နီချွေ့ဟွာသည် ယောက်ျားလေးများအား မိန်းကလေးများထက် ပိုမိုဦးစားပေးသည့် အစဉ်အလာ၏ လွှမ်းမိုးမှုအား နက်ရှိုင်းစွာ ခံရကာ ငယ်စဉ်ကတည်းမှ တရားဝင် ပညာသင်ကြားခွင့် မရရှိခဲ့သည့် စစ်မှန်သည့် ကျေးလက် တောသူတစ်ဦး ဖြစ်လေသည်။
ငယ်စဉ်ကလေးဘဝတွင် သူမ၏နေ့ရက်များသည် ဝက်စာရှာခြင်းနှင့် အလုပ်ရမှတ်များ ရရှိစေရန် သမဝါယမ လယ်ယာတွင် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခြင်းတို့ဖြင့်သာ ပြည့်နှက်နေခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ဤကဲ့သို့သော အခြေအနေမျိုးမှာ နီချွေ့ဟွာ တစ်ဦးတည်းသာ ခံစားရခြင်း မဟုတ်ပေ။ သူမအရွယ် ကျေးလက်နေ အမျိုးသမီးများစွာသည်လည်း စာမတတ်ကြချေ။ အချို့ဆိုလျှင် သူတို့၏ တစ်သက်တာ ကာလပတ်လုံး မိမိတို့၏ ရွာပြင်ပသို့ တစ်ခါမျှ ခြေမချဖူးကြချေ။
‘စာသင်ရမယ်...’
နီချွေ့ဟွာမှာမူ အစပိုင်းတွင် အံ့သြ သွားခဲ့သော်လည်း ထို့နောက်တွင် ရုတ်တရက် ရယ်မောလိုက်ကာ ပြောလိုက်သည်။
"ဒီအရွယ်ကြီးရောက်မှ စာသင်ရမယ် ဟုတ်လား"
စာမတတ်ခြင်းသည် ကြီးမားသော ပြဿနာ တစ်ရပ်ဖြစ်ကာ အလွန်တရာ အဆင်မပြေမှုများကိုလည်း ဖြစ်ပေါ်စေလေသည်။ နီချွေ့ဟွာသည် စက္ကူ အထပ်လိုက်ကြီးအား ကိုင်ဆောင်လာခဲ့ကာ မည်သည့်အရာသည် အရေးကြီးပြီး မည်သည့်အရာအား လွှင့်ပစ်နိုင်သနည်းဟု နီယန်အား မေးမြန်းသည့် အခါတိုင်း နီယန်၏ နှလုံးသားအား ဆွဲဆုတ်ခံလိုက်ရသကဲ့သို့ ခံစားရလေသည်။
အထူးသဖြင့် အဆင့်မြင့် သတင်း အချက်အလက် နည်းပညာခေတ်ကြီးတွင် စာမတတ်ခြင်းသည် လက်တွေ့အားဖြင့် အောက်ကျ နောက်ကျဖြစ်စေလေသည်။
သူမအနေဖြင့် ဘဝအား အသစ်ပြန်လည် ရှင်သန်ခွင့်ရခဲ့ပြီ ဖြစ်ရာ မိမိကိုယ်ကို သာမက သူမ၏မိခင်ဖြစ်သူကိုပါ ပြောင်းလဲ ပေးချင်ခဲ့မိလေသည်။ သူမသည် နီချွေ့ဟွာအား ယခင်ကထက် ပိုမို၍ ကောင်းမွန်လာစေရန် ကူညီပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ထားခဲ့ခြင်း ဖြစ်သည်။ နီယန်သည် အလွန်တည်ကြည်လှသော မျက်နှာထားဖြင့် အခိုင်အမာ ဆိုလိုက်လေသည်။
"အမေ သင်ယူရမယ်လေ အမေက သုံးဆယ့်ခြောက်နှစ်ပဲ ရှိပါသေးတယ် အမေ့ရဲ့ အနာဂတ် အတွက် ဘာကန့်သတ်ချက်မှ မရှိသေးပါဘူး စာမတတ်တာက အပြင်လောကမှာ ရယ်စရာတစ်ခုလို ဖြစ်နေတတ်တယ်"
ထိုစကားကြောင့် နီချွေ့ဟွာ တစ်ယောက် ဆွံ့အသွားခဲ့ရတော့သည်။ သူမ၏ အနာဂတ်တွင် အကန့်အသတ်မရှိသည့် အလားအလာများ အမှန်တကယ် ရှိနေပါသေးသလော။
ကျေးလက်ဒေသတွင် ရှိစဉ်တွင် လူတိုင်းသည် နီးပါး စာမတတ်ကြသဖြင့် သူမအနေဖြင့် မိမိကိုယ်ကို ဖယ်ကြဉ်ခံရသည်ဟု မခံစားခဲ့ရချေ။ သို့သော် ပေကျင်းမြို့သို့ ရောက်ရှိလာပြီးနောက် ဒေသခံ ရွာသူရွာသားများနှင့် စတင် ဆက်ဆံလာရချိန် မှစ၍ နီချွေ့ဟွာသည် မိမိ၏ အားနည်းချက်အား သိမြင်လာခဲ့ရလေသည်။
ဥပမာအားဖြင့် ကျေးရွာမှ မောက်မာလှသည့် အမျိုးသမီးဖြစ်သူ ဝမ်ကျင်းဖန်မှ သူမအား စာမတတ်သူအဖြစ် သွယ်ဝိုက်ကာ လှောင်ပြောင်ခဲ့စဉ်တွင် သူမသည် စာမတတ်သူ ဆိုသည်မှာ မည်သည်အား ဆိုလိုမှန်းပင် မသိခဲ့ချေ။ ထိုစဉ်တွင် သူမသည် အခြားသူများ နှင့်အတူ လိုက်ပါ ရယ်မောနေခဲ့လေသည်။
အချိန်အတော်ကြာမှသာ စာမတတ်သူဟူသည် စာမဖတ်တတ် မရေးတတ်သော ပညာမတတ်သူအား ဆိုလိုမှန်း သူမ သိရှိလာခဲ့ရလေသည်။ ဤအကြောင်းများအား တွေးမိသောအခါ နီချွေ့ဟွာ၏ မျက်နှာထက်မှ အပြုံးများသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့တော့သည်။ သူမသည် နီယန်အား မော့ကြည့်လိုက်ပြီးနောက် မေးလိုက်လေသည်။
"ယန်ယန် အမေ အခုချိန် စာသင်လို့ ရပါဦးမလား"
ဤမျှ ထူးချွန်သော သမီးတစ်ယောက် ရှိနေပါလျက် မိခင်ဖြစ်သူ သူမအနေဖြင့် သမီး၏ တိုးတက်မှုအား အဟန့်အတား မဖြစ်စေသင့်ပေ။ နီယန်မှ ခေါင်းညိတ်လိုက်ကာ အားပေး စကား ပြောလိုက်လေသည်။
"ရတာပေါ့ အမေရဲ့ အမေက အရမ်းဉာဏ်ကောင်းတာပဲဟာ အမေ အမြန်ဆုံး တတ်မြောက် သွားမယ်ဆိုတာ သမီး ယုံကြည်တယ်"
ခိုင်မာစွာ ရပ်တည်ရန်နှင့် သမီးဖြစ်သူ အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်စေရန် ဆုံးဖြတ်ချက် ချလိုက်ပြီးနောက်တွင် နီချွေ့ဟွာသည် နီယန်၏ အကြံပေးချက်အား လိုက်နာကာ အက္ခရာများကို သင်ယူရန် ဆုံးဖြတ်လိုက်လေတော့သည်။ နီယန်သည် အိမ်ထဲမှ မှတ်စုစာအုပ် နှစ်အုပ်နှင့် ဘောပင် နှစ်ချောင်းအား ထုတ်ယူလာခဲ့သည်။
"အမေ ပထမဆုံး အမေ့နာမည်ကို ရေးဖို့ သင်ကြတာပေါ့"
"ကောင်းပါပြီ"
နီချွေ့ဟွာမှ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။ နီယန်သည် လှပသည့် လက်ရေးအား ပိုင်ဆိုင်ထားလေသည်။ သေးငယ်လှသော ပုံမှန် လက်ရေး စာလုံးများ ဖြစ်သော်လည်း စာလုံး အချိုးအစား တစ်ခုစီတိုင်းသည် ထင်ရှားပြတ်သားလှကာ ခွန်အားပါပါဖြင့် ကျောင်းသုံးစာအုပ်ထဲမှ တိုက်ရိုက် ပုံနှိပ်ထားသကဲ့သို့ ရှိလေသည်။
နီယန်တွင် ပြေပြစ်ကာ ပြင်းထန်လှကာ ကြမ်းတမ်းသော လက်ရေးဟန် တစ်ခု ရှိသေးသော်လည်း သူမသည် နီချွေ့ဟွာအား စာရေးစာဖတ် သင်ပေးနေခြင်းဖြစ်ရာ ထိုလက်ရေးမျိုးအား ပြသရန်မှာ မသင့်လျော်ချေ။
"ငါတို့ရဲ့ ယန်ယန်လေးက လက်ရေးသိပ်လှတာပဲ"
နီချွေ့ဟွာသည် စာမတတ်သော်လည်း လှပမှုနှင့် အကျည်းတန်မှုကိုမူ ခွဲခြား သိမြင်နိုင်စွမ်း ရှိကာ သူမ၏ မျက်လုံးများတွင် ဂုဏ်ယူ ဝင့်ကြွားမှုများ ပြည့်နှက်နေခဲ့လေသည်။ နီယန်မှ ဘောပင်အား နီချွေ့ဟွာထံသို့ ကမ်းပေးလိုက်ပြီးနောက် ပြောလိုက်လေသည်။
"အမေ စမ်းရေးကြည့်ပါလား"
နီချွေ့ဟွာသည် ခဲတံအား စိုးရိမ်တကြီးဖြင့် လှမ်းယူ လိုက်လေသည်။ မြေကြီးများအား တူးဆွခဲ့ ပျိုးပင်များကို စိုက်ပျိုးခဲ့ပြီး ပင်ပန်းခက်ခဲလှသည့် အလုပ်ပေါင်းစုံအား လုပ်ကိုင်ခဲ့ဖူးသည့် ဤလက်များသည် ယနေ့တွင်မူ ဘောပင်ကိုပင် သေချာစွာ မကိုင်တွယ် နိုင်တော့သကဲ့သို့ ထူးဆန်းစွာ ခံစားနေရလေသည်။
နီယန်၏ လက်ရေးလိုင်းများသည် ဖြောင့်တန်းကာ ရှင်းလင်းနေသော်လည်း သူမ၏ လက်ရေးများမှာမူ ရှုပ်ထွေးကာ ဟိုယိမ်းဒီယိုင် ဖြစ်နေခဲ့ပြီး ပိုဆိုးသည်မှာ သူမ၏လက်များသည် ထိန်းမနိုင်သိမ်းမရ တုန်ယင်နေခြင်းပင် ဖြစ်လေသည်။
နီချွေ့ဟွာတစ်ယောက် မိမိကိုယ်ကို အသုံးမကျသည့် လူမိုက်တစ်ဦးဟု ခံစားနေရချိန်မှာပင် နီယန်သည် ကိုင်းညွတ်လာခဲ့ကာ နီချွေ့ဟွာ၏ ဘောပင် ကိုင်ထားသည့် လက်အား ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီးနောက် တစ်ချက်ချင်းစီ ဖြည်းညှင်းစွာ လမ်းညွှန် ပေးလေသည်။
"အမေ လူတိုင်းက စာစရေးသင်တဲ့ ပထမဆုံးအကြိမ်မှာ ဒီလိုပါပဲ စိတ်ဓာတ်မကျပါနဲ့ သမီးရဲ့ ပထမဆုံး လက်ရေးက အမေ့ထက်တောင် ဆိုးသေးတယ်"
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအား စာသင်ပေးရခြင်းသည် အခက်ခဲဆုံးဖြစ်သည်ဟု ဆိုကြကုန်သည်။ သို့သော် နီချွေ့ဟွာသည် သက်ကြီးရွယ်အိုလည်း မဟုတ်သကဲ့သို့ ကလေးငယ် တစ်ဦးလည်း မဟုတ်ပေ။ ထို့အပြင် သူမသည် ဉာဏ်ကောင်းသူ တစ်ဦးဖြစ်ရာ နီယန်မှ သူမအား သေချာပေါက် ကောင်းစွာ သင်ကြားပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။ ထို့နောက် နီချွေ့ဟွာမှ ပြောလာခဲ့လေသည်။
"ဒါပေမဲ့ ယန်ယန်ရယ်၊ သမီးရဲ့ လက်ရေးက အခုတော့ သိပ်လှနေပြီလေ"
နီယန်မှ ရယ်မောလိုက်ပြီးနောက် ရှင်းပြလိုက်သည်။
"အင်း သမီး ဘယ်နှစ်နှစ်လောက် လေ့ကျင့်ခဲ့ရလဲဆိုတာ အမေ မမြင်လို့ပါ ဒါက အမေ့ရဲ့ ပထမဆုံးနေ့လေ အလျင်စလို လုပ်လို့မရဘူး ဖြည်းဖြည်းချင်း သွားရမှာပေါ့"
ထိုစကားများအား ကြားလိုက်ရသဖြင့် နီချွေ့ဟွာမှာ အတော်လေး စိတ်သက်သာရာ ရသွားခဲ့တော့သည်။ နီယန်၏ ဆယ်မိနစ်ခန့် လက်တွေ့ သင်ကြားပေးမှု အပြီးတွင် နီချွေ့ဟွာသည် သူမ၏ ကိုယ်ပိုင်အမည်အား လွတ်လပ်စွာ ရေးသားနိုင်လာခဲ့တော့သည်။ သူမ၏ လက်ရေးသည် သိပ်မကောင်းသေးသော်လည်း ၎င်းသည်ပင် ကြီးမားသော ခြေလှမ်းတစ်ရပ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အမည်ရေးရန် သင်ယူ ပြီးနောက်တွင် နီယန်သည် နီချွေ့ဟွာအား အသံထွက်များ စာလုံးပေါင်းများကို စတင်၍ သင်ကြားပေးတော့သည်။ နီယန်သည် အက္ခရာ ၂၆ လုံးစလုံးအား စက္ကူတစ်ရွက်ပေါ်တွင် ရေးချလိုက်သည်။
ထိုအက္ခရာများကို မြင်တွေ့လိုက်ရသောအခါ နီချွေ့ဟွာအနေဖြင့် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် မှတ်ဉာဏ် တံခါးပေါက်တစ်ခုအား ပြန်လည် ဖွင့်ဟလိုက်ရသကဲ့သို့ ခံစားလိုက်ရလေသည်။ ဝေဝါးနေသော်လည်း သူမအား သင်ကြားပေးနေသည့် ညင်သာသည့် အသံတစ်ခုအား သူမ ကြားယောင်လာခဲ့တော့သည်။
"ဒါကို 'အေ' 'အို' 'အီး' လို့ အသံထွက်တယ်"
***