ယွင်ရှောင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုး လင်းစုဟာ မာလင်းရဲ့ စကားတွေကို နားထောင်ပြီးတဲ့နောက်မှာတော့ ဒေါသထွက်လွန်းလို့ ငိုချင်စိတ်ပေါက်နေတဲ့ ဂိုဏ်းချုပ်ရှင်းယွီရှန်းကို လုံးဝဂရုမစိုက်တော့ပါဘူး။ ဆရာဘိုးဘိုး လင်းစုကတော့ တကယ့်မြေခွေးအိုကြီးပီပီ အခြေအနေအရပ်ရပ်ကို အကုန်ရိပ်မိသွားပါပြီ။
ချူရှင်းဟီဟာ ယွင်ရှောင်ဂိုဏ်းကို တမင်ထောင်ချောက်ဆင်ခဲ့တာပါ။ ပထမဆုံးအကွက်အနေနဲ့ ရှဲ့စုန်းလင်ကို ငွေကြယ်စင်တောင်တန်းကို မလိုချင်တော့ဘူးလို့ အများရှေ့မှာ ဝန်ခံခိုင်းလိုက်တာပါပဲ။
ဆရာဘိုးဘိုး လင်းစုက ငွေကြယ်စင်တောင်တန်းရဲ့ အခြေအနေကို မသိဘဲ နေပါ့မလား။ အဲဒီမှာရှိနေတဲ့ "ရန်ငြိုးဖွဲ့ဝိညာဉ်"တွေ ဘယ်ကရောက်လာသလဲဆိုတာ သူ အတိအကျမသိပေမဲ့ ယွင်ရှောင်ဂိုဏ်းနဲ့တော့ ပတ်သက်နေတာ သေချာပါတယ်။ ယွင်ရှောင်ဂိုဏ်းဟာ အဲဒီအရာတွေကို သုံးပြီး ငွေကြယ်စင်တောင်တန်းက သယံဇာတတွေကို နှစ်ပေါင်းများစွာ ခိုးယူလာခဲ့တာ မဟုတ်လား။
ချူရှင်းဟီက ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ယွင်ရှောင်ဂိုဏ်းသားတွေ အိပ်မက်တောင် မမက်ဖူးကြပါဘူး။
"မင်းတို့ ယွင်ရှောင်ဂိုဏ်းက လူလည်ကျချင်တာလား။ ရတယ်လေ။ ငါက မင်းတို့ထက် ပိုပြီး လူလည်ကျတတ်တယ်"
ချူရှင်းဟီက ဒီလို လုပ်လိုက်တဲ့ သဘောပါပဲ။
ရှဲ့စုန်းလင်က ငွေကြယ်စင်တောင်တန်းကို မလိုချင်တော့ဘူးလို့ ပြောခဲ့တုန်းက မဟာမိုးကောင်းကင်ဂိုဏ်းကို အမြင်ကတ်အောင် လုပ်ချင်ရုံပါ။ ယွင်ရှောင်ဂိုဏ်းက မယူရင်တောင် မဟာမိုးကောင်းကင်ဂိုဏ်းကလည်း ဘာမှလုပ်လို့မရဘဲ ဒီအတိုင်း ကြည့်နေလို့ပဲ ရမယ်ဆိုတာ ချူရှင်းဟီကို သိစေချင်တာပါ။
ဒါပေမဲ့ ချူရှင်းဟီရဲ့ လုပ်ရပ်က တကယ်ကို ထင်မှတ်မထားလောက်အောင် ကြောက်စရာကောင်းသွားခဲ့ပါတယ်။
"မင်းတို့ ယွင်ရှောင်ဂိုဏ်းက မလိုချင်ဘူးလား။ အေး။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းကလည်း မလိုချင်ဘူး... ဘယ်သူမှ မလိုချင်ရင်တော့ အကုန်ဖောက်ခွဲပစ်လိုက်ရုံပေါ့"
ဒါပေမဲ့ ဆရာဘိုးဘိုး လင်းစု ဝန်ခံရမှာတစ်ခုက ချူရှင်းဟီရဲ့ အကွက်တွေဟာ တကယ့်ကို အပိုင်ဖြစ်လွန်းနေတာပါ။ အရင်ဆုံး ရှဲ့စုန်းလင်ကို အများရှေ့မှာ ဝန်ခံခိုင်းတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးကို သတိပေးစာထုတ်ပြန်ပြီး အန္တရာယ်ကင်းအောင် ငွေကြယ်စင်တောင်တန်းထဲ မဝင်ဖို့ ကြေညာခဲ့တယ်။
ဒီလိုအခြေအနေမျိုးမှာ ယွင်ရှောင်ဂိုဏ်းက အကြီးအကဲ နှစ်ယောက်တင်မကပါဘူး။ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်ဝင်သွားလို့ အဖောက်ခွဲခံရပြီး သေသွားရင်တောင် ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရတော့ပါဘူး။
"ငါတို့က မဝင်နဲ့လို့ ပြောထားသားပဲ။ မင်းတို့က ဘာလို့ ဇွတ်ဝင်သွားတာလဲ"
ဒီလိုပြန်မေးလိုက်ရင် ဘယ်လိုလုပ်မတုန်း။
“ဂိုဏ်းချုပ်ရှင်း။ ဒီတစ်ခါတော့ မင်းတို့ ယွင်ရှောင်ဂိုဏ်းက ငွေကြယ်စင်တောင်တန်းကို ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းဆီ ဆန္ဒအလျောက် လွှဲပြောင်းပေးခဲ့တာ ဖြစ်သလို ငါတို့ဘက်ကလည်း မဝင်ဖို့ တရားဝင် တားမြစ်ထားပြီးသားပါ။ အဲဒါကို မင်းတို့ရဲ့ အကြီးအကဲ နှစ်ယောက်က ငွေကြယ်စင်တောင်တန်းထဲမှာ ဘာသွားလုပ်နေတာလဲဆိုတာ ငါ့ကို ရှင်းပြပေးပါဦး။”
ဆရာဘိုးဘိုး လင်းစုရဲ့ စကားတွေက ရှင်းယွီရှန်းရဲ့ ပါးကို အချက်ပေါင်းများစွာ ရိုက်လိုက်သလိုပါပဲ။ ရှင်းယွီရှန်းဟာ တကယ်ကို ငိုချင်စိတ်ပေါက်နေပါပြီ။ သူ့တစ်သက်မှာ ဒီလောက်အထိ နာကျည်းစရာကောင်းတဲ့ အဖြစ်မျိုး တစ်ခါမှ မကြုံဖူးပါဘူး။ သူ့ဂိုဏ်းက ငွေကြယ်စင်တောင်တန်းကိုလည်း ဆုံးရှုံးရတယ်။ လူပေါင်းများစွာနဲ့ အကြီးအကဲ နှစ်ယောက်လည်း သေသွားတယ်။ ဒါကိုတောင် သူက အမှန်တရားဘက်ကနေ မပြောနိုင်တော့ဘူးလေ။ သူ ဘာလုပ်နိုင်တော့မှာလဲ။
“ဆရာဘိုးဘိုး လင်းစု။ ငါတို့ဂိုဏ်းက အကြီးအကဲ နှစ်ယောက်က သူတို့ကို ကူညီပေးဖို့ ငွေကြယ်စင်တောင်တန်းထဲ ဝင်သွားတာ နေမှာပါ။ အဲဒါကို ချူရှင်းဟီက တောင်ကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်လောက်အောင်အထိ ရက်စက်ရသလားကွာ။”
ရှင်းယွီရှန်းရဲ့ ခွေးရူးတစ်ကောင်လို ရမ်းသမ်းစွပ်စွဲစကားကို ကြားတော့ ချူရှင်းဟီက မနေနိုင်တော့ပါဘူး။
“ဂိုဏ်းချုပ်ရှင်း။ အဲဒီစကားက မှားနေပြီ။ ကျွန်တော် ချူရှင်းဟီက မိစ္ဆာတွေဆိုရင် လုံးဝသည်းမခံနိုင်တဲ့လူစားမျိုးလေ။ ငွေကြယ်စင်တောင်တန်းမှာ ရန်ငြိုးဖွဲ့ဝိညာဉ်တွေ ပြည့်နေတာလေ။ အဲဒီဝိညာဉ်တွေ နောက်ဆိုရင် တခြားလူတွေကို ဒုက္ခပေးမှာ စိုးလို့ ကျွန်တော်က ကြိုပြီး ရှင်းလင်းပေးလိုက်တာပါ။ ဒါက ဘာများ ရက်စက်စရာ ရှိလို့လဲ။”
ချူရှင်းဟီ ပြောလိုက်တာနဲ့ ယွင်ရှောင်ဂိုဏ်းသားတွေ အကုန် ပါးစပ်အဟောင်းသား ဖြစ်သွားကြပါတယ်။ ဘာလို့လဲဆိုတော့ ချူရှင်းဟီရဲ့ စကားက ဘယ်လိုမှ ချေပလို့မရအောင် အကွက်စေ့နေလို့ပါ။
ယွင်ရှောင်ဂိုဏ်းက မဟာမိုးကောင်းကင်ဂိုဏ်းကို ဒုက္ခပေးဖို့ ဖန်တီးထားတဲ့ မိစ္ဆာ အော်ရာအရှိန်အဝါ ရုပ်သေးရုပ်တွေဟာ အခုတော့ ကိုယ့်ကိုကိုယ်ပဲ ပြန်ပြီး လူရယ်စရာ ဖြစ်စေခဲ့ပါပြီ။
“ရှင်းယွီရှန်း။ ဒီနေ့ မင်း ချူရှင်းဟီကို တိုက်ခိုက်ခဲ့တာက အခြေအနေအမှန်ကို မသိလို့ဆိုတာ ငါနားလည်ပေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီကိစ္စကို ငါ ထပ်မပြောတော့ဘူး။ ဒါပေမဲ့ ငွေကြယ်စင်တောင်တန်း ကိစ္စမှာတော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ မင်းကိုယ်တိုင် အသိဆုံးဖြစ်မှာပါ။ တကယ်လို့ မင်းက ဒီနေ့အထိ မကျေနပ်သေးဘူးဆိုရင်လည်း ငါ ဂူမင်ချောင်က အဆုံးအထိ ရင်ဆိုင်ပေးဖို့ အသင့်ပဲ။”
ဂူမင်ချောင်က ရှေ့ကို တစ်လှမ်းတိုးလိုက်တာနဲ့ သူ့ရဲ့ ကမ္ဘာ့နတ်ဘုရား အော်ရာအရှိန်အဝါဟာ တလောကလုံးကို ဖိနှိပ်လိုက်သလိုပါပဲ။ ကမ္ဘာ့နတ်ဘုရားရဲ့ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ယွင်ရှောင်ဂိုဏ်းသားတွေ အကုန် ချက်ချင်း သတိပြန်ဝင်လာကြပါတယ်။
မဟာမိုးကောင်းကင်ဂိုဏ်းကို တကယ် တိုက်ခိုက်မလို့လား။ ဒီနေ့ နှစ်ဖက်စလုံးက မိုးကောင်းကင်တာအို အဆင့်သတ်မှတ်ချက်ထဲက တန်ခိုးရှင်တွေ အကုန်ရောက်နေတာပါ။ တကယ်လို့ တိုက်ပွဲသာဖြစ်ရင် ယွင်ရှောင်ဂိုဏ်းက ဒီနေရာတင် အစဖျောက်ခံလိုက်ရမှာ မဟုတ်လား။
ဒါပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေကို ကြည့်လိုက်ရင် တစ်ယောက်ချင်းစီတိုင်းက ဒေါသတွေ ထွက်နေကြတာပါ။ ယွင်ရှောင်ဂိုဏ်းသားတွေ စိတ်ထဲကနေ ကျိတ်ပြီး မေးနေမိပါတယ်။
“နေပါဦး။ မင်းတို့က ဘာလို့ ငါတို့ထက် ပိုပြီး ဒေါသထွက်နေကြတာလဲ။ ဒီနေ့ ငါတို့အကြီးအကဲ နှစ်ယောက် သေသွားတာလေ။ မင်းတို့က ဘာလို့ ငါတို့ထက် ပိုပြီး ဒေါသတကြီး ဖြစ်နေရတာလဲ။ မင်းတို့မှာရော အသိတရား ရှိကြရဲ့လား။”
ဒီအချိန်မှာပဲ ယွင်ရှောင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုး လင်းစုက လူအုပ်ထဲက ထွက်လာပါတယ်။
“ဂိုဏ်းချုပ်ဂူ။ ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို ခဏထားလိုက်ပါဦး။ ငါတို့ ယွင်ရှောင်ဂိုဏ်းက အကြီးအကဲ နှစ်ယောက် ဒီမှာ သေသွားတာလေ။ အဲဒီအတွက် မဟာမိုးကောင်းကင်ဂိုဏ်းမှာ တာဝန်မရှိဘူးလို့ ပြောချင်တာလား။”
ဗုဒ္ဓေါ။ လင်းစုရဲ့ စကားကို ကြားတာနဲ့ မာလင်းကတော့ ကြိတ်ပြီး ဆဲနေပါပြီ။
“နားထောင်စမ်းပါဦး... ဒါက လူစကားလားဟင်။ ‘မှားတယ်၊ မှန်တယ်ဆိုတာကို ခဏထားလိုက်ပါဦး’ တဲ့။ ‘မဟာမိုးကောင်းကင်ဂိုဏ်းမှာ တာဝန်မရှိဘူးလား’ တဲ့။ ဒါက လူတစ်ယောက် ပြောသင့်တဲ့ စကားလားဟင်။”
ဆရာဘိုးဘိုး လင်းစုရဲ့ စကားကို ကြားတော့ ဂူမင်ချောင်က အေးအေးဆေးဆေး ပြုံးလိုက်ပါပြီ။
“အကြီးအကဲလင် ပြောတာ မှန်ပါတယ်။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းမှာ တာဝန်ရှိတာပေါ့။ ငါတို့ရဲ့ တာဝန်က အခု ငွေကြယ်စင်တောင်တန်းကြီး ပျောက်ကွယ်သွားပြီ ဆိုပေမဲ့ အထဲမှာ လုံး၀ အမြစ်မပြတ်သေးတဲ့ ရန်ငြိုးဖွဲ့ဝိညာဉ်တွေ ကျန်နေနိုင်သေးတာပဲ။ ဆရာဘိုးဘိုး။”
“ရှိပါတယ်။” မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဆရာဘိုးဘိုး ရှေ့ကို တက်လာပါပြီ။
“လူတွေခေါ်ပြီး အထဲကို တစ်ခေါက် ထပ်ရှင်းလိုက်ဦး။ ဘာပဲတွေ့တွေ့ အကုန်သတ်ပစ်။ ငွေကြယ်စင်တောင်တန်းထဲကနေ ဝိညာဉ်တစ်ကောင်တောင် လွတ်သွားလို့ကတော့ ဆရာဘိုးဘိုးတာဝန်ပဲ။”
“အမိန့်အတိုင်းပါ ဂိုဏ်းချုပ်။”
ဆရာဘိုးဘိုးက တစ်ခွန်းမှ ထပ်မပြောတော့ဘဲ လက်ဝှေ့ယမ်းလိုက်တာနဲ့ နန်းတော်ပေါင်းစုံက အကြီးအကဲတွေဟာ နောက်ကနေ ချက်ချင်းလိုက်ပါသွားပြီး ငွေကြယ်စင်တောင်တန်းဆီကို အကုန်အစင် သုတ်သင်ရှင်းလင်းဖို့ ဦးတည်ထွက်ခွာသွားကြပါတော့တယ်။
ယွင်ရှောင်ဂိုဏ်းက ဆရာဘိုးဘိုး လင်းစုကတော့ မျက်လုံးပြူးကျယ်သွားရပါပြီ။ သူ့ရဲ့ မူလရည်ရွယ်ချက်က မဟာမိုးကောင်းကင်ဂိုဏ်းဆီကနေ လျော်ကြေးတောင်းဖို့ပါ။ ဒါပေမဲ့ ဂူမင်ချောင်က ဒီလောက်အထိ အနိုင်ကျင့်လိမ့်မယ်လို့ သူ လုံးဝမထင်ထားခဲ့ပါဘူး။
သူတို့က တစ္ဆေတွေ သွားသတ်ကြတာလား။ မဟုတ်ပါဘူး။ သူတို့က အပျက်အစီးတွေကြားထဲမှာ အသက်ရှင်ကျန်နေနိုင်တဲ့ ယွင်ရှောင်ဂိုဏ်းသားတွေ ရှိမလားဆိုပြီး သွားရှာကြတာပါ။ တကယ်လို့ တွေ့သွားရင်တော့ နေရာတင် အသေရှင်းပစ်မှာ သေချာပါတယ်။
“အကြီးအကဲလင်။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာကတော့ အခုအချိန်မှာ ငွေကြယ်စင်တန်းတောင်ထဲကို မဝင်တာ အကောင်းဆုံးပဲ။ မဟုတ်လို့ကတော့ ကျွန်တော်တို့ ဆရာဘိုးဘိုးက အကြီးအကဲကို အသွင်ပြောင်းထားတဲ့ တစ္ဆေလို့ အထင်မှားပြီး နေရာတင် သတ်ပစ်လိုက်ရင်တော့ ကျွန်တော်တို့ကို လာအပြစ်မတင်နဲ့နော်”
ဂူမင်ချောင်က ခပ်ပြုံးပြုံးလေး ပြောလိုက်ပါပြီ။
ဒါပေမဲ့ ဂူမင်ချောင် နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာ လူတိုင်း သဘောပေါက်ထားပြီးသားပါ။ ယွင်ရှောင်ဂိုဏ်းသားတွေသာ အထဲကို ဝင်ရဲရင် မဟာမိုးကောင်းကင်ဂိုဏ်းက သတ်ရဲတယ်ဆိုတာကို တစ်ဂိုဏ်းလုံး သိအောင် ပြောလိုက်တာပါ။ သေသွားတဲ့ အကြီးအကဲ နှစ်ယောက်ရဲ့ အလောင်းကိုတောင် လာကောက်ခွင့် မပေးဘူးဆိုတဲ့ သဘောပေါ့။
ကမ္ဘာပေါ်မှာ နံပါတ်တစ်လို့ သတ်မှတ်ခံထားရတဲ့ ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင်က သတ်မယ်လို့ ပြောပြီးရင်တော့ ဒီလောကမှာ လွတ်အောင်ထွက်ပြေးနိုင်သူ ရှိမှာမဟုတ်တော့ပါဘူး။
ဂူမင်ချောင်ရဲ့ စကားကြောင့် ယွင်ရှောင်ဂိုဏ်းသားတွေ အကုန် ငြိမ်ကျသွားကြပါတယ်။ ဒီနေ့တော့ ယွင်ရှောင်ဂိုဏ်း ရှုံးနိမ့်သွားခဲ့ပါပြီ။ အမှန်တရားဘက်က ကြည့်ကြည့်၊ အင်အားဘက်က ကြည့်ကြည့် သူတို့ လုံးဝကို စုတ်ပြတ်သတ်အောင် ရှုံးသွားတာပါ။
ရှင်းယွီရှန်း ကိုယ်တိုင်တောင်မှ ဂူမင်ချောင်ရဲ့ သတ်ဖြတ်လိုတဲ့ အော်ရာအရှိန်အဝါကို ကြည့်ပြီး ကြောက်စိတ်ဝင်သွားပါတယ်။ တကယ်လို့သာ ဂူမင်ချောင် နည်းနည်းလေး နောက်ကျပြီး ရောက်လာလို့ သူက ချူရှင်းဟီကို ဖမ်းဆီးပြီး အပြင်းအထန် ဒဏ်ရာရအောင် လုပ်လိုက်မိရင်။ အမလေး။ အခုအချိန်မှာ သူလည်း မတ်တတ်ရပ်ပြီး စကားပြောနိုင်တော့မှာ မဟုတ်ပါဘူး။
သူက ချူရှင်းဟီကို မသတ်ဘဲ ဖမ်းထားဖို့ပဲ စဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ချူရှင်းဟီသာ သူ့လက်ထဲမှာ ဒဏ်ရာရသွားခဲ့ရင် ဂူမင်ချောင်က သူ့ကို နေရာတင် သတ်ပစ်မှာ မြေကြီးလက်ခတ်မလွဲပါပဲ။
“ရှင်းဟီလေး။ မင်း ဒဏ်ရာမရဘူး မဟုတ်လား...”
ဂူမင်ချောင်က ယွင်ရှောင်ဂိုဏ်းသားတွေကို လုံးဝဥပေက္ခာပြုလိုက်ပါပြီ။ ကမ္ဘာ့နတ်ဘုရား ဂူမင်ချောင်သာ ဒီမှာ ရှိနေရင် ယွင်ရှောင်ဂိုဏ်းသားတွေ ဘယ်လောက်များများ ဘယ်သူမှ အရှေ့မတိုးလာဝံ့တော့ပါဘူး။
“ဂိုဏ်းချုပ်ကြီးကို တင်ပြပါတယ်။ ကျွန်တော် ချူရှင်းဟီ ဘာမှမဖြစ်ပါဘူး”
ချူရှင်းဟီက ပြောလိုက်ပါပြီ။
(အင်း။ ဂိုဏ်းချုပ်ကြီးက ဂိုဏ်းထဲမှာတုန်းကတော့ အတော်လေး ကြောက်တတ်တဲ့ပုံစံမျိုးပါ။ အပြင်မှာကျမှ ဘာလို့ ဒီလောက်အထိ ရန်လိုနေရတာလဲ။ စကားပြောလို့ အဆင်မပြေတာနဲ့တင် အကုန်အမြစ်ဖြတ်ပစ်မယ့်ပုံစံက အတော်လေးတော့ ကြမ်းသား။ ဒါပေမဲ့ ဒီနည်းလမ်းက အတော်လေး သဘောကျဖို့ ကောင်းတာပဲ။ နောက်လည်း ဒီအတိုင်းပဲ ဆက်လုပ်သင့်ပါတယ် ဂိုဏ်းချုပ်ကြီး။)
ရှင်းယွီရှန်းကတော့ လက်သီးတစ်ချက် အထိုးခံလိုက်ရတာကြောင့် ဒဏ်ရာပြင်းထန်နေပေမဲ့ ခန္ဓာကိုယ်က ဒဏ်ရာထက် စိတ်ဒဏ်ရာက ပိုကြီးနေပါပြီ။ ငွေကြယ်စင်တောင်တန်းလည်း ပျောက်သွားပြီ။ အကြီးအကဲ နှစ်ယောက်လည်း သေပြီ။ မိစ္ဆာ အော်ရာအရှိန်အဝါ ရုပ်သေးရုပ်လည်း ပြာဖြစ်သွားပြီ။
ယွင်ရှောင်ဂိုဏ်းအတွက်တော့ ဒီတစ်ခါ အရှုံးက တကယ့်ကို ကြီးမားလွန်းလှပါတယ်။ အဆိုးဆုံးကတော့ နစ်နာမှုတွေ ရှိနေပေမဲ့ ဘာမှ ပြန်မလုပ်နိုင်တာရယ်၊ ခြိမ်းခြောက်စကားတောင် မပြောရဲတာရယ်ပါပဲ။
ဘယ်လိုသွား ခြိမ်းခြောက်မလဲ။
“ဒီကိစ္စက ဒီမှာတင် မပြီးသေးဘူး။ နောက်မှ ငါတို့ ယွင်ရှောင်ဂိုဏ်းက အကြွေးလာတောင်းမယ်”
အဲဒီလို ပြောမလို့လား။ အဲဒီလို ပြောလိုက်တာနဲ့ ဂူမင်ချောင်က သူ့ကို ချက်ချင်း သတ်ပစ်မှာ။ ယုံလား။ ဂူမင်ချောင်ကို ထည့်မတွက်ရင်တောင် ယွင်ရှောင်ဂိုဏ်းမှာ မဟာမိုးကောင်းကင်ဂိုဏ်းကို ယှဉ်နိုင်တဲ့ အင်အား ရှိလို့လား။ အခုဆို မဟာမိုးကောင်းကင်ဂိုဏ်းက အတော်လေးကို ချမ်းသာကြွယ်၀နေတာလေ။
မဟာမိုးကောင်းကင်ဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်မယ်ဆိုတာ ယွင်ရှောင်ဂိုဏ်းကို ကိုယ့်ဖာသာ ဖျက်ဆီးသလို ဖြစ်နေမှာပေါ့။
ငွေကြယ်စင်တောင်တန်းကြီး ပြာဖြစ်သွားတာကို တွေးမိတိုင်း ယွင်ရှောင်ဂိုဏ်းသားတွေ ရင်နာနေရပေမဲ့ မဟာမိုးကောင်းကင်ဂိုဏ်းက လူတွေကို ကြည့်ပါဦး။
ဒီအချိန်မှာတော့ အကြီးအကဲတွေက ချူရှင်းဟီကို ဝိုင်းအုံပြီး တစ်ယောက်တစ်ပေါက် ပြောနေကြပါပြီ။
“ရှင်းဟီလေး။ တကယ် ဒဏ်ရာမရတာ သေချာလား။ လာ... လာ... ငါ့ကို ထပ်စစ်ဆေးကြည့်ဦးမယ်...”
“ရှင်းဟီလေး။ ဒီနေ့ ငွေကြယ်စင်တောင်တန်းကို ဖောက်ခွဲလိုက်တာက အတော်လေးကို လွန်သွားပြီနော်။ တကယ်လို့ မဟာသူတော်စင်ကြီးက အရှိန်ကို မထိန်းနိုင်ဘဲ ပေါက်ကွဲမှုက မင်းဆီ ရောက်လာရင် ဘယ်လိုလုပ်မလဲ။ မင်း ဒဏ်ရာရသွားရင် ဘယ်လိုလုပ်မလဲ။”
“ရှင်းဟီလေး။ ဒီတစ်ခါတော့ မင်းကို ငါ ဆူရလိမ့်မယ်။ နောက်ဆိုရင် ဒီလို အန္တရာယ်ရှိတဲ့ ကိစ္စမျိုးတွေကို ဂိုဏ်းချုပ်ကြီးဆီပဲ လွှဲပေးလိုက်စမ်းပါ။ ဂိုဏ်းချုပ်ကြီးက ကမ္ဘာ့နတ်ဘုရားဆိုတော့ အဖောက်ခွဲခံရလို့ ဒဏ်ရာရလည်း ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ မင်းသာ အဖောက်ခွဲခံရလို့ ဒဏ်ရာရသွားရင်တော့ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက ဘယ်လိုမှ လက်မခံနိုင်ဘူးကွ။”
(ဂိုဏ်းချုပ်ကြီး ဂူမင်ချောင် - ".......... အဟင့်")
ဂူမင်ချောင်တစ်ယောက် အစောပိုင်းက အနိုင်ကျင့်ခဲ့တဲ့ အော်ရာအရှိန်အဝါတွေ လုံးဝမရှိတော့ပါဘူး။ အကြီးအကဲတွေရဲ့ စကားကို နားထောင်ရင်း သူက ဘေးနားကနေ ခေါင်းကို ညိတ်နေခဲ့ပါတယ်။ အကြီးအကဲတွေ ပြောတာ "ရာနှုန်းပြည့် ထောက်ခံတယ်" ဆိုတဲ့ သဘောပေါ့။
ရှင်းယွီရှန်းခမျာ ဒါကို မြင်တော့ တကယ်ကို ငိုချင်စိတ် ပေါက်သွားပါတယ်။
(ဒါတွေက လူပြောရမယ့် စကားတွေလားဟင်။ ဂိုဏ်းချုပ်ကြီးက ဒဏ်ရာရရင် ရပါစေ၊ ချူရှင်းဟီကိုတော့ အထိအခိုက် မခံနိုင်ဘူးတဲ့လား။ မင်းတို့တွေ ကမ္ဘာပေါ်မှာ နံပါတ်တစ်ဖြစ်တဲ့ ကမ္ဘာ့နတ်ဘုရားဂူမင်ချောင်ကို နည်းနည်းလေးမှ မလေးစားကြတော့ဘူးလား။)
(ပြီးတော့ ဂူမင်ချောင်။ မင်းကရော ဘာလို့ လိုက်ပြီး ခေါင်းညိတ်နေရတာလဲဟင်။)
နောက်ဆုံးမှာတော့ ယွင်ရှောင်ဂိုဏ်းသားတွေဟာ အရှက်ရမှုတွေ၊ အားကိုးရာမဲ့မှုတွေနဲ့အတူ ထွက်ခွာသွားကြပါတော့တယ်။ သေသွားတဲ့ အကြီးအကဲ နှစ်ယောက်ရဲ့ အလောင်းကိုတောင် သူတို့ မကောက်ခဲ့ရပါဘူး။ မကောက်ချင်လို့ မဟုတ်ဘဲ မကောက်ရဲကြတာပါ။ ဂူမင်ချောင်ရဲ့ စကားက နောက်ပြောင်နေတာ မဟုတ်ဘူးဆိုတာ သူတို့ သိပါတယ်။ အခုအချိန်မှာ ဘယ်သူပဲဖြစ်ဖြစ် ငွေကြယ်စင်တောင်တန်းထဲကို ခြေတစ်လှမ်း လှမ်းမိတာနဲ့ ဂူမင်ချောင်ရဲ့ သတ်ဖြတ်ခြင်းကို ခံရမှာ သေချာနေတာကိုး။
အထဲဝင်သွားတာက အလောင်းသွားကောက်တာ မဟုတ်ဘဲ သေတွင်းတူးလိုက်တာနဲ့ အတူတူပါပဲ။
ဆရာဘိုးဘိုးဟာ နန်းဆောင်အသီးသီးက ခေါင်းဆောင်တွေကို ဦးဆောင်ပြီး ငွေကြယ်စင်တောင်တန်း တစ်ခုလုံးကို အနှံ့အပြား ရှာဖွေခဲ့ပါတယ်။ ပြောရရင်တော့ မဟာသူတော်စင်ကြီးရဲ့ အစွမ်းမြှင့်တင်ထားတဲ့ တစ်လောကလုံး အောင်ပွဲခံခြင်းပေါက်ကွဲမှုအရှိန်ကို မြင်ပြီး ဆရာဘိုးဘိုး ကိုယ်တိုင်တောင် မှင်သက်သွားရတယ် ဆိုရမှာပါ။
အသက်ရှင်နေတဲ့လူကို ထားလိုက်ပါဦး။ အရိုးစတစ်စတောင် ရှာမတွေခဲ့ပါဘူး။ တကယ်လို့ အဲဒီအချိန်မှာ သူကိုယ်တိုင်သာ ငွေကြယ်စင်တောင်တန်းထဲမှာ ရှိနေရင်လည်း သေဖို့ကလွဲလို့ တခြားလမ်းမရှိဘူးလို့ ဆရာဘိုးဘိုးက အခိုင်အမာ ယုံကြည်သွားပါတယ်။ ယွင်ရှောင်ဂိုဏ်းက အကြီးအကဲ နှစ်ယောက်ရဲ့ အကြွင်းအကျန်ကိုတောင် ရှာမတွေ့ခဲ့ပါဘူး။
ဒါပေမဲ့ ဆရာဘိုးဘိုးက ဟေးယွဲ့ မျိုးနွယ်စုရဲ့ အစွမ်းကို ချီးကျူးနေတုန်းမှာပဲ အကြီးအကဲဟီက ပြန်လည်ရှင်သန်လာတဲ့ ဟေးယွဲ့ မျိုးနွယ်စုဝင်တွေနဲ့အတူ မရေမတွက်နိုင်တဲ့ ငွေအမြုတေ သတ္တုရိုင်းတွေကို တွေ့ရှိသွားပါတယ်။
“ဟင်။” ဆရာဘိုးဘိုး သတင်းရလို့ အပြေးအလွှား ရောက်သွားချိန်မှာတော့ ဧရာမ ကျင်းကြီးထဲမှာ ပြည့်နှက်နေတဲ့ ငွေအမြုတေ သတ္တုရိုင်းတွေကို မြင်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါပြီ။
ဒါတွေက ငွေကြယ်စင်တောင်တန်းထဲမှာ ရှိနေတဲ့ ငွေကြယ်စင် သတ္တုတွင်းက အရာတွေပါ။ ဒါပေမဲ့ ဒီလို အင်အားပြင်းထန်တဲ့ ပေါက်ကွဲမှုအောက်မှာ သတ္တုတွင်းကြီးက ပွင့်ထွက်လာရုံတင်မကဘဲ အဲဒီပေါက်ကွဲမှုရဲ့ အပူရှိန်နဲ့ အော်ရာအရှိန်အဝါက သတ္တုရိုင်းတွေကိုပါ ချက်ချင်း အရည်ကျို သန့်စင်ပေးလိုက်သလို ဖြစ်သွားတာကြောင့် ငွေအမြုတေ သတ္တုရိုင်းတွေအဖြစ် ပြောင်းလဲသွားတာပါ။
ကျင်းကြီးထဲမှာ တောင်ပုံရာပုံ ရှိနေတဲ့ ငွေအမြုတေ သတ္တုရိုင်းတွေကို ကြည့်ပြီး ဆရာဘိုးဘိုး တစ်ယောက် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။
လွန်ခဲ့တဲ့ စက္ကန့်ပိုင်းကတင် ဆရာဘိုးဘိုး တွေးနေတာက။
“ဒီတစ်ခါတော့ ရှင်းဟီလေးမှာ အပြစ်မရှိပါဘူး။ ငါတို့ဘက်က ငွေကြယ်စင်တောင်တန်းကို ဆုံးရှုံးလိုက်ရပေမဲ့ ယွင်ရှောင်ဂိုဏ်းကလည်း ဆုံးရှုံးသွားတာပဲလေ။ ပြီးတော့ သူတို့ဘက်က အကြီးအကဲ နှစ်ယောက်တောင် သေသွားတာဆိုတော့ သူတို့က ပိုပြီး နစ်နာတာပေါ့။ ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်း အနေနဲ့ နည်းနည်းပါးပါး ဆုံးရှုံးသွားတာက ကိစ္စမရှိပါဘူး။ ရှင်းဟီလေးက တစ်ခါတလေ ဂိုဏ်းကို အရှုံးပေါ်အောင် လုပ်မိတာလည်း ဖြစ်နိုင်တာပဲ”
ဒါပေမဲ့ အခုတော့ အဖြစ်မှန်တွေက သက်သေပြလိုက်ပါပြီ။
ချူရှင်းဟီဟာ ဂိုဏ်းကို ဘယ်တော့မှ အရှုံးမခံဘူးဆိုတာပါပဲ။ သူက သတ္တုတွင်းကြီးကို ဖောက်ခွဲပြီး ငွေအမြုတေ သတ္တုရိုင်းတွေအဖြစ် တစ်ခါတည်း သန့်စင်ပစ်လိုက်တာကိုး။
“မဟာမိုးကောင်းကင်ဂိုဏ်းကို မိုးနတ်မင်း စောင်မ စောင့်ရှောက်ပေးတော်မူပါ။”
***