"အခြား မြို့နယ်သုံးခုလည်း တိုက်ခိုက်ခံခဲ့ရတာလား" အခြေစိုက်စခန်းအတွင်းရှိ လူများမှာ ထိတ်လန့်သွားကြရသည်။
သူတို့သာ တိုက်ခိုက်ခံရသည်ဟု ထင်ထားခဲ့သော်လည်း အခြားမြို့နယ် သုံးခုမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ခံခဲ့ရလိမ့်မည်ဟု သူတို့ တစ်ခါမျှ မထင်ထားခဲ့ကြပေ။
မြို့နယ်တစ်ခုတွင် အနည်းဆုံး လူဦးရေ ခုနစ်သောင်းမှ ရှစ်သောင်းခန့် ရှိသဖြင့် မြို့နယ်သုံးခုပေါင်းလျှင် အနည်းဆုံး လူပေါင်းနှစ်သိန်းခန့် ရှိပေလိမ့်မည်။
အချို့မှာ လွတ်မြောက်သွားခဲ့လျှင်ပင် လူပေါင်းနှစ်သိန်းခန့်မှာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံခဲ့ရခြင်းပင်။ ဒီအလောင်းကောင်ဂိုဏ်းဝင်တွေက ဒီလောက်များပြားတဲ့ သွေးတွေကို ဘာအတွက် သုံးကြတာလဲ။
၎င်းက သူတို့ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်၊ သူတို့၏ နည်းလမ်းများက ရက်စက်လွန်းလှပေသည်။ ဤမိစ္ဆာကျင့်ကြံသူများသည် တကယ့်ကို လူသားဆန်မှု လုံးဝ မရှိကြပေ။
"ဟုတ်တယ်... လူပေါင်းနှစ်သိန်းခန့် သေဆုံးခဲ့ရတယ်၊ ဒါက လူသတ်မှုရဲ့ နောက်ကွယ်က ကြိုးကိုင်သူဟာ အလွန်အမင်း အစွမ်းထက်တယ်ဆိုတာ ပြနေတာပဲ။ မဟုတ်ရင် ဒီလိုကိစ္စမျိုးကို လုပ်ဆောင်နိုင်ဖို့က မဖြစ်နိုင်ဘူး။ ခင်ဗျားတို့ သိထားရမှာက အဲဒီမြို့နယ်တွေမှာ ဝူကျုံးနယ်ပယ် ကျင့်ကြံသူတွေ အပါအဝင် ကျင့်ကြံသူ အမြောက်အပြား ရှိနေတာတောင် သူတို့အားလုံး လူသတ်သမားတွေရဲ့ လက်ချက်ကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး"
"ဒါကြောင့် ငါတို့ ဒီဘက်ကို ဖြတ်လာရင်းနဲ့ ခင်ဗျားတို့ကို လာကြည့်တာပါ။ ငါတို့နောက်မှာ ပါလာတဲ့ စစ်သည်တွေကတော့ မြို့စားမင်း စံအိမ်က ပို့လိုက်တဲ့ စစ်ကူ လူငါးရာပဲ" အကြီးအကဲ နင်ယွမ်ရွှေက ပြောလိုက်သည်။
"ဂါရဝပြုပါတယ် တပ်မှူးဖုန်း" ထိုအချိန်တွင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော စစ်သည်အချို့ ရှေ့သို့ ထွက်လာပြီး ဖုန်းချန်းအား အလေးပြုလိုက်ကြသည်။
အလောင်းကောင်ဂိုဏ်းနှင့် ရင်ဆိုင်ရစဉ်အတွင်း မြို့စောင့်တပ်ဖွဲ့မှာ ဆိုးဝါးသော ဆုံးရှုံးမှုများ ရှိခဲ့သဖြင့် အင်အား ပြန်လည်ဖြည့်တင်းရန် လိုအပ်နေသောကြောင့် မြို့စားမင်း စံအိမ်က အခြားလူများကို စေလွှတ်လိုက်ခြင်းပင်။
ဤလူများက မြို့စားမင်း စံအိမ်မှ ပို့လိုက်သော စစ်ကူများဖြစ်ပြီး ဝူကျုံးနယ်ပယ် ကျွမ်းကျင်သူ လေးဦး ပါဝင်သည်။ သေချာသည်မှာ ထိုလေးဦးစလုံးကို ဖုန်းချန်းကပင် ဦးဆောင်ရမှာ ဖြစ်သည်။
ဖုန်းချန်းက တပ်မှူးအဖြစ် ဆက်လက် တည်ရှိနေဆဲပင်။
"ဒါ တကယ့်ကို ကောင်းတာပဲ" ဖုန်းချန်း အလွန် ဝမ်းသာသွားခဲ့သည်။ နောက်ထပ် လူငါးရာ ထပ်တိုးလာသဖြင့် သူ ပို၍ စိတ်အေးသွားခဲ့ရသည်။
"ဒါနဲ့... ခင်ဗျားတို့ အစီရင်ခံစာ ပို့တုန်းက ဒီအကျပ်အတည်းကို ကျန်းချန်းလို့ အမည်ရတဲ့ လူငယ်တစ်ယောက်ကြောင့် အဓိက ဖြေရှင်းနိုင်ခဲ့တာလို့ ပြောတယ်နော်။ ကျန်းချန်းဆိုတာ တကယ်တော့ ဘယ်သူလဲ" နင်ယွမ်ရွှေက လူတိုင်းကို စိုက်ကြည့်ရင်း မေးလိုက်သည်။
ဘေးတွင် ရပ်နေသော ကျန်းချန်းမှာလည်း တစ်ဖက်လူက သူ့ကို အထူးတလည် တွေ့ချင်နေလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် အံ့ဩသွားရသည်။
"ကျွန်တော်က ကျန်းချန်းပါ" ကျန်းချန်းက ဂါရဝပြုရင်း ပြောလိုက်သည်။
တစ်ဖက်လူက သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးဖြစ်သလို ထျန်းကျန့်ဂိုဏ်း၏ အဖွဲ့ဝင်ဖြစ်ပြီး ရာထူးတစ်ခု ရှိထားသူဖြစ်ရာ သူတို့အပေါ် အခြေခံကျသော လေးစားမှုမျိုးတော့ ပြသသင့်ပေသည်။
အနည်းဆုံးတော့ လက်ရှိတွင် ကျန်းချန်းက တစ်ဖက်လူ၏ ပြိုင်ဘက် မဟုတ်သေးသဖြင့် မောက်မာပြနေရန် မလိုပေ။ ၎င်းက ရန်ငြိုးများကို အလွယ်တကူ ဖြစ်ပေါ်စေနိုင်သောကြောင့်ပင်။
"မင်းက ကျန်းချန်းပေါ့။ တော်တော်လေး ငယ်သေးတာပဲ။ တကယ့်ကို အားကိုးထိုက်တဲ့ လူငယ်တစ်ယောက်ပဲ။ မင်း ဝူကျုံးနယ်ပယ် ရန်သူ အမြောက်အပြားကို သတ်နိုင်ခဲ့တယ်လို့ ငါကြားတယ်။ မင်းရဲ့ အရည်အချင်းက တကယ်ကို ထူးခြားပါတယ်" နင်ယွမ်ရွှေက ကျန်းချန်းကို အကဲခတ်ရင်း ပြောလိုက်သည်။
ကျန်းချန်း၏ လက်ရှိ အရှိန်အဝါမှာ ဝူကျုံးနယ်ပယ် အဆင့်တစ်မှာ ရှိနေသည်။ သူ၏ ပါရမီမှာ တကယ့်ကို ထူးခြားလှပြီး ထျန်းကျန့်ဂိုဏ်းအတွင်းမှာပင် အလားအလာရှိသော ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။
"ကျန်းချန်း... တကယ်ပဲ မင်းပဲလား" ထိုအချိန်တွင် အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထျန်းကျန့်ဂိုဏ်း တပည့်များထဲမှ အလွန်အမင်း လှပသော အမျိုးသမီး တပည့်တစ်ဦး ထွက်ပေါ်လာခဲ့သည်။
ထိုအမျိုးသမီးကို မြင်လိုက်ရချိန်တွင် ကျန်းချန်းလည်း အံ့ဩသွားရသည်။ သူမမှာ ဟဲယွီရှီး ဖြစ်နေသောကြောင့်ပင်။
သို့သော်လည်း ဟဲယွီရှီးသည် ဝူကျုံးနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကာ ယခုအခါ ဝူကျုံးနယ်ပယ် အဆင့်တစ်မှာ ရှိနေသည်ကို ကျန်းချန်း တွေ့ရှိလိုက်ရသည်။
ကျန်းချန်း ဟဲယွီရှီးနှင့် ပထမဆုံး တွေ့စဉ်က သူမမှာ သိုင်းဆရာသခင်နယ်ပယ် အဆင့်ခုနစ်မှာပဲ ရှိသေးတာလေ။ သုံးလအတွင်းမှာတင် သူမက ဝူကျုံးနယ်ပယ် အဆင့်တစ်ကို ရောက်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ သူမ၏ အဆင့်တက်နှုန်းက မြန်လွန်းလှသည်။
အမှန်စင်စစ် ဟဲယွီရှီးနှင့် လီကျိတို့က အရင်က အလောင်းကောင်ဂိုဏ်း၏ အခြေစိုက်စခန်းကို ရှာတွေ့ပြီး အစီရင်ခံခဲ့ကြခြင်းပင်။ ထျန်းကျန့်ဂိုဏ်းက ကျွမ်းကျင်သူများကို ဦးဆောင်ကာ ထိုအခြေစိုက်စခန်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ပြီး အလောင်းကောင်ဂိုဏ်း၏ လက်ကျန် အမြောက်အပြားကို သတ်ဖြတ်နိုင်ခဲ့သည်။ ထျန်းကျန့်ဂိုဏ်းက ဟဲယွီရှီးနှင့် လီကျိတို့ကို ဆုလာဘ် အမြောက်အပြား ပေးခဲ့ခြင်းပင်။
သူတို့နှစ်ဦးက အလွန် ရက်ရောသော ဆုလာဘ်များကို ရရှိခဲ့ကြသည်။
ကျင့်ကြံခြင်းအခန်းတွင် တစ်ရက် ကျင့်ကြံခြင်းက သာမန် ရက်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် တူညီပြီး အဖိုးတန် ဆေးလုံးအချို့လည်း ရရှိခဲ့ကြသည်။
ဟဲယွီရှီးနှင့် လီကျိတို့ နှစ်ဦးစလုံးက ကျင့်ကြံခြင်းအခန်းတွင် တစ်လကြာ ကျင့်ကြံခွင့် ရရှိခဲ့ကြသည်။
ဆေးလုံးများနှင့် ကျင့်ကြံခြင်းအခန်း၏ အကူအညီဖြင့် ဟဲယွီရှီးက ဝူကျုံးနယ်ပယ် အဆင့်တစ်သို့ အောင်မြင်စွာ ရောက်ရှိနိုင်ခဲ့ခြင်းပင်။
ဟဲယွီရှီးလည်း ဤစစ်ဆင်ရေးတွင် ပါဝင်လာခဲ့သည်။
"ယွီရှီး... မင်း သူ့ကို သိသလား" နင်ယွမ်ရွှေက မေးလိုက်သည်။
"ဟုတ်ကဲ့... ကျမ သူနဲ့ တွေ့ဖူးပါတယ်။ ကျမတို့ အလောင်းကောင်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကို စုံစမ်းနေတုန်းက အလောင်းကောင်ဂိုဏ်းဝင်တွေရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရတာပါ။ အဲဒီတုန်းက ကျမတို့ကို ကျန်းချန်းက ကူညီခဲ့လို့ ဘေးကင်းကင်းနဲ့ ထွက်ပြေးနိုင်ခဲ့တာပါ" ဟဲယွီရှီးက ရှင်းပြလိုက်သည်။
"အော်... ဒါဆို လူငယ်လေး ကျန်းကလည်း တော်တော် သန်မာတာပဲပေါ့။ လူငယ်လေး ကျန်း... ဘယ်လိုလဲ.. အလောင်းကောင်ဂိုဏ်းရဲ့ အခြေစိုက်စခန်းကို သုတ်သင်မယ့် ငါတို့အဖွဲ့မှာ ပါဝင်ချင်သလား။ အကယ်၍ မင်း ဒီတိုက်ပွဲမှာ ကောင်းကောင်း စွမ်းဆောင်နိုင်မယ်ဆိုရင် ငါ မင်းကို ထျန်းကျန့်ဂိုဏ်းကို ဝင်ခွင့်ရအောင် ထောက်ခံပေးပြီး အတွင်းစည်းတပည့် တစ်ယောက် တိုက်ရိုက် ဖြစ်လာအောင် လုပ်ပေးနိုင်တယ်။ မင်း ဘယ်လို ထင်သလဲ" နင်ယွမ်ရွှေက ပြောလိုက်သည်။
နင်ယွမ်ရွှေကလည်း ကျန်းချန်း၏ ပါရမီကို သဘောကျသွားခဲ့ခြင်းပင်။
ထို့ပြင် အကူအညီ တစ်ယောက် ပိုလာခြင်းက အမြဲတမ်း ကောင်းမွန်သော ကိစ္စဖြစ်ပေသည်။
"သေချာတာပေါ့... အကယ်၍ မင်း စွမ်းဆောင်ချက်တွေ ရှိမယ်ဆိုရင် ထျန်းကျန့်ဂိုဏ်းက မင်းကို အလွန် ရက်ရောတဲ့ ဆုလာဘ်တွေ ပေးမှာပါ" နင်ယွမ်ရွှေက ဆက်ပြောသည်။
ဖုန်းချန်းနှင့် အခြားသူများမှာ အံ့ဩသွားကြရသည်။ ထျန်းကျန့်ဂိုဏ်းမှလူများက ကျန်းချန်းအပေါ် အတော်လေး အထင်ကြီးနေပုံရသည်။ ကျန်းချန်း ကောင်းကောင်း စွမ်းဆောင်နိုင်လျှင် သူ့ကို ထျန်းကျန့်ဂိုဏ်းသို့ တိုက်ရိုက် ဝင်ခွင့်ရအောင် ထောက်ခံပေးမည်ဟုပင် ပြောခဲ့ကြသည် မဟုတ်ပါလော။
ထျန်းကျန့်ဂိုဏ်းက ပါရမီရှင်တိုင်း ဝင်နိုင်သည့် နေရာမဟုတ်ပေ၊ ၎င်းမှာ အဆင့်အတန်းတစ်ခုရှိသော ပါရမီ၊ ကောင်းမွန်သော နောက်ခံ သို့မဟုတ် ဂိုဏ်းအတွက် အကျိုးပြုမှု တစ်ခုခု ပေးနိုင်မှသာ နေရာတစ်ခု ရရှိနိုင်ခြင်းပင်။
၎င်းကို ကြားလိုက်ရချိန်တွင် ကျန်းချန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် "အလောင်းကောင်ဂိုဏ်းကို သုတ်သင်ဖို့အတွက် ခင်ဗျားတို့နဲ့အတူ ကျုပ် လိုက်ခဲ့ပါ့မယ်" သဘောတူလိုက်သည်။
ကျန်းချန်းက သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းပင်။
ကျန်းချန်းက အဆင့်တက်ရန်အတွက် ဝိညာဉ်စွမ်းအင် အမြောက်အပြား လိုအပ်လှသည်။ အရင်းအမြစ်များဖြင့်သာ ကျင့်ကြံနေမည်ဆိုပါက ကုန်ကျစရိတ် များပြားလွန်းသလို လက်တွေ့လည်း မကျပေ။ ရန်သူများကို သတ်ဖြတ်ပြီး သူတို့၏ သွေးနှင့် စွမ်းအင်များကို ဝါးမျိုခြင်းကသာ အဆင့်တက်ရန် ပို၍ မြန်ဆန်ပေလိမ့်မည်။
အလောင်းကောင်ဂိုဏ်းက မကောင်းမှုများစွာကို ကျူးလွန်ခဲ့သည်။ ကျန်းချန်းက လူကောင်းတစ်ယောက် မဟုတ်သော်လည်း ဤကဲ့သို့သော သွေးအေးလှသည့် နည်းလမ်းများကိုတော့ ဒီအတိုင်း ကြည့်မနေနိုင်ပေ။
အရေးကြီးဆုံးမှာ အလောင်းကောင်ဂိုဏ်းဝင်များကို သတ်ဖြတ်ခြင်းဖြင့် ကျန်းချန်းက သူတို့၏ သွေးချီစွမ်းအားများကို ဝါးမျိုနိုင်သည်။ ထို့ပြင် အခြားသူများ သတ်ဖြတ်လိုက်သည့် ရန်သူများထံမှ ဝိညာဉ်စွမ်းအင်များကိုလည်း သူက တိုက်ရိုက် ဝါးမျိုနိုင်သဖြင့် ဝိညာဉ်စွမ်းအင်များကို ပိုမို မြန်ဆန်စွာ ရရှိနိုင်မှာ ဖြစ်သည်။
ထျန်းကျန့်ဂိုဏ်းသို့ ဝင်ရန် ကိစ္စမှာမူ ကျန်းချန်း သိပ်ပြီး စိတ်မဝင်စားပါပေ၊ ၎င်းက သူ့အတွက် သိပ်ပြီး ဆွဲဆောင်မှု မရှိလှပေ။
သူ တန်ဖိုးထားသည်မှာ ရန်သူကို သတ်ဖြတ်ပြီး စွမ်းဆောင်ချက်များ ပြုလုပ်ခြင်းအတွက် ထျန်းကျန့်ဂိုဏ်းက ပေးမည့် ရက်ရောသော ဆုလာဘ်များသာ ဖြစ်သည်။ တိုက်ရိုက် အကျိုးအမြတ်များကသာ ကျန်းချန်းကို အမှန်တကယ် ဆွဲဆောင်နိုင်ခြင်းပင်။
လူအများအပြားက အဓိကအားဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမို ရရှိရန်အတွက် ဂိုဏ်းကြီးတစ်ခုသို့ ဝင်ချင်ကြခြင်းပင်။ ကျန်းချန်းအတွက်မူ အရင်းအမြစ်များ မရှားပါးသဖြင့် ထျန်းကျန့်ဂိုဏ်းသို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သူ့အပေါ် ကြီးမားသော သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ပေ။
အမှန်စင်စစ် ကျန်းချန်းက ပေဟိုင်ခရိုင်အတွင်းရှိ ဂိုဏ်းတစ်ခုဖြစ်သော ထျန်းယွင်ဂိုဏ်းသို့ ဝင်ရန် ပို၍ နှစ်သက်ပေသည်။
မဟာကျိုးမင်းဆက်၏ ထိပ်တန်းဂိုဏ်းကြီး လေးခုစလုံး၏ အခြေစိုက်စခန်းများမှာ မြို့တော်အနီးတွင် တည်ရှိကြပြီး မတူညီသော နေရာလေးခုကို သိမ်းပိုက်ထားကြခြင်းပင်။
ချောင်းဟိုင်ဂိုဏ်းမှ ရဲ့ယွမ်ထျန်းအကြောင်းကို ချောင်းဟိုင်ဂိုဏ်း တပည့် ချန်အန်းထံမှ သူကြားဖူးခဲ့သည်။ ထိုသူမှာ သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူဖြစ်နေပြီး မကြာမီမှာ သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
အကယ်၍ ကျန်းချန်းသာ ထျန်းကျန့်ဂိုဏ်းသို့ သွားမည်ဆိုပါက သူ၏ ပါရမီကို ပြသလိုက်သည်နှင့် ရဲ့ယွမ်ထျန်း၏ အာရုံစိုက်မှုကို အလွယ်တကူ ရရှိသွားပေလိမ့်မည်။
ကျန်းချန်းက လက်ရှိတွင် ရဲ့ယွမ်ထျန်း၏ ပြိုင်ဘက် မဟုတ်သေးသဖြင့် ရဲ့ယွမ်ထျန်းနှင့် အလှမ်းဝေးရာမှာ နေရန် လိုအပ်ပေသည်။ မဟုတ်ပါက ရဲ့ယွမ်ထျန်းသာ လှုပ်ရှားလာလျှင် ကျန်းချန်းမှာ အားနည်းချက် ရှိသွားပေလိမ့်မည်။
"တာအိုရောင်းရင်း ကျန်း" ဖုန်းချန်းက ဘေးမှနေ၍ သူ့ကို သတိပေးလိုက်သည်။
ယခင်က အခြေစိုက်စခန်းကို တိုက်ခိုက်ရန် အလောင်းကောင်ဂိုဏ်းက လွှတ်လိုက်သော အဖွဲ့ထဲမှာပင် ဝူကျုံးနယ်ပယ် အဆင့်ခုနစ် ကျွမ်းကျင်သူ ပါဝင်နေခြင်းပင်။ အကယ်၍သာ အလောင်းကောင်ဂိုဏ်း၏ အခြေစိုက်စခန်းဆိုလျှင်တော့ ကျွမ်းကျင်သူတွေ ပိုပြီး များပြားမှာဖြစ်သလို သိုင်းဘုရင်နယ်ပယ် ကျွမ်းကျင်သူကို တွေ့ရလျှင်ပင် အံ့ဩစရာ မဟုတ်ပေ။
ကျန်းချန်းက တော်တော်လေး သန်မာသော်လည်း တိုက်ပွဲအတွင်းမှာ အသက်ရှင်ဖို့ ဘယ်သူမှ အာမမခံနိုင်ပေ၊ အန္တရာယ်က ကြီးမားလွန်းလှသည်။
၎င်းမှာ ကျန်းချန်းအား စိတ်မမြန်ရန် သတိပေးလိုက်ခြင်းပင်။
"စိတ်မပူပါနဲ့ ကျုပ် ဘာလုပ်နေလဲဆိုတာ ကျုပ် သိပါတယ်၊ ကျုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကျုပ် ယုံကြည်တယ်" ကျန်းချန်းက ပြုံး၍ ပြောလိုက်သည်။
"ဒါဆိုရင်လည်း ….." ဖုန်းချန်း ဘာမှ ထပ်မပြောတော့ပေ။
ပါရမီရှင် အများအပြားက အတွင်းစည်းတပည့်နေရာကို မက်မောကြသဖြင့် ကျန်းချန်းကလည်း ထျန်းကျန့်ဂိုဏ်းသို့ ဝင်ခွင့်ရရန်အတွက် ဤသို့ လုပ်ဆောင်ခြင်းဖြစ်မည်ဟု သူ ထင်မှတ်လိုက်ခြင်းပင်။
"ကောင်းပြီလေ... ဒါဆိုရင်တော့ ခဏစောင့်ပါဦး၊ ငါတို့ အားလုံး အတူတူ ထွက်ခွာကြတာပေါ့" နင်ယွမ်ရွှေက ကျန်းချန်းအား ခေါင်းညိတ်ပြလိုက်သည်။
***