နီယန်သည် မီးဖိုဆီသို့ လျှောက်သွား လိုက်ပြီးနောက် မီးဖိုတံခါးလေးအား ဖွင့်လိုက်သည် နှင့်တစ်ပြိုင်နက် သရေကျစေနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသော ကြက်ကင်ရနံ့သည် သူမအား ဆီးကြိုလိုက်တော့သည်။ ဤမီးဖိုထဲမှ ထွက်ပေါ်လာသည့် ရနံ့မှာ မည်သည့် နာမည်ကြီး ကြက်ကြော် ဆိုင်များနှင့်မျှ နှိုင်းယှဉ်၍ မရနိုင် လောက်အောင်ပင် မွှေးကြိုင် သင်းပျံ့လှပေသည်။
နီယန်မှာ အစပိုင်းတွင် ဗိုက်မဆာသော်လည်း ဤရနံ့အား ရလိုက်သည် နှင့်တစ်ပြိုင်နက် သွားရည်များပင် ထိန်းမနိုင် သိမ်းမရ ကျလာခဲ့ရလေသည်။ အမှန်တကယ်ပင် မွှေးကြိုင်လွန်းလှပေသည်။
မကြာမီမှာပင် ထိုရနံ့မှာ တစ်ခြံလုံးသို့ ပျံ့နှံ့သွားခဲ့သည်။ နီချန်ကွေ့ တစ်ယောက် ခြံထဲသို့ ဝင်လာသည် နှင့်တစ်ပြိုင်နက် ထိုရနံ့အား ခံစားလိုက်ရကာ အံ့အားတကြီး မေးမြန်းလိုက်လေသည်။
"ယန်ယန် ဘာတွေများ ဒီလောက် မွှေးအောင် ချက်နေပြန်တာလဲ"
ရထားပေါ်တွင် နီယန်နှင့် ဆုံတွေ့ခဲ့ရခြင်းမှာ သူမအတွက် ကံကောင်းမှု တစ်ခုဟု ခံစားနေရလေသည်။ နီယန်သည် ဟင်းပန်းကန်အား ကိုင်ဆောင်ကာ မီးဖိုချောင်ထဲမှ ထွက်လာရင်း ပြုံးလျက် ပြောလိုက်သည်။
"ဒေါ်လေးနီ ခန့်မှန်းကြည့်ပါဦး"
နီချန်ကွေ့မှ အနံ့အား ရှူရှိုက် ကြည့်ပြီးနောက် ပြောလိုက်သည်။
"သိပ်မွှေးတာပဲ အသားတစ်မျိုးမျိုးပဲ ဖြစ်ရမယ်"
နီချွေ့ဟွာသည် ဘေးမှ ချဉ်းကပ်လာခဲ့ကာ မေးလိုက်လေသည်။
"အစ်မချန်ကွေ့ ဘာအသားလဲဆိုတာ ခန့်မှန်းကြည့်ပါဦး"
"ဝက်သားများလား"
ဟု နီချန်ကွေ့မှ ရယ်မောရင်း ခန့်မှန်းလိုက်လေသည်။ ဝက်သား မှလွဲ၍ အခြားမည်သည့်အရာသည် ဤမျှ မွှေးပျံ့နိုင်လိမ့်မည်နည်း။ ထိုရနံ့မျိုးသည် စိတ်အား လန်းဆန်းစေပေသည်။
"ကြက်သားပါ အစ်မရေ"
ဟု နီချွေ့ဟွာမှ ပြန်ဖြေလိုက်လေသည်။ နီချန်ကွေ့မှာ အံ့အားသင့်သွား ပြီးနောက် ထပ်မံ၍ မေးမြန်းလိုက်သည်။
"ကြက်သားကို ဒီလောက်မွှေးအောင် လုပ်လို့ရလို့လား"
သူမသည် ကြက်စွပ်ပြုတ်နှင့် ကြက်သား ချက်များအား စားဖူးသော်လည်း ဤမျှ မွှေးကြိုင်လှသည့် ကြက်သားဟင်းမျိုးကိုမူ တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ နီချွေ့ဟွာမှ ဆက်လက်၍ ပြောလိုက်လေသည်။
"ဟုတ်တယ် ယန်ယန်လုပ်တဲ့ ကြက်ကင်လေ အစ်မချန်ကွေ့ လက်ဆေးပြီး ထမင်းစားဖို့ ပြင်တော့နော်"
‘ကြက်ကင် ဟုတ်လား...’
ဤသတင်းစကားသည် နီချန်ကွေ့၏ မျက်လုံးများအား တောက်ပ သွားစေခဲ့လေသည်။ သူမသည် ကြက်ကင် အကြောင်းအား ကြားသာ ကြားဖူးပြီး တစ်ခါမျှ မစားဖူးခဲ့ချေ။ သူမသည် သွားရည်အား မြိုချလိုက်ရင်း လက်ဆေးရန် အလျင်အမြန် ထွက်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော်
"ကောင်းပါပြီ အခုပဲ လာခဲ့ပါ့မယ်"
နီချန်ကွေ့သည် သူမ၏ လက်များ ဆေးကြောသန့်စင် ပြီးနောက် ဧည့်ခန်းထဲသို့ ရောက်ရှိလာချိန်တွင် နီယန်သည် ထမင်းဝိုင်းအား ပြင်ဆင်ပြီးနေခဲ့ပြီ ဖြစ်သည်။ သို့သော် နီချန်ကွေ့ ပထမဆုံး သတိထားမိသည်မှာ ဟင်းလျာများ မဟုတ်ဘဲ နီချွေ့ဟွာ ဖြစ်နေခြင်း ဖြစ်ပေသည်။
အစောပိုင်းတွင် ခြံဝင်း အတွင်း မှောင်နေသဖြင့် သေချာမမြင်ရသော်လည်း ယခုအခါတွင်မူ နီချွေ့ဟွာ၏ ဝတ်စား ဆင်ယင်မှုမှာ အလွန်ပင် လှပနေသည်ကို တွေ့လိုက်ရလေသည်။
"ယန်ယန်အမေက ဒီနေ့ သိပ်လှနေပါလား"
နီယန်၏ လှပမှုနှင့် ယုံကြည်မှုရှိမှုတို့မှာ နီချွေ့ဟွာ၏ ကောင်းမွန်သော မျိုးရိုးဗီဇများကြောင့် ဖြစ်ကြောင်း ထင်ရှားလှပေသည်။ နီချွေ့ဟွာမှ အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် အင်္ကျီစလေးအား ဆွဲလိုက်ပြီး ပြောလိုက်လေသည်။
" ယန်ယန်ကပဲ ဇွတ်ဝတ်ခိုင်းနေလို့ပါ"
နီချန်ကွေ့မှ ရယ်မောလျက် ..
"ဒီဝတ်စုံက ညီမနဲ့ သိပ်လိုက်တာပဲ ဒါမျိုး ဝတ်သင့်တာ ကြာလှပြီ"
ဟု ဆိုကာ စားပွဲပေါ်ရှိ ဝင်းပြောင်နေသော ကြက်ကင်အား ကြည့်ရင်း မေးလိုက်သည်။
"ယန်ယန် ဒါကို ဘယ်လိုကင်တာလဲ"
နီယန်မှ ရှင်းပြလိုက်လေသည်။
"မီးဖိုထဲမှာ ကင်တာပါ"
နီချန်ကွေ့မှ သက်ပြင်းချရင်း ချီးကျူးလိုက်လေသည်။
"ယန်ယန်ရေ သမီဂကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ ဒေါ်လေးမှာ မီးဖို ရှိနေရင်တောင် ဒီလိုဖြစ်အောင် ကင်တတ်မှာ မဟုတ်ဘူး"
"ဒေါ်လေးကလည်း နှိမ့်ချ ပြောနေပြန်ပါပြီ စိတ်ပါလက်ပါနဲ့ လေ့လာရင် ဘယ်သူမဆို တတ်နိုင်ပါတယ်"
ဟု ဆိုကာ နီယန်မှ ကြက်ပေါင် နှစ်ချောင်းအား ဆွဲဖဲ့လိုက်ကာ နီချွေ့ဟွာနှင့် နီချန်ကွေ့တို့၏ ပန်းကန်ထဲသို့ တစ်ချောင်းစီ ထည့်ပေးလိုက်ရင်း ပြောလိုက်တော့သည်။
"အမေ ဒေါ်လေးနီ စားကြရအောင်နော်"
ကြက် တစ်ကောင်လုံးတွင် အဖိုးတန်ဆုံး ဖြစ်သည့် ကြက်ပေါင် နှစ်ချောင်းအား နီယန်မှ သူမတို့အား ပေးသဖြင့် နှစ်ဦးစလုံးမှ ငြင်းဆန် ကြကုန်တော့သည်။ တစ်နေ့လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ထားသည့် နီယန်သာလျှင် ထိုကြက်ပေါင်များအား စားသင့်သည်ဟု သူမတို့ ယူဆကြလေသည်။ နီယန်မှ ပြုံးလျက် ကြက်တောင်ပံ တစ်ဖက်ကို ဆွဲဖဲ့လိုက်ကာ ပြောလိုက်လေသည်။
"အမေတို့ စားကြပါ သမီးက ကြက်တောင်ပံပဲ ကြိုက်တာ"
နီယန်၏ လိမ္မာပါးနပ်မှု သိတတ်မှုအား ကြည့်ရင်းဖြင့် နီချွေ့ဟွာ၏ မျက်လုံးများတွင် ကြည်နူးမှုနှင့် စိတ်သက်သာရာ ရမှုများ ပြည့်နှက် သွားခဲ့ရတော့သည်။ နီချန်ကွေ့၏ စိတ်ထဲ၌လည်း ခံစားချက်များ ပြည့်နှက်နေခဲ့သည်။ နီယန်သည် အမှန်ပင် လိမ္မာလှသည့် မိန်းကလေးငယ် တစ်ယောက် ဖြစ်လေသည်။ သူမသည် နီချွေ့ဟွာအား အမှန်ပင် အားကျမိလေသည်။
ကြက်ကင်မှာ အပြင်သားသည် ကြွပ်ရွနေပြီး အတွင်းသားမှာမူ နူးညံ့လှပေသည်။ ကိုက်လိုက်သည့် အချိန်တိုင်းတွင် ချိုမြိန်လှသော ကြက်သားရည်များသည် ပါးစပ်ထဲ၌ ပေါက်ကွဲ ထွက်သွားသကဲ့သို့ ခံစားခဲ့ရကာ နူးညံ့လှသည့် အသားသည်လည်း ဝါးလေဝါးလေ အရသာရှိလေ ဖြစ်နေခဲ့သည်။
နီယန်ကြော်ထားသည့် အရံဟင်း နှစ်မျိုးနှင့် တွဲဖက် စားလိုက်သောအခါ အီသွားခြင်းမရှိဘဲ အလွန်ပင် အရသာ ရှိလှပေသည်။ အရသာသည် ထူးကဲလှကာ ခံတွင်းမြိန်စေလေသည်။
နီချွေ့ဟွာနှင့် နီချန်ကွေ့ နှစ်ဦးစလုံးသည် ယခုကဲ့သို့ အရသာ ရှိလှသည့် ကြက်ကင်အား ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုအစားအစာအား စားမိလိုက်ချိန်တွင် လျှာများကိုပင် မြိုချလုနီးပါး အရသာ တွေ့နေကြလေတော့သည်။
"ယန်ယန် ဒါက တကယ်ကို ထူးထူးခြားခြား ကောင်းလွန်းတယ်"
နီချန်ကွေ့မှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့လေသည်။ နီချွေ့ဟွာသည်လည်း ထပ်ခါတလဲလဲ ဆိုလေသည်။
"ဟုတ်တယ် ဟုတ်တယ် သိပ်စားလို့ကောင်းတာပဲ"
မိမိချက်ပြုတ်ထားသည့် ကြက်ကင်အား လူကြိုက် များလှသဖြင့် နီယန်၏ နှလုံးသားထဲတွင် ဂုဏ်ယူမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဘဝသည် ပိုမို၍ စိတ်လှုပ်ရှားဖွယ် ကောင်းလာခဲ့ပြီ မဟုတ်ပါလား။
ထမင်းစားပြီးနောက် နီချန်ကွေ့သည် သူမ၏ အိတ်ကပ်ထဲမှ ငွေဆယ်ယွမ်အား ထုတ်ယူလိုက်ကာ နီချွေ့ဟွာအား ပေးလိုက်ပြီးနောက် ပြောလေသည်။
"ယန်ယန်အမေ ဒါက ဒီလအတွက် ထမင်းဖိုးပါ"
နီချွေ့ဟွာသည် အိမ်ထဲမှ ငါးယွမ်အား ပြန်ထုတ်ယူကာ နီချန်ကွေ့အား ကမ်းပေး လိုက်သော်လည်း နီချန်ကွေ့မှ ထိုငါးယွမ်အား အတင်းငြင်းဆန်ကာ လက်မခံခဲ့ချေ။
"ယန်ယန်အမေရယ် ယန်ယန်ချက်တဲ့ ဟင်းတွေက သိပ်အရသာရှိတာလေ ဆယ်ယွမ် ဆိုတာတောင် နည်းနေသလိုပဲ အားမနာဘဲ သိမ်းထားလိုက်ပါ"
***