ရှစ်ဆယ်ခုနှစ်များဆိုသည်မှာ စီးပွားရေး အခွင့်အလမ်းများနှင့် ပြည့်နှက်နေသည့် ကာလဖြစ်သောကြောင့် ငွေရှာရသည်မှာ အလွန်ပင် လွယ်ကူလှပေသည်။ နီယန်မှ ရယ်မောလျက် ပြောပြလိုက်သည်။
“အမေ အံ့သြမနေပါနဲ့ တကယ်တော့ ရှစ်ထောင်ဆိုတာ သိပ်များတာမှ မဟုတ်တာ သမီး သဘောကျနေတဲ့ ဆိုင်ခန်းက တစ်စတုရန်းမီတာကို ၅၀၈ ယွမ် ရှိတယ် စုစုပေါင်း စတုရန်းမီတာ ၅၀ ဆိုတော့ ယွမ် နှစ်သောင်းကျော် လောက် ကျလိမ့်မယ် အခု သမီးတို့ဆီမှာ ရှိတဲ့ငွေက အဲဒီပမာဏရဲ့ တစ်ဝက်တောင် မရှိသေးဘူးလေ”
တွက်ချက် ကြည့်ပြီးနောက် သူမသာ ကြိုးကြိုးစားစား လုပ်ကိုင်ပါက ယခုနှစ်ကုန်ခန့်တွင် ဆိုင်ခန်းတစ်ခန်း ဝယ်နိုင်လိမ့်မည် ဖြစ်ကြောင်း သူမ နားလည်သွားခဲ့သည်။ အနာဂတ်တွင် ပေကျင်းမြို့၏ အိမ်ခြံမြေဈေးနှုန်းများ အထူးသဖြင့် စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံများ၏ ဈေးနှုန်းများမှာ မိုးကဲ့သို့ ထိုးတက်သွားမည် ဖြစ်ပေသည်။ ထို့ကြောင့် နီယန်သည် ဆိုင်ခန်းများနှင့် အိမ်များအား ပိုမို ဝယ်ယူ၍ ရင်းနှီးမြှုပ်နှံ ထားရန် ဆုံးဖြတ် လိုက်လေတော့သည်။
နောင်တစ်ချိန်တွင် သူမအနေဖြင့် ခေါက်ဆွဲရောင်းသည့် အလုပ်အား လုပ်စရာ မလိုတော့သည့်အခါ နီချွေ့ဟွာသည် အိမ်တွင် ထိုင်လျက် အိမ်လခ ကောက်ရုံမျှဖြင့် သက်တောင့်သက်သာ နေနိုင်မည် ဖြစ်သည်။ သာယာလှပသော အနာဂတ်အား တွေးမိသည်နှင့် နီယန်၏ နှုတ်ခမ်းထက်တွင် အပြုံးပန်းများ ပွင့်လန်းလာလေတော့သည်။ နီချန်ကွေ့မှ အံ့သြတကြီးဖြင့် မေးလိုက်သည်။
“ဆိုင်ခန်းတွေက ဘာလို့ အဲဒီလောက် ဈေးကြီးရတာလဲ”
နီယန် ရယ်မောလိုက်ကာ ပြန်ဖြေပေးလိုက်သည်။
“နေရာကောင်းလို့လေ ဒီဈေးက တန်နေပါပြီ”
ဤခေတ်အခါတွင် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းသည် ဂုဏ်သိက္ခာရှိသော အလုပ်တစ်ခု အဖြစ် မသတ်မှတ်ကြသေးသဖြင့် လူအများစုမှာ စီးပွားရေး လုပ်ရန် အတွက် ဝန်လေးနေကြသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းသုံး အဆောက်အအုံများ၏ ဈေးနှုန်းများလည်း အမှန်တကယ် နိမ့်ကျနေရခြင်းပင် ဖြစ်သည်။
နီယန်မှ ဈေးတန်သည်ဟု ထင်သော်လည်း အခြားသူများမှာမူ ဈေးကြီးသည်ဟု မြင်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ဤခေတ်တွင် အလုပ်သမား တစ်ဦး၏ ပျမ်းမျှလစာမှာ တစ်လလျှင် ယွမ်သုံးဆယ် လေးဆယ်ခန့်သာ ရှိသောကြောင့်ဖြစ်သည်။
**
လီရှင်းရှင်းသည် မိုမိသားစုအိမ်မှ ပြန်လာ ပြီးနောက် အများသုံး ဖုန်းရုံတစ်ခု မှနေ၍ ဒမ်ကျေးရွာသို့ ဖုန်းခေါ်ဆိုလိုက်လေသည်။ ဖုန်းလိုင်း ချိတ်ဆက်ရန် အချိန်ယူရ သည့်အပြင် လီရှုအား သွားခေါ်ရသည် ဖြစ်ရာ နာရီဝက်ခန့် ကြာမြင့်သွားလေသည်။
လီရှုသည် ဖုန်းအား ကိုင်လိုက်ချိန်တွင် သူမ၏ သမီးဖြစ်သူမှ နီယန်အကြောင်း မေးမြန်းလာမည်အား စိုးရိမ်သဖြင့် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့လေသည်။ ထင်သည့် အတိုင်းပင် နှုတ်ဆက် ပြီးသည်နှင့် လီရှင်းရှင်း မေးလိုက်သည့် ဒုတိယမြောက် မေးခွန်းမှာ နီယန်အကြောင်းပင် ဖြစ်နေခဲ့သည်။ လီရှုသည် တံတွေး မြိုချလိုက်ကာ မိမိကိုယ်ကို တည်ငြိမ်အောင် ထိန်းလျှက် ပြောလိုက်သည်။
“ရှင်းရှင်း စိတ်မပူပါနဲ့ မုယန်ဆိုတဲ့ အဲဒီ ကောင်မစုတ်ကို လူပျိုကြီး တစ်ယောက်က ခေါ်သွားပြီ”
ဤအခြေအနေတွင် လီရှုအနေဖြင့် အမှန်တရားအား ဖုံးကွယ်ထားရန် အတွက်သာ ရွေးချယ်နိုင်လေတော့သည်။ အကယ်၍ သူမသာ လီရှင်းရှင်းအား အမှန်အတိုင်း ပြောပြလိုက်ပါမူ ဤမျှ ရိုးရှင်းသော ကိစ္စလေးကိုပင် မကိုင်တွယ်နိုင်ဟု ဆိုကာ လီရှင်းရှင်းမှ သူမအား အပြစ်တင်မည်မှာ သေချာလှပေသည်။ အရည်အချင်း မရှိသည့် မိခင်တစ်ဦးအဖြစ် သမီးဖြစ်သူ၏ အထင်သေးခြင်းအား သူမ မခံလိုချေ။
နီယန်သည် သူမ၏ အရည်အချင်း မရှိသည့် မိခင် နှင့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော ညီမဖြစ်သူ အပါအဝင် မိန်းမနှစ်ယောက် နှင့်အတူ ပြားစေ့တစ်စေ့မျှ မပါဘဲ ဒမ်ကျေးရွာမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်ဆိုလျှင် သူတို့ ငတ်သေနေလောက်ပြီ ဖြစ်မည်။ ပေကျင်းမြို့ကဲ့သို့ အဝေးကြီးတွင် ရောက်နေသည့် လီရှင်းရှင်း အတွက် သူတို့သည် မည်သည့် ခြိမ်းခြောက်မှုမှ မဖြစ်နိုင်တော့ချေ။
ထို့အပြင် နီယန်သည် တောသူမလေး တစ်ယောက်မျှသာ ဖြစ်သည်။ သူမ၏ သမီး လီရှင်းရှင်းသည် တက္ကသိုလ် ကျောင်းသူ တစ်ဦးဖြစ်ကာ အဆင့်အတန်း မြင့်မားသူ တစ်ဦး၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သည့်အပြင် တောက်ပလှသည့် အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်လေသည်။ လီရှင်းရှင်းနှင့် နှိုင်းယှဉ်လျှင် နီယန်သည် ဘာမှမဟုတ်ချေ။ ဤသို့ တွေးလိုက်မိသောအခါ လီရှု၏ စိတ်ထဲတွင် များစွာ သက်သာရာ ရသွားလေတော့သည်။ တစ်စုံတစ်ရာ လွတ်ဟင်းသွားမည်အား စိုးရိမ်သဖြင့် လီရှင်းရှင်းမှ မေးလိုက်သည်။
“ဒါနဲ့ အမေ မုယန်ရဲ့ အမေ မျိုးရိုးက နီ လား”
နီယန်အား နီယန်ဟု ခေါ်ရခြင်းမှာ သူမကဲ့သို့ပင် မိခင်၏ မျိုးရိုးနာမည်အား ယူထားသောကြောင့် ဖြစ်ကြောင်း လီရှင်းရှင်း မှတ်မိနေသေးသည်။ တကယ်တမ်းတွင် လီရှင်းရှင်းနှင့် နီယန်တို့သည် ဆင်တူသော မိသားစု နောက်ခံများမှ လာကြခြင်း ဖြစ်လေသည်။ ကံကောင်းထောက်မစွာဖြင့် သူမသည် ထိုလှောင်ချိုင့်ထဲမှ စောစီးစွာ ရုန်းထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။
“အေး ဟုတ်တယ် မုယန်ရဲ့ အမေ နာမည်က နီချွေ့ဟွာ လေ”
ဟု လီရှုမှ ပြန်ဖြေလိုက်လေသည်။ ဤစကားအား ကြားသောအခါ လီရှင်းရှင်းသည် များစွာ စိတ်အေး သွားလေတော့သည်။ သူမ အလွန်အမင်း တွေးပူနေမိခြင်းသာ ဖြစ်ပုံရသည်။
မုယန် ဆိုသည်မှာ နီယန်ပင် ဖြစ်လေသည်။ သခင်မကြီးမို အတွက် ဟင်းချက် ပေးနေသော ရှောင်နီ ဆိုသူမှာ နီယန်နှင့် မည်သို့မျှ ပတ်သက်မှု မရှိနိုင်ပေ။ လီရှင်းရှင်းမှ ဆက်၍ ပြောလိုက်လေသည်။
“အမေ မုယန်ကို သေချာ စောင့်ကြည့်ထားနော် သူ့ကို ထွက်ပြေးဖို့ ဒါမှမဟုတ် ပြန်လာဖို့ အခွင့်အရေး မပေးနဲ့”
ဤသို့ ပြောနေစဉ် အချိန်တွင် လီရှင်းရှင်း၏ မျက်လုံးများထဲတွင် ရက်စက် ယုတ်မာလှသော အရိပ်အယောင်တစ်ခု လက်ကနဲ ဖြတ်ပြေးသွားခဲ့သည်။
လီရှုသည် လီရှင်းရှင်းအနေဖြင့် နီယန်အား အဘယ်ကြောင့် ဤမျှ သတိထား နေရသနည်းဟု မေးချင်သော်လည်း သူမ၏ သမီးဖြစ်သူ တစ်စုံတစ်ရာ ရိပ်မိသွားမည်ကိုလည်း စိုးရိမ်သဖြင့် မေးခွန်းအား ဆက်လက် မမေးတော့ဘဲ မြိုသိပ်ထားလိုက်တော့သည်။
“ရှင်းရှင်း စိတ်ချပါ အမေ သူ့ကို လွတ်သွားခွင့် မပေးပါဘူး”
လီရှုမှ ဤသို့ ပြောနေစဉ် သူမ၏ ခြေထောက်များမှာ တုန်ယင်နေခဲ့လေသည်။ ကံကောင်းထောက်မစွာဖြင့် အစောပိုင်းတွင် လီရှင်းရှင်းအား အမှန်အတိုင်း မပြောပြမိ၍ သာ တော်သေးပေသည်။ သို့မဟုတ်လျှင် လီရှင်းရှင်း မည်မျှ ဒေါသထွက်မည်အား မသိနိုင်ပေ။ လီရှင်းရှင်းမှ ဆက်၍ ပြောလိုက်သည်။
“ဒါနဲ့ လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က အမေ့ဆီ ပိုက်ဆံ နည်းနည်း ပို့လိုက်သေးတယ် နောက်ရက် နည်းနည်းနေရင် ရောက်လိမ့်မယ် ထင်တယ် စာတိုက်မှာ သွားထုတ်ဖို့ မမေ့နဲ့ဦး”
“အေးပါ ရှင်းရှင်းရယ် အမေ သိပါပြီ”
လီရှုမှ ပြန်ဖြေလိုက်သည်။
“အဲဒီမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နော် အမေ့ သမီးကို စိတ်မပူရစေနဲ့”
လီရှင်းရှင်းသည် သာမာန်ကာလျှံကာ စကားအနည်းငယ် ပြန်ပြော ပြီးနောက် ဖုန်းချလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူမ၏ ရင်ထဲတွင် ဖိစီးနေသော ကျိုးတုံးကြီးမှာလည်း မြေပြင်ပေါ်သို့ လျှောကျ သွားလေတော့သည်။ ဖုန်းချပြီးနောက် လီရှုသည်လည်း သက်ပြင်းချလိုက်မိသည်။
မပြီးသေးဘူး.... သူမ အိမ်ပြန်ကာ ဘုရားစင်ရှေ့မှာ ဆုတောင်းရဦးပေမည်။ ထိုကောင်မစုတ်လေး နီယန် စောစောစီးစီး သေပါစေဟု ဘုရားရှင်မှ ကောင်းချီး ပေးပါစေကြောင်း ဆုတောင်းရဦးမည် ဖြစ်သည်။ သို့မဟုတ်လျှင် သူမ အမြဲတမ်း စိတ်ပူနေရပေလိမ့်မည်။
***