်ခံထားရတော့မည် မဟုတ်ချေ။
အပိုင်း ( ၈၅ ) ပြီးဆုံး။
***