နောက်တစ်နေ့ မွန်းလွဲပိုင်းကျမှ ဆောင်ယု ပျောက်သွားတဲ့ အကြောင်းကို ထုန်ယောင် သိလိုက်ရတယ်။ အလုပ်သမားခေါင်းဆောင်က ဆောင်ယု အလုပ်မဆင်းတာ အတန်ကြာပြီဖြစ်လို့ ဆောင်ယု ဒီမှာ ဆက်မလုပ်တော့ဘူးလို့ပဲ မှတ်ယူလိုက်တယ်။ သူက ဆောင်ယုအပေါ် သဘောကောင်းခဲ့ပြီး အဝတ်အစားတွေတောင် ငှားပေးခဲ့ပေမယ့်၊ အခုတော့ ဆောင်ယုက နှုတ်ဆက်စကားတောင် မဆိုဘဲ ဒီတိုင်း ထွက်သွားတဲ့ပုံပဲ။
သူ တွေးလေ ဒေါသထွက်လေပဲ။ အလုပ်မဆင်းခင်မှာ သူ မနေနိုင်တော့ဘဲ ထုန်ယောင်ရဲ့ ဆိုင်ကိုသွားပြီး ဆောင်ယုအတွက် စကားပါးခဲ့တယ်။
"ဆောင်ယုက မနေ့က သူ့မိန်းမဆီ သွားမယ်ဆိုပြီး ထွက်သွားတာ၊ တစ်ရက်လုံး ကြာနေပြီ အခုထိ ပြန်မလာသေးဘူး။ သူ့ကို စကားလေး ပါးပေးလို့ ရမလား။ မနက်ဖြန်မှ သူ အလုပ်မလာရင် အလုပ်ထွက်သွားပြီလို့ပဲ ငါ သတ်မှတ်လိုက်တော့မယ်။ အရင်က လုပ်ထားတဲ့ လစာတွေကိုလည်း မေ့လိုက်တော့လို့"
ထုန်ယောင် မျက်ခုံးပင့်လိုက်တယ်။ "ဆောင်ယုက မနေ့ကတည်းက ပြန်မလာသေးဘူး ဆိုလိုတာလား" ဆောင်ယုနဲ့ ဆစ်ရှောင်ဟွေးတို့ ပြန်အဆင်ပြေသွားပြီး ရှောင်ဟွေးအိမ်မှာပဲ ညအိပ်လိုက်ကြတာများလား။
"ဒါပေါ့" အလုပ်သမားခေါင်းဆောင်က သိသာထင်ရှားတဲ့ ဒေါသသံနဲ့ ပြောတယ်။ ဒါပေမဲ့ ဆောင်ယုရဲ့ လုပ်ရပ်အတွက် ထုန်ယောင်မှာ အပြစ်မရှိဘူးဆိုတာကို သူ သဘောပေါက်သွားတော့ သူ့လေသံ နည်းနည်း ပျော့ပျောင်းသွားတယ်။ "သူ့လုပ်ရပ်က သူများတွေကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား။ သူဌေးဆီ အစီရင်ခံစာ တင်ရတော့မယ့် အချိန်ကျမှ၊ ဘာအကြောင်းကြားစာမှ မရှိဘဲ သူ အလုပ်မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်တာလေ။ ဒီလိုအချိန်ကြီးမှာ တခြားလူကို ငါက ဘယ်ကသွားရှာရမှာလဲ"
ဒီလိုဖြစ်လာမယ်မှန်းသာ သိရင် အစကတည်းက ဆောင်ယုကို သူ အလုပ်ခန့်ခဲ့မှာ မဟုတ်ဘူး။
အမှန်အတိုင်း ပြောရရင် သူက သနားလို့ ဆောင်ယုကို အလုပ်ခန့်ခဲ့တာ။ ဒါပေမဲ့ ဒီလူက ကျေးဇူးကန်းရုံတင်မကဘဲ ဘာစကားမှမပြောဘဲ ထွက်သွားတဲ့အပြင်၊ သူ့အဝတ်အစား တစ်စုံကိုပါ ယူသွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။
မကျေမနပ် ဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး ထုန်ယောင်က လက်တွေ့ကျကျ ဝင်ပြောလိုက်တယ်။ "သူ ရှင့်ဆီမှာ အလုပ်လုပ်ပေးတာ တော်တော်ကြာနေပြီပဲ၊ သူ ပြန်မလာရင်တောင် ရှင့်အတွက် ဘာမှမနစ်နာပါဘူး"
ဒီစကားကို ကြားတော့ လူကြီးရဲ့ လေသံက ချက်ချင်း နည်းနည်း ပျော့ကျသွားပြီး သက်ပြင်းချလိုက်တယ်။ "အဲဒါတော့ ဟုတ်ပါတယ်။ ငါ ဒေါသထွက်နေတာချည်းတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ ငါ့ကို ကြိုပြောသင့်တယ်လို့ ခံစားရလို့ပါ။ ထားလိုက်ပါတော့လေ၊ တခြားလူ တစ်ယောက်ကိုပဲ ရှာရတော့မှာပေါ့"
အဲဒီလို ပြောပြီးတာနဲ့ သူက လာရာလမ်းအတိုင်း လှည့်ပြန်သွားတယ်။ ကံဆိုးလို့ ကျေးဇူးကန်းတဲ့သူနဲ့ လာဆုံရတာလို့ပဲ သဘောထားလိုက်တော့တယ်။
ဆောင်ယုနဲ့ ဆစ်ရှောင်ဟွေးတို့ ပြန်အဆင်ပြေသွားပြီလို့ပဲ ယူဆလိုက်တာမို့၊ ထုန်ယောင်က ဆောင်ယု ပျောက်နေတာကို သိပ်အရေးတယူ မလုပ်တော့ဘဲ အလုပ်ရှုပ်နေရင်းနဲ့ လုံးဝ မေ့သွားခဲ့တယ်။
အလုပ်ဆင်းချိန် ရောက်တော့ သူ မတော်တဆ ချော်လဲပြီး နည်းနည်း ပွန်းပဲ့သွားတယ်။ ဆစ်ချန် အလုပ်မဆင်းခင် ဆေးခန်းဝင်ပြပြီး ဆေးထည့်ဖို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ၊ ဆေးရုံထဲကနေ ရယ်မော နောက်ပြောင်ရင်း ထွက်လာကြတဲ့ လင်းမန်နဲ့ ကျောက်ဝမ်ခိုင်တို့ကို သူ သွားတွေ့လိုက်ရတယ်။ လင်းမန်က အိမ်နေရင်း အဝတ်အစားကို ဝတ်ထားတာမို့ အလုပ်ဆင်းသွားပြီ ဆိုတာ သိသာတယ်။
သူတို့နှစ်ယောက်က ချစ်သူတွေလို အရမ်းကို နီးနီးကပ်ကပ် လမ်းလျှောက်လာကြတာ။ ထုန်ယောင် မျက်မှောင်ကြုတ်သွားပြီး ခြေလှမ်းတွေကို ရပ်တန့်ကာ နီးကပ်လာတဲ့ သူတို့နှစ်ယောက်ကို စောင့်ကြည့်နေလိုက်တယ်။
ထုန်ယောင်ကို မြင်လိုက်တာနဲ့ လင်းမန်ရဲ့ အပြုံးတွေ ခဏတာ ရပ်တန့်သွားပြီး ထုန်ယောင်ကို စိတ်မရှည်တဲ့ အကြည့်နဲ့ တစ်ချက် ကြည့်လိုက်တယ်။ သူက ဒီတိုင်း ဖြတ်လျှောက်သွားဖို့ စီစဉ်ထားပေမယ့် သူ့ဘေးက ကျောက်ဝမ်ခိုင်က ထုန်ယောင်ကို နှုတ်ဆက်လိုက်တယ်။
"မမထုန်ယောင်... ဒေါက်တာဆစ်ဆီ လာတာလား"
ထုန်ယောင်က သူ့အမေးကို လျစ်လျူရှုလိုက်ပြီး သတိထားဖို့ တမင်သက်သက် သတိပေးလိုက်တယ်။ "မစ္စတာကျောက်... အိမ်ထောင်သည် ယောကျ်ားတစ်ယောက် အနေနဲ့ နားလည်မှုလွဲတာတွေ မဖြစ်ရအောင် လူမြင်ကွင်းမှာ ကိုယ့်အပြုအမူကို သတိထားသင့်တယ်။ သတင်းတွေ အာချွန်းဆီ ရောက်သွားရင် မကောင်းဘူးလေ"
သူက ဒီစကားတွေကို ကျောက်ဝမ်ခိုင် အတွက်ချည်း ပြောတာ မဟုတ်ဘဲ လင်းမန်ကိုပါ ရည်ရွယ်ပြီး ကျောက်ဝမ်ခိုင်မှာ မိန်းမရှိတယ် ဆိုတာကို သွယ်ဝိုက် သတိပေးလိုက်တာ။
ကျောက်ဝမ်ခိုင်လို ထူးချွန်တဲ့ သူတစ်ယောက်အတွက် အမျိုးသမီး တော်တော်များများက သူ့ဆီကို ဆွဲငင်ခံရတာ ဆန်းတော့မဆန်းပါဘူး။ လင်းမန်က ကျောက်ဝမ်ခိုင်အပေါ် သံယောဇဉ် ဖြစ်သွားပြီး ဝမ်ချွန်းကို ထိခိုက်နစ်နာစေမှာကို ထုန်ယောင် စိုးရိမ်နေတာ။
ဒါကို ကြားတော့ ကျောက်ဝမ်ခိုင်က ထုန်ယောင်ကို စိတ်ဝင်တစား ကြည့်လိုက်တယ်။ "မမထုန်ယောင်... ခင်ဗျား တစ်ခုခုကို နားလည်မှုလွဲနေတာများလား။ ကျွန်တော်က မမလင်းမန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိရုံလေးပါ၊ ဘာကို သတိထားရမှာလဲ"
"ကျွန်မ နားလည်မှု လွဲတာဆိုရင်လည်း ပြီးတာပါပဲ။ ကျွန်မမှာ လုပ်စရာလေးတွေ ရှိသေးလို့ အထဲဝင်တော့မယ်" ထုန်ယောင်က မယုံကြည်တဲ့ အပြုံးတစ်ခု ပြုံးပြလိုက်ပြီး လင်းမန်ကို တစ်ချက်ကြည့်ကာ ဆေးရုံထဲကို ခပ်သွက်သွက် လျှောက်ဝင်သွားတယ်။
ထုန်ယောင်ရဲ့ ကျောပြင် ဝေးသွားတာကို ကြည့်ပြီး လင်းမန်က နားမလည်နိုင်စွာနဲ့ မေးလိုက်တယ်။ "မစ္စတာကျောက်က သူ့ကို သိလို့လား" ထုန်ယောင်က ဘယ်လိုလုပ် လူတိုင်းကို သိနေရတာလဲ ဆိုတာကို သူ နားမလည်နိုင်ဘူး ဖြစ်နေတယ်။
"သိပ်တော့ မရင်းနှီးပါဘူး၊ သူက ငါ့မိန်းမရဲ့ သူငယ်ချင်းကောင်းလေ" ကျောက်ဝမ်ခိုင်က အများကြီး စဉ်းစားမနေတဲ့ပုံနဲ့ ရှေ့ဆက် လျှောက်သွားတယ်။
လင်းမန်က စက္ကန့်အနည်းငယ်လောက် ရပ်နေပြီးမှ ကျောက်ဝမ်ခိုင်ကို မီအောင် ခြေလှမ်းတွေကို ခပ်သွက်သွက် လျှောက်လိုက်တယ်။ အရက်နည်းနည်း သောက်ထားသလိုမျိုး သူ့ပါးပြင်တွေက နီရဲလာတယ်။ "မစ္စတာကျောက်... စောစောက ကျွန်မကို ညစာကျွေးမယ်လို့ ပြောထားတာ၊ အဲဒီကမ်းလှမ်းမှုက အတည်ပဲလား"
စောစောက ဆေးရုံအဆောက်အအုံမှာ ရှိနေတုန်းက ကျောက်ဝမ်ခိုင်က သူ့ကို ညစာစားဖို့ ဖိတ်ခဲ့တာ။ ဒါပေမဲ့ ဒီနေ့ လူနာခန်းထဲကို အလည်လာတုန်းက ကျောက်ဝမ်ခိုင်မှာ အိမ်ထောင်ရှိတယ်ဆိုတာ သိလိုက်ရလို့ လင်းမန် နည်းနည်း စိတ်မသက်မသာ ဖြစ်သွားပြီး သူ့အဖိတ်ကို ငြင်းလိုက်တာလေ။ ဒါပေမဲ့ အခု ဝမ်ချွန်းနဲ့ ထုန်ယောင်တို့ရဲ့ ဆက်ဆံရေးကို သိလိုက်ရတော့ လင်းမန်က ရုတ်တရက် စိတ်ပြောင်းသွားတယ်။
ထုန်ယောင်က ကျောက်ဝမ်ခိုင်ကို သူ့အနား မကပ်စေချင်ဘူး မဟုတ်လား။
သူက ကျောက်ဝမ်ခိုင်နဲ့ ပိုနီးစပ်အောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆစ်ချန်ထက် ရုပ်ရည်မကျတဲ့အပြင် ပိုပြီး အရည်အချင်းရှိတဲ့ ကျောက်ဝမ်ခိုင်က အဓိက ပစ်မှတ်ပဲ။ ကျောက်ဝမ်ခိုင်ကို ဖမ်းစားနိုင်တာက သူဟာ ထုန်ယောင်ထက် မညံ့ဘူးဆိုတာကို သက်သေပြနိုင်မယ့်အပြင်၊ ထုန်ယောင်ကိုလည်း ဒေါသထွက်စေမှာမို့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သလို ဖြစ်သွားမှာပေါ့။
အိမ်ထောင်သည် ယောကျ်ားတစ်ယောက်ကို ချဉ်းကပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကျိုးကြောင်းဆီလျော်တဲ့ ဆင်ခြေရှာနေတာလား၊ ဒါမှမဟုတ် ထုန်ယောင်ကို တကယ် ယှဉ်ပြိုင်ပြီး အနိုင်ယူချင်တာလား ဆိုတာကိုတော့ လင်းမန် ကိုယ်တိုင်လည်း မပြောတတ်ဘူး။
"ဘာလို့ စိတ်ပြောင်းသွားတာလဲ" ကျောက်ဝမ်ခိုင်က ခြေလှမ်းရပ်လိုက်ပြီး လင်းမန်ကို အကဲခတ်လိုက်တယ်။
"မနက်ဖြန် သူငယ်ချင်းနဲ့ တွေ့ဖို့ ချိန်းထားတာကို ရုတ်တရက် သတိရသွားလို့ပါ။ စောစောက ရက်တွေ မှားသွားလို့ နေမှာပါ၊ အဲဒါကြောင့်..." လင်းမန်ရဲ့ မျက်လုံးတွေက အရောင်လက်သွားပြီး သူက စကားကို ခွဲခြမ်းစိတ်ဖြာလိုက်တယ်။ "ကျွန်မရဲ့ ဝမ်းကွဲညီမက အထင်လွဲပြီး ရှင့်မိန်းမကို သွားပြောပြမှာ စိုးရိမ်နေရင်တော့ ထားလိုက်ပါတော့"
"ထုန်ယောင်က မင်းရဲ့ ဝမ်းကွဲညီမလား" ကျောက်ဝမ်ခိုင်က ဒီအချက်ကို ရုတ်တရက် စိတ်ဝင်စားသွားပုံရတယ်။
"ဟုတ်ပါတယ်" လင်းမန်က ခေါင်းညိတ်လိုက်တယ်။ "ဒါပေမဲ့ ကျွန်မတို့ သိပ်အဆင်မပြေကြဘူး။ မိသားစုတွေကြားမှာ ပွတ်တိုက်မှု နည်းနည်း ရှိခဲ့ဖူးတယ်။ ကျွန်မတို့ အချင်းချင်း စကားတောင် သိပ်မပြောဖြစ်ကြဘူး။ သူက အငြိုးထားတတ်ပြီး လူကြီးတွေရဲ့ ပြဿနာတွေကို ကျွန်မတို့ ဆက်ဆံရေးထဲ ဆွဲသွင်းလာတတ်တာ"
လင်းမန်က ထုန်ယောင်နဲ့ ဖြစ်ခဲ့တဲ့ အငြင်းပွားမှုတွေကို ကျစ်ကျစ်လျစ်လျစ် ရှင်းပြလိုက်ပေမယ့်၊ သူ့ရဲ့ ပြောဆိုချက်တွေထဲမှာတော့ ထုန်ယောင်က ဆွေမျိုးဆက်ဆံရေးထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးတဲ့ တစ်ကိုယ်ကောင်းဆန်ပြီး သဘောထားသေးသိမ်သူ တစ်ယောက် အဖြစ် ဖော်ပြနေတယ်။
'ဟတ်ချိုး'
ဆစ်ချန်ရဲ့ ရုံးခန်းကို ရောက်ရောက်ချင်းပဲ ထုန်ယောင် နှာချေလိုက်တယ်။ သူ့နှာခေါင်းကို ပွတ်ရင်း သူက ပြောလိုက်တယ်။ "လင်းမန် ငါ့ကွယ်ရာမှာ အတင်းပြောနေတာ သေချာတယ်။ ခုလေးတင် ဆေးရုံပေါက်ဝမှာ သူနဲ့ ကျောက်ဝမ်ခိုင်တို့ကို ဆုံခဲ့တာ။ သူတို့ ဘယ်လို သိသွားကြလဲ မသိဘူး"
ဆစ်ချန်က သူ့ခြေထောက်က ဒဏ်ရာကို ကုသပေးနေတာ။ သူ့စကားကို ကြားတော့ ဆစ်ချန်က မော့ကြည့်ပြီး ပြောလိုက်တယ်။ "လင်းမန်က ကျောက်ရုံဝေရဲ့ လူနာခန်း တာဝန်ကျ သူနာပြုလေ"
လင်းမန်နဲ့ ကျောက်ဝမ်ခိုင်တို့ရဲ့ ဇာတ်လမ်းထက် ထုန်ယောင်ရဲ့ ခြေထောက်ဒဏ်ရာကို သူက ပိုစိုးရိမ်နေတာ။ "ဒီည ရေမချိုးနဲ့နော်၊ ဒဏ်ရာက ရေထိလို့ မရဘူး၊ မဟုတ်ရင် အလွယ်တကူ ပိုးဝင်သွားနိုင်တယ်။ မနက်ဖြန် အိမ်မှာပဲ နေပြီး အနားယူလိုက်"
"ဒီလောက် ပွန်းပဲ့သွားတာလေးနဲ့ အနားယူဖို့ လိုလို့လား" ထုန်ယောင်က သူ့ခြေထောက်ဒဏ်ရာကို စိုးရိမ်စရာလို့ လုံးဝ မထင်ဘဲ စကားလမ်းကြောင်း လွှဲလိုက်တယ်။ "ဆောင်ယု မနေ့က ရှောင်ဟွေးဆီ သွားတာ ဒီနေ့ အလုပ်မလာတော့ဘူး။ သူတို့ ပြန်အဆင်ပြေသွားကြပြီ ထင်တယ်"
သူ စကားပြောလို့ ဆုံးတာနဲ့ တစ်ပြိုင်နက်၊ ဒဏ်ရာပေါ် အရက်ပြန် ထိသွားတဲ့ စပ်ဖျဉ်းဖျဉ်း ဒဏ်ကြောင့် သူ တွန့်ခနဲ ဖြစ်သွားပြီး မမျှော်လင့်ထားတဲ့ နာကျင်မှုကြောင့် လေကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိတယ်။ ကောင်းပါပြီလေ၊ သူ ထင်ထားတာထက်တော့ ပိုနာသားပဲ။ ဆစ်ချန်က နှုတ်ခမ်းကို စေ့ထားပြီး ပြောတယ်။ "နည်းနည်းလောက် သည်းခံလိုက်ဦး၊ ခဏနေ ပြီးတော့မှာပါ"
ဂွမ်းလုံးလေးနဲ့ ထုန်ယောင်ရဲ့ ဒဏ်ရာကို သေချာ ပိုးသတ်ပေးပြီး ဆေးလိမ်းပေးပြီးနောက်၊ နောက်ဆုံးတော့ ပတ်တီးစလေးနဲ့ ဒဏ်ရာကို စည်းပေးလိုက်တယ်။ အားလုံးပြီးသွားတော့ ထုန်ယောင်ရဲ့ ဘောင်းဘီစကို ညင်ညင်သာသာ အောက်ချပေးလိုက်ပြီး ထပ်သတိပေးလိုက်ပြန်တယ်။ "မနက်ဖြန် ချောင်ချောင်ချိချိ ဘောင်းဘီတွေ ဝတ်နော်။ ကျပ်တဲ့ဟာတွေက ဒဏ်ရာကို အလွယ်တကူ ပွတ်မိနိုင်တယ်။ မင်း သွားလာလှုပ်ရှားနေရင် ပွတ်တိုက်မိပြီး ဒဏ်ရာကို ထိခိုက်စေနိုင်တယ်၊ ဒါကြောင့် ဒဏ်ရာ အမြန်ကျက်အောင် မနက်ဖြန် အိမ်မှာပဲနေပြီး သေချာ အနားယူပါ"
ထုန်ယောင်က ညည်းတွားလိုက်တယ်။ "ကျွန်မက ရှင့်အမြင်မှာ အဲဒီလောက်တောင် နုနယ်နေလို့လား။ ဒါက သာမန် ပွန်းပဲ့ဒဏ်ရာလေးပါ။ တစ်ညလောက် အိပ်လိုက်ရင် မနက်ဖြန်ကျ တော်တော်လေး သက်သာသွားမှာပါ။ ဒီကို လာတဲ့လမ်းမှာတောင် ဒဏ်ရာက ကျက်ပြီး အနာဖေး တက်နေလောက်ပြီလို့ ထင်တာ။ ရှင်က အပိုတွေ စိုးရိမ်လွန်းနေတာပါ"
အပိုင်း ( ၃၆၂ ) ပြီးဆုံး
***