ချမ်းသာကြွယ်ဝမှု....
မိုချီရှန်သည် သူ ချမ်းသာကြောင်း သခင်မကြီးမိုအား ပြောခဲ့သည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီ ဖြစ်သော်လည်း သခင်မကြီးမိုမှာမူ သူ၏ စကားများအား တစ်ခါမျှ အလေးအနက် မထားခဲ့ချေ။
အကြောင်းမှာ မိုချီရှန်သည် အထက်တန်း ဒုတိယနှစ်တွင် ကျောင်းထွက်ခဲ့ပြီးနောက် အချိန်အတန်ကြာ ပျောက်ဆုံးနေခဲ့ကာ ထို့နောက်ပိုင်းတွင် ပညာဆက်လက် မသင်ကြားခဲ့သောကြောင့် ဖြစ်ပေသည်။
သူသည် တက္ကသိုလ်ဆိုဝေးစွ အထက်တန်းကိုပင် ပြီးဆုံးအောင် မသင်ကြားခဲ့ပေ။ ထို့ကြောင့် အများဆုံး ပြောရလျှင် မိုချီရှန်သည် အလယ်တန်းအဆင့် ပညာရေးသာ ရှိသည်ဟု ဆိုနိုင်ပေသည်။ ယနေ့ခေတ်တွင် စက်ရုံများသည် အနည်းဆုံး အထက်တန်း အောင်လက်မှတ် ရှိသူများကိုသာ အလုပ်ခန့်ကြသည်။
ထို့အပြင် မိုချီရှန်သည် မိုမိသားစု၏ မည်သည့် စီးပွားရေးလုပ်ငန်းတွင်မျှ ရာထူးတာဝန် မယူထားပေ။ သို့ဖြစ်ရာ ဤမျှ အားလပ်ချိန် များပြားလှနေသည့် အမျိုးသား တစ်ဦးတွင် ငွေမည်သို့ ရှိနိုင်လိမ့်မည်နည်း။
“အမေ့ရှေ့မှာ ဟန်ဆောင်မနေစမ်းပါနဲ့ မင်းရဲ့ ပိုက်ဆံတွေကို သိမ်းထားလိုက်စမ်းပါ”
သခင်မကြီးမိုသည် မိုချီရှန်၏ လက်အား ညင်သာစွာ ပုတ်လိုက် ပြီးနောက် အဓိပ္ပါယ်ပါပါ ပြောလိုက်လေသည်။
“အမေ့ရဲ့ ဆဋ္ဌမသားလေး မင်း ဒီဘဝမှာ ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရရမယ်လို့ အမေ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးဘူး မင်း ဘေးကင်း လုံခြုံနေရင် အဲဒါက အရေးအကြီးဆုံးပါပဲ ငါတို့ မိသားစုမှာ ပိုက်ဆံတွေ အများကြီး ရှိပါတယ် အဲဒါတွေ အားလုံးကို မင်းအတွက် အမေ စုဆောင်းထားတာပဲလေ ဒါကြောင့် အနာဂတ်အတွက် မင်း စိတ်ပူစရာ မလိုပါဘူး”
“အခု အမေ လိုချင်တာက မင်း ကျောက်မိသားစုက ကောင်မလေးကို ခေါ်လာပြီး အမေ့ကို ချစ်စရာကောင်းတဲ့ မြေးလေးတစ်ယောက် မွေးပေးဖို့ပဲ”
မိုချီရှန်သည် သူ၏ နှာခေါင်းအား မတတ်သာစွာ ပွတ်သပ် လိုက်ပြီးနောက် ရယ်မောကာ ပြောလိုက်လေသည်။
“ကျောက်ကျင့်ရုံက ပြင်သစ်က ပြန်လာတဲ့ ပညာတတ်လေ သားက သူ့အတွက် ထိုက်တန်တယ်လို့ အမေ ထင်လို့လား”
“ပေါက်ကရတွေ မပြောစမ်းနဲ့”
သခင်မကြီးမိုမှ ဆူပူလိုက်လေသည်။
“ကျောက်မိသားစုက အရမ်း ယုံကြည် စိတ်ချရပြီးတော့ သဘောထားကြီးတယ် ပြီးတော့ ကျင့်ရုံက တကယ်ကို ရှားပါးလှတဲ့ မိန်းကလေးကောင်းလေး တစ်ယောက်ပဲ မင်းတို့နှစ်ယောက်ကို ကြိုတင် စေ့စပ်ထားပြီးပြီ သူတို့ ကတိဖျက်မှာ မဟုတ်ပါဘူး”
သခင်မကြီးမိုနှင့် မိုဖူဟိုင်တို့သည် သဘောထား တိုက်ဆိုင်ကြလေသည်။ သူတို့ နှစ်ဦးစလုံး ကျောက်မိသားစုအပေါ် အပြည့်အဝ ယုံကြည်ထားကြလေသည်။
‘သဘောထားကြီးတယ် ဟုတ်လား’
‘ကျောက်မိသားစုဝင်တွေက တကယ်ကို သဘောထားကြီးကြတာပဲ’
မိုချီရှန်သည် ရယ်မောလိုက်ပြီးနောက် တိတ်တဆိတ်သာ နေလိုက်တော့သည်။ အပေါ်ထပ်သို့ တက်သွား ပြီးနောက် မိုချီရှန်သည် ဖုန်းတစ်ကော ခေါ်လိုက်လေသည်။
မိုချီရှန်သည် ဖုန်းအား ကိုင်ထားလိုက်ကာ သူ၏ ပုံမှန် သာမာန်ကာလျှံကာ ပေါ့ပျက်ပျက် အမူအရာနှင့် မတူဘဲ တည်ငြိမ်ကာ လေးနက် နေပုံပေါ်လေသည်။ အကယ်၍ အခြားသူများသာ သူ့ကို ယခုလို အခြေအနေမျိုးဖြင့် မြင်တွေ့ရပါက သေချာပေါက် အံ့အားသင့် သွားကြမည် ဖြစ်သည်။
ပုံမှန်အားဖြင့် မည်သည့် အလုပ်မှ မလုပ်ဘဲ အားလပ် နေတတ်သူ တစ်ဦးသည် မည်သည့်အချိန်တွင် ဤမျှ ပြင်းထန်လှသည့် အော်ရာ အငွေ့အသက်များအား ထုတ်လွှတ်လာနိုင်ခဲ့လေသနည်း။
“ဟယ်လို ကျောက်မိသားစုဆီ သတင်းပေါက်ကြားအောင် လုပ်ဖို့ အချိန်တန်ပြီ”
ထို စကားတစ်ခွန်းအား ပြောပြီးနောက် မိုချီရှန်သည် ဖုန်းချလိုက်လေသည်။ မျက်တောင် တစ်ခတ် အတွင်းမှာပင် မိုချီရှန်သည် သူ၏ ပုံမှန်အသွင်သို့ ပြန်လည်၍ ရောက်ရှိသွားခဲ့ကာ အစောပိုင်းမျ ဖြစ်ပျက်ခဲ့သည်များမှာ ထင်ယောင်ထင်မှား ဖြစ်ခဲ့သကဲ့သို့ပင် ဖြစ်သွားစေခဲ့သည်။
နောက်တစ်နေ့တွင်...
သခင်မကြီးမို အတွက် နံနက်စာ ပြင်ဆင်ပေးရမည် ဖြစ်၍ နီယန်သည် နံနက် ၃ နာရီတွင် အိပ်ရာမှ ထခဲ့လေသည်။ မမျှော်လင့်ဘဲ နီချွေ့ဟွာသည် သူမထက်ပင် စော၍ နိုးနေခဲ့သည်။
ထိုအချိန်တွင် နီချွေ့ဟွာသည် ပေါင်မုန့်ဖုတ်ရန် မီးဖိုအား မီးမွှေးထားပြီး ဖြစ်ရုံသာမက နီယန်၏ ဈေးဆိုင် အတွက် လိုအပ်သော ပစ္စည်းများ အားလုံးကိုလည်း သပ်ရပ်စွာ စီစဉ်ထားပြီး ဖြစ်လေသည်။ နီချွေ့ဟွာ၏ အကူအညီဖြင့် နီယန်၏ အလုပ်မှာ များစွာ မြန်ဆန်သွားခဲ့ပေသည်။
သူမသည် ပထမဦးစွာ တဆေး ဖောက်ထားသည့် မုန့်နှစ်များအား ပေါင်မုန့်ပုံစံ ဖြစ်အောင် ပြုလုပ်၍ ဖုတ်ရန် မီးဖိုထဲသို့ ထည့်လိုက်လေသည်။ ထို့နောက် သူမသည် ဟင်းများအား စတင် ကြော်လှော်လေတော့သည်။ ပါဝင်ပစ္စည်းများ အားလုံးကို ညအချိန်ကတည်းမှ ပြင်ဆင်ထားပြီး ဖြစ်ရာ သူမအနေဖြင့် ရေဆေးပြီး ချက်ပြုတ်ရန်သာ လိုအပ်ပေတော့သည်။
နီယန် ဟင်းကြော်နေစဉ် နီချွေ့ဟွာသည် မီးဖိုနားတွင် ထိုင်ကာ မီးမသေအောင် စောင့်ကြည့် ပေးနေလေသည်။
အချိန်တိုအတွင်းမှာပင် မီးဖိုချောင်ငယ်လေးသည် ဟင်းလျာများ၏ မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှက် သွားလေတော့သည်။ ဟင်းများ ကျက်သွားချိန်တွင် ပေါင်မုန့်များလည်း ကျက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ နီယန်သည် ပေါင်မုန့် ဒါဇင်ခန့် ဖုတ်ခဲ့လေသည်။
သခင်မကြီးမိုအား ပေးရန်အတွက် နှစ်လုံးအား ယူထားပြီးနောက် သူမကိုယ်တိုင် တစ်လုံးစားကာ ကျန်ခုနစ်လုံးအား နီချွေ့ဟွာနှင့် နီချန်ကွေ့တို့အတွက် ချန်ထားခဲ့လေသည်။ ဆန်ပြုတ်ပူပူလေး သောက်ရင်း ပေါင်မုန့်လေး ကိုက်စားကာ မုန်လာဥချဉ်လေး မြည်းရသည့် နံနက်စာလောက် ကောင်းသည်မှာ မည်သည့်အရာမှ မရှိတော့ချေ။
နံနက်စာစားပြီး အရာအားလုံး ပြင်ဆင်ပြီးနောက် နီယန်သည် မနက်ခင်းဈေးသို့ ထွက်ခွာလာခဲ့သည်။ နံနက် ၅ နာရီခွဲတွင် နီယန်သည် မနက်ခင်းဈေးသို့ အချိန်မီ ရောက်ရှိလာခဲ့သည်။ ယနေ့တွင် သူမသည် ပုံမှန်ထက် စော၍ ရောက်လာသော်လည်း သူမအား စောင့်ဆိုင်းနေသည့် ဖောက်သည် အတော်များများ ရှိနေခဲ့ပြီ ဖြစ်သည်။
“သူဌေးမလေး နောက်ဆုံးတော့ ရောက်လာပြီပဲ ဒီမနက် ဆီးသီး ချိုချဉ်ရည် ပါသေးလား”
နီယန်မှ ပြုံး၍ ပြန်ဖြေလိုက်လေသည်။
“ပါပါတယ်ရှင် ဒီမနက်အတွက် ပွဲ ၅၀၀ စာ ပြင်ဆင်လာပါတယ်”
လူတိုင်း၏ အကူအညီဖြင့် မီးဖိုနှင့် စားပွဲ၊ ကုလားထိုင်များ ခင်းကျင်းရန် အချိန် သိပ်မကြာလိုက်ပေ။ လီကုန်းချန်သည် ယနေ့နံနက်တွင် ပုံမှန်ထက် အနည်းငယ် နောက်ကျမှ ရောက်လာသဖြင့် သူ၏အလှည့် ရောက်သောအခါ သူ၏ ဓာတ်ဘူးအား နီယန်ထံ ကမ်းပေးရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
“ရှောင်နီရေ ငါတို့ အဘွားက မင်းလုပ်တဲ့ နံနက်စာကို အရမ်းကြိုက်သွားပြီကွ နောက်ဆိုရင် သူ့အတွက် နေ့တိုင်း နံနက်စာ လုပ်ပေးလို့ ရမလား”
ငွေပေးသူသည် သူဌေးဖြစ်ကာ သူဌေးပြောသည့် အတိုင်း လုပ်ရမည်သာ ဖြစ်ပေသည်။ နီယန်သည် ဓာတ်ဘူးအား ယူလိုက်ပြီးနောက် ပြုံးလျှက် ပြန်မေးလိုက်လေသည်။
“ရပါတယ်ရှင် ဒါ ကျွန်မရဲ့ တာဝန်ပဲလေ ဒီမနက် အဘွားက ပုံမှန် နံနက်စာပဲ စားချင်တာလား”
လီကုန်းချန်မှ ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်တယ် ပြီးတော့ ဆီးသီး ချိုချဉ်ရည် တစ်ခွက်လည်း ပေးပါအုန်း”
သူ ဆီးသီး ချိုချဉ်ရည်များ သောက်ဖူးသော်လည်း ထိုအချိုရည်များသည် နီယန် လုပ်သည့် အချိုရည် ၏ သုံးပုံတစ်ပုံမျှပင် အရသာ မကောင်းလှပေ။ တစ်ငုံ သောက်လိုက်သည်နှင့် လီကုန်းချန်သည် ထိုအရသာအား စွဲလန်းသွားခဲ့သည်။ အလွန်ပင် ကောင်းမွန်လှပေသည်။
လီကုန်းချန် သူ၏ ခေါက်ဆွဲကို စားပြီးနောက် မိုအိမ်တော်သို့ ရောက်ရှိလာချိန်တွင် အချိန်မှာ တိတိကျကျ နံနက် ခုနစ်နာရီ ထိုးနေခဲ့ပြီ ဖြစ်သည်။ ထိုအချိန်တွင် သခင်မကြီးမိုသည် ဧည့်ခန်းထဲ၌ စိတ်မရှည်စွာဖြင့် စောင့်ဆိုင်းနေခဲ့လေသည်။ သခင်မကြီးမိုမှ ပြောလိုက်သည်။
***