ဝမ်ချွန်းက ဒီအချက်ကို တော်တော်လေး အံ့သြသွားပုံရပြီး ဆစ်ချန်က တကယ်ပဲ ပွစိပွစိ လုပ်တတ်တယ်ဆိုတာကို သူ မယုံနိုင်သလောက်ပဲ။
တိန့်ဝမ်ဝမ်ကတော့ ထုန်ယောင်နား ကပ်ပြီး တိုးတိုးလေး ပြောတယ်။ "မမယောင်ယောင်... ကိုယ် ဘယ်လောက် ကံကောင်းနေလဲဆိုတာ မမ မသိပါဘူး။ လူတော်တော်များများက အိမ်မှာ ဘာမှမလုပ်ဘဲ အေးအေးဆေးဆေး နေချင်ကြတာ" အိမ်ပြန်ရောက်တိုင်း ပင်ပန်းတယ်လို့ ညည်းတွားပြီး အဖေဖြစ်သူကို အမြဲ ဆူပူပွစိပွစိ လုပ်တတ်တဲ့ သူ့အမေအကြောင်းကို ပြောပြရင်း၊ အမေဖြစ်သူ ပွစိပွစိ လုပ်နေတာကို ကြားရုံနဲ့တင် သူ စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဝမ်ဝမ်က ပြောပြတယ်။ အိမ်မှာတောင် ဆက်မနေချင်တော့ဘူးတဲ့လေ။
အမြဲတမ်း ပွစိပွစိ လုပ်တတ်တဲ့ မိန်းမတွေက စိတ်အနှောင့်အယှက် အဖြစ်ရဆုံးပဲ။
ထုန်ယောင်က ခြေတစ်ဖက်တည်းနဲ့ ခုန်ဆွခုန်ဆွ လုပ်ရင်း သူ့ထိုင်ခုံဆီ ပြန်သွားထိုင်ကာ ပြောလိုက်တယ်။ "လူတွေရဲ့ လိုချင်တပ်မက်မှုက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူးလေ။ ငါကတော့ နေ့တိုင်း ပိုက်ဆံတွေ ဝင်လာတဲ့ ခံစားချက်ကို သဘောကျတယ်။ ငါက ငယ်ပါသေးတယ်၊ အနားယူဖို့က စောလွန်းနေသေးတယ်။ ကလေးမရခင်မှာ ရနိုင်သမျှ ပိုက်ဆံ အများကြီး ရှာထားမှ၊ ကလေးရလာတဲ့အခါ အိမ်မှာ ဘာပူပင်သောကမှ မရှိဘဲ ကလေးနဲ့အတူ အေးအေးဆေးဆေး နေနိုင်မှာပေါ့"
တိန့်ဝမ်ဝမ်နဲ့ ဝမ်ချွန်းတို့ နှစ်ယောက်လုံး ထုန်ယောင်ရဲ့ အပြုအမူကြောင့် ကြက်သေသေသွားကြတယ်။ ဆစ်ချန် မလာခင်ကတော့ ထုန်ယောင်က အကောင်းကြီး ရှိနေတာကို၊ အခုကျမှ ဘာလို့ ခြေတစ်ဖက်တည်းနဲ့ ခုန်ဆွခုန်ဆွ လုပ်နေရတာလဲလေ။
သူတို့နှစ်ယောက်က သူ့ကို ထူးထူးဆန်းဆန်း လိုက်ကြည့်နေတာကို ထုန်ယောင် သတိထားမိလိုက်တယ်။ ဆစ်ချန်ရဲ့ သရုပ်ဆောင်မှုက တအားကို ထိရောက်လွန်းတော့၊ ဆစ်ချန်ကို မြင်လိုက်တိုင်း သူ့ကိုယ်သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတဲ့ လူနာလို့တောင် ထင်သွားမိတယ်။
ဆစ်ချန်က ခဏလေးအတွင်းမှာပဲ ဟင်းလေးခွက်နဲ့ ဟင်းရည်တစ်ခွက် ချက်ပြုတ်လိုက်တယ်။ အားလုံးက ပြင်ဆင်ထားတာ လှပသလို အရသာလည်း အရမ်းကောင်းတယ်။ အရသာရှိတဲ့ အစားအစာ မျိုးစုံကို စားနေကျဖြစ်တဲ့ ဝမ်ချွန်းတောင်မှ သူ့ကို ချီးကျူးစကားတွေ အကြိမ်ကြိမ် ဆိုရတဲ့အထိပဲ။
ရုပ်ရည်လည်းချော၊ အရည်အချင်းလည်းရှိ၊ မိန်းမအတွက်လည်း ဟင်းချက်ပေးတတ်တဲ့ ယောကျ်ားမျိုးက ဒီခေတ်မှာ တော်တော်လေး ရှားတာကိုး။
"ဒေါက်တာဆစ်... ရှင့်ရဲ့ ဟင်းချက်လက်ရာက စားသောက်ဆိုင် ဖွင့်လို့ရတဲ့ အဆင့်ပဲ"
ကျောက်ဝမ်ခိုင်က သူ့ကို ချစ်ပေမယ့်၊ ကျောက်ဝမ်ခိုင်ကို ဟင်းချက်ခိုင်းဖို့ ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စလေ။ ဝမ်ချွန်းကတော့ ထုန်ယောင် တကယ့် ယောကျ်ားကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားတယ်လို့ တွေးမိတယ်။ သူငယ်ချင်း တစ်ယောက်အနေနဲ့ ထုန်ယောင်အတွက် ဝမ်းသာပေးမိတယ်။
"ဒါက ရိုးရိုး အိမ်ချက်ဟင်းလေးတွေပါ။ အားရပါးရသာ စားကြပါ" လို့ ဆစ်ချန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်တယ်။
"ရှင့်ရဲ့ 'အိမ်ချက်ဟင်းလေးတွေ' က သာမန်မှ မဟုတ်တာ" လို့ တိန့်ဝမ်ဝမ်က ပါးစပ်အပြည့် ဝါးရင်း ချီးကျူးလိုက်ပြီး သဘောတကျ ရယ်မောလိုက်တော့ ထုန်ယောင်လည်း လိုက်ရယ်တော့တယ်။
"သူ့ကို အဲဒီလောက်ကြီး သွားမချီးကျူးနဲ့။ မဟုတ်ရင် သူ့ဟင်းချက်လက်ရာက သူ့ရဲ့ ဆေးပညာထက် ပိုကောင်းတယ်လို့ ထင်သွားပြီး၊ အလုပ်ပြောင်းကာ စားသောက်ဆိုင် သွားဖွင့်နေဦးမယ်" လို့ ထုန်ယောင်က နောက်ပြောင်တဲ့ လေသံနဲ့ ပြောလိုက်တယ်။
"ကျွန်မကတော့ ပထမဆုံး ကန့်ကွက်မယ့်သူပဲ" ဝမ်ချွန်းက ညင်ညင်သာသာ ပြောတယ်။ "ဒေါက်တာဆစ်က တကယ့်ကို ထူးချွန်တဲ့ ဆရာဝန် တစ်ယောက်ပါ။ သူသာ ထမင်းချက် ဖြစ်သွားရင် နှမြောစရာကြီး"
ဆစ်ချန်ကတော့ မိန်းမသုံးယောက် စကားပြောနေတာကို အေးအေးဆေးဆေးပဲ နားထောင်နေတယ်။ သူ ထမင်းစားပြီးသွားတော့ နေ့လယ် တစ်နာရီတောင် ထိုးနေပြီဆိုတာ သတိထားမိလိုက်တယ်။ ဒါနဲ့ သူ့ပန်းကန်နဲ့ တူတွေကို သိမ်းပြီး မီးဖိုချောင်ထဲ သွားထားလိုက်ကာ၊ မိန်းမသုံးယောက်ကို နှုတ်ဆက်လိုက်တယ်။ "ဖြည်းဖြည်း စားကြနော်၊ ကိုယ် အလုပ်သွားရတော့မယ်။ ပန်းကန်တွေကို မီးဖိုချောင်ထဲမှာပဲ ထားခဲ့လိုက်၊ ကိုယ် ပြန်လာမှ ဆေးလိုက်မယ်"
"သွားတော့လေ" အစားစားရတာ အလုပ်ရှုပ်နေတဲ့ ထုန်ယောင်က ခေါင်းတောင် မမော့ဘဲ လက်လှမ်းပြလိုက်တယ်။ ဒီရက်ပိုင်း သူ အရမ်း အလုပ်ရှုပ်နေတော့ အိမ်မှာ ဟင်းမချက်ဖြစ်ဘူး။ ဆစ်ချန်ရဲ့ ဟင်းချက်လက်ရာကို မစားရတာလည်း အတန်ကြာပြီလေ။ အခုတော့ သူက စားဖူးသောက်ဖူးလေး တစ်ယောက်လို ဟင်းတွေကို အရသာခံ စားသောက်နေတော့တာပဲ။
ဆစ်ချန် ထွက်သွားတာနဲ့ တစ်ပြိုင်နက်၊ တိန့်ဝမ်ဝမ်နဲ့ ဝမ်ချွန်းတို့လည်း တော်တော်လေး လွတ်လွတ်လပ်လပ် ဖြစ်သွားကြတယ်။ သူတို့နှစ်ယောက်က ထုန်ယောင်နဲ့အတူ အားပါးတရ စားသောက်လိုက်ကြတာ စားပွဲပေါ်မှာ ဘာဟင်းမှတောင် မကျန်တော့ဘူး။ စားသောက်ပြီးသွားတော့ တိန့်ဝမ်ဝမ်က သူ့ဗိုက်ကို ပုတ်ပြီး ကျေနပ်စွာနဲ့ လေတက်လိုက်တယ်။
"ဗိုက်တင်းသွားတာပဲ။ ဒေါက်တာဆစ်ရဲ့ လက်ရာက ငါ့အမေထက်တောင် ပိုကောင်းသေးတယ်။ ငါ့အမေက ဟင်းချက်ရင် ပဲငံပြာရည်တွေ တစ်ပုံကြီး ထည့်တတ်တာ၊ ဘာလို့လဲတော့ ငါလည်း မသိဘူး။ သူ့အကျင့် ဖြစ်နေလို့ ထင်ပါရဲ့။ သူ အလုပ်ရှုပ်နေပြီး ဟင်းခဏခဏ မချက်နိုင်တာပဲ တော်သေးတယ်"
ထုန်ယောင် ရယ်လိုက်တယ်။ "နင့်အမေ နင့်အတွက် ဟင်းချက်ပေးနိုင်တာကိုပဲ ကျေးဇူးတင်သင့်တယ်။ အရမ်း ဂျီးများမနေနဲ့"
တိန့်ဝမ်ဝမ်က နှုတ်ခမ်းဆူလိုက်ပြီး နံရံက နာရီကို တစ်ချက်ကြည့်ကာ တီဗီဖွင့်ဖို့ ထုန်ယောင်ကို တိုက်တွန်းတယ်။ "အခု အရမ်း နာမည်ကြီးနေတဲ့ တီဗီဇာတ်လမ်းတွဲ လာနေတယ်။ တကယ် ကောင်းတာ။ ငါ အိမ်ပြန်ရောက်တိုင်း ညဘက်ဆို အမြဲ ကြည့်တယ်။ နေ့လယ်ဘက်လည်း ပြန်ပြတယ်"
တိန့်ဝမ်ဝမ် ပြောတဲ့ ဇာတ်လမ်းက အခု လတ်တလော ခေတ်စားနေတဲ့ ကျေးလက် အချစ်ဇာတ်လမ်းတွဲ တစ်ခုပါ။ ထုန်ယောင်က အဲဒါကို ကြည့်ဖို့ သိပ်စိတ်မဝင်စားပေမယ့်၊ တိန့်ဝမ်ဝမ်နဲ့ ဝမ်ချွန်းတို့ကတော့ ဇာတ်လမ်းထဲ စီးမျောနေကြတယ်။ တခြား ရွေးချယ်စရာ မရှိတော့ သူလည်း မကျေမနပ်နဲ့ ဝင်ကြည့်ရင်းကနေ တဖြည်းဖြည်းနဲ့ ဇာတ်လမ်းထဲ စိတ်ပါလာတော့တယ်။
တစ်ဖက်မှာတော့ ဆစ်ချန် ဆေးရုံကို ရောက်ရောက်ချင်းပဲ ကျောက်ရုံဝေရဲ့ လူနာခန်းကို အခေါ်ခံလိုက်ရတယ်။ ဖန်ရှုကျင်းက ကျောက်ရုံဝေရဲ့ အခြေအနေကို စိတ်လှုပ်ရှားစွာနဲ့ လှမ်းပြောပြတယ်။ "ဒေါက်တာဆစ်... ကျွန်မယောက်ျား သတိရလာတော့မှာလား။ စောစောက သူ့လက်ကို သုတ်ပေးနေတုန်း သူ့လက်ချောင်းလေး လှုပ်သွားတာကို ကျွန်မ မြင်လိုက်တယ်"
ကျောက်ဝမ်ယွီလည်း သူ့ရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ ဝင်ပြောတယ်။ "ဒေါက်တာဆစ်... ခင်ဗျားသာ ကျွန်တော့်အဖေ သတိရလာအောင် လုပ်ပေးနိုင်ရင်၊ မနက်ဖြန် ခင်ဗျားဆီကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပိုးသားဂုဏ်ပြုလွှာ တစ်ခု ပို့ပေးမယ်။ ကျွန်တော်တို့ မိသားစုက ဆောက်လုပ်ရေး ပစ္စည်းလုပ်ငန်း လုပ်တာဆိုတော့ ပိုက်ဆံ အရမ်းချမ်းသာတယ်"
သူ ကုမ္ပဏီကို အလုပ်ပြန်ဆင်းနေပြီ ဆိုပေမယ့် နာမည်ခံ အရုပ်လေး တစ်ရုပ်လိုပဲ ဖြစ်နေတယ်။ ကုမ္ပဏီမှာ ရှိနေတဲ့ နေ့ရက်တွေက အိမ်မှာ ရှိနေတာနဲ့ ဘာမှမကွာခြားဘူး။ သူ ဘာကိုမှ ဝင်ပါခွင့် မရသလို ဘယ်သူကမှလည်း သူ့စကားကို နားမထောင်ကြဘူးလေ။
အားကိုးရာမဲ့နေတဲ့ ကျောက်ဝမ်ယွီက ဂနာမငြိမ် ဖြစ်နေတယ်။ ဒါပေမဲ့ သူ ဘာမှ လုပ်လို့မရဘူး၊ သူ့အဖေဆီမှာပဲ မျှော်လင့်ချက် အကုန် ပုံအပ်ထားရုံကလွဲပြီး တခြား မရှိဘူး။
ဆစ်ချန်က ကျောက်ရုံဝေရဲ့ အခြေအနေကို သေချာ စစ်ဆေးပြီး စမ်းသပ်မှု တချို့ လုပ်ပြီးနောက်၊ ခါးသီးတဲ့ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ရတယ်။ "လူနာက ကောင်းကောင်း ပြန်နာလန်ထူလာနေပါပြီ။ ဒါပေမဲ့ သူ့ဦးနှောက်ကတော့ သတိလစ်နေဆဲပါပဲ။ သူ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ပြောပြပေးသင့်တယ်။ ပြီးတော့ အချိန်အကြာကြီး အိပ်ရာထဲ လဲနေလို့ ကြွက်သားတွေ သိမ်မသွားအောင် သူ့ကို နှိပ်နယ်ပေးပါ"
ဒါကို ကြားတော့ ဖန်ရှုကျင်းက လေပေါက်သွားတဲ့ ပူဖောင်းတစ်လုံးလို ရှုံ့တွသွားပြီး မျက်နှာပေါ်က သွေးရောင်တွေ ချက်ချင်း ပျောက်ကွယ်သွားတယ်။ ကျောက်ဝမ်ယွီကတော့ ဆစ်ချန်ရဲ့ အဖြေကို လက်မခံနိုင်ဘဲ အော်ဟစ်လိုက်တယ်။ "ဒေါက်တာ... ကျေးဇူးပြုပြီး ထပ်စစ်ဆေးပေးပါဦး။ ကျွန်တော့်အမေက အဖေ့လက်ချောင်းလေး လှုပ်သွားတာကို မြင်လိုက်တယ်လို့ ပြောနေတာကို၊ ဘယ်လိုလုပ် သတိရလာမယ့် အရိပ်အယောင် မရှိဘူးလို့ ပြောနိုင်ရတာလဲ။ အဲဒီလိုမှ မဟုတ်ရင် သူ့လက်ချောင်းက ဘာလို့ လှုပ်ရမှာလဲ"
ဖန်ရှုကျင်းရဲ့ မှေးမှိန်သွားတဲ့ မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေ ပြန်လည် တောက်လောင်လာတယ်။ "ဒေါက်တာဆစ်... ကျွန်မ သူ့လက်ချောင်းလေး လှုပ်သွားတာကို တကယ် မြင်လိုက်ရတာပါ"
ဆစ်ချန်က လေးလေးနက်နက် မေးလိုက်တယ်။ "လူနာရဲ့ လက်ချောင်းလေး မလှုပ်ခင်က၊ အန်တီ သူ့ကို နှိပ်နယ်ပေးနေတာများလား"
ဖန်ရှုကျင်းက မသိစိတ်ကနေ ခေါင်းညိတ်လိုက်တယ်။ "ဟုတ်ပါတယ်၊ ကျွန်မ သူ့ကို နှိပ်နယ်ပေးနေတာ။ အဲဒါနဲ့များ တစ်ခုခု ပတ်သက်နေလို့လား" နှိပ်နယ်ပေးတာက သူ့ကို သတိရလာအောင် ကူညီပေးနိုင်တာများလားလို့ သူတွေးနေမိတယ်။
ကျောက်ဝမ်ယွီလည်း ဆစ်ချန်ကို မျှော်လင့်တကြီးနဲ့ ကြည့်လိုက်တယ်။ နှိပ်နယ်ပေးတာက သူ့အဖေကို သတိရလာစေနိုင်မယ် ဆိုရင်၊ သူ့အဖေ သတိရလာတဲ့အထိ လူဆယ်ယောက်၊ ရှစ်ယောက်လောက် ငှားပြီး နှိပ်နယ်ခိုင်းထားဖို့ သူ ပိုက်ဆံ ပေးနိုင်တာပေါ့။
"အဲဒါက အဓိကပဲ" လို့ ဆစ်ချန်က တည်တည်ငြိမ်ငြိမ်နဲ့ ပြောတယ်။ "အန်တီ သူ့ကို နှိပ်နယ်ပေးနေတုန်း သူ့လက်မောင်းက ကြွက်သားအာရုံကြော တစ်ခုကို သွားထိမိလို့ သူ့လက်ချောင်းလေး လှုပ်သွားတာ ဖြစ်ဖို့များတယ်။ ဒါက ခန္ဓာကိုယ်ရဲ့ သဘာဝ တုံ့ပြန်မှု သက်သက်ပါပဲ"
"ခင်ဗျားက ဘယ်လို ဆရာဝန်မျိုးလဲ။ ကျွန်တော့်အမေတောင် အဖေ့လက်ချောင်းလေး နည်းနည်း လှုပ်လာအောင် လုပ်နိုင်တာကို၊ ခင်ဗျားက ဆရာဝန်ဖြစ်ပြီး အဲဒါလေးတောင် မလုပ်နိုင်ဘူးလေ။ ဆေးရုံအုပ်ကြီး ဘယ်မှာလဲ။ ဆေးရုံအုပ်ကြီးကို ဒီခေါ်ခဲ့၊ ကျွန်တော် ဆရာဝန် ပြောင်းချင်တယ်"
မျှော်လင့်ချက်တွေ ထပ်ပြီး ရိုက်ချိုးခံလိုက်ရတော့ ကျောက်ဝမ်ယွီက ဆေးရုံတစ်ခုလုံးကို မြေလှန်ပစ်တော့မယ့် အရိုင်းအစိုင်း မြင်းတစ်ကောင်လို ဒေါသတကြီး ဖြစ်သွားတယ်။ သူက ဆစ်ချန်ကို လက်ညှိုးထိုးပြီး အော်ဟစ်တယ်။ "ကျွန်တော့်အဖေကို ခင်ဗျားကို ခွဲစိတ်ခွင့် မပေးခဲ့သင့်ဘူး။ ခင်ဗျားက ဘယ်လို စောက်သုံးမကျတဲ့ ဆရာဝန်မျိုးလဲ။ ကျွန်တော် ပြောလိုက်မယ်၊ ကျွန်တော့်အဖေသာ သတိမရလာရင် ခင်ဗျားတို့ ဆေးရုံကို တရားစွဲပြီး ခင်ဗျား ထောင်ထဲမှာ သေတဲ့အထိ နေရအောင် လုပ်ပစ်မယ်"
"ဝမ်ယွီ... စိတ်အေးအေးထားစမ်း၊ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့" ဖန်ရှုကျင်းက သားဖြစ်သူကို ဆူလိုက်ပြီး၊ ဆစ်ချန်ကို ကမန်းကတန်း တောင်းပန်တယ်။ "ဒေါက်တာဆစ်... တောင်းပန်ပါတယ်။ သူက သူ့အဖေ အခြေအနေအတွက် အရမ်း စိုးရိမ်လွန်းလို့ စကားပြောတာ မဆင်မခြင် ဖြစ်သွားတာပါ။ သူ့ကို စိတ်ထဲ မထားပါနဲ့နော်။ သူ့ကို ကျွန်မ သေချာ ပြန်ပြောလိုက်ပါ့မယ်"
သူ့ယောက်ျားက တစ်လျှောက်လုံး သတိမရသေးတော့ ဖန်ရှုကျင်းလည်း စိတ်မသက်မသာ ဖြစ်နေတာ သေချာတာပေါ့။ သူ့ယောက်ျားကို တခြား ဆေးရုံ ပြောင်းမသွားပေမယ့်၊ သူ့ယောက်ျားရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နာမည်ကြီး ဆရာဝန်တွေဆီမှာ သူ တိတ်တိတ်လေး သွားရောက် တိုင်ပင်ခဲ့တယ်။
တခြားသူတွေကလည်း သူ့ယောက်ျား ခွဲစိတ်မှု အောင်မြင်ပြီး အသက်ရှင်နေသေးတာကိုပဲ ကံကောင်းတယ်လို့ ပြောကြတယ်။ ဆစ်ချန်က အဓိက ခွဲစိတ်ဆရာဝန် ဆိုတာကို သူတို့ သိသွားတော့ ဆစ်ချန်ကို အများကြီး ချီးကျူးခဲ့ကြတာ။ သူမယောက်ျား အခုလို သတိလစ်နေဆဲ ဖြစ်နေတာက ဆစ်ချန်ရဲ့ အမှား လုံးဝ မဟုတ်ပါဘူး။
သူ့ယောက်ျားရဲ့ ဒဏ်ရာတွေက အရမ်း ပြင်းထန်လွန်းလို့သာ ဖြစ်ရတာပါ။
အပိုင်း ( ၃၆၇ ) ပြီးဆုံး
***