နီချန်ကွေ့သည် ချဲ့ကား ပြောဆိုနေခြင်း မဟုတ်ချေ။ နီယန်၏ လက်ရာမျိုးနှင့်ဆိုလျှင် ဆယ်ယွမ်မက ယွမ်နှစ်ဆယ် ပေးရလျှင်ပင် တန်သည်ဟု သူမ ခံစားရလေသည်။ သို့သော် နီချွေ့ဟွာမှာမူ ထိုငါးယွမ်အား အတင်း ပြန်ပေးနေခဲ့သည်။
"အစ်မချန်ကွေ့ လူမှာ ကတိကဝတ်က အရေးကြီးတယ်လေ ငါးယွမ်လို့ သဘောတူထားပြီးမှ အစ်မဆီက ပိုမယူနိုင်ပါဘူး အစ်မသာ အခု ဒီ ငါးယွမ်ကို ပြန်မယူရင် မနက်ဖြန်ကစပြီး ဒီအိမ်မှာ ထမင်း လာမစား ခိုင်းတော့ဘူးနော်"
ပညာသင်ကြားခွင့် မရခဲ့သော်လည်း နီချွေ့ဟွာသည် လူ့ကျင့်ဝတ်နှင့် ကတိကဝတ်များအား အလွန် တန်ဖိုးထားသူ ဖြစ်လေသည်။ အခြားသူအပေါ် အခွင့်အရေးယူခြင်းမှာ မှားယွင်းသော လုပ်ရပ် ဖြစ်ကြောင်း သူမ သိရှိထားလေသည်။ နီယန်၏ လက်ရာမှာ အရသာ ရှိလှသည်မှာ မှန်သော်လည်း ကုန်ကျစရိတ်မှာ ထိုမျှအထိ မများလှချေ။ ထို့ပြင် နီချန်ကွေ့နှင့် သူမတို့ကြား ဆက်ဆံရေးမှာလည်း မိသားစုကဲ့သို့ပင် ရင်းနှီးလှသဖြင့် ထိုငါးယွမ်အတွက် အငြင်းပွား မနေလိုခြင်းလည်း ဖြစ်လေသည်။
နီချွေ့ဟွာ၏ အတင်းအကျပ် ပြောဆိုမှုများကြောင့် နီချန်ကွေ့မှာ ငါးယွမ်အား ပြန်ယူလိုက် ရတော့သည်။ သူမ၏ စိတ်ထဲတွင်မူ နီချွေ့ဟွာ အပေါ် သဘောကျ လေးစားမှုများ ပိုမို၍ တိုးပွားလာခဲ့သည်။
ထိုအချိန်တွင် နီယန်မှာ မီးဖိုချောင်ထဲ၌ အလုပ်ရှုပ်နေခဲ့သည်။ သူမသည် မနက်ဖြန် မနက် သခင်မကြီး မိုထံသို့ ပို့ဆောင်ပေးမည့် စားသောက် ဖွယ်ရာများအား ပြင်ဆင်နေခြင်း ဖြစ်လေသည်။ လူကြီးပိုင်း ဖြစ်သဖြင့် အစားအသောက် အမြဲတမ်း တစ်သမတ်တည်း ဖြစ်နေပါက ငြီးငွေ့သွားနိုင်သည်ကိုလည်း ထည့်သွင်းစဉ်းစားကာ နီယန်သည် ဟင်းလျာစာရင်းအား အသေအချာ ရေးဆွဲထားခဲ့ခြင်း ဖြစ်သည်။
မနက်ဖြန် အင်္ဂါနေ့အတွက် ပြင်ဆင်ထားသည့် မီနူးစာရင်းမှာ အောက်ပါအတိုင်း ဖြစ်လေသည်။
၁။ ပေါင်မုန့်ကင်
၂။ တောကြက်မောက်သီးပျော့ ဆန်ပြုတ်
သဲဖေး ဆေးဖက်ဝင် အပင်များ ကျမ်းတွင် "တောကြက်မောက်သီးသည် ဘေလုံးနှင့် အစာအိမ်အား အားဖြည့်ပေးကာ သွေးနှင့် နှလုံးအား အားကောင်းစေ သည့်အပြင် ကိုယ်တွင်းအင်္ဂါငါးခုကိုလည်း စိုပြည်စေကာ ရင်တုန်ခြင်းကိုလည်း ကုသပေးနိုင်သည်" ဟု ဖော်ပြထားပါသည်။ သက်ကြီးရွယ်အိုများသည် များသောအားဖြင့် ခွန်အားနှင့် သွေးအား နည်းပါး လေ့ရှိကြသည်။ ဤဆန်ပြုတ်သည် ခံတွင်းမြိန်စေ ရုံသာမက ခွန်အားနှင့် သွေးအားကိုလည်း ပြန်လည်၍ ပြည့်ဝစေပြီး ခန္ဓာကိုယ်ကို အာဟာရ ဖြစ်စေပါသည်။
၃။ ကြက်နားရွက်မှို ချဉ်စပ်သုပ်
လင်းနန်ဒေသမှ ထုတ်နှုတ် ကောက်ယူရရှိသော ဆေးဖက်ဝင် အပင်များ မှတ်တမ်း' တွင် "ကြွက်နားရွက်မှိုများအား အပူနှင့် စိုထိုင်းဆကြောင့် ဖြစ်သော ဝမ်းကိုက်ရောဂါကို ကုသရာတွင် အသုံးပြုသည်" ဟု ဆိုထားပါသည်။
'ဖူကျန့် ရိုးရာဆေးဖက်ဝင် အပင်များကျမ်း' တွင် "ကြွက်နားရွက်မှိုများသည် အပူကန်ခြင်းကိုလည်း သက်သာစေပြီး အူလမ်းကြောင်းကို ချောမွေ့စေကာ အနာစိမ်းများကိုလည်း ပျောက်ကင်း စေသည့်အပြင် အဆိပ်ပြေစေကာ အူအတက်ရောင်ခြင်းကိုလည်း ကုသပေးသည်" ဟု မှတ်တမ်းတင်ထားပါသည်။
ထို့ကြောင့် သက်ကြီးရွယ်အိုများအတွက် အထူးသဖြင့် အဆစ်အမြစ်ရောင်ရမ်းခြင်း ရောဂါ ခံစားနေရသူများအတွက် ဤမှိုများသည် အလွန် ထူးခြားကောင်းမွန်သော ဟင်းလျာတစ်ပွဲ ဖြစ်ပေသည်။ အဆစ်အမြစ်ရောင်ရမ်းခြင်း ရောဂါသည် သက်ကြီးရွယ်အိုများကြားတွင် အဖြစ်များ လေ့ရှိသည့် ရောဂါတစ်မျိုးပင် ဖြစ်ပေသည်။
နီယန်သည် သူမအား ငွေပေးထားသော လီကုန်းချန်းအပေါ် တာဝန်ကျေပွန်စေရန် စေတနာ အပြည့်ဖြင့် ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည့် အပြင် သခင်မကြီး မို စားကောင်းစေရန် သာမက ကျန်းမာရေးနှင့် ညီညွတ်စေရန် အတွက်ပါ သူမ သေသေချာချာ စီစဉ်ထားခဲ့ခြင်း လည်း ဖြစ်သည်။
ဟင်းပွဲစာရင်းအား အတည်ပြု ပြီးသည့်နောက်တွင် နီယန်သည် မုန့်နှစ်အား အချဉ်ဖောက်ဖို့ရန် အတွက် စတင်နယ်ထားလိုက်ကာ နောက်တစ်နေ့ မနက်တွင် ဖုတ်ရန် အတွက် ထားထားလိုက်လေတော့သည်။
မီးဖိုချောင် အလုပ်များ ပြီးဆုံးသွားချိန်တွင် နီယန်တစ်ယောက် ရေချိုးလိုက်ပြီးနောက် ယနေ့ရရှိသည့် ငွေများအား မိခင်ဖြစ်သူထံသို့ သွားရောက် အပ်နှံလိုက်လေသည်။ ယနေ့တွင် ခေါက်ဆွဲ ပွဲပေါင်း ခြောက်ရာကျော်နှင့် ဆီးသီးရည် သုံးရာကျော် ရောင်းချခဲ့ရသဖြင့် စုစုပေါင်း ၂၁၀ ယွမ် ရရှိခဲ့လေသည်။
ဤရက်ပိုင်းအတွင်း နီယန်သည် တစ်ရက်ထက် တစ်ရက် ပိုက်ဆံ ပိုရှာလာနိုင်တာကြောင့် နီချွေဟွာသည်လည်း ထိုအရာအား တဖြည်းဖြည်းနှင့် ကျင့်သားရလာခဲ့ပါပြီ ဖြစ်သည်။
"အမေ"
နီယန်သည် ဆံပင်များအား သုတ်ရင်း မေးလိုက်လေသည်။
"ကျွန်မတို့ အခု စုစုပေါင်း ငွေဘယ်လောက်ရှိပြီလဲဟင်"
သူမ ခေါက်ဆွဲ ရောင်းလာသည်မှာ နှစ်လနီးပါး ရှီပြီ ဖြစ်သော်လည်း ဆိုင်ခန်း တစ်ခန်း ဝယ်ရန် အတွက် မည်မျှ ထပ်မံ လိုအပ်ဦးမည်အား သူမမသိချေ။
"အမေ သွားရေတွက်ကြည့်လိုက်ဦးမယ်"
နီချွေ့ဟွာမှ ပြန်ပြောလိုက်သည်။ ဤ အချိန်အတော အတွင်း နီချွေ့ဟွာသည် ပိုက်ဆံများအား ဝှက်ထားရုံသာ သိမ်းဆည်းပေးထားခဲ့ခြင်း ဖြစ်ကာ တစ်ကြိမ် တစ်ခါမှ မရေတွက်ခဲ့ဖူးချေ။
“ဉစ္စာဟူသည် လူမသိစေရ “ ဆိုသည့် စကားပုံအတိုင်း ပိုက်ဆံများ ထုတ်မယူလာခင် နီချွေ့ဟွာသည် အခန်းတံခါးနှင့် ပြတင်းပေါက်များကို လုံအောင်ပိတ်လိုက်ပြီးနောက် လိုက်ကာများအား ဆွဲလိုက်ကာ ကုတင်အောက်မှ သေတ္တာနီလေး တစ်လုံးကို ထုတ်ယူလာခဲ့လေသည်။
သေတ္တာအား ဖွင့်လိုက်သည်နှင့် သားအမိ နှစ်ယောက်စလုံး အံ့သြ မှင်တက်သွားကြလေသည်။ သေတ္တာထဲတွင် ငွေစက္ကူများနှင့် အကြွေစေ့များမှာ အပြည့်အနှက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
၅ဆင့်တန် အကြွေစေ့များ ၁၀ ဆင့်တန် ငွေစက္ကူများ နှင့် တန်ဖိုးကြီး ငွေစက္ကူများ လည်း ပါရှိပေသည်။ နီချွေ့ဟွာသည် ပိုက်ဆံများ ထည့်နေချိန် အလုပ်များနေသည့် အတွက် သေတ္တာထဲတွင် ပြည့်လျှံနေခဲ့ပြီ ဆိုသည်အား သတိမထားမိခဲ့ချေ။
"ငွေတွေ အများကြီးပါလား"
နီယန်မှ ငွေများ အားလုံးကို ကုတင်ပေါ်သို့ မှောက်ချလိုက်လေရာ သူမ၏ မျက်လုံးများမှာ အရောင်တောက် သွားခဲ့တော့သည်။ နီချွေ့ဟွာမှ အံ့အားတကြီး ရေရွတ်လိုက်လေသည်။
"အမေ့ တစ်သက်နဲ့တစ်ကိုယ် ဒီလောက်များတဲ့ ငွေမျိုး တစ်ခါမှ မမြင်ဖူးဘူး"
ထို ပိုက်ဆံများ အားလုံးသည် မိမိ၏ သမီးလေး ကိုယ်တိုင် ရှာဖွေထားသော ငွေများ ဖြစ်သည်ဟု တွေးမိသောအခါ သူမ၏ ရင်ထဲတွင် ဂုဏ်ယူမှုများဖြင့် ဝေဆာနေလေတော့သည်။ သူမ၏ သမီးသည် အလွန်ပင် တော်လှပေသည်။
“အမေ သမီးတို့ ပိုက်ဆံ ဘယ်လောက်ရှိလဲ ဆိုတာ ရေတွက်ကြည့်ရအောင်”
“ကောင်းပြီ”
ဟု ပြောရင်း နီချွေ့ဟွာ ခေါင်းငြိမ့်ပြလိုက်လေသည်.
သားအမိနှစ်ယောက်သည် ကုတင်ပေါ်တွင် ထိုင်လျှက် ငွေများကို စတင် ရေတွက်ကြကုန်တော့သည်။ ဆယ့်ငါးမိနစ်ခန့် အကြာတွင် နီယန်မှ ပြောလိုက်လေသည်။
"သမီးဆီမှာ ၄၉၆၅ ယွမ်နဲ့ ၃ ပြား ရှိတယ် အမေ့ဆီမှာရော"
နီချွေ့ဟွာမှ အံ့သြမှုအား ထိန်းချုပ်ရင်း မေးလိုက်သည်။
"အမေ့ဆီမှာ ၃၀၃၅ ယွမ်နဲ့ ၉၇ ပြား ရှိတယ် အားလုံးပေါင်းရင် ဘယ်လောက်လဲ"
နီယန်မှ ချက်ချင်းပင် ပြန်ဖြေလိုက်လေသည်။
"စုစုပေါင်း ၈၀၀၁ ယွမ် ရှိတယ် အမေ"
"ရှစ် ရှစ်ထောင်ယွမ် ဟုတ်လား"
နီချွေ့ဟွာမှာမူ တံတွေးအား ခက်ခက်ခဲခဲ မြိုချရင်း မယုံကြည် နိုင်လောက်သည့် အသံဖြင့် ပြန်မေးလိူက်လေသည်။
‘ဘုရားရေ ‘
မမည်ကဲ့သို့ ငွေများသည် ထိုမျှ များပြားသွားရလေသနည်း။
သူမသည် ထိုမျှသော ပိုက်ဆံများအား တစ်ကြိမ်တစ်ခါမှ တွေးတောင်မတွေးမိဖူးခဲ့ချေ။
ယွမ် ရှစ်ထောင်...
ယွမ်ရှစ်ထောင် ဆိုသည်မှာ သာမန်လူ တစ်ယောက် နှစ်ပေါင်းများစွာ စုဆောင်းရမည့် ပမာဏထက်ပင် ပိုမိုများပြားလှပေသည်။ ဤသည်မှာ အမှန်ပင် အံ့သြတုန်လှုပ်စရာ ကောင်းလှပေသည်။
နီချွေ့ဟွာ အလွန်အမင်း တုန်လှုပ်နေသော်လည်း နီယန်၏ မျက်နှာတွင်မူ နီချွေ့ဟွာ၏ မျက်နှာထားနှင့် ဆန့်ကျင်စွာ ထူးခြားသော အရိပ်အယောင် မရှိချေ။ ရှစ်ထောင်ယွမ် ရရှိခြင်းမှာ သူမ ခန့်မှန်းထားသည့် အတိုင်းပင် ဖြစ်နေသောကြောင့်ပင် ဖြစ်လေသည်။
***