ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ ရှင်းယွီရှန်းတစ်ယောက် ဒေါသူပုန်ထနေပေမဲ့ ချူရှင်းဟီကို သတ်ပစ်ဖို့တော့ စိတ်ကူးမရှိပါဘူး။ ရှင်းယွီရှန်းက မသတ်ရဲတာမဟုတ်ဘဲ ချူရှင်းဟီရဲ့ အရှိန်အဝါက ဘယ်လောက်ကြီးမားတယ်ဆိုတာ သိနေလို့ပါ။ တကယ်လို့သာ သူ ချူရှင်းဟီကို သတ်လိုက်မယ်ဆိုရင် ယွင်ရှောင်ဂိုဏ်းမှာ သက်ရှိ တစ်ကောင်တမြီးမှတောင် ကျန်ရစ်မှာမဟုတ်တော့တာကို သူ ကောင်းကောင်းသိနေပါတယ်။ ဒါဟာ ဂူမင်ချောင်ရဲ့ ကရုဏာအောက်မှာပဲ မူတည်နေတော့မှာ မဟုတ်လား။
ချူရှင်းဟီကလည်း ရှင်းယွီရှန်း သူ့ကို မသတ်ရဲဘူးဆိုတာ ကြိုတွက်ထားပြီးသားမို့ မာလင်းကို ကန်ထုတ်လိုက်တာပါ။ ရှင်းယွီရှန်းက သူ့ကို မသတ်ရဲပေမဲ့ မာလင်းကိုတော့ သတ်ရဲတာကိုး။
ဒီအချိန်မှာပဲ ရှင်းယွီရှန်းဟာ ချူရှင်းဟီရဲ့အရှေ့ကို မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာခဲ့ပါပြီ။ ချူရှင်းဟီဟာ ဒေါသကြောင့် ရှုံ့မဲ့နေတဲ့ ရှင်းယွီရှန်းရဲ့ မျက်နှာကြီးကိုတောင် အနီးကပ် မြင်နေရပါတယ်။ ရှင်းယွီရှန်းက လက်ကိုဆန့်ထုတ်ပြီး ချူရှင်းဟီကို ဖမ်းဆွဲလိုက်ပါပြီ။ သူက ချူရှင်းဟီကို မသတ်ရဲဘူးဆိုပေမဲ့ ဒီနေ့တော့ ချူရှင်းဟီတစ်ယောက် အကြီးအကျယ် ဒုက္ခရောက်တော့မှာ သေချာပါတယ်။
ဒါပေမဲ့ ရှင်းယွီရှန်းရဲ့ လက်က ချူရှင်းဟီရဲ့ ရင်ဘတ်ဆီ ရောက်ခါနီးမှာပဲ ချူရှင်းဟီရဲ့ ရှေ့က စကြ၀ဠာ တည်ရှိမှုဟာ မှန်တစ်ချပ်လို အပိုင်းပိုင်းကွဲအက်သွားပြီး အထဲကနေ လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပါတော့တယ်။
အဲဒီလက် ပေါ်လာတဲ့ ခဏမှာပဲ တစ်ကမ္ဘာလုံး ရပ်တန့်သွားခဲ့ပါပြီ။ ချူရှင်းဟီရဲ့ ရင်ဘတ်နဲ့ တစ်လက်မတောင်မဝေးတဲ့ ရှင်းယွီရှန်းရဲ့ လက်ဝါးဟာ ရှေ့ကို တစ်စက်မှ တိုးလို့မရတော့ပါဘူး။ စကြ၀ဠာ တည်ရှိမှုထဲက ထွက်လာတဲ့ အဲဒီလက်ဟာ လောကကြီးတစ်ခုလုံးရဲ့ အော်ရာအရှိန်အဝါကို သယ်ဆောင်လာပြီး ရှင်းယွီရှန်းရဲ့ ရင်ဘတ်ကို တည့်တည့်ကြီး ရိုက်ချလိုက်ပါတော့တယ်။
အဲဒီရိုက်ချက်ကြောင့် ရှင်းယွီရှန်းရဲ့ ရင်ဘတ်တစ်ဝိုက်က စကြ၀ဠာ တည်ရှိမှုဟာ ဖန်သားတွေလို အပိုင်းပိုင်းကြေမွသွားပြီး ရှင်းယွီရှန်းရဲ့ ရင်ဘတ်ကြီးလည်း ချိုင့်ဝင်သွားခဲ့ပါပြီ။ ရှင်းယွီရှန်းရဲ့ ရင်ဘတ်ကို ဗဟိုပြုပြီး အက်ကြောင်းတွေဟာ ပင့်ကူအိမ်လို အရပ်မျက်နှာအနှံ့ကို ပျံ့နှံ့သွားပါတယ်။
စကြ၀ဠာ တည်ရှိမှု ကွဲအက်သွားတာနဲ့တစ်ပြိုင်နက် ရှင်းယွီရှန်းဟာ အရှိန်ပြင်းတဲ့ ရထားတစ်စီးနဲ့ အတိုက်ခံလိုက်ရသလို ဝုန်းခနဲ အနောက်ကို လွင့်ထွက်သွားပါတော့တယ်။ သူဟာ မီတာတစ်ရာကျော်လောက် လွင့်ထွက်သွားပြီး နှင်းမြို့တော်ရဲ့ မြို့ရိုးတစ်လျှောက်ကို အရှိန်နဲ့ တိုက်မိပြီးမှ ရပ်တန့်သွားခဲ့ပါတယ်။
ဒါတွေအားလုံးက မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားတာမို့ ယွင်ရှောင်ဂိုဏ်းသားတွေ ဘာဖြစ်လို့ ဖြစ်မှန်းတောင် သေချာမမြင်လိုက်ရပါဘူး။ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ရှင်းယွီရှန်းဟာ ချူရှင်းဟီနားကို သွားလိုက်တာပဲ တွေ့လိုက်ရပြီး လက်စတင်လိုက်တာနဲ့ လွင့်ထွက်သွားတာကိုပဲ မြင်လိုက်ရတာပါ။
လူတိုင်း ဘာဖြစ်တာလဲလို့ တွေးနေတုန်းမှာပဲ ကောင်းကင်ယံကနေ အဖြူရောင် အလင်းတန်းတွေ ဆင်းသက်လာပါတော့တယ်။ အရပ်မျက်နှာအနှံ့မှာ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း အလင်းတန်းတွေအများကြီး ပေါ်လာပြီး အလင်းတန်းတွေထဲကနေ လူရိပ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။
ဆရာဘိုးဘိုးအပါအဝင် မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နန်းဆောင်အသီးသီးက အကြီးအကဲတွေနဲ့ တိုက်ပွဲဝင်ရာမှာ အစွမ်းဆုံးဆိုတဲ့ ပုဂ္ဂိုလ်တွေ အကုန်ပါလာတာပါ။ အားလုံးရဲ့ အရှေ့ဆုံးမှာတော့ ဒီလောကရဲ့ တစ်ဦးတည်းသော ကမ္ဘာ့နတ်ဘုရားဖြစ်တဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဂူမင်ချောင် ကိုယ်တိုင် ရပ်နေခဲ့ပါတယ်။ စောစောက ထွက်ပေါ်လာတဲ့ လက်ဟာလည်း ဂူမင်ချောင်ရဲ့ လက်ပါပဲ။
ရှင်းယွီရှန်း ပေါ်လာတဲ့အချိန်ကတည်းက ချူရှင်းဟီဟာ သူ ဒုက္ခရောက်တော့မယ်ဆိုတာ သိလိုက်ပါတယ်။ ရှင်းယွီရှန်းရဲ့ ဒေါသထွက်နေတဲ့ ပုံစံအရ စကားပြောလို့ ရမယ့်ပုံ မဟုတ်တော့ဘူးကိုး။ အကြီးအကဲ နှစ်ယောက်တောင် သေသွားတာဆိုတော့ ရှင်းယွီရှန်းအနေနဲ့ ဒေါသမထွက်ရင်တောင်မှ ထူးဆန်းနေဦးမှာပါ။
ဒါကြောင့် ရှင်းယွီရှန်း ဆင်းသက်လာတာကို မြင်တာနဲ့ ချူရှင်းဟီဟာ မဆိုင်းမတွဘဲ မဟာမိုးကောင်းကင် တံဆိပ်တော်ကို အစွမ်းကုန်ညှစ်ပြီး ချိုးလိုက်ပါတော့တယ်။ လူခေါ်ရတာကို သူလည်း ကျွမ်းတာပဲ မဟုတ်လား။
မဟာမိုးကောင်းကင် တံဆိပ်တော်ဟာ ဂိုဏ်းရဲ့ ရတနာတစ်ခုပါ။ အဲဒါ ပျက်စီးသွားတာနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက အဘိုးကြီးတွေ အကုန်လုံး သတင်းစကားကို ချက်ချင်း သိလိုက်ကြပါတယ်။ ဒီတံဆိပ်တော်ကို ဘယ်သူကိုင်ထားတာလဲ။ ရှင်းဟီ မဟုတ်လား။ အကြီးအကျယ် ဒုက္ခမရောက်ရင် ရှင်းဟီက ဒီတံဆိပ်တော်ကို ဘယ်တော့မှ ဖျက်ဆီးမှာ မဟုတ်ပါဘူး။
ဒါကြောင့် တံဆိပ်တော် ကျိုးသွားတာနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက တန်ခိုးရှင်တွေ ချက်ချင်း စုရုံးလိုက်ကြပြီး ဂူမင်ချောင် ကိုယ်တိုင် တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း ဝင်္ကပါကို အသက်သွင်းပြီး ဆင်းသက်လာခဲ့တာပါ။ ဝင်္ကပါကို အသက်သွင်းနေတုန်းမှာပဲ ဂူမင်ချောင်ဟာ ကမ္ဘာ့နတ်ဘုရားရဲ့ စိတ်အာရုံနဲ့ ရှင်းဟီ ဘာကြောင့်ဒုက္ခရောက်နေလဲဆိုတာကို အာရုံခံလိုက်ပြီး စကြ၀ဠာ တည်ရှိမှုကို ဖြတ်ပြီး အဝေးကနေ လှမ်းရိုက်လိုက်တာပါပဲ။
အခုအချိန်မှာတော့ နှင်းမြို့တော်တစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်ကုန်ပါပြီ။ မဟာမိုးကောင်းကင်ဂိုဏ်းနဲ့ ယွင်ရှောင်ဂိုဏ်းက အစွမ်းထက် တန်ခိုးရှင်တွေ အကုန်လုံး နှင်းမြို့တော်ကို ရောက်ရှိနေကြပါပြီ။ တကယ်လို့သာ သူတို့တွေ တိုက်ပွဲဖြစ်ကြမယ်ဆိုရင် ဒီနေ့ နှင်းမြို့တော်ဟာ သမိုင်းထဲမှာပဲ ကျန်ရစ်တော့မှာပါ။
“ရှင်းယွီရှန်း... မင်းက ငါ့ရဲ့ ရှင်းဟီကိုတောင် လက်ဖျားနဲ့ ထိရဲတယ်ပေါ့။ ငါ ဂူမင်ချောင်က မင်းကို မသတ်ရဲဘူးလို့ ထင်နေတာလား”
မျက်လုံးတွေ နီရဲနေတဲ့ ဂူမင်ချောင်က အော်ဟစ်လိုက်ပါတယ်။
စောစောက ရှင်းယွီရှန်းရဲ့ တိုက်ကွက် ဘယ်လောက် ပြင်းထန်တယ်ဆိုတာ သူ သိနေတာကိုး။ ရှင်းဟီကို မသေစေနိုင်ဘူး ဆိုရင်တောင် အကြီးအကျယ် ဒဏ်ရာရသွားစေမှာပါ။
“ရှင်းယွီရှန်း... မင်း ဘယ်လို သတ္တိတွေကောင်းနေလို့ ရှင်းဟီကို လက်ဖျားနဲ့ ထိရဲရတာလဲ”
ဒါပေမဲ့ ဂူမင်ချောင်ရဲ့ စကားကို ကြားလိုက်ရတဲ့ ရှင်းယွီရှန်းမှာတော့ ဒေါသထွက်လွန်းလို့ ငိုတောင် ငိုချင်စိတ် ပေါက်သွားရပါပြီ။
“ဒီ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေမှာ အသိတရားရော ရှိကြရဲ့လားဟင်။ ချူရှင်းဟီက ဟေးယွဲ့ မျိုးနွယ်စုကို သုံးပြီး ငါတို့ အကြီးအကဲ နှစ်ယောက်ကို သတ်ပစ်လိုက်တာလေ။ ဘာလို့ မင်းတို့ကပဲ ခံရသူတွေလို လုပ်ပြနေကြတာလဲ”
ရှင်းယွီရှန်းဟာ အုတ်ပုံတွေကြားထဲကနေ ရုန်းကန်ပြီး ပြန်ထွက်လာခဲ့ပါတယ်။ ပါးစပ်ထောင့်မှာ သွေးတွေ စီးကျနေဆဲ ဖြစ်ပေမဲ့ သူဟာ ဂူမင်ချောင်ရဲ့အနားကို အမြန်ပျံသန်းသွားပြီး ချူရှင်းဟီကို လက်ညှိုးငေါက်ငေါက်ထိုးကာ အော်ဟစ်လိုက်ပါတော့တယ်။
“ဂူမင်ချောင်... မင်းတို့ မဟာမိုးကောင်းကင်ဂိုဏ်းက တရားသောဂိုဏ်း မဟုတ်လား။ ဒီနေ့တော့ မင်းတို့ဂိုဏ်းက ဟေးယွဲ့ မျိုးနွယ်စုကို သုံးပြီး ငွေကြယ်စင်တောင်တန်းကို ဖောက်ခွဲပစ်လိုက်တယ်ပေါ့။ ဒါဟာ တရားသောဂိုဏ်းတစ်ခုရဲ့ လုပ်ရပ်လား။”
“ဒါဟာ နံပါတ်တစ်ဂိုဏ်းရဲ့ ကျင့်ဝတ်လားလို့ ငါမေးနေတာ။”
ရှင်းယွီရှန်း ပြောလိုက်တဲ့အခါမှ လူတိုင်းက သတိထားမိသွားကြပါတယ်။ ပုံမှန်ဆိုရင် နှင်းမြို့တော်နဲ့ ငွေကြယ်စင်တောင်တန်းဟာ အတော်လှမ်းလှမ်းမှာ ရှိရမှာပါ။ ဒါပေမဲ့ အခုတော့ လောကကြီးထဲမှာ ငွေကြယ်စင်တောင်တန်းဆိုတဲ့ အစအနတောင် မရှိတော့ဘဲ ဧရာမ ကျင်းကြီးတစ်ကျင်းပဲ ကျန်ပါတော့တယ်။
ဆရာဘိုးဘိုးတောင် ကြောင်အသွားရပါပြီ။ သူကတော့ ဟေးယွဲ့ မျိုးနွယ်စုကြီး ထွက်ခွာသွားတဲ့ သတင်းကိုတောင် မသိသေးပါဘူး။ အမှန်တော့ မဟာသူတော်စင်ကြီးဟာ ရှင်းဟီဆီက သတင်းရရချင်း ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ ဒီကို တန်းပြေးလာတာ မဟုတ်လား။ တော်ကြာ နောက်ကျသွားလို့ သူရဲကောင်းလေးရဲ့ အရေးကြီးကိစ္စကို နှောင့်နှေးသွားအောင် လုပ်မိရင် ဒုက္ခ။
ဒါကြောင့် မဟာသူတော်စင်ကြီးဟာ ဆရာဘိုးဘိုးကိုတောင် တစ်ခွန်းမှ မဟခဲ့ပါဘူး။ အခုတော့ မဟာသူတော်စင်ကြီးတို့ အဖွဲ့ လုပ်ထားတာကို မြင်လိုက်ရတဲ့အခါ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေတောင် ရင်တုန်သွားကြပါတယ်။
“ဘာ... ရှင်းဟီက ဒီလောက်အထိ အကြီးအကျယ် လုပ်လိုက်တာလား။ ငွေကြယ်စင်တောင်တန်းကို မြေပုံပေါ်ကနေပါ ဖျောက်ပစ်လိုက်တာလား။”
ဒါပေမဲ့ မှင်သက်နေရင်းကပဲ ဆရာဘိုးဘိုး အပါအဝင် လူတိုင်းက စိတ်ထဲကနေ ကျိတ်ပြီး ချီးကျူးလိုက်ကြပါတယ်။
“ဒါဟာ မဟာသူတော်စင်ကြီးရဲ့ ဒဏ္ဍာရီလာ တစ်လောကလုံး အောင်ပွဲခံခြင်း(စကြ၀ဠာ ဂုဏ်ပြုပွဲ) ပဲ။ ပြီးတော့ ဒါက တကယ့်မဟာ အောင်ပွဲခံခြင်းပဲဟေ့။”
(စာကြွင်း။ စာရေးသူ အနေနဲ့ မဟာသူတော်စင်ကြီးရဲ့ ဖောက်ခွဲသတ်သေမှုကို စကြ၀ဠာ ဂုဏ်ပြုပွဲဆိုပြီး သုံးနှုန်းခဲ့ပေမယ့်လည်း အခု တစ်လောကလုံး အောင်ပွဲခံခြင်းက ဖတ်ရပိုအဆင်ပြေတာကြောင့် ပြောင်းပြီး သုံးနှုန်းလိုက်ပါတယ်။)
မဟာသူတော်စင်ကြီးဟာ တစ်ယောက်တည်း အောင်ပွဲခံရုံတင်မကဘဲ တစ်မျိုးနွယ်စုလုံးကိုပါ ခေါ်ပြီး စုပေါင်းအောင်ပွဲခံလိုက်တာပါ။ အစွမ်းကတော့ တကယ့်ကို ကြောက်ခမန်းလိလိပါပဲ။
မဟာမိုးကောင်းကင်ဂိုဏ်းသားတွေက မဟာသူတော်စင်ကြီးတို့ရဲ့ အစွမ်းကို အံ့ဩနေကြချိန်မှာ ရှင်းယွီရှန်းရဲ့အနောက်က ယွင်ရှောင်ဂိုဏ်းသားတွေ အကုန်လုံး ရှေ့ကို တက်လာကြပါတယ်။ ဒီနေ့ ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင် ကိုယ်တိုင် ရောက်နေပါစေ ယွင်ရှောင်ဂိုဏ်းကတော့ လုံး၀ ဆုတ်ခွာမှာ မဟုတ်ပါဘူး။ ငွေကြယ်စင်တောင်တန်းက ကိစ္စက တစ်ပိုင်းပါ။ အခုတော့ အကြီးအကဲ နှစ်ယောက်တောင် အသတ်ခံလိုက်ရတာဆိုတော့ ယွင်ရှောင်ဂိုဏ်းအတွက် အကြီးအကျယ် နစ်နာသွားရပါပြီ။
ဒါက ရှုံးနိမ့်မှုတင် မကတော့ပဲ ဂုဏ်သိက္ခာနဲ့ပါ ဆိုင်နေတာပါ။ အကြီးအကဲ နှစ်ယောက် သေတာတောင် ယွင်ရှောင်ဂိုဏ်းက ဘာသံမှ မထွက်ရဲဘူးဆိုရင် နောင်ကို မဟာဂိုဏ်းကြီးဆယ်ဂိုဏ်းထဲမှာ စာရင်းဝင်ပါတယ်လို့ ဘယ်လိုမျက်နှာနဲ့ ပြောတော့မလဲ။
ရှင်းယွီရှန်းကတော့ ဘယ်လိုဖြစ်ဖြစ် ဒီနေ့ အလျှော့ပေးမှာ မဟုတ်ပါဘူး။
“မင်းတို့က မဟာမိုးကောင်းကင်ဂိုဏ်းပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပြိုင်ဘက်ကင်းနေပါစေ။ ချူရှင်းဟီကတော့ ဒီတစ်ခါ အတော်လေး လွန်သွားပြီ။ မင်းတို့ဂိုဏ်းကသာ အားလုံးအတွက် ဖြေရှင်းချက် မပေးဘူးဆိုရင် မင်းတို့နဲ့ မိစ္ဆာအရိပ်ဂိုဏ်း ဘာကွာတော့မှာလဲ။”
အခြေအနေတွေ တင်းမာနေတုန်းမှာပဲ မာလင်းဟာ အဝေးကနေ ပြေးလာပြီး ရှင်းယွီရှန်းကို လက်ညှိုးထိုးကာ အားရပါးရ ပြောလိုက်ပါတော့တယ်။
“ဟမ့်။ အဘိုးကြီးရှင်း။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ငါတို့ပိုင်တဲ့ ငွေကြယ်စင်တောင်တန်းကို ငါတို့ဘာသာ ဖောက်ခွဲတာ မင်းနဲ့ ဘာဆိုင်လို့လဲ။”
“မင်း... ဒီကောင်စုတ်လေး။ သေချင်နေပြီလား။”
ရှင်းယွီရှန်းဟာ မိုးကောင်းကင်တာအို အဆင့်သတ်မှတ်ချက်ထဲက တန်ခိုးရှင်တစ်ယောက်ပါ။ လူအများရှေ့မှာ မာလင်းက သူ့ကို အဘိုးကြီးရှင်းလို့ ခေါ်လိုက်တာကြောင့် ဒေါသအိုး ချက်ချင်း ပေါက်ကွဲသွားပါတော့တယ်။
ဒါပေမဲ့ သူ ဘာမှ ပြန်မပြောနိုင်ခင်မှာပဲ မာလင်းရဲ့လက်ထဲက မှတ်ဉာဏ်ပုံဆောင်ခဲဟာ ကောင်းကင်ပေါ် ပျံတက်သွားပြီး အားလုံးရဲ့ ရှေ့မှာ ပုံရိပ်တွေ ထုတ်လွှင့်လိုက်ပါပြီ။
အဲဒီပုံရိပ်တွေထဲမှာတော့ မာလင်းက နှင်းမြို့တော်ကို လာပြီး ရှဲ့စုန်းလင် ကို တွေ့ဆုံခဲ့တဲ့ မြင်ကွင်းတွေ ပါဝင်နေပါတယ်။ မာလင်းက ရှဲ့စုန်းလင် ကို "ငွေကြယ်စင်တောင်တန်းကို မင်းတို့ တကယ် မလိုချင်တော့ဘူးလား" လို့ မေးမြန်းခဲ့ပြီး ရှဲ့စုန်းလင် ကလည်း ဘာမှ မစဉ်းစားဘဲ "ငွေကြယ်စင်တောင်တန်းကို လုံး၀ မလိုချင်တော့ပါဘူး" ဆိုပြီး ဖြေကြားခဲ့တာကို အားလုံးက အထင်အရှား မြင်လိုက်ရပါပြီ။
ဒီအချိန်မှာတော့ ရှင်းယွီရှန်းတင်မကဘဲ ရောက်နေတဲ့လူတွေ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်သွားပါတော့တယ်။
ရှင်းယွီရှန်အနေနဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက သူတို့တောင်ကို ဖောက်ခွဲပစ်တယ်လို့ စွပ်စွဲနေပေမဲ့ မှတ်ဉာဏ်ပုံဆောင်ခဲထဲက သက်သေအရ ငွေကြယ်စင်တောင်တန်းဟာ ယွင်ရှောင်ဂိုဏ်းနဲ့ ဘာမှမဆိုင်တော့ဘဲ မဟာမိုးကောင်းကင်ဂိုဏ်းပိုင် ဖြစ်သွားရပြီ မဟုတ်ပါလား။
ယွင်ရှောင်ဂိုဏ်းရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ ရှဲ့စုန်းလင် ကိုယ်တိုင်က ငွေကြယ်စင်တောင်တန်းကို မလိုချင်တော့ဘူးလို့ ဝန်ခံထားတာလေ။ မာလင်းကတောင် ရှဲ့စုန်းလင် က ဂိုဏ်းကိုယ်စား ဆုံးဖြတ်နိုင်သလားလို့ အသေအချာ မေးခဲ့ပါသေးတယ်။ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲ တစ်ယောက်အနေနဲ့ ဒီလိုကိစ္စမျိုးကို ဆုံးဖြတ်ပိုင်ခွင့် ရှိတာပေါ့။
ဒါကြောင့် လုပ်ထုံးလုပ်နည်းအရ ငွေကြယ်စင်တောင်တန်းဟာ မဟာမိုးကောင်းကင်ဂိုဏ်းပိုင် ဖြစ်သွားပါပြီ။ ကိုယ့်တောင်ကိုယ် ဖောက်ခွဲတာကို တခြားဂိုဏ်းက ဝင်ပါစရာ အကြောင်းမရှိဘူး မဟုတ်လား။
ဒါကတော့ ရှင်းယွီရှန်းကို အကျပ်ရိုက်သွားစေပါပြီ။ ရှဲ့စုန်းလင် က မာလင်းကို ဘာတွေ ပြောလိုက်တယ်ဆိုတာ ရှင်းယွီရှန်းကို သတင်းမပို့ခဲ့ဘူးလေ။ ရှဲ့စုန်းလင် ကို အပြစ်တင်လို့လည်း မရပါဘူး... ချူရှင်းဟီက တောင်ကြီးတစ်တောင်လုံးကို အစပျောက်အောင် ဖြိုပစ်လိုက်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
အရင်တုန်းကတော့ ရှဲ့စုန်းလင် ရဲ့ အမြင်မှာ ချူရှင်းဟီ ဘယ်လောက်ပဲ တော်နေပါစေ၊ ငွေကြယ်စင်တောင်တန်းကိစ္စကိုတော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာပါ။ အဲဒီ မိစ္ဆာ အော်ရာအရှိန်အဝါ ရုပ်သေးရုပ်သာ ရှိနေသရွေ့ ငွေကြယ်စင်တောင်တန်းကို ဘယ်လိုမှ ကိုင်တွယ်လို့ ရမှာမဟုတ်ဘူးလေ။
ဒါပေမဲ့ ချူရှင်းဟီက အဲဒီရုပ်သေးရုပ်ကို ရှင်းဖို့ စိတ်မကူးဘဲ ငွေကြယ်စင်တောင်တန်း တစ်ခုလုံးကိုပါ အစပျောက်အောင် ဖောက်ခွဲပစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
အခုတော့ ရှင်းယွီရှန်းတစ်ယောက် လုံးဝကို ဆွံ့အသွားရပါပြီ။ သူ ဘာပြောနိုင်တော့မှာလဲ။
“ငါတို့ရဲ့ စည်းကမ်းထိန်းသိမ်းရေး အကြီးအကဲက ပေါက်ကရတွေ လျှောက်ပြောနေတာပါ”
အဲဒီလိုပြောရမှာလား။ ဒါကရော သင့်တော်ပါ့မလား။
ရှဲ့စုန်းလင် လို အဆင့်အတန်းမျိုးရှိတဲ့ ပုဂ္ဂိုလ်က ပြောပြီးသား စကားကို တာဝန်ယူရမှာပေါ့။ တကယ်လို့သာ “သူက ငွေကြယ်စင်တောင်တန်း ကိစ္စကို ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး” လို့ ရှင်းယွီရှန်းက ငြင်းမယ်ဆိုရင်တော့ ဒါဟာ ရှင်းယွီရှန်းက မဟာမိုးကောင်းကင်ဂိုဏ်းကို အရင်လာပြီး ရန်စတာ ဖြစ်သွားပါလိမ့်မယ်။ အဲဒီလိုဆိုရင်တော့ မင်းတို့ရဲ့ ယွင်ရှောင်ဂိုဏ်းကို ငါတို့ တစစီ ဖြိုပစ်လိုက်ရင်လည်း လာမပြောနဲ့တော့လေ။
ရှင်းယွီရှန်းက မာလင်းကို စိုက်ကြည့်ပြီး ထပ်ပြောလိုက်ပါတယ်။
“ကောင်းပြီလေ။ ငွေကြယ်စင်တောင်တန်းက မင်းတို့ပိုင်တာပဲ ထားပါတော့။ ဒါပေမဲ့ ငါ့ရဲ့ ယွင်ရှောင်ဂိုဏ်းက အဲဒီ အကြီးအကဲ နှစ်ယောက်က ငွေကြယ်စင်တောင်တန်းထဲမှာ ရှိနေတာလေ။ ချူရှင်းဟီ။ မင်းက ငါတို့ဂိုဏ်းက အကြီးအကဲ နှစ်ယောက်ကို သေအောင် တမင်တကာ ရည်ရွယ်ပြီး ဖောက်ခွဲပစ်တာ မဟုတ်လား။ မင်းရဲ့ စိတ်ဓာတ်က တကယ့်ကို ယုတ်မာလွန်းတာပဲ။”
"ယွင်ရှောင်ဂိုဏ်းက လူတွေအများကြီးရှိနေတယ်"
ရှင်းယွီရှန်းက ဒီလို ပြောချင်ပေမဲ့ သူ သတိတော့ ထားနေပါသေးတယ်။ တချို့ကိစ္စတွေက လူသိခံလို့ မဖြစ်ဘူးလေ။ ဒါကြောင့် အခုအချိန်မှာတော့ သေသွားတဲ့ အကြီးအကဲ နှစ်ယောက်အကြောင်းကိုပဲ အသားပေး ပြောလိုက်တာပါ။
ဒါပေမဲ့ ရှင်းယွီရှန်း စကားအဆုံးမှာပဲ မာလင်းက ဝင်ဟောက်လိုက်ပါတော့တယ်။
“ရှင်းအဘိုးကြီး... ဘာတွေ လာလောင်နေတာလဲ။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ‘ငွေကြယ်စင်တောင်တန်းကို ငါတို့ ရှင်းလင်းရေး လုပ်တော့မယ်’ ဆိုပြီး တစ်ကမ္ဘာလုံးကို ကြေညာထားပြီးသားလေ။ ငါကိုယ်တိုင်လည်း ရှဲ့စုန်းလင် ဆီကို သတိပေးစာ သွားပေးခဲ့တာပဲ။ ရှဲ့စုန်းလင် က ဒါကို ကောင်းကောင်းသိရဲ့နဲ့ သေတွင်းထဲကို ဇွတ်တိုးဝင်သွားတာလေ။ ဒါက ငါတို့ဂိုဏ်းရဲ့ အပြစ်လား။”
မာလင်းရဲ့ စကားကြောင့် ရှင်းယွီရှန်း တစ်ခါ ထပ်ပြီး ဆွံ့အသွားရပြန်ပါတယ်။ မာလင်းပြောတာလည်း မမှားဘူးလေ။
မဟာမိုးကောင်းကင်ဂိုဏ်းက ငွေကြယ်စင်တောင်တန်းကို ရှင်းလင်းရေး လုပ်မယ်လို့ တစ်ကမ္ဘာလုံးကို ကြေညာထားတာကို ကြည့်ရင် သူတို့ဘက်က အမှန်ပဲ မဟုတ်လား။ မင်းတို့ ယွင်ရှောင်ဂိုဏ်းကလည်း အဲဒီတောင်ကို မလိုချင်တော့ဘူးလို့ ပြောထားပြီးပြီ။ မဟာမိုးကောင်းကင်ဂိုဏ်းက ရှင်းလင်းရေး လုပ်မယ်လို့လည်း ပြောထားပြီးပြီ။ အဲဒါကို မင်းတို့လူတွေက အထဲကို ဘာသွားလုပ်တာလဲ။ အခုတော့ အဖောက်ခွဲခံလိုက်ရတာ ဘယ်သူ့အပြစ်လဲ။
ရှင်းယွီရှန်းခမျာ ဒါကို ကြားရတော့ ဒေါသထွက်လွန်းလို့ ငိုတောင် ငိုချင်လာပါပြီ။
“မင်းတို့က ရှင်းလင်းရေး လုပ်မယ်ဆိုတာက ဒီလိုမျိုး ရှင်းပစ်တာကို ပြောတာလားကွ။”
ပုံမှန်ဆိုရင် ရှင်းလင်းရေးဆိုတာက သန့်ရှင်းရေး လုပ်တာမျိုးကို ဆိုလိုတာ မဟုတ်လား။ ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ရှင်းလင်းရေးက ဘာလို့ အစပျောက်အောင် ရှင်းပစ်တာ ဖြစ်နေရတာလဲ။
မင်းတို့တွေက ငွေကြယ်စင်တောင်တန်းကြီး တစ်ခုလုံးကို မျက်တောင်တစ်ခတ်အတွင်းမှာတင် ပျောက်ကွယ်သွားအောင် လုပ်လိုက်တာလေ။ မင်းတို့ရဲ့ ရှင်းလင်းရေးက အတော်လေးကို အစွန်းရောက်လွန်းမနေဘူးလားဟင်။
***