"ရှောင်လီ"
လီကုန်းချန်အား မြင်သည်နှင့် သခင်မကြီးမိုမှာ ဝမ်းသာအားရဖြင့် မတ်တတ် ထရပ် လိုက်မိလေသည်။ လီကုန်းချန်မှ သူသယ်လာသည့် အိတ်ကလေးအား အဘွားအိုထံ ကမ်းပေးလိုက်ရင်း ရိုသေစွာ ပြောဆိုလိုက်လေသည်။
"အဘွား ဒါက ဒီနေ့မနက်အတွက် နံနက်စာပါ"
"ကောင်းပြီ ကောင်းပြီ"
အဘွားအိုသည် အိတ်ကလေးအား ချက်ချင်း ဖွင့်ကြည့် လိုက်သော်လည်း အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် မေးလိုက်လေသည်။
"ဒီနေ့မနက်တော့ ဆီးသီးချိုချဉ်ရည် မပါဘူးလား"
ထိုအခါ လီကုန်းချန်မှ ရှင်းပြလိုက်လေသည်။
"သူဌေးမလေး ရှောင်နီက သက်ကြီးရွယ်အိုတွေ အချို အရမ်းစားတာ သိပ်မကောင်းဘူးတဲ့ ဒါကြောင့် အဘွားအတွက် ဆီးသီးချိုချဉ်ရည် မထည့်ပေးလိုက်တာပါ"
"အို"
သခင်မကြီးမိုမှ ခေါင်းညိတ် ပြလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ဒီသူဌေးမလေး ရှောင်နီက တော်တော်လေး သိတတ်တာပဲ"
ထူးဆန်းစွာပင် သခင်မကြီးမို၏ ရင်ထဲ၌ နွေးထွေးမှုတစ်ခုအား ခံစားလိုက်ရလေသည်။ ဆီးသီးချိုချဉ်ရည် မပါလာသည်မှာ ကိစ္စမရှိပါချေ။ မည်သို့ပင်ဖြစ်စေ သူဌေးမလေး ရှောင်နီ၏ ဟင်းချက်လက်ရာမှာမူ ထိပ်တန်းအဆင့်တွင် ရှိနေသည် မဟုတ်ပါလော။ ယခုဆိုလျှင် သခင်မကြီးမိုသည် နီယန်၏ နံပါတ်၁ အမာခံပရိသတ် ဖြစ်နေပြီမှာ သေချာလှပေသည်။ လီကုန်းချန်မှ ဆက်လက်၍ ခွင့်တောင်းလိုက်လေသည်။
"အဘွား အရင်စားနှင့်ပါဦး ကျွန်တော် သွားလိုက်ပါဦးမယ်"
"အေးအေး မင်းအလုပ်မင်း သွားလုပ်ချေ"
လီကုန်းချန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် သခင်မကြီးမိုသည် ထမင်းချိုင့်အား ဖွင့်ကြည့် လိုက်လေတော့သည်။ ယနေ့ ထမင်းချိုင့်မှာ ယမန်နေ့က အရာ နှင့် အစုံလိုက် ဖြစ်ကာ စုစုပေါင်း သုံးဆင့် ပါဝင်လေသည်။
ပထမအဆင့်တွင် တောကြက်မောက်သီးပျော့ ဆန်ပြုတ် ပါဝင်ကာ ဒုတိယအဆင့်၌မူ ကြွက်နားရွက်မှို ချဉ်စပ်သုပ် ပါဝင်လေသည်။ တတိယအဆင့်တွင်မူ ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အရာနှစ်ခု ပါဝင်နေခဲ့ကာ မည်သည့်အရာမှန်း သဲသဲကွဲကွဲ မသိရချေ။
သခင်မကြီးမိုသည် စူးစမ်းလိုစိတ်များ ပြင်းပြလာသဖြင့် ဆီစိမ်စက္ကူများအား တစ်လွှာချင်း အသာအယာ ဖြေချလိုက်လေရာ မွှေးကြိုင်လှသည့် နို့နံ့သင်းသင်းလေးတစ်ခုသည် နှာခေါင်းဝသို့ ချက်ချင်း လွင့်ပျံလာလေတော့သည်။
သူမ၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ရွှေရောင် ဝင်းလက်နေသည့် ပေါင်မုန့်တစ်လုံးပင် ဖြစ်လေသည်။ ပေါင်မုန့်၏ အပြင်သားမှာ ကျွတ်ရွနေခဲ့ကာ အတွင်းသားလေးမှာမူ နူးညံ့အိစက်နေလေသည်။ သူမသည် ပေါင်မုန့်အား ဖြည်းညင်းစွာ ဖဲ့ယူ လိုက်သောအခါ အတွင်းမှ အခိုးအငွေ့လေးများ ထွက်ပေါ်လာသည်ကိုလည်း မြင်တွေ့လိုက်ရသည်။ အမှန်ပင် မွှေးကြိုင်လှပေသည်။ အဘွားအိုမိုသည် အသက်အား ပြင်းပြင်း ရှူသွင်းလိုက်မိတေ့ာသည်။
ထို ရှောင်နီဆိုသော ကောင်မလေးသည် မနက်တိုင်း သူမအား အံ့အားသင့်အောင် လုပ်နိုင်စွမ်း ရှိလှသည်။ အဘွားအိုမိုသည် ပေါက်စီများ မန်ထိုများနှင့် အပြင်မှ ဝယ်လာသည့် ပေါင်မုန့်များအား စားဖူးသော်လည်း ဤမျှ အရသာရှိလှကာ မွှေးကြိုင်လှသော ပေါင်မုန့်မျိုးအား ယခုမှ ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်ပေသည်။
အရသာမှာလည်း အမှန်တကယ် အံ့မခန်းပင် ဖြစ်ချေသည်။ သူမသည် အဘယ်ကြောင့် ရှောင်နီဆိုသူ ကောင်မလေးအား ဤမျှလောက် သဘောကျနေရလေသနည်း။ သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ချိန်တွင် တစ်ခါမျှပင် မဆုံဖူးသေးသည့် ရှောင်နီဆိုသည့် မိန်းကလေးအပေါ် သံယောဇဉ်တွယ်နေမိပြီ ဖြစ်သည်။
မကြာမီမှာပင် မိုဘိုင်ချွမ်းသည် အပေါ်ထပ်မှ ဆင်းလာခဲ့ကာ အဘွားအိုမိုအား တက်ကြွစွာ နှုတ်ဆက်လိုက်လေသည်။
"မင်္ဂလာနံနက်ခင်းပါ အဘွား"
"ချွမ်ချွမ် လာလေ အဘွားနဲ့ နံနက်စာ လာစားပါဦး"
ဟု အဘွားအိုမိုမှ သူ့အား လက်ယပ် ခေါ်လိုက်လေသည်။ မိုဘိုင်ချွမ်းလည်း အဘွားခေါ်သည့်အတိုင်း အနားသို့ လျှောက်သွားလိုက်လေသည်။ အဘွားအိုမိုသည် ကျန်နေသေးသည့် ပေါင်မုန့်အား မိုဘိုင်ချွမ်းထံ ကမ်းပေးလိုက်တော့သည်။ သို့သော် မိုဘိုင်ချွမ်းမှ ညင်သာစွာ ငြင်းပယ်လိုက်ရင်း ပြောလိုက်လေသည်။
"မနက်ခင်းဆို ကျွန်တော် သိပ်ခံတွင်းမတွေ့လို့ပါ အဘွားရာ အဘွားစားတာကိုပဲ ကြည့်နေပါ့မယ်"
"ခံတွင်းမတွေ့ဘူး ဟုတ်လား"
အဘွားအိုမိုမှ ရယ်မောလိုက်ရင်း ပြောလိုက်လေသည်။
"ချွမ်ချွမ် ရှောင်နီလုပ်ထားတဲ့ အစားအစာတွေကို စားကြည့်လိုက်ရင် မင်း ချက်ချင်း ခံတွင်း ပြန်တွေ့လာလိမ့်မယ်လို့ အဘွား အာမခံတယ်ကွယ်"
‘ရှောင်နီ’
‘နီယန်’
‘ဒါကို နီယန် လုပ်ထားတာလား’
မိုဘိုင်ချွမ်းသည် သူ၏ မျက်လုံးများအား မသိမသာ မှေးစင်းလိုက်မိသည်။
'နီယန် မင်းက တကယ်ကို ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ'
သူမသည် သူ့အပေါ် အလေး မထားသကဲ့သို့ ဟန်ဆောင် နေသော်လည်း ကွယ်ရာတွင်မူ သူ၏ မိသားစုဝင်များ ပျော်ရွှင်စေရန် လုပ်ဆောင်ပေးနိုင်စွမ်း ရှိနေခဲ့သည်။ ဤသည်မှာ တမင်တကာ လိုက်ရခက်ခဲသည့် ပုံစံဖြင့် မူနေခြင်း မဟုတ်ပါလော။ အဘွားအိုမိုမှ ဆက်လက်၍ တိုက်တွန်း ပြောဆိုလိုက်လေသည်။
"ချွမ်ချွမ် မင်း တစ်လုတ်လောက် စားကြည့်ပါလား အရင်တုန်းကဆို အဘွားလည်း မင်းလိုပဲ သိပ်ပြီး ခံတွင်းမတွေ့ဘူး ဒါပေမယ့် ရှောင်နီ လုပ်တဲ့ အစားအစာတွေကို စားပြီးကတည်းက အများကြီး သက်သာလာတယ်"
မရိုးသားသော ရည်ရွယ်ချက်များ ရှိနေသည့် အမျိုးသမီး တစ်ဦး လုပ်ထားသည့် အစားအစာအား မည်သူက စားချင်လိမ့်မည်နည်း။
မိုဘိုင်ချွမ်းသည် သူ၏ မကျေနပ်မှုများ အားလုံးကို မျက်လုံး အောက်ခြေ၌ ဖုံးကွယ်ထားလိုက်ပြီးနောက် ပြောဆိုလိုက်ကာ အဘွားအိုမိုမှ တစ်စုံတစ်ရာ တုံ့ပြန်ခွင့်ပင် မရလိုက်ခင်မှာပင် သူ၏ ကျောပြင်မှာ တံခါးအပြင်ဘက်သို့ ပျောက်ကွယ် သွားလေတော့သည်။
"အဘွား ကျွန်တော် တကယ် စားလို့မရဘူး အို ဟုတ်သားပဲ ကျွန်တော့်မှာ အလုပ်လေးရှိသေးလို့ သွားလိုက်ပါဦးမယ်"
"ဒီကျိန်စာသင့်မယ့် ကလေးလေး"
ဟု ဆိုရင်း အဘွားအိုမိုသည် သက်ပြင်း ချလိုက်မိသည်။
ကျောက်မိသားစုတွင် သားနှစ်ယောက်နှင့် သမီးတစ်ယောက် ရှိလေသည်။ သမီးဖြစ်သူ ကျောက်ကျင့်ရုံမှာ ငယ်စဉ်ကတည်းမှ အလိုလိုက် ခံထားရသူ တစ်ဦး ဖြစ်သည်။ သူမသည် မိုချီရှန်ထက် သုံးနှစ်ငယ်ကာ ယခုနှစ်တွင် အသက် (၂၄) နှစ် ပြည့်ပြီ ဖြစ်သည်။
အသက် (၂၄) နှစ်အရွယ် ကျောက်ကျင့်ရုံသည် ပေကျင်းမြို့၏ လူချမ်းသာ အသိုင်းအဝိုင်းတွင် နာမည်ကောင်း ရထားသူ တစ်ဦးလည်း ဖြစ်ပေသည်။ သူမသည် လှပရုံသာမက ပြင်သစ်နိုင်ငံတွင် ပညာသင်ကြားခဲ့သည့် ထူးချွန်လှသော ကျောင်းသူတစ်ဦးလည်း ဖြစ်လေသည်။ မိုချီရှန်နှင့် စေ့စပ်ထားခြင်းသာ မရှိခဲ့လျှင် သူမ၏ အိမ်တံခါးဝတွင် ကမ်းလှမ်းလာမည့် သူများဖြင့် ပြည့်နှက်နေမည်မှာ အသေအချာပင် ဖြစ်သည်။
နံနက်စောစော အချိန်တွင် ကျောက်မိသားစုဝင်များ အားလုံး ဧည့်ခန်းထဲ၌ စုရုံးနေခဲ့ကြကာ လေထုမှာ အနည်းငယ် လေးလံနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ကျောက်ပေါင်ရှန့်မှ သူ၏ အချစ်တော်သမီးလေးအား မော့ကြည့်လိုက်ရင်း မေးလိုက်လေသည်။
"ကျင့်ရုံ မိုအိမ်တော်က အငယ်ဆုံးသားလေး ပြန်ရောက်နေပြီလို့ ဖေဖေ ကြားတယ် ဒီကိစ္စနဲ့ပတ်သက်ပြီး သမီး ဘယ်လိုသဘောရလဲ"
ကျောက်ကျင့်ရုံသည် သူမ၏ ဆေးဆိုး ထားခါစ လက်သည်းများအား မှုတ်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
"သူပြန်ရောက်တော့ကော သမီးနဲ့ ဘာဆိုင်လို့လဲ"
ကျောက်ပေါင်ရှန့်မှ ဆက်လက်၍ သတိပေးလိုက်ပြန်သည်။
"ကျင့်ရုံ သမီး မေ့နေပြီလား သမီး သမီးက သူ့နဲ့ စေ့စပ်ထားသေးတယ်လေ"
ကျောက်ကျင့်ရုံမှ ခပ်ဟဟ ရယ်မောလိုက်ရင်း ပြောလိုက်သည်။
"စေ့စပ်ထားတယ် ဘယ်သူက ဒီစေ့စပ်ပွဲကို သဘောတူခဲ့တာလဲ သဘောတူတဲ့သူ သွားယူပါစေပေါ့"
အသုံးမကျတဲ့ မိုချီရှန်ကဲ့သို့ ဖားပြုတ်ကောင်သည် သူမလို ငန်းဖြူလေးအား လက်ထပ်ဖို့ အိပ်မက်မက်ရဲသေးပေသည်။
‘အိပ်မက်ထဲမှာပဲ သွားမက်နေလိုက်စမ်းပါ’
ကျောက်ပေါင်ရှန့်မှာ သူ၏ အသည်းနှလုံးဖြစ်သူ သမီးလေး၏ စကားကြောင့် ဆွံ့အသွားရတော့သည်။ မည်သို့ပင်ဖြစ်စေ ဤစေ့စပ်ပွဲအား သူတို့မိဘများမှာသာ စီစဉ်ခဲ့ခြင်း မဟုတ်ပါလော။ ဘေးတွင်ထိုင်နေသော မစ္စစ်ကျောက်သည်လည်း အေးဆေးစွာ ဝင်ပြောလိုက်လေသည်။
"အဲ့ဒီတုန်းက စေ့စပ်ပွဲက နှုတ်ကတိလောက်ပဲလေ တကယ်တော့ အတည်မှ မဟုတ်တာ ဟုတ်တယ်မလား"
***