မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ နယ်မြေအတွင်းမှာ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်းဝင်္ကပါရဲ့ အဖြူရောင်အလင်းတန်းကြီးတွေ ကျဆင်းလာပါတယ်။
ဂိုဏ်းချုပ်ကြီး ဂူမင်ချောင်ဟာ ဂိုဏ်းရဲ့ တန်ခိုးရှင်တွေနဲ့အတူ ဂိုဏ်းကို ပြန်လည်ရောက်ရှိလာပြီး မရေမတွက်နိုင်တဲ့ တပည့်တွေက သူတို့ရဲ့ အောင်ပွဲရပြန်လာမှုကို လာရောက်ကြိုဆိုကြပါတယ်။
ဒီတစ်ခါ ငွေကြယ်စင်တောင်တန်းမှာ တကယ့် တိုက်ပွဲကြီးကြီးမားမား မဖြစ်ခဲ့ပေမဲ့ ဂိုဏ်းချုပ်ကြီ ဂူ တစ်ဦးတည်းနဲ့ ယွင်ရှောင်ဂိုဏ်းတစ်ခုလုံးကို ဖိနှိပ်ခဲ့တဲ့ သတင်းကတော့ တောမီးပမာ ပြန့်နှံ့သွားခဲ့ပါပြီ။
ဒါပေမဲ့ ဂိုဏ်းချုပ်ကြီးရဲ့ လွှမ်းမိုးမှုထက် ပိုပြီးတော့ ဂိုဏ်းသားတွေ ကျေနပ်နေကြတာကတော့ ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီက တစ်လောကလုံး အောင်ပွဲခံခြင်း မဟာဖောက်ခွဲမှုကြီးကို သုံးပြီး ငွေကြယ်စင်တောင်တန်း တစ်ခုလုံးနဲ့ ယွင်ရှောင်ဂိုဏ်း အကြီးအကဲ နှစ်ယောက်ကို ပြာဖြစ်အောင် လုပ်လိုက်တာပါပဲ။
ဒါပေမဲ့ အပျော်ဆုံးလူကတော့ အိုးရန်မင် (Ouyang Ming) ပါပဲ။
“ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့်ရဲ့ အိုးရန်မိသားစုအတွက် ငွေအမြုတေ သတ္တုရိုင်းတွေ ဒီလောက်အများကြီး ရအောင် လုပ်ပေးလို့ပါ။ ဒီသတ္တုရိုင်းတွေရှိရင် ကျွန်တော်တို့ သွန်းလုပ်မယ့် ဝိညာဉ်လက်နက်တွေက ပိုမြင့်မားတဲ့ အဆင့်သစ်တစ်ခုကို သေချာပေါက် ရောက်သွားမှာပါ”
အိုးရန်မင်ဟာ မျက်ရည်အဝိုင်းသားနဲ့ ချူရှင်းဟီကို ကျေးဇူးတင်နေရှာပါတယ်။ သူဟာ ချူရှင်းဟီရဲ့ နည်းလမ်းတွေကို အလွန် လေးစားသွားခဲ့ပါပြီ။
ငွေကြယ်စင်သတ္တုတွင်းကို ရဖို့က လွယ်ပေမဲ့ ‘ငွေအမြုတေ သတ္တုရိုင်း’ ရဖို့က တကယ်ကို ခက်တာလေ။
(ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဦးနှောက်က ဘယ်လိုများ အလုပ်လုပ်တာလဲ။ သာမန်သတ္တုတွင်းတွေကို ငွေအမြုတေ သတ္တုရိုင်း ဖြစ်သွားအောင် ဒီလိုနည်းလမ်းမျိုးနဲ့ လုပ်ဖို့ သူ ဘယ်လိုများ တွေးမိသွားတာလဲ။)
ဒါတင်မကသေးပါဘူး၊ ချူရှင်းဟီရဲ့ ဒီတစ်ခါ လှုပ်ရှားမှုက သတ္တုရိုင်းတွေ ရလာရုံတင်မကဘဲ သတ္တုရိုင်းတွေကို အဆင့်မြှင့်ဖို့ လမ်းသစ်တစ်ခုကို လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။
"တစ်လောကလုံး အောင်ပွဲခံခြင်း" ဖောက်ခွဲမှုသာ ရှိရင် သတ္တုတွင်းတွေကို အဆင့်မြှင့်လို့ ရတာပဲ မဟုတ်လား။
အခုဆိုရင် ငါတို့ မဟာမိုးကောင်းကင်ဂိုဏ်းက လိုချင်တဲ့အချိန်တိုင်း ငွေအမြုတေ သတ္တုရိုင်းတွေ ရတော့မှာပေါ့။
အိုးရန်မင်က စကားပြောတိုင်း ငွေအမြုတေ သတ္တုရိုင်းအကြောင်းပဲ ပါနေတာကိုတော့ ချူရှင်းဟီ တစ်ယောက် သိပ်မကြိုက်လှပါဘူး။ ဒါကြောင့် ဘာမှပြန်မပြောဘဲ တိတ်တိတ်လေးနေလိုက်ပါတယ်။
ချူရှင်းဟီက တည်ကြည်လေးနက်နေပေမယ့် မာလင်းကတော့ မတည်ငြိမ်နိုင်ပါဘူး။ ဂိုဏ်းကို ပြန်ရောက်တာနဲ့ မာလင်းဟာ ဂိုဏ်းတူအစ်ကိုကြီးရဲ့ စစ်ဆေးရေးခရီးစဉ်က အဖြစ်အပျက်တွေကို တခြားအစ်ကိုကြီးတွေကို ပုံပြောသလိုနဲ့ အဖန်တလဲလဲ ပြန်ပြောပြနေပါတော့တယ်။
တခြားအစ်ကိုကြီးတွေအားလုံးကလည်း မာလင်းပြောသမျှကို နားထောင်ရင်း ပါးစပ်အဟောင်းသားနဲ့ အံ့ဩနေကြပါပြီ။ ဥက္ကာခဲသံသတ္တုတွင်းက အဂတိလိုက်စားမှုကို ချူရှင်းဟီ ပြုပြင်ခဲ့ပုံတွေ၊ နောက်ပြီး ခြောက်မှတ်ပေး စစ်ဆေးရေးစနစ် အကြောင်းတွေကို ကြားရတဲ့အခါ ချူရှင်းဟီရဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို အားလုံးက ချီးကျူးမဆုံး ဖြစ်သွားကြပါတယ်။
ငွေကြယ်စင်တောင်တန်းက တိုက်ပွဲအကြောင်း ကြားရတဲ့အခါမှာတော့ အားလုံးရဲ့ သွေးတွေ ဆူပွက်လာကြပါပြီ။ ယွင်ရှောင်ဂိုဏ်းဟာ မာလင်းနဲ့ ပြဿနာဖြစ်ပြီးကတည်းက အပြင်မှာ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ ဂုဏ်သတင်းကို အမျိုးမျိုး ပုတ်ခတ်ပြောဆိုခဲ့တာလေ။ မာလင်းက အပြစ်မဲ့သူတွေကို သတ်ဖြတ်တယ်တို့၊ မဟာမိုးကောင်းကင်ဂိုဏ်းက တပည့်တွေကို ထိန်းချုပ်မှု ညံ့ဖျင်းတယ်တို့။ အဲဒီလိုမျိုးတွေပေါ့။
ဂိုဏ်းသားတွေကလည်း ဒီကိစ္စအတွက် မကျေမနပ် ဖြစ်နေကြပေမဲ့ ခိုင်လုံတဲ့ အထောက်အထား မရှိဘဲနဲ့ ယွင်ရှောင်ဂိုဏ်းကို သွားတိုက်ခိုက်လို့လည်း မရဘူးလေ။ အခု ချူရှင်းဟီရဲ့ ဒီတစ်ချက်ထဲနဲ့တင် ယွင်ရှောင်ဂိုဏ်းဟာ ဘာမှပြန်မပြောနိုင်ဘဲ အကြီးအကျယ် အထိနာသွားတာပါ။ ယွင်ရှောင်ဂိုဏ်း စတင်တည်ထောင်ကတည်းက ဒီလောက်အထိ အရှုံးကြီး ရှုံးဖူးတာမျိုး မရှိခဲ့ပါဘူး။
ချူရှင်းဟီကတော့ မာလင်း တစ်ယောက် သူ့အကြောင်းကို ဘယ်လောက် ပိုပိုကဲကဲ ပြောနေသလဲဆိုတာ စိတ်မဝင်စားပါဘူး။ ဂိုဏ်းကို ပြန်ရောက်တာနဲ့ ချူရှင်းဟီဟာ ဟေးယွဲ့နန်းတော်ဆီကို အပြေးအလွှား သွားပြီး ဟေးယွဲ့ကလန်သားတွေအတွက် အရင်းအမြစ် သယံဇာတ အမြောက်အမြားကို ကိုယ်တိုင် သွားပို့ပေးလိုက်ပါတယ်။
မဟာသူတော်စင်ကြီးနဲ့ ဟေးယွဲ့ကလန်သားတွေက သူ့ကို အလွန် ကျေးဇူးတင်ကြပြီးတော့ အရင်က ဖောက်ခွဲမှုကြောင့် ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ဖြည့်ဖို့ သယံဇာတတွေကို အငန်းမရ စတင်စုပ်ယူလိုက်ကြပါတော့တယ်။
သယံဇာတတွေကို ဟေးယွဲ့ကလန်သားတွေက တဂျွတ်ဂျွတ် နဲ့ အသံထွက်အောင် ဝါးမျိုစုပ်ယူနေတာကို ကြည့်ပြီး ချူရှင်းဟီ တစ်ယောက် "ငွေအမြုတေ သတ္တုရိုင်း" ကိစ္စကိုတောင် မေ့သွားပါပြီ။
(မိုးနတ်မင်းကြီးရေ... မဟာသူတော်စင်ကြီးက တစ်ခါတည်းနဲ့ ဝိညာဉ်ကျောက်တုံးဘယ်လောက်တောင် စားပစ်လိုက်သလဲ သိရဲ့လား။)
ကုန်သွားတဲ့ ပမာဏကို ကြည့်ပြီး ချူရှင်းဟီ မျက်ရည်တောင် ဝိုင်းတက်လာပါတယ်။
(မိုးကောင်းကင်ကြီးက ငါ့ကို နောက်ဆုံးတော့ ကောင်းချီးပေးပြီထင်ပါရဲ့။)
တွေးရင်းနဲ့ ချူရှင်းဟီဟာ လူရိုင်းမျိုးနွယ်စုဆီကိုပါ သွားကြည့်ခဲ့ပါသေးတယ်။
လူရိုင်းမျိုးနွယ်စုရဲ့ စွမ်းဆောင်ရည်ကတော့ တော်တော်လေးကို တည်ငြိမ်ပါတယ်။ မဟာမိုးကောင်းကင်ဂိုဏ်းရဲ့ အကန့်အသတ်မရှိ သယံဇာတ ထောက်ပံ့မှုအောက်မှာ သူတို့ရဲ့ မိစ္ဆာသားရဲတွေကို ကျင့်ကြံမွေးမြူတဲ့နှုန်းက အံ့ဩစရာပါပဲ။ ဒါပေမဲ့ အဲဒီသားရဲတွေကို ထိန်းချုပ်ဖို့ကျတော့၊ လုံး၀ကို ထိန်းချုပ်လို့ မရပါဘူး။
နည်းနည်းလေး ရန်စလိုက်တာနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်ကုန်တဲ့ မိစ္ဆာသားရဲတွေကို ကြည့်ပြီး ချူရှင်းဟီ မျက်ရည်ဝိုင်းလာပြန်ပါတယ်။ ဟေးယွဲ့ကလန်ရဲ့ အသုံးစရိတ်ရယ်၊ လူရိုင်းမျိုးနွယ်စုရဲ့ အသုံးစရိတ်ရယ်၊ ဒါတွေကို ပေါင်းကြည့်ပြီးနောက်မှာ ချူရှင်းဟီဟာ သူ့ရဲ့ ကံကြမ္မာဖန် သံလိုက်အိမ်မြောင် လည်ပတ်နေတာကို ကြည့်ပြီး စိတ်သက်သာရာ ရသွားပါပြီ။
အိုးရန်မိသားစုတုန်းကဆိုရင် မှော်ပန်းပဲဖိုတွေ ခဏခဏ ပေါက်ကွဲလို့ အိုးရန်မင်ဟာ လက်လျှော့ချင်စိတ်တွေ တော်တော်မျ ဖြစ်ခဲ့တာပါ။ ချူရှင်းဟီရဲ့ အားပေးမှုကြောင့်သာ သူ ဆက်လုပ်နိုင်ခဲ့တာလေ။ ဒါပေမဲ့ ဒီလူရိုင်းမျိုးနွယ်စုကတော့ ဂိုဏ်းရဲ့ သယံဇာတတွေကို ဒီလောက် ဖြုန်းတီးနေတာတောင် နည်းနည်းလေးမှ အားနာစိတ် မရှိကြပါဘူး။ ပိုပြီး ဖြုန်းတီးလို့ရမယ့် နည်းလမ်းတွေကိုတောင် သူတို့က ထပ်ပြီး စဉ်းစားနေကြသေးတာပါ။
ဘီနီတင်ပြတဲ့ သယံဇာတတွေ အများကြီး ကုန်မယ့် အစီအစဉ်တွေကို ကြည့်ပြီး ချူရှင်းဟီကတော့ အားရပါးရ ခေါင်းညိတ်နေပါတယ်။
ဘီနီ ပြောတာကတော့ ဒီလိုပါ။
(သားရဲတွေကို ထိန်းချုပ်လို့ မရတာက သူတို့က ထိန်းချုပ်မရလို့ မဟုတ်ဘူး၊ နည်းလမ်းမှန်ကို မတွေ့သေးလို့ပါ။ နည်းလမ်းမှန်ကို တွေ့ဖို့ဆိုရင် ပိုပြီးတော့ များများ မွေးမြူရမယ်။ အကောင်ရေ များလာရင်တော့ ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုခုကို တွေ့လာရမှာပဲ။)
ချူရှင်းဟီက ဘီနီရဲ့ စကားကို လက်ခုပ်တီးပြီး ထောက်ခံလိုက်ပါတယ်။
“မှန်တာပေါ့။ အောင်မြင်မှုဆိုတာ ကြက်ကန်း ဆန်အိုးတိုး သလိုမျိုး ရတတ်တာပဲ။ ငါတို့သာ ဇွဲမလျှော့ဘဲ မွေးမြူနေရင် တစ်နေ့တော့ အောင်မြင်မှာပဲ။”
သူဟာ ဘီနီကို အရှုံးတွေ အကြိမ်ကြိမ် ကြုံနေရတာကြောင့် ကိုယ့်ကိုယ်ကိုယ် အထင်မသေးဖို့၊ မင်းတို့ လူရိုင်းမျိုးနွယ်စုက သားရဲလေ့ကျင့်သူ တန်ခိုးရှင်တွေ ဖြစ်တာကြောင့် တစ်နေ့မှာ ထိပ်ဆုံးကို ပြန်ရောက်မှာပါလို့ အားပေးစကားတွေ ပြောခဲ့ပါတယ်။
ဘီနီကို အားပေးပြီးနောက် ချူရှင်းဟီဟာ နေ့ကောင်းရက်မြတ်လေး သီချင်းကို တိုးတိုးလေး ညည်းဆိုရင်း ဟေးယွဲ့နန်းတော်ကနေ ထွက်ခွာမယ်အလုပ်မှာ အိုးရန်မိသားစုဝင် တစ်စုက အကင်ဖိုကြီးတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ဟေးယွဲ့နန်းတော်ထဲကို ပြေးဝင်လာတာ တွေ့လိုက်ရပါတယ်။
မေးနေစရာတောင် မလိုပါဘူး။ သူတို့ ဘာလုပ်ဖို့ လာသလဲဆိုတာ သိသာနေတာပဲ။ ချူရှင်းဟီ ထင်တဲ့အတိုင်းပါပဲ၊ လူရိုင်းမျိုးနွယ်စုက မွေးထားတဲ့ မိစ္ဆာသားရဲတစ်ကောင်က ဟေးယွဲ့နန်းတော်မှာ သောင်းကျန်းပြီး ထိန်းမရ ဖြစ်နေတာပါ။
ဟေးယွဲ့နန်းတော်မှာ သောင်းကျန်းတဲ့ သားရဲတွေရဲ့ အဆုံးသတ်ကတော့ အရသာရှိတဲ့ အစားအစာ ဖြစ်သွားဖို့ပါပဲ။ အစားအစာအကြောင်း ပြောပြီဆိုရင်တော့ အိုးရန်မိသားစုက ပါလာစမြဲပါ။
အိုးရန်လင်းက ချူရှင်းဟီကို တွေ့တော့ ဝမ်းသာအားရနဲ့ အကင်စားပွဲကို ဖိတ်ခေါ်လိုက်ပါတယ်။ ချူရှင်းဟီကတော့ စကားမပြောနိုင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်သွားပေမယ့်လည်း အိုးရန်လင်း ပြောပြတဲ့ မိစ္ဆာသားရဲအသားရဲ့ အရသာကိုတော့ နည်းနည်း စိတ်ဝင်စားသွားပါတယ်။
စမ်းစားကြည့်မယ်ဆိုတဲ့ စိတ်နဲ့ ချူရှင်းဟီလည်း သူတို့နောက်ကို လိုက်သွားပါတယ်။
(တကယ်ပဲ အိုးရန်မိသားစုနဲ့ ပတ်သက်မိတဲ့လူတိုင်းက ပုံမှန် မဟုတ်ကြတော့ဘူးပဲ။)
အရင်တုန်းကဆိုရင် လူရိုင်းမျိုးနွယ်စုကလူတွေဟာ သူတို့မွေးထားတဲ့ သားရဲတွေ ထိန်းမရ ဖြစ်ရင် ဝမ်းနည်းနေတတ်ကြတာလေ။ အခုတော့ ဝမ်းလည်းမနည်းတော့ဘဲ စားရတော့မယ်ဆိုပြီး ရင်ခုန်နေကြပါသေးတယ်။
အိုးရန်မင် ကိုယ်တိုင်က မြင့်မြတ်သော မှော်ရတနာတစ်ခုနဲ့ သားရဲကို ခွဲစိတ်လိုက်ပါတယ်။ ‘သားရဲသတ်ဓား’ လို့ အမည်ပေးထားတဲ့ အဲဒီလက်နက်ကို အိုးရန်မင်က သားရဲတွေကို ခွဲစိတ်ဖို့အတွက် သီးသန့် သွန်းလုပ်ထားတာပါတဲ့။ ဒီဓားက အရိုးထုတ်ရတာ အရမ်းလွယ်သလို အသားရဲ့ အရသာကိုလည်း မထိခိုက်စေဘူးလို့ ဆိုပါတယ်။
ချူရှင်းဟီဟာ အိုးရန်မင်ရဲ့ မိတ်ဆက်စကားကို ကြားပြီး မျက်ရည်ဝိုင်းတက်လာပြန်ပါပြီ။
(ဒါက ဘာတွေတုန်း။)
(အဲဒီတော့ ရှင်းဟီ အလင်းရောင် နတ်ဓားက က သစ်သီးလှီးဖို့၊ ‘သားရဲသတ်ဓား’ က အသားလှီးဖို့ပေါ့ ဟုတ်လား။)
(မင်းတို့ အိုးရန်မိသားစုက အစိမ်းနဲ့ အကျက်တောင် ခွဲခြားတတ်နေပြီလား။ ပစ္စည်းတစ်ခုချင်းစီအတွက် ကိရိယာတွေ သီးသန့် သုံးနေတာလား။)
သားရဲတစ်ကောင် လှီးဖို့အတွက် မြင့်မြတ်သော မှော်ရတနာကို သီးသန့် သွန်းလုပ်တယ်ဆိုတာ တကယ်ကို လွန်လွန်းပါတယ်။
မြင့်မြတ်သော မှော်ရတနာဆိုတဲ့အတိုင်း သားရဲကို ခုတ်ထစ်ရတာက အရမ်းကို ချောမွေ့နေပါပြီ။။ ခဏအကြာမှာတော့ သားရဲက အတုံးလေးတွေ ဖြစ်သွားပြီး အိုးရန်မိသားစုဝင်တွေကလည်း သားရဲသားကို နည်းမျိုးစုံနဲ့ စတင်ချက်ပြုတ်ကြပါတော့တယ်။ ကြော်တာ၊ လှော်တာ၊ ပြုတ်တာ၊ ပေါင်းတာ၊ နှပ်တာ... အိုးရန်မိသားစုက သားရဲတစ်ကောင်တည်းကို အရသာ အမျိုးပေါင်း တစ်ရာကျော် ထွက်အောင် လုပ်နိုင်ကြပါတယ်။
(စားပိုးနင့်အောင် စားနိုင်တဲ့သူတွေရဲ့ စွမ်းရည်ကတော့ အကန့်အသတ် မရှိဘူးပဲ။)
ချူရှင်းဟီ တစ်ယောက် သူတို့ရဲ့ ချက်ပြုတ်ပုံကို ငေးကြည့်နေတုန်းမှာ ဟေးယွဲ့နန်းတော်ရဲ့ တပည့်ဝတ်စုံကို ဝတ်ထားတဲ့ လူတစ်ယောက် သူ့ဆီ လျှောက်လှမ်းလာတာ တွေ့လိုက်ရပါပြီ။
“ဝေရှင်းက ဂိုဏ်းတူအစ်ကိုကြီး ချူရှင်းဟီကို ဂါရဝပြုပါတယ်။”
ဝေရှင်းကို မြင်တော့ ချူရှင်းဟီ ခဏ ကြောင်သွားပေမဲ့ မကြာခင်မှာပဲ သူကိုယ်တိုင် ဥက္ကာခဲသံသတ္တုတွင်းကနေ ခေါ်လာခဲ့တဲ့ ဝေရှင်းမှန်း သတိရသွားပါတယ်။ ဒါပေမဲ့ ဟေးယွဲ့နန်းတော်ရဲ့ တပည့်ဝတ်စုံကို ဝတ်ထားတဲ့ ဝေရှင်းကို ကြည့်ပြီး သူ တကယ်ကို အံ့ဩသွားရပါပြီ။
(ဟာ... ဒီကောင်ကလည်း သာမန်လူ မဟုတ်ဘူးပဲ။ သူ့ကို ဟေးယွဲ့နန်းတော်မှာ ငါ ထည့်ထားခဲ့တာလေ။ တကယ်တော့ အဲဒါက နည်းနည်း ရက်စက်ရာကျတယ်လို့ ငါ ကိုယ့်ကိုယ်ကိုယ် ထင်နေခဲ့တာ။)
(ဟေးယွဲ့နန်းတော်ဆိုတာ ပုံမှန်လူတွေ နေနိုင်တဲ့နေရာမှ မဟုတ်တာ။)
ချူရှင်းဟီ ထင်ထားတာကတော့ ဝေရှင်းဟာ ဟေးယွဲ့နန်းတော်မှာ မနေနိုင်လို့ ဂိုဏ်းကို နန်းတော်ပြောင်းပေးဖို့ တောင်းဆိုလိမ့်မယ်လို့ပါ။ ဒါပေမဲ့ ဝေရှင်းက အခုထိ ဒီမှာ ရှိနေတုန်းပဲဆိုတော့။ ဒီကောင်က တကယ်ကို သတ္တိခဲပါပဲ။
(ဂိုဏ်းတူညီလေး ဝေရှင်းရယ်။ မင်းကို ငါ တကယ် လေးစားသွားပြီ။ ငါတောင် ဒီနန်းတော်ထဲ ရောက်ရင် စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေတာ၊ မင်းက ဘယ်လိုလုပ်ပြီး ဒီမှာ နေနိုင်ရတာလဲ။)
အားနာစိတ် ဖြစ်သွားတဲ့ ချူရှင်းဟီဟာ ဝေရှင်းကို ဒီအသားကင်ပွဲ ပြီးရင် တခြားနန်းတော်တစ်ခုကို ပြောင်းပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟေးယွဲ့နန်းတော်က တကယ်ကို လွန်လွန်းလို့ပါ။ ဒါကြောင့် ချူရှင်းဟီဟာ အားနာနာနဲ့ပဲ ဝေရှင်းကို သားရဲသား အတူတူစားဖို့ ဖိတ်ခေါ်လိုက်ပါပြီ။
ဝေရှင်းကလည်း ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် အရမ်းကို ဝမ်းသာသွားပါတယ်။ သူ ဒီကို ရောက်ကတည်းက သားရဲသားကို တစ်ခါမှ မစားဖူးသေးဘူးလေ။
ချက်ပြုတ်ထားတဲ့ သားရဲသား ဟင်းလျာတွေ ရောက်လာတော့ ချူရှင်းဟီလည်း မြည်းကြည့်လိုက်ပါတယ်။ သူလည်း အံ့ဩသွားရပါပြီ။ ဘာလို့လဲဆိုတော့ ဒီမိစ္ဆာသားရဲက ရုပ်ဆိုးပေမဲ့ အရသာကတော့ တကယ်ကို ကောင်းမွန်လွန်းလို့ပါ။ အထူးသဖြင့် ဝက်စတူးပေါင်းထက်တောင် အရသာပိုရှိနေပါသေးတယ်။
အိုးရန်မိသားစုက မှော်ရတနာသွန်းလောင်းတာထက် ဟင်းချက်တာက ပိုတော်နေတာပဲလို့ ချူရှင်းဟီ တွေးနေတုန်းမှာပဲ ဘေးနားကနေ အလန့်တကြား အော်လိုက်တဲ့ အာမေဍိတ်သံတစ်ခု ထွက်လာပါပြီ။
ချူရှင်းဟီ လှည့်ကြည့်လိုက်တော့ ဝေရှင်းဟာ အသားကို ဝါးရင်းနဲ့ မယုံနိုင်စရာ မျက်နှာပေးနဲ့ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ သူက အသားကို စားနေတာလား၊ အသားက သူ့ကို ပြန်စားနေတာလားတောင် မသဲကွဲတော့ပါဘူး။
ချူရှင်းဟီကတော့ ဝေရှင်းရဲ့ အမူအရာကို ကြည့်ပြီး စိတ်ထဲကနေ အထင်သေးလိုက်မိပါတယ်။
“မင်းကလည်း။ သာမန် မိစ္ဆာသားရဲသား စားနေတာကို ဘာတွေ ဒီလောက် အကဲပိုနေတာလဲ”
ဒါပေမဲ့ အဲဒီလို တွေးလိုက်ရုံ ရှိသေးတယ်... ဝေရှင်းရဲ့ ခန္ဓာကိုယ်ထဲကနေ ဝိညာဉ်စွမ်းအင်တွေ ရုတ်တရက် ပေါက်ကွဲ ဖြာထွက်လာပါပြီ။ နောက်တစ်စက္ကန့်မှာတော့ ဝေရှင်းဟာ ကြာပန်းသဏ္ဍာန် ဒူးတုတ်ထိုင်လိုက်ပါတော့တယ်။
ချူရှင်းဟီ ဘာဖြစ်တာလဲလို့ စဉ်းစားလို့တောင် မပြီးသေးခင်မှာပဲ ဝေရှင်းရဲ့ ခန္ဓာကိုယ်ဆီကနေ ဝိညာဉ်အလင်းတန်းတွေ ဝုန်းကနဲ ပွင့်ထွက်လာပါပြီ။ အလင်းတန်းတွေ တဖျတ်ဖျတ် လင်းလက်သွားပြီး ဝေရှင်းဟာ အားလုံးရဲ့ ရှေ့မှာတင် တန်ခိုးကျင့်စဉ် အဆင့် တစ်ဆင့် တိုးတက်သွား ပါတော့တယ်။
အခြေအနေကတော့ တကယ်ကို ထိန်းမရ သိမ်းမရ ဖြစ်သွားပါပြီ...။
ဘာတွေလဲဟ။ သားရဲသား စားရုံနဲ့တင် ကျင့်ကြံခြင်းအဆင့် တက်သွားတယ် ဟုတ်လား။
***