သူတို့နှစ်ယောက် လမ်းပေါ်မှာ ဆယ်မိနစ်လောက် လမ်းလျှောက်လာပြီးနောက် တောင်ဘက်လမ်းထောင့်ကို ရောက်လာတယ်။ ဒီနေရာက လူပြတ်သလို မီးရောင်လည်း မှိန်နေတော့ ဆောင်ယု ရင်ထဲမှာ လုံခြုံမှုမရှိသလို ခံစားလာရတယ်။ "ဦးလေးလေး... ဒီနေရာက မြည်းဖင်လိုပဲ မှောင်မည်းနေတာပဲ၊ ဘာလို့ ဒီမှာ လာတွေ့ရတာလဲ"
ဆစ်ဝေမင်း မဖြေရသေးခင်မှာပဲ အနက်ရောင် ဗင်ကားတစ်စီး အရှိန်နဲ့ ထိုးဆိုက်လာပြီး ကားမီးရောင် စူးစူးကြောင့် ဆောင်ယု မျက်စိကျိန်းသွားတယ်။ သူက မသိစိတ်ကနေ လက်နဲ့ မျက်လုံးကို ကာလိုက်တယ်။ အဲဒီလို လုပ်လိုက်ချိန်မှာပဲ ကားပေါ်ကနေ တောင့်တောင့်တင်းတင်း ယောကျ်ားကြီး သုံးလေးယောက် ဆင်းလာတာကို သူ တွေ့လိုက်ရတယ်။ အားလုံးက ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ ရုပ်သွင်တွေနဲ့ပဲ။ လန့်သွားတဲ့ ဆောင်ယုက သူ့ကို မမြင်စေချင်တဲ့စိတ်နဲ့ ဆစ်ဝေမင်းရဲ့ အနောက်ကို ဆုတ်ပြီး ပုန်းနေလိုက်တယ်။
လူအုပ်ကို ဦးဆောင်လာတဲ့သူက ဆစ်ဝေမင်း အနောက်ကို တစ်ချက်ကြည့်ပြီး မေးလိုက်တယ်။ "သူဌေးဆစ်... ခင်ဗျား ပြောတဲ့လူက ဒါလား"
"အေး၊ သူပဲ" ဆစ်ဝေမင်းက ခေါင်းညိတ်လိုက်တယ်။ ပြီးတော့ အဲဒီလူရဲ့ ပခုံးကို ပုတ်ပြီး ပြောလိုက်တယ်။ "သူ့ကို မင်းတို့ဆီပဲ အပ်ခဲ့မယ်ကွာ။ ငါ တခြား လုပ်စရာလေး ရှိသေးလို့။ အချိန်ရရင် မင်းတို့နဲ့ လက်ဖက်ရည် လာသောက်ပါ့မယ်"
အဲဒီလူက တစ်ခုခုကို အရိပ်အမြွက်ပြတဲ့ လေသံနဲ့ ပြန်ဖြေတယ်။ "စိတ်ချပါ သူဌေးဆစ်။ ကျွန်တော်တို့ သူ့ကို သေချာ ကိုင်တွယ်ပေးလိုက်ပါ့မယ်"
"ဦးလေးလေး" အကြောက်တရားကြောင့် တုန်လှုပ်နေတဲ့ ဆောင်ယုက ဆစ်ဝေမင်း နောက်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ လိုက်သွားပေမယ့် အဲဒီလူတွေက သူ့ကို တားလိုက်ကြတယ်။
"မင်းဦးလေးက မင်းကို ငါတို့ဆီ အပ်ခဲ့ပြီလေ၊ ငါတို့နဲ့ လိုက်ခဲ့စမ်း" လို့ ခေါင်းဆောင်လုပ်သူက ပြောလိုက်တယ်။
"ကျွန်တော် ဦးလေးလေးနဲ့ စကားနည်းနည်းလောက် ထပ်ပြောလို့ ရဦးမလား" ဆောင်ယုက ကြောက်လန့်နေပြီး ဒီလူတွေကို ယုံလို့မရဘူး ဆိုတာကို အလိုလို သိနေတယ်။ သူတို့ကို ကြည့်ရတာ အိမ်အလှဆင်တဲ့ အလုပ်သမားတွေနဲ့ လုံးဝ မတူဘူး။
သူ ရှောင်ဟွေးကို ဆက်ပြီး ဒုက္ခမပေးရဲအောင် ဦးလေးလေးဆစ်က သူ့ကို ပညာပေးဖို့ ဒီလူတွေကို စီစဉ်ထားတာများလား။
တစ္ဆေတစ်ကောင်လို ဖြူရော်နေတဲ့ ဆောင်ယုက ဘာပြဿနာမှ မရှာရဲဘူး။ လူလေးယောက်ဆိုတာ ထားလိုက်ဦး၊ သူတို့ထဲက တစ်ယောက်ကိုတောင် သူ ယှဉ်နိုင်မှာ မဟုတ်ဘူးလေ။ သူ လုပ်နိုင်တာဆိုလို့ သူတို့ သတိလက်လွတ် ဖြစ်သွားအောင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံဖို့ပဲ ရှိတယ်။
ခေါင်းဆောင်လုပ်သူက လှောင်ပြုံးပြုံးပြီး ပြောတယ်။ "မင်းဦးလေးကို ပြောချင်တာ ရှိရင် ငါတို့ကိုသာ ပြောခဲ့၊ ငါတို့ တစ်ဆင့် ပြန်ပြောပေးမယ်။ အချိန်ဆွဲမနေနဲ့၊ ကားပေါ် တက်စမ်း။ မင်းကိစ္စ ပြီးသွားရင် ငါတို့ အပြင်ထွက်ပြီး အရက်နည်းနည်း သွားသောက်ကြဦးမှာ"
ဆောင်ယု အကြားမှာတော့ ဒီလူတွေက သူ့ကို ရှင်းပစ်ပြီးရင် အောင်ပွဲခံကြမယ့်ပုံပဲ။ သူ ကြောက်လွန်းလို့ တဆတ်ဆတ် တုန်နေပြီး၊ အဲဒီလူတွေလည်း စိတ်မရှည်တော့ဘဲ နောက်ဆုံးမှာ သူ့ကို ကားပေါ် အတင်း တွန်းတင်လိုက်ကြတယ်။
နာရီဝက်လောက် ဦးတည်ချက်မရှိ မောင်းလာပြီးနောက် ကားက လူသူပြတ်လပ်တဲ့ စက်ရုံတစ်ရုံရှေ့မှာ ရပ်လိုက်တယ်။ ခေါင်းဆောင်လုပ်သူက ကားပေါ်ကဆင်းပြီး စက်ရုံမှူးနဲ့ စကားတချို့ ပြောလိုက်တယ်။ အဲဒီနောက် ဆောင်ယုကို ကားပေါ်ကနေ အတင်းဆွဲချပြီး ကားကို အရှိန်နဲ့ မောင်းထွက်သွားကြတယ်။
တဆတ်ဆတ် တုန်နေတဲ့ ဆောင်ယုက ကားပေါ်ကဆင်းဆင်းချင်းပဲ မြေကြီးပေါ် ခွေကျသွားတယ်။ စက်ရုံမှူးက သူ့ကို တစ်ချက်ကြည့်ပြီး သတိပေးလိုက်တယ်။ "ဒီမှာ အလုပ်များများလုပ်ပြီး စကားနည်းနည်းပဲ ပြောရမယ်။ အမိန့်ကို နာခံရမယ်၊ မဟုတ်ရင်တော့ မင်း ဒုက္ခရောက်သွားလိမ့်မယ်"
သူ့ကို အလုပ်လုပ်ဖို့ ဒီခေါ်လာတာဆိုတာ သိလိုက်ရတော့ ဆောင်ယု သက်ပြင်းချနိုင်သွားပြီး ထရပ်ကာ အဝတ်အစားက ဖုန်တွေကို ခါထုတ်လိုက်တယ်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်တယ်။ "စိတ်မပူပါနဲ့၊ ကျွန်တော် ကြိုးကြိုးစားစား အလုပ်လုပ်ပါ့မယ်။ ဘာပဲခိုင်းခိုင်း လုပ်ပါ့မယ်၊ လုံးဝ မပျင်းပါဘူး"
ဒီနေရာက ဘယ်လောက်တောင် ရက်စက်ကြမ်းကြုတ်လဲဆိုတာ မသိရှာတဲ့ ဆောင်ယုက အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေတုန်းပဲ။
သူ ဘယ်ရောက်နေလဲဆိုတာကို ကောင်းကောင်း သဘောမပေါက်သေးဘူးဆိုတာ သိနေတဲ့ စက်ရုံမှူးက လှောင်ပြုံးပြုံးပြီး ပြောတယ်။ "ဒါဆိုလည်း အလုပ်သွားလုပ်တော့။ အချိန်ဖြုန်းပြီး ဒီအတိုင်း ရပ်မနေနဲ့"
"အခု ချက်ချင်း အလုပ်လုပ်ရမှာလား" အံ့သြသွားတဲ့ ဆောင်ယုက သံသယဝင်လာတယ်။ ဒီလို ညဉ့်နက်သန်းခေါင် လူသူပြတ်လပ်ပြီး ခေါင်တဲ့ နေရာကြီးမှာ သူ ဘာအလုပ်များ လုပ်ရမှာလဲ။
အဲဒီလူနောက်ကနေ စက်ရုံထဲ လိုက်ဝင်သွားတော့ သံတံခါးကြီး ပွင့်သွားတာနဲ့ ဆိုးရွားတဲ့ အနံ့အသက်တွေက သူ့နှာခေါင်းထဲ အတင်း တိုးဝင်လာတယ်။ အေးစက်စက် ရာသီဥတုမှာ စုတ်ပြတ်နေတဲ့ အဝတ်အစားတွေနဲ့ ကြိုးကြိုးစားစား အလုပ်လုပ်နေရတဲ့ လူဒါဇင်ပေါင်းများစွာကို ဆောင်ယု တွေ့လိုက်ရတယ်။ ခြေဆွံ့နေတဲ့ လူတစ်ယောက်တောင်မှ လေးလံတဲ့ ဝန်ကျွေးတွေကို ဆွဲငင်နေရတာ။
ဒါက ဘယ်လို စက်ရုံမျိုးလဲဆိုတာ သူ သေချာ မစဉ်းစားနိုင်သေးခင်မှာပဲ သူ ပျို့အန်ချင်လာတယ်။ အဲဒီအတွက် စက်ရုံမှူးက သူ့ဖင်ကို ဆောင့်ကန်လိုက်တယ်။ သူ မတ်တတ်ရပ်လိုက်တာနဲ့ သူ့ကို အလုပ်လုပ်ရမယ့် နေရာဆီ အတင်း ဆွဲခေါ်သွားတယ်။
"ဒါက မင်းနေရာပဲ။ အမိန့်မနာခံရင် မင်း ဒုက္ခရောက်မယ်။ သေချာ မှတ်ထား၊ ဒီကနေ ဘယ်တော့မှ ထွက်ပြေးလို့ မရဘူး။ ထမ်းထုတ်သွားတဲ့ အခြေအနေမျိုးမှပဲ ဒီနေရာကနေ ထွက်သွားရလိမ့်မယ်"
ဆောင်ယု ခေါင်းထဲမှာ အူဝေသွားတယ်။ သူ အလိမ်ခံလိုက်ရပြီ ဆိုတာကို နောက်ဆုံးတော့ သူ သဘောပေါက်သွားတယ်။ ထိတ်လန့်သွားတဲ့ သူ့ကို စက်ရုံမှူးက ထပ်ရိုက်ပြန်တာမို့၊ သူ ဒူးထောက်ပြီး အသနားခံရတဲ့အထိပဲ။
တစ်ဖက်မှာတော့ ဆစ်ဝေမင်း အိမ်ကို တစ်ယောက်တည်း ပြန်ရောက်လာတယ်။ သူ တစ်ယောက်တည်း ပြန်လာတာကို မြင်တော့ ဆစ်ရှောင်ဟွေးရဲ့ တင်းမာနေတဲ့ မျက်နှာထားက နည်းနည်း ပြေလျော့သွားတယ်။
"ဦးလေးလေး... သမီးကို ဆောင်ယုနဲ့ ဆက်ပေါင်းခိုင်းဖို့ စိတ်ပြောင်းသွားတာတော့ မဟုတ်ဘူးမလား။ သူ့ကို ကွာရှင်းဖို့ သမီး ဆုံးဖြတ်ပြီးပြီ။ ဘယ်သူမှ သမီးစိတ်ကို ပြောင်းလို့မရဘူး။ သူ့ကို ကွာရှင်းခွင့် မပေးရင် သမီး သေလိုက်မှာပဲ"
ဆစ်ဝေမင်းရဲ့ မျက်နှာထားက တည်ကြည်နေတယ်။ "ဆောင်ယု ကိစ္စကို ဦးလေး ရှင်းလိုက်ပါပြီ။ သူ နင့်ကို လာနှောင့်ယှက်တော့မှာ မဟုတ်ဘူး။ နင့်အမေကို အိမ်ထောင်စုစာရင်း ယူပြီး ကွာရှင်းခွင့် သွားတင်ခိုင်းလိုက်။ သေချာ မှတ်ထား၊ ဆောင်ယု ဒီကို တစ်ခါမှ မလာခဲ့ဘူး။ နင် သူနဲ့ မတွေ့ခဲ့ဘူး။ ရဲတွေ လာမေးရင်တောင် အဲဒီလိုပဲ ဖြေရမယ်"
ဆောင်ယု လာနှောင့်ယှက်တော့မှာ မဟုတ်ဘူးဆိုတာ ကြားတော့ ဆစ်ရှောင်ဟွေး အရမ်း ဝမ်းသာသွားပြီး သူ လီစီးတီးကို ပြန်သွားပြီလို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ဆစ်ဝေမင်းရဲ့ စကားတွေကို ကြားပြီးနောက် သူ့မျက်နှာက သွေးဆုတ်သွားသလို ဖြူရော်သွားတယ်။ သူက ဦးလေးဖြစ်သူကို ကြောက်ကြောက်လန့်လန့်နဲ့ ကြည့်လိုက်တယ်။ "ဦးလေးလေး... ဆောင်ယုကို သတ်မပစ်ခဲ့ဘူး မဟုတ်လား"
စောစောက တံခါးအကွဲကြောင်းလေးကနေ ဦးလေးလေးနဲ့ ဆောင်ယုတို့ အတူတူ ထွက်သွားတာကို သူ မြင်လိုက်တယ်လေ။ အခု ဦးလေးလေးက ဆောင်ယုရဲ့ သဲလွန်စတွေကို ဖုံးကွယ်ခိုင်းနေပြီး ရဲအကြောင်းတောင် ထည့်ပြောနေတယ်။ ဒါက လုံးဝကို ပုံမှန် မဟုတ်ဘူး။
သူ ဆောင်ယုနဲ့ ဆက်မပေါင်းချင်တော့တာ မှန်ပေမယ့် သူ့ကို သေစေချင်တဲ့အထိတော့ မရည်ရွယ်ခဲ့ဘူးလေ။
လူသတ်တာက ရာဇဝတ်မှုပဲ။
"အဓိပ္ပာယ်မရှိတာ" ဆစ်ဝေမင်းက တင်းမာတဲ့ လေသံနဲ့ ဆူလိုက်တယ်။ "ငါက ဘယ်လိုလုပ် လူသတ်မှာလဲ။ အများကြီး လျှောက်တွေးမနေနဲ့။ သူ့အတွက် အလုပ်တစ်ခု ရှာပေးလိုက်ရုံပါ။ အခုကစပြီး သူက နင်နဲ့ ဘာမှ ပတ်သက်တော့မှာ မဟုတ်ဘူး။ ငါ ပြောတဲ့အတိုင်းသာ လုပ်"
"ဟုတ်ကဲ့" ဆစ်ရှောင်ဟွေးက ခေါင်းတဆက်ဆက် ညိတ်လိုက်ပေမယ့် ရုတ်တရက် ကျောချမ်းသွားသလို ခံစားလိုက်ရတယ်။ "ဦးလေးလေး... သမီး ပင်ပန်းနေပြီ။ သွားအိပ်တော့မယ်နော်"
"သွားလေ" ဆစ်ဝေမင်းက လက်ခါပြပြီး သူ့အခန်းထဲ သူ ပြန်ဝင်သွားတယ်။
အခန်းထဲ ပြန်ရောက်တော့ ဆစ်ရှောင်ဟွေးက တံခါးကို အမြန် ပိတ်ချလိုက်ပြီး စောင်ခြုံထဲ တိုးဝင်သွားတယ်။ အအေးဒဏ်ကြောင့်လား၊ အကြောက်တရားကြောင့်လား မသိနိုင်လောက်အောင် သူ တဆတ်ဆတ် တုန်နေတယ်။
ဦးလေးလေးက တကယ်ပဲ ဆောင်ယုကို သတ်ပစ်လိုက်တာများလား။
မဟုတ်ဘူး၊ အဲဒီလို မဖြစ်နိုင်ပါဘူး။ ဦးလေးလေးက ဘယ်သူ့ကိုမှ သတ်မှာ မဟုတ်ပါဘူး။
...သူ တကယ် လုပ်ခဲ့တယ် ဆိုရင်တောင်မှ သမီးဖြစ်သူအတွက် လုပ်ပေးခဲ့တာပဲလေ။ ဦးလေးလေး ပြောတဲ့ စကားတွေကို သေချာ မှတ်ထားမှ ဖြစ်မယ်။ ဦးလေးလေးသာ အဖမ်းခံရရင် သူ့ရဲ့ သာယာတဲ့ နေ့ရက်တွေလည်း ပြီးဆုံးသွားပြီပေါ့။
အပိုင်း ( ၃၆၁ ) ပြီးဆုံး
***