ထုန်ယောင်က အသံထွက်ပြီး ရယ်လိုက်တော့ ပါးစပ်ထဲက ဆန်ပြုတ်တွေတောင် ထွက်ကျမလို ဖြစ်သွားတယ်။ သူက အမြန်မြိုချလိုက်ပြီး "ကောင်မလေး... အခု နင် ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ" လို့ မေးလိုက်တယ်။
တိန့်ဝမ်ဝမ်က တူကို ဘေးချလိုက်ပြီး ထုန်ယောင်ဘက် လှည့်ကာ ချွဲနွဲ့တဲ့ လေသံနဲ့ မေးတယ်။ "မမယောင်ယောင်... မမဆိုင်မှာ လူလိုသေးလားဟင်။ ကျွန်မ အဲဒီမှာ အလုပ်ဝင်လုပ်ချင်လို့"
ထုန်ယောင် မျက်ခုံးပင့်လိုက်ပြီး "နင့်မိဘတွေက သဘောတူလို့လား" လို့ မေးလိုက်တယ်။ ကျောင်းသားဝန်ထမ်း တစ်ယောက်က ကျောင်းပြီးတော့မှာ ဖြစ်ပြီး အစိုးရအလုပ် ရထားတာမို့ သူမ နောက်ထပ် အလုပ်သမား တစ်ယောက် ထပ်ငှားဖို့ လိုနေတာ။ ဒါပေမဲ့ ဆေးရုံအုပ်တိန့်က ဝမ်ဝမ်အပေါ် မျှော်လင့်ချက်တွေ ကြီးမားပြီး နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်တာကို အဆင့်နိမ့်တယ်လို့ မြင်တာလေ။
"အဲဒီအတွက် စိတ်မပူပါနဲ့" တိန့်ဝမ်ဝမ်က ဝမ်းသာအားရ ပြောတယ်။ "မမယောင်ယောင်... မနေ့ညက တစ်ညလုံး မိဘတွေကို သဘောတူအောင် ကျွန်မ ဖျောင်းဖျခဲ့ရတာ။ ငိုယိုပြီး ပြဿနာရှာတဲ့အပြင် ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့တောင် ခြိမ်းခြောက်လိုက်သေးတယ်။ နောက်ဆုံးတော့ သူတို့ အလျှော့ပေးပြီး သဘောတူလိုက်ရတာပဲ"
ထုန်ယောင်က ရယ်ချင်စိတ်နဲ့ ခေါင်းယမ်းလိုက်တယ်။ "ဒါဆို... နင့်မျက်လုံးတွေ ဖောင်းအစ်နေတာက နစ်နာလို့ ငိုထားတာ မဟုတ်ဘဲ နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခွင့်ရအောင် မိဘတွေကို ဂျီကျထားတာပေါ့"
"ဟုတ်တယ်" တိန့်ဝမ်ဝမ်က ခေါင်းတဆက်ဆက် ညိတ်ပြီး ထုန်ယောင်ရဲ့ လက်မောင်းကို တောင်းပန်တဲ့ဟန်နဲ့ ဆက်လှုပ်နေတယ်။ "မမယောင်ယောင်... အခု မိဘတွေလည်း သဘောတူပြီဆိုတော့ မမဆိုင်မှာ အလုပ်လုပ်လို့ ရပြီမလား"
ထုန်ယောင် ရယ်လိုက်တယ်။ "နင့်မိဘတွေတောင် သဘောတူပြီးပြီဆိုတော့ ငါက ငြင်းလို့ ရပါ့မလား။ ငါ့လက်မောင်းကို ဆက်မလှုပ်နဲ့တော့၊ ပြုတ်ထွက်သွားတော့မယ်"
တိန့်ဝမ်ဝမ်က အရင်က နို့လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ဖူးတော့ လက်ဖက်ရည်ဖျော်တဲ့ အခြေခံတွေကို တော်တော်လေး ကျွမ်းကျင်ပြီးသားလေ။ ဒါကြောင့် သူ ဆိုင်မှာ အလုပ်ဝင်လုပ်တာက အကောင်းဆုံးပဲ။
"ကျေးဇူးပါ မမယောင်ယောင်" တိန့်ဝမ်ဝမ်က နားရွက်တိတ်မတတ် ပြုံးဖြီးသွားပြီး သူ့မျက်လုံးလေးတွေဆို မျဉ်းကြောင်းလေးတွေလို မှေးစင်းသွားတယ်။
"အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်" ထုန်ယောင်က ခဏလောက် ရပ်ပြီးမှ ဆက်ပြောတယ်။ "နင်က ကျိုးလဲ့နဲ့ အလုပ်ချိန် တူမှာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် နင် သူ့ကို မြင်ရဖို့တောင် သိပ်မလွယ်ဘူး။ ပြီးတော့ ကျိုးလဲ့မှာ ရည်းစား ရှိနေပြီ"
ကျိုးလဲ့ နာမည်ကို ကြားတော့ ဝမ်ဝမ်က နှုတ်ခမ်းလေး တွန့်သွားတယ်။ "အို... မမယောင်ယောင်ကလည်း။ ကျိုးလဲ့ကို ကျွန်မ စိတ်လျှော့လိုက်ပါပြီ၊ ဘာပဲဖြစ်ဖြစ် ဒါက တစ်ဖက်သတ် စိတ်ကူးယဉ်ခဲ့တာပဲလေ"
"နင် သဘောပေါက်သွားတာ ကောင်းပါတယ်" ဝမ်ဝမ် တကယ်ပဲ စိတ်လျှော့လိုက်ပြီ ဆိုတာကို မြင်တော့ ထုန်ယောင် စိတ်အေးသွားတယ်။
ဝမ်ဝမ်က တကယ်ပဲ တစ်ဖက်သတ် စိတ်ကူးယဉ်ခဲ့တာလား ဆိုတာနဲ့ ပတ်သက်ရင်တော့၊ ကျိုးလဲ့ ဘာတွေးနေလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပေမယ့် သူ့ရဲ့ ရည်းစား ရွေးချယ်မှုကတော့ သေချာ စဉ်းစားဆုံးဖြတ်ထားတဲ့ ရလဒ်ဆိုတာ သေချာတယ်။
အလုပ်ရသွားပြီ ဆိုတော့ ဝမ်ဝမ်ရဲ့ စိတ်အခြေအနေက ကောင်းမွန်နေတယ်။ ထမင်းစားပြီးတော့ သူကိုယ်တိုင်ပဲ ပန်းကန်တွေ ကူဆေးပေးပြီး၊ သူတို့နှစ်ယောက် ဧည့်ခန်းထဲမှာ ထိုင်ကာ စကားစမြည် ပြောနေကြတယ်။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ကြားလိုက်ရတယ်။
"မမယောင်ယောင်... ထိုင်နေလိုက်၊ ကျွန်မပဲ တံခါးသွားဖွင့်လိုက်မယ်" တိန့်ဝမ်ဝမ်က တံခါးကို ဖွင့်လိုက်ပြီး မနေနိုင်ဘဲ အာမေဍိတ်သံနဲ့ အော်လိုက်တယ်။ "မမယောင်ယောင်... တံခါးဝမှာ အရမ်းလှတဲ့ မိန်းမတစ်ယောက် ရောက်နေတယ်"
ထုန်ယောင်ရဲ့ အချစ်ပြိုင်ဘက်များလား။
သူ့ကို အလွန်အမင်း တွေးတယ်လို့ မအပြစ်တင်နဲ့လေ၊ ဆစ်ချန်က အရမ်းကို ဆွဲဆောင်မှု ရှိလွန်းတော့ သူတောင် မနေနိုင်ဘဲ စွဲလမ်းခဲ့ရသေးတာကိုး။
ဝမ်ချွန်းက အိမ်မှားလာတယ် ထင်ပြီး တောင်းပန်မလို့ လုပ်နေတာ။ ဒါပေမဲ့ ထုန်ယောင် နာမည်ကို ကြားလိုက်တော့ သူက အမြန် ပြုံးလိုက်ပြီး "မင်္ဂလာပါ၊ ကျွန်မက ထုန်ယောင်ရဲ့ သူငယ်ချင်းပါ" လို့ ပြောလိုက်တယ်။
"အာချွန်း... အထဲဝင်ခဲ့လေ" ဝမ်ချွန်းရဲ့ အသံကို ကြားတော့ ထုန်ယောင်ရဲ့ မျက်နှာပေါ်မှာ နွေးထွေးတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။ "တံခါးဝမှာ မိန်းမလှလေး တစ်ယောက် ရောက်နေတယ် ဆိုတာ ကြားလိုက်ကတည်းက နင်မှန်း ငါ သိသားပဲ"
ဝမ်ချွန်းက ချီးကျူးခံရလို့ နည်းနည်း ရှက်သွားတယ်။ ထုန်ယောင်က အေးအေးဆေးဆေး ဖြစ်နေတာကို မြင်တော့ သူ အခန်းထဲ ဝင်လာခဲ့တယ်။ 'မိန်းမသုံးယောက် စုံရင် ပွဲကျပြီ' ဆိုတဲ့ စကားပုံလိုပဲ၊ တိန့်ဝမ်ဝမ်က ဝမ်ချွန်းနဲ့ ချက်ချင်း ရင်းနှီးသွားပြီး စကားတွေကို မရပ်မနား ပြောတော့တာပဲ။
ဝမ်ချွန်းက ဝမ်ဝမ်ရဲ့ စကားတွေကို မဖြတ်ဘဲ ယဉ်ယဉ်ကျေးကျေး နားထောင်ပေးတယ်။ ဝမ်ဝမ် မောသွားပြီး နောက်ဆုံးတော့ စကားရပ်သွားတဲ့ အချိန်ကျမှ ဝမ်ချွန်းက ထုန်ယောင်ဘက် လှည့်ပြီး ပြောတယ်။ "ယောင်ယောင်... နောက်လဝက်လောက်ဆို အိမ်ရာစီမံကိန်း ပထမအဆင့် စတင်တော့မှာ။ နင် အိမ်လုဝယ်ဖို့ ပြင်ဆင်ပြီးပြီလား"
တိန့်ဝမ်ဝမ်က ထုန်ယောင်ကို အံ့သြတကြီး ကြည့်လိုက်တယ်။ မမယောင်ယောင်က အိမ်ဝယ်တော့မလို့လား
ထုန်ယောင်က ပျော်ရွှင်စွာနဲ့ ပြန်ဖြေတယ်။ "ငါ အိမ်လုဝယ်ဖို့ လူတချို့ ငှားဖို့ စီစဉ်ထားတယ်။ လူများရင် အခွင့်အရေး ပိုများတာပေါ့။ အဲဒီလိုလုပ်တာတောင် မအောင်မြင်ရင်လည်း ကိစ္စမရှိပါဘူး။ ငါ ပိုက်ဆံဆက်စုပြီး နောက်မှ ဝယ်လိုက်မယ်။ ဆင်ခြေဖုံးမှာ မြေကွက် နှစ်ကွက် ဝယ်ထားပြီး ဆောက်လုပ်ရေး မစရသေးတာ ရှိသေးတယ်။ အိမ်ဝယ်လို့ မရရင် အဲဒီငွေတွေကို သုံးပြီး ဆင်ခြေဖုံးက မြေကွက်တွေကို ဖော်ထုတ်လိုက်မယ်"
နောင်ကျရင် ကားငယ်လေး တစ်စီး ဝယ်ပြီး နေ့တိုင်း အလုပ်သွားဖို့ သူ စီစဉ်ထားတယ်။ သူ့ရဲ့ လက်ရှိ အခြေအနေက လူ ခုနစ်ဆယ် ရာခိုင်နှုန်းရဲ့ လူနေမှုအဆင့်အတန်းထက် ပိုကောင်းနေပြီလေ။ အခုချက်ချင်း အလုပ်မလုပ်တော့ဘူး ဆိုရင်တောင် သူ့အနာဂတ်က သေချာပေါက် လုံခြုံနေပြီ။
တစ်ဖက်မှာက ဆစ်ချန် ရှိသလို၊ နောက်တစ်ဖက်မှာက အိမ်ခြံမြေတွေ ရှိနေတယ်။
ဒီအချက် နှစ်ချက်လုံးက လူတော်တော်များများ တစ်သက်လုံး ရဖို့ ရည်မှန်းထားကြတဲ့ အရာတွေချည်းပဲ။
ဝမ်ချွန်းက ဝမ်းသာအားရ ပြန်ဖြေတယ်။ "အဲဒါ ကောင်းတာပေါ့။ နင် အိမ်မရလို့ စိတ်ဆင်းရဲနေမှာကို ငါ စိုးရိမ်နေတာ"
ဝမ်ချွန်းက သူ့ကို ဂရုစိုက်နေတာကို မြင်တော့ ထုန်ယောင်က ပေါ့ပေါ့ပါးပါးလေး စကားစလိုက်တယ်။ "အာချွန်း... မနေ့က ဆေးရုံပေါက်ဝမှာ နင့်ယောက်ျားကို နင့်ဦးလေးကို ပြုစုပေးနေတဲ့ သူနာပြုနဲ့ အတူတူ တွေ့လိုက်တယ်"
"သူနာပြုလင်းကို ပြောတာလား" ဝမ်ချွန်းက ဘာမှ စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ "အာခိုင်က သူ ငါ့ဦးလေးကို ပြုစုပေးရတာ ပင်ပန်းနေတယ်လို့ ထင်လို့လေ။ ပြီးတော့ ဝမ်ယွီကလည်း စိတ်လောပြီး သူ့ကို ပါးရိုက်လိုက်သေးတာကိုး။ အဲဒါကြောင့် အာခိုင်က အားနာပြီး ညစာစားဖို့ ဖိတ်လိုက်တာ။ သူနာပြု ကောင်မလေးကို သူ တစ်ယောက်တည်း ညစာဖိတ်ကျွေးရင် မသင့်တော်ဘဲ နားလည်မှု လွဲမှာစိုးလို့ ငါ့ကိုပါ အတူတူ လာစားဖို့ ခေါ်လိုက်တယ်"
ကြည့်ရတာ သူက ကျောက်ဝမ်ခိုင်ရဲ့ ပါးနပ်မှုကို အထင်သေးမိသွားတာပဲ။ မနေ့က သူမကို မြင်တုန်းက ကျောက်ဝမ်ခိုင် မျက်နှာမှာ အပြစ်ရှိတဲ့ပုံ လုံးဝ မပေါ်တာ မဆန်းပါဘူး၊ သူက အားလုံးကို ကြိုစီစဉ်ထားပြီးသားပဲ။
ဝမ်ချွန်းရဲ့ ယုံကြည်မှု အပြည့်နဲ့ ပျော်ရွှင်နေတဲ့ မျက်နှာကို ကြည့်ပြီး ထုန်ယောင်က စကားလမ်းကြောင်း လွှဲလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
သူတို့ သုံးယောက်ထဲမှာ ထုန်ယောင် တစ်ယောက်ပဲ အခု အလုပ်ရှိတာ။ ဒါပေမဲ့ ဆစ်ချန်က သူ့ကို အိမ်မှာပဲနေဖို့ အတင်းအကျပ် ခိုင်းထားပြီး အလုပ်သွားခွင့် မပေးဘူး။ ဒါကြောင့် ထုန်ယောင်က ဆစ်ချန် အိမ်မှာမရှိတုန်း သူငယ်ချင်း နှစ်ယောက်ကို အပြင်တိတ်တိတ်လေး ထွက်ပြီး နေ့လယ်စာ ကျွေးမယ်လို့ အကြံပြုလိုက်တယ်။ ဒါပေမဲ့ သူတို့ ထွက်ဖို့ ပြင်နေတုန်းမှာပဲ ဆစ်ချန်က ဟင်းချက်စရာတွေ ဝယ်ပြီး ပြန်ရောက်လာတယ်။
သူတို့ ထွက်ဖို့ ပြင်နေတာကို မြင်တော့ ဆစ်ချန်က မျက်ခုံးပင့်လိုက်ပြီး ထုန်ယောင်ရဲ့ မျက်နှာကို ကြည့်ကာ မေးတယ်။ "မင်းတို့တွေ အပြင်သွားမလို့လား"
ဆစ်ချန်ရဲ့ လက်ထဲမှာ လတ်ဆတ်တဲ့ ဟင်းချက်စရာတွေ ကိုင်ထားတာကို မြင်တော့ ထုန်ယောင် အမြန် ပြန်ဖြေလိုက်တယ်။ "မဟုတ်ပါဘူး။ အပြင်ထွက်ဖို့ စီစဉ်နေတာ မဟုတ်ပါဘူး။ ခြေသံကြားလို့ ရှင်များလားလို့ ထွက်ကြည့်တာပါ။ ဟီးဟီး... ကျွန်မ ထင်တဲ့အတိုင်း ကွက်တိ ဖြစ်နေမယ်လို့ မမျှော်လင့်ထားဘူး"
ဆစ်ချန်က သူ့ကို အပြစ်မဖော်တော့ပါဘူး။ ဟင်းချက်စရာတွေ ကိုင်ပြီး အိမ်ထဲ ဝင်လာကာ "မင်းတို့ စကားဆက်ပြောကြလေ။ ကိုယ် ဟင်းသွားချက်လိုက်ဦးမယ်" လို့ ပြောလိုက်တယ်။
"ဒေါက်တာဆစ်က ဟင်းလည်း ချက်တတ်တာလား" ဆစ်ချန် မီးဖိုချောင်ထဲ ဝင်သွားတာကို ကြည့်ပြီး ဝမ်ချွန်းက အံ့သြတကြီး မေးတယ်။
တိန့်ဝမ်ဝမ်က သူ့နားနား ကပ်ပြီး တိုးတိုးလေး ပြောတယ်။ "ဒေါက်တာဆစ်က ဟင်းချက်တတ်ရုံတင် မကဘူး၊ အရမ်းလည်း လက်ရာကောင်းတာ။ သူက အလုပ်အရမ်းရှုပ်တော့ ပုံမှန်ဆို ဟင်းချက်ဖို့ အချိန်မရဘူးလေ၊ ဒီနေ့ တို့တွေ အရမ်း ကံကောင်းတာပဲ"
ဝမ်ချွန်းက ထုန်ယောင်ကို ပြုံးပြီး နောက်ပြောင်လိုက်တယ်။ "ယောင်ယောင်... နင် ဘာလို့ ဆစ်ချန်ကို သဘောကျတာလဲ ဆိုတာ ငါ အခုမှ သိတော့တယ်။ နင် သူ့ရဲ့ ဟင်းချက်လက်ရာကို စွဲလမ်းသွားတာ ဖြစ်ရမယ်။ စကားမစပ်၊ နင် အပြင်သွားမှာကို သူ သိသွားမှာ ဘာလို့ အဲဒီလောက် ကြောက်နေရတာလဲ"
"ဟူး... ဘာရှိရမှာလဲ။ ငါ့ခြေထောက်က ဒီဒဏ်ရာလေးကြောင့်ပေါ့" ထုန်ယောင်က မီးဖိုချောင်ဘက်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး ပြောတယ်။ "ငါ အပြင်သွားမယ်ဆိုတာသာ သူ သိသွားရင် အဘိုးကြီး တစ်ယောက်လို ပွစိပွစိ လုပ်နေမှာ။ ပြီးရင် အိမ်မှာ နောက်ထပ် တစ်ရက်လောက် ထပ်ပြီး အနားယူခိုင်းဦးမယ်။ နင်တို့သာ အဖော်မလာပေးရင် ဒီနေ့ ငါ ပျင်းလွန်းလို့ သေသွားလောက်ပြီ"
နေ့တိုင်း အပြင်ထွက်နေကျ လူတစ်ယောက်အတွက် တစ်နေ့လုံး အိမ်မှာ တစ်ယောက်တည်း နေရတာက တကယ်ကို ပျင်းစရာ ကောင်းလွန်းပါတယ်။
အပိုင်း ( ၃၆၆ ) ပြီးဆုံး
***