ဆစ်ချန်က ဂွမ်းတံတွေနဲ့ အရက်ပျံတွေကို သိမ်းဆည်းလိုက်ပြီး၊ သူမကို မော့ကြည့်ကာ မေးလိုက်တယ်။ "မင်း မိဘတွေဆီ ဖုန်းဆက်လိုက်ရမလား"
မိဘတွေဆီ ဖုန်းဆက်မယ်ဆိုတဲ့ စကားကို ကြားတော့ ထုန်ယောင်က အားကိုးရာမဲ့စွာနဲ့ အလျှော့ပေးလိုက်ရတယ်။ "ကောင်းပါပြီ၊ ကောင်းပါပြီ၊ မနက်ဖြန် ကျွန်မ အနားယူလိုက်ပါ့မယ်။ ဖေဖေနဲ့ မေမေကလည်း ရှင့်လိုပဲ အသေးအဖွဲ ကိစ္စလေးတွေကို ပြဿနာကြီး လုပ်တတ်တာ။ ကျွန်မ ချော်လဲတယ်ဆိုတာသာ သိရင် ဘယ်လောက်တောင် စိတ်ပူသွားကြမလဲ မသိဘူး။ ဂရုမစိုက်ဘူး ဆိုပြီးတော့လည်း သေချာပေါက် ဆူခံရဦးမှာ"
"လိမ္မာတယ်" ဆစ်ချန်က ထုန်ယောင်ရဲ့ နူးညံ့တဲ့ ဆံပင်လေးတွေကို ဖွဖွလေး သပ်ပေးလိုက်တယ်။ "ဒီမှာ ခဏထိုင်နေဦး၊ ကိုယ် ပစ္စည်းတွေ သိမ်းပြီး အလုပ်သိမ်းတော့မယ်"
ထုန်ယောင်က လူနာထိုင်ခုံမှာ ထိုင်နေပြီး၊ ပစ္စည်းတွေ သိမ်းဆည်းနေတဲ့ ဆစ်ချန်ကို ပြုံးရွှင်တဲ့ မျက်လုံးလေးတွေနဲ့ ကြည့်နေတယ်။ သူ့ကို ကြည့်ရတာ အရမ်းကို ကြည်နူးဖို့ ကောင်းပြီး၊ သူ လုပ်သမျှ လှုပ်ရှားမှုတိုင်းက ဆွဲဆောင်မှု ရှိနေတာပဲ။ ဆေးရုံက ကောင်မလေး တော်တော်များများ သူ့ရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးနေကြတာ မဆန်းပါဘူး။ ဆစ်ချန်သာ အိမ်ထောင်မရှိသေးရင် သူ့ကို လိုက်မယ့် ကောင်မလေးတွေ အများကြီး ရှိနေမှာ သေချာတယ်။
အခုတောင်မှ အိမ်ထောင်ရှိနေရက်နဲ့ တခြားသူတွေရဲ့ စိတ်ဝင်တစား စောင့်ကြည့်မှုကို ခံနေရတုန်းပဲလေ။
ဒါပေမဲ့ ဒီနေ့ လင်းမန်ကို မြင်လိုက်ရတာတော့ သူက ကျောက်ဝမ်ခိုင်ကို တော်တော်လေး စိတ်ဝင်စားနေပုံရတယ်။ သူများ စိတ်ပြောင်းသွားဖို့ စဉ်းစားနေတာများလား။
"ဘာတွေ တွေးနေတာလဲ" ဆစ်ချန်ရဲ့ အသံက ထုန်ယောင်ရဲ့ အတွေးတွေကို ဖြတ်တောက်လိုက်တယ်။ အဲဒီတော့မှ ဆစ်ချန်က ဆရာဝန်ဝတ်စုံကို ချွတ်လိုက်ပြီဆိုတာ သူ သတိထားမိသွားတယ်။
သူက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တယ်။ "ထွေထွေထူးထူးတော့ မဟုတ်ပါဘူး၊ ကျောက်ရုံဝေရဲ့ အခြေအနေနဲ့ သူ သတိရလာနိုင်မလား ဆိုတာကို တွေးနေတာပါ"
ဆစ်ချန်က နှုတ်ခမ်းကို စေ့ထားပြီး ပြန်ဖြေတယ်။ "သူ့အခြေအနေက သိပ်မကောင်းဘူး၊ အခုဆိုရင် အသက်ရှင်လျက်နဲ့ သတိမလည်တော့တဲ့ အခြေအနေမျိုး ဖြစ်နေပြီ။ ဒါပေမဲ့ ဆေးပညာမှာ အဲဒီလို အခြေအနေကနေ ပြန်သတိရလာတဲ့သူတွေ အများကြီး ရှိဖူးပါတယ်။ ဒါကြောင့် သူ လုံးဝ သတိမရလာနိုင်တော့ဘူးလို့တော့ ပြောလို့ မရဘူး။ အတိအကျ ပြောရရင်တော့ သူကိုယ်တိုင်နဲ့ သူ့မိသားစုက သူ့ရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့နိုင်မလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်"
ထုန်ယောင်ရဲ့ မျက်လုံးတွေက အရောင်လက်သွားပြီး လင်းမန်နားကို ကပ်ဖို့ ကြိုးစားနေတဲ့ ကျောက်ဝမ်ခိုင်ရဲ့ ရည်ရွယ်ချက်ကို ရုတ်တရက် သဘောပေါက်သွားတယ်။ လင်းမန်က ကျောက်ရုံဝေကို တာဝန်ယူရတဲ့ သူနာပြုဆိုတော့ သူ့အခြေအနေကို ကောင်းကောင်း သိတာပေါ့။ ကျောက်ဝမ်ခိုင်က လင်းမန်နဲ့ နီးစပ်နေသရွေ့ ကျောက်ရုံဝေရဲ့ အခြေအနေကို အချိန်မရွေး သိနေနိုင်မှာလေ။
ဒီလူက တော်တော် ပါးနပ်တာပဲ။
ဆိုင်မှာ ဖြစ်သွားတဲ့ ပြဿနာကရော သူနဲ့များ ပတ်သက်နေမလား။
ဘာပဲဖြစ်ဖြစ် ကျောက်ဝမ်ခိုင်ကလွဲရင် သူက တခြား ဘယ်လူကြီးပိုင်းကိုမှ စော်ကားမိတာ မရှိဘူးလေ။
အစကတော့ ဆစ်ချန် စိတ်ပူမှာစိုးလို့ ဆိုင်က ပြဿနာအကြောင်း မပြောပြဖို့ ထုန်ယောင် စဉ်းစားထားတာ။ ဒါပေမဲ့ အခုချိန်မှာတော့ အခြေအနေကို သုံးသပ်ဖို့ ဆစ်ချန်ရဲ့ အကူအညီကို သူ တကယ် လိုအပ်နေတယ်။
"ဒီနေ့ မိန်းမတစ်ယောက်က ဆိုင်ကို ကလေးတစ်ယောက် ခေါ်လာပြီး ဆိုင်က သန့်ရှင်းမှုမရှိဘူး ဆိုပြီး ပြဿနာလာရှာတယ်။ တကယ်တော့ သူက ပြန်ပေးဆွဲလာတဲ့ ကလေးနဲ့အတူ တမင်သက်သက် လာပြီး ပြဿနာရှာတဲ့ လူကုန်ကူးသူ ဖြစ်နေတာ။ အခု ရဲတွေက ကလေးရဲ့ မိဘအရင်းတွေကို ရှာပေးနေတယ်။ အဲဒါက ကျောက်ဝမ်ခိုင်ရဲ့ စီစဉ်မှုများ ဖြစ်နိုင်မလား။ လမ်းတစ်ဖက်က လက်ဖက်ရည်ဆိုင်ကရော သူ့ဟာများလား"
"ဆိုင်မှာ ပြဿနာ လာရှာတယ်" ဆစ်ချန် မျက်မှောင်ကြုတ်သွားပြီး ထုန်ယောင်ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ ခဏလောက် စဉ်းစားပြီးမှ သူက ပြောတယ်။ "လောလောဆယ်တော့ အဲဒါက စီးပွားရေးအရ မနာလိုလို့ လုပ်တာလား၊ ဒါမှမဟုတ် တမင်သက်သက် ပစ်မှတ်ထားတာလား ဆိုတာကို အတည်ပြုလို့ မရသေးဘူး။ သူပဲဖြစ်ဖြစ်၊ မဟုတ်ဘူးပဲဖြစ်ဖြစ် ဒီကာလအတွင်းမှာ လုံခြုံရေးကို ပိုဂရုစိုက်ပါ။ အလုပ်ကို စောစောသိမ်းဖို့ ကြိုးစား။ ဆိုင်မှာ အရမ်း အလုပ်ရှုပ်လာရင် နောက်ထပ် လူတစ်ယောက်လောက် ထပ်ငှားလိုက်"
ဆစ်ချန်က ငွေကြေးနဲ့ ပတ်သက်ပြီး အရမ်းကြီး မက်မောမှု မရှိဘူး။ ထုန်ယောင်နဲ့ မလက်ထပ်ခင်က သူ့ရဲ့ အာရုံစိုက်မှု အားလုံးက ဆေးပညာအပေါ်မှာပဲ ရှိခဲ့တာ။
လက်ထပ်ပြီးသွားတော့ ထုန်ယောင်က သူ့ရဲ့ ဦးစားပေး ဖြစ်လာတယ်။ ဆေးပညာပိုင်းကို လစ်လျူရှုလိုက်တာ မဟုတ်ပေမယ့်၊ အခုတော့ သူ့မှာ နောက်ထပ် ဂရုစိုက်ရမယ့်အရာ တစ်ခု တိုးလာပြီလေ။
အခုလောလောဆယ် သူ့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်က ချောချောမွေ့မွေ့ တိုးတက်နေတယ်။ ထုန်ယောင်သာ စီးပွားရေး ဆက်မလုပ်တော့ရင်တောင်မှ၊ နောက်ဆယ်နှစ်အတွင်းမှာ သူမအတွက် ကောင်းမွန်တဲ့ လူနေမှုဘဝတစ်ခုကို သူ အာမခံနိုင်ပါတယ်။
ထုန်ယောင်က စီးပွားရေး လုပ်ရတာကို ဝါသနာပါမှန်း သိလို့ သူက တားဆီးမှာ မဟုတ်သလို၊ အိမ်ရှင်မ တစ်ယောက်ဖြစ်ဖို့အတွက် သူမရဲ့ အိပ်မက်တွေကိုလည်း စွန့်လွှတ်ခိုင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ ထုန်ယောင်ရဲ့ လုံခြုံရေးကိုတော့ သူက ပထမနေရာမှာ ထားရမယ်လေ။
"အဲဒီအတွက်တော့ စိတ်မပူပါနဲ့။ အခုလို တရားဥပဒေ စိုးမိုးတဲ့ လူ့အဖွဲ့အစည်းမှာ စီးပွားရေး ယှဉ်ပြိုင်မှုပဲဖြစ်ဖြစ်၊ ကျောက်ဝမ်ခိုင်က တိတ်တိတ်လေး ဖျက်ဆီးတာပဲဖြစ်ဖြစ်၊ ကျွန်မကို ကိုယ်ထိလက်ရောက် အန္တရာယ်ပြုတဲ့အထိတော့ လုပ်ရဲမှာ မဟုတ်ပါဘူး" ဒီအချက်နဲ့ ပတ်သက်ပြီး ထုန်ယောင်က တော်တော်လေး ယုံကြည်မှု ရှိတယ်။ သူက ဘယ်သူနဲ့မှ နက်နက်ရှိုင်းရှိုင်း ရန်ငြိုးမရှိတော့၊ သူ့ကို သတ်ချင်တဲ့အထိတော့ ဘယ်သူမှ ဖြစ်လာမှာ မဟုတ်ဘူးလေ။
ဆစ်ချန်က မျက်မှောင်လေး ကုတ်သွားပြီး နံရံက နာရီကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်။ "အိမ်အရင် ပြန်ကြတာပေါ့"
စကားပြောလို့ ဆုံးတာနဲ့ တစ်ပြိုင်နက် ဆစ်ချန်က ကုန်းဆင်းပြီး ထုန်ယောင်ကို ပွေ့ချီလိုက်တယ်။ ထုန်ယောင်က မသိစိတ်ကနေ ဆစ်ချန်ရဲ့ လည်ပင်းကို ဖက်လိုက်မိပေမယ့် ချက်ချင်း ပြန်ဆင်းဖို့ ရုန်းကန်လိုက်ပြီး မျက်တောင်လေး ပုတ်ခတ်ကာ ပြောတယ်။ "မြန်မြန် ပြန်ချပေးပါ။ မဟုတ်ရင် ရှင့်လုပ်ဖော်ကိုင်ဖက်တွေ မြင်သွားရင် အတင်းပြောကြလိမ့်မယ်"
ဆစ်ချန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်ပြောတယ်။ "အခုက အလုပ်ဆင်းချိန် ရောက်နေပြီလေ။ ပြီးတော့ ကိုယ်က ကိုယ့်ရဲ့ ဒဏ်ရာရနေတဲ့ မိန်းမကို ချီပြီး အိမ်ပြန်တာ။ ဘာပြဿနာ ရှိလို့လဲ"
ထုန်ယောင် နေရခက်သွားတယ်။ "ဒါပေမဲ့ ကျွန်မခြေထောက်က ဒဏ်ရာကို ဘောင်းဘီ ဖုံးထားတော့ မမြင်ရဘူးလေ။ ပြီးတော့ သိပ်လည်း မဆိုးပါဘူး၊ ပွန်းပဲ့ရုံလေးပါ။ လမ်းလျှောက်လို့ ရပါတယ်"
ဒါမှမဟုတ်... သူက ဘောင်းဘီစကိုများ ခေါက်တင်လိုက်ရမလား။
ဟင့်အင်း၊ ဟင့်အင်း၊ ဟင့်အင်း... ထားလိုက်ပါတော့။ ဒီလောက် သေးငယ်တဲ့ ဒဏ်ရာလေးနဲ့ အချီခံနေရတာကို တခြားသူတွေ မြင်သွားရင်၊ သူ့ကို အပိုတွေ လုပ်နေတယ်လို့ ကွယ်ရာမှာ သေချာပေါက် ပြောကြမှာပဲ။
ထုန်ယောင်က ဒါတွေကို စဉ်းစားနေတုန်းမှာပဲ၊ ဆစ်ချန်က သူ့ကို ဌာနထဲကနေ ချီပြီး ထွက်လာခဲ့တော့ လူတွေရဲ့ အာရုံစိုက်မှုကို ရသွားတယ်။ ကံကောင်းတာက ဒီအချိန်မှာ ဆေးရုံမှာ လူနာ သိပ်မရှိတော့ဘဲ၊ အလုပ်ဆင်းဖို့ ပြင်ဆင်နေတဲ့ ဆေးရုံဝန်ထမ်းတွေလောက်ပဲ ရှိတာ။ ဆစ်ချန်က မိန်းမဖြစ်သူကို ချီပြီး ထွက်လာတာကို မြင်တော့ တချို့က မနှစ်မြို့သလို လှောင်ပြုံးပြုံးကြပြီး၊ တချို့ကတော့ အသံထွက်ပြီး နောက်ပြောင်ကြတယ်။
"အို... ဒေါက်တာဆစ်ရဲ့ မိန်းမက သူ့ကို အလုပ်လာကြိုတာလား"
ထုန်ယောင်က ကမန်းကတန်း ခေါင်းယမ်းပြီး ရှင်းပြလိုက်တယ်။ "မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်မ ခြေထောက် ဒဏ်ရာရသွားလို့ ဆေးခန်း လာပြတာပါ။ သူက ဒဏ်ရာကို ထိမိမှာစိုးလို့ ချီထားတာပါ"
ဒီလို ပြောလိုက်ပေမယ့်၊ သူ ဘယ်လောက်ပဲ မျက်နှာပြောင်တိုက်နိုင်ပါစေ၊ ရင်းနှီးတဲ့ မျက်နှာတွေ အများကြီး ရှေ့မှာ ဆစ်ချန်ရဲ့ အချီခံထားရတာက တော်တော်လေး ရှက်စရာကောင်းပါတယ်။
သူတို့နှစ်ယောက် အောက်ထပ်ကို ဆင်းသွားတာနဲ့၊ တစ်ယောက်ယောက်က ခနဲ့တဲ့တဲ့ လေသံနဲ့ ပြောနေတာကို ကြားလိုက်ရတယ်။
"ဘာ ခြေထောက်ဒဏ်ရာလဲ။ စောစောက သူ အပေါ်တက်လာတုန်းက သွက်သွက်လက်လက်ကြီး မြင်လိုက်ရတာကို။ ငါ့အထင်တော့ သူက ပုလဲပုတောင်း လုပ်ပြီး ဆေးရုံအထိ သူတို့ရဲ့ အချစ်တွေကို လာပြနေတာပဲ ဖြစ်ရမယ်။ သူတို့ ဘယ်နေရာ ရောက်နေလဲ ဆိုတာကိုတောင် ထည့်မစဉ်းစားကြဘူး။ အခုခေတ် ဆရာဝန်ပေါက်စတွေက သူတို့ရဲ့ ပုံရိပ်ကို ဂရုမစိုက်ကြတော့ဘူး။ လူနာတွေ မြင်သွားပြီး အတင်းပြောကြရင် ဘယ်လိုလုပ်မလဲ"
တချို့က မကောင်းပြောကြသလို၊ သဘာဝကျကျပဲ တချို့ကတော့ အကောင်းပြောကြတယ်။ ထုန်ယောင်အပေါ် အမြဲတမ်း ယဉ်ယဉ်ကျေးကျေး ဆက်ဆံတတ်တဲ့ သူနာပြုလေး တစ်ယောက်က ဝင်ပြောတယ်။ "စောစောက ထုန်ယောင် အပေါ်တက်လာတာ မြင်တုန်းက သူ့ခြေထောက်က နည်းနည်း မူမမှန်သလိုပဲ။ တကယ် ဒဏ်ရာရထားတာ နေမှာပါ"
"တကယ် ဒဏ်ရာရထားတာဆိုရင် သူ ဆရာဝန်နဲ့ သွားပြမှာပေါ့" စောစောက ပြောတဲ့သူက သူနာပြုလေးကို တစ်ချက် စိုက်ကြည့်လိုက်တယ်။ "သူက ဆေးရုံကို အခွင့်ကောင်း လာယူနေတာ ရှင်းနေတာပဲ"
ဒါကို ကြားတော့ သူနာပြုလေးက နှုတ်ခမ်းကို စေ့ထားလိုက်ပြီး ဘာမှ ဆက်မပြောတော့ဘူး။
"လူတိုင်း ဒါကို မမေ့မချင်း ကျွန်မ ဆေးရုံကို ထပ်မလာတော့ဘူး" ဆေးရုံထဲကနေ ထွက်လာပြီးနောက် ထုန်ယောင်က နောက်ဆုံးတော့ သက်ပြင်းချနိုင်သွားတယ်။ စောစောက သူတို့ကို မြင်သွားတဲ့ လူတွေရဲ့ မျက်နှာထားတွေကို ပြန်တွေးမိပြီး သူ ရှက်နေမိတယ်။
ဟူး! ဒီလူတွေ သူ့ကွယ်ရာမှာ ဘာတွေများ ဆက်ပြောနေကြမလဲ မသိဘူး။
ဆစ်ချန်က ပြောတယ်။ "ဒါက မင်း အိမ်မှာ အနားယူဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ"
ထုန်ယောင် - ... ဒါက ဘာလို့ သူ့ဆန္ဒတွေနဲ့ တစ်ထပ်တည်း ကျနေရတာလဲ။
ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီလို ပွေ့ချီခံရတဲ့ ခံစားချက်က တကယ်ကို ကောင်းပါတယ်။ သူက ဆစ်ချန်ရဲ့ ပခုံးကို မှီပြီး တိတ်တိတ်လေး ရယ်လိုက်တယ်။ ဝန်ထမ်းအိမ်ရာဝင်းထဲကို ဝင်ဝင်ချင်းပဲ လျိုချင်းနဲ့ ဆေးရုံအုပ်ဝူတို့ အိမ်ခန်းချထားပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အချင်းများနေကြတာကို သူတို့ ကြားလိုက်ရတယ်။
"ပြီးခဲ့တဲ့ တစ်ခေါက်က အိမ်မရခဲ့တာကို ကျွန်မတို့ လျစ်လျူရှုပေးခဲ့တယ်။ ကျွန်မနဲ့ ကျွန်မယောက်ျားက နှစ်တွေအကြာကြီး သည်းခံလာခဲ့ပြီး အခု ဒုတိယအကြိမ် အိမ်ချထားပေးတဲ့ အချိန်ရောက်တော့လည်း ကျွန်မတို့ မရပြန်ဘူး။ အခု ကျွန်မတို့သားကလည်း ကြီးလာပြီ၊ ကျွန်မတို့ သုံးယောက်က အခန်းတစ်ခန်းတည်းမှာ အတူတူ နေနေရတုန်းပဲ။ ဘယ်လိုလုပ် အဆင်ပြေပြေ နေနိုင်မှာလဲ။ ကျွန်မတို့ထက် နှစ်နှစ်ကျော်လောက် နောက်ကျပြီးမှ ဆေးရုံကို ရောက်လာတဲ့ ဒေါက်တာဝမ်ကျတော့ အိမ်ရတယ်။ ဒါက ဘယ်လိုလုပ် တရားမျှတမှု ရှိမှာလဲ။ လုံးဝ တရားမျှတမှု မရှိဘူး။ ရှင် သေချာ မရှင်းပြနိုင်ရင် ကျွန်မကိုယ်တိုင် ဆေးရုံအုပ်ကြီးဆီ သွားတိုင်မယ်"
အပိုင်း ( ၃၆၃ ) ပြီးဆုံး
***