‘မနက်ဖြန်မှ လာယူရမည် ဟုတ်လား’ သူမသည် နောက်တစ်ကြိမ် ပြန်ဆုံတွေ့နိုင်ရန် အကြောင်းပြချက် ရှာနေခြင်းများလား။ ဟုတ်ပေလိမ့်မည်။ ထိုသို့သာ ဖြစ်ရပေမည်။
'ဒါဆို နီယန်မှာရှိတဲ့ လှည့်ကွက်တွေက ဒါအကုန်ပဲလား'
ဟု မိုဘိုင်ချွမ်းသည် သူ့ဘာသာ တွေးလိုက်မိခြင်း ဖြစ်သည်။ သူသည် ဆက်လက်၍ ပြောလိုက်သည်။
"ဒီနေ့ လုပ်လို့ရတဲ့ ကိစ္စကို ဘာလို့ နောက်တစ်ရက်အထိ စောင့်နေဦးမှာလဲ ငါ့နာရီက အရမ်းတန်ဖိုးကြီးတယ်"
‘အရမ်းတန်ဖိုးကြီးတယ် ဟုတ်လား သူမမှာ မရိုးသားတဲ့ ရည်ရွယ်ချက်တစ်ခုခု ရှိနေသလိုမျိုး ပြောနေတာပဲ’
နီယန်သည် မျက်မှောင်ကြုတ်လိုက် ပြီးနောက် ခပ်အေးအေးပင် ပြောလိုက်လေသည်။
"ဒါပေမယ့် ဒီနေ့တော့ ကျွန်မဆီမှာ ပါမလာဘူး မနက်ဖြန်ကျရင်တော့ သေချာပေါက် ယူလာခဲ့ပါ့မယ် ရှင် မနက်ဖြန်ကျမှ လာယူလိုက်ပါ"
ဤလောက် တန်ဖိုးကြီးတဲ့ပစ္စည်းအား သူမသည် အမြဲတမ်း လိုလို မည်ကဲ့သို့ သယ်သွားပါ့မည်နည်း။ ပျောက်သွားခဲ့လျှင် မည်သို့လုပ်ရမည်နည်း။
"မင်း အဲဒါကို ဘယ်မှာထားတာလဲ"
မိုဘိုင်ချွမ်းသည် အကြည့်များအား ဖြည်းညင်းစွာ မြှင့်တင်လိုက်လေသည်။
"အိမ်မှာပါ"
နီယန်မှ ပြန်ဖြေလိုက်လေသည်။
"သွားကြစို့"
မိုဘိုင်ချွမ်းမှ ခွေးခြေခုံမှ ထရပ်လိုက်လေသည်။
‘သွားကြစို့ ဟုတ်လား ဘယ်ကိုလဲ’
နီယန်သည် မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။
"ဘယ်ကို သွားမှာလဲ"
"မင်းအိမ်ကိုပေါ့"
မိုဘိုင်ချွမ်းက ခပ်အေးအေး လေသံဖြင့် ပြောလိုက် ပြီးနောက် စကားသုံးလုံး ထပ်ဖြည့်လိုက်သည်။
"နာရီသွားယူမယ်"
‘သူမအိမ်ကို လိုက်မယ် ဟုတ်လား’
နီယန်မှ မျက်ခုံးလေးများ တွန့်ချိုးသွားတော့သည်။ လူမှုပတ်ဝန်းကျင်သည် ယခုထက်ထိ လွတ်လပ်ပွင့်လင်းမှု မရှိသေးချေ။ အကြောင်းပြချက် မရှိဘဲ အမျိုးသား တစ်ယောက်အား သူမအိမ်သို့ ခေါ်သွားမည်ဆိုလျှင် မည်သို့ ဖြစ်ကုန်မည်နည်း။
သူမ၏ တုံ့ပြန်မှုအး မြင်သောအခါ မိုဘိုင်ချွမ်းမှ ထပ်မေးလိုက်လေသည်။
"မင်း ငါ့ကို ပြန်မပေးချင်ဘူးလား"
"ရှင် တကယ်ပဲ လိုက်ခဲ့မှာလား"
နီယန်မှ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိလေသည်။ မိုဘိုင်ချွမ်းမှ တည်ငြိမ်သော မျက်နှာပေးဖြင့်ပင် ဆိုလာခဲ့သည်။
"သေချာတာပေါ့"
"ကောင်းပြီလေ"
နီယန်မှ ခေါင်းညိတ်လိုက်ပြီးနောက် ပြောလိုက်သည်။
"ရှင်ကမှ အတင်း လိုက်ချင်နေမှတော့ ခဏစောင့်ဦး ကျွန်မ ဒီမှာ သိမ်းဆည်း စရာရှိတာတွေ သိမ်းပြီးမှ အိမ်ပြန်လို့ရမယ်"
"အင်း"
မိုဘိုင်ချွမ်းသည် စကားအား အတိုချုပ်ရုံသာ ခေါင်းညိတ်လိုက်လေသည်။
မစ္စတာမိုဘိုင်ချွမ်း ထိုနေရာတွင် ရပ်နေသည် နှင့်အမျှ သူ၏ ပတ်ဝန်းကျင်ရှိ လေထုမှာ ရှင်းပြရခက်လှသည့် အေးစက်မှုတ ို့ဖြင့် ဖုံးလွှမ်း နေသယောင် ရှိနေလေသည်။ ထို့ကြောင့်ပင် လမ်းသွား လမ်းလာများမှာလည်း သူတို့ အနားမှ ဖြတ်သွားလျှင် လည်ပြန် ကြည့်သွားကြသူ ပိုမို၍ များပြားလာခဲ့သည်။
ဘဲလ်ပုံစံ ဘောင်းဘီအပွကြီးနှင့် မျက်မှန်အနက်ကြီး တပ်ထားသည့် မိန်းကလေး တစ်ဦးသည် ဤနေရာမှ ဖြတ်သွားသည်မှာ ငါးကြိမ်ထက် မနည်း ရှိနေပြီ ဖြစ်ကြောင်း နီယန် အသေအချာ မှတ်မိနေခဲ့သည်။
ပစ္စည်းများ အားလုံး သိမ်းဆည်း ပြီးနောက် နီယန်သည် စားပွဲနှင့် ကုလားထိုင်များအား လျိုတုန်းလျန်၏ ဆိုင်ထဲသို့ စတင်၍ ရွှေ့ပြောင်းလိုက်လေသည်။ ဆိုင်သည် ဤနေရာနှင့် သိပ်မဝေးလှချေ။
မိုဘိုင်ချွမ်း၏ အမြင်တွင်မူ အဖြူရောင် ဝတ်စုံဝတ်ထားသည့် လူငယ်လေး တစ်ဦးမှာ တံခါးဝတွင် ရပ်နေခဲ့ကာ နီယန်နှင့် ရယ်မောလျှက် စကားပြောနေသည်အား အတိုင်းသား မြင်နေရလေသည်။ ထိုလူငယ်လေးသည် နီယန်၏ လက်ထဲသို့ တစ်စုံတစ်ခု ကမ်းပေးနေပုံ ရလေသည်။ အရေးအကြီးဆုံးမှာ နီယန်သည်လည်း ထိုအရာအား လက်ခံလိုက်ခြင်းပင် ဖြစ်သည်။
ထိုသည်အား မြင်လိုက် ရသောအခါ မိုဘိုင်ချွမ်း၏ မျက်နှာမှာ မသိမသာ မှောင်ကျသွားတော့သည်။ အိမ်ကောင်း ရာကောင်းမှ မိန်းကလေး တစ်ယောက်သည် နေ့ခင်းကြောင်တောင် အချိန်မျိုးတွင် အမျိုးသား တစ်ယောက်နဲ့ ဤမျှ ပျော်ပျော်ပါးပါး စကားပြောနေခြင်း ဖြစ်သည်။ ထို့အပြင် နီယန်သည် အစောပိုင်းလေး၌ပင် သူ့အား ကြိုးရှည်ရှည်နဲ့ လှန်နေခဲ့ခြင်း မဟုတ်ပါလား။ အဘယ်ကြောင့် ရုတ်တရက်ကြီး တခြားတစ်ယောက်အား လှည့်ကာ မျက်စိပစ်နေရလေသနည်း။
မိုဘိုင်ချွမ်းမှာမူ စိတ်မရှည်တော့ဘဲ နီယန် ရှိရာသို့ အရှိန်အဟုန်ဖြင့် လျှောက်သွား လိုက်လေတော့သည်။ မိုဘိုင်ချွမ်းသည် အရပ်ရှည်ကာ ကိုယ်ဟန်တည်ရှိ သူ ဖြစ်သည့်အပြင် မြင့်မြတ်သော မျိုးရိုးနောက်ခံမှ လာသူ ဖြစ်သဖြင့် သူ့ထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါမှာ မည်သူမျှ လျစ်လျူရှု၍ မရနိုင်လောက် အောင်ပင် ပြင်းထန်လွန်းလှပေသည်။
ဤပြင်းထန်သော အရှိန်အဝါကြောင့် စကားပြော ကောင်းနေသော လျိုဝေပင်လျှင် ရုတ်တရက် စကားစရပ်သွားပြီးနောက် နီယန်၏ နောက်ဘက်သို့ လှမ်းကြည့်ကာ တီးတိုးမေးလိုက်လေသည်။
"သူက ဘယ်သူလဲ"
ပြီးခဲ့တဲ့အကြိမ်တွင် ဆုန်းပေချန် ယခုမူ မိုဘိုင်ချွမ်း...
နီယန်၏ အနားတွင် ပေါ်လာသမျှ အမျိုးသားများမှာ သာမန်လူစားမျိုး မဟုတ်ကြကြောင်း လျိုဝေ ခံစားနေရလေသည်။
"ဘယ်သူလဲ"
နီယန်မှ စူးစမ်းသော အကြည့်ဖြင့် လှည့်ကြည့်လိုက်မိသည်။ သူမ လှည့်ကြည့် လိုက်သောအခါ ခန့်ညားထည်ဝါသော မိုဘိုင်ချွမ်းအား မြင်လိုက်ရလေသည်။
"ခေါက်ဆွဲလာစားတဲ့ ဖောက်သည်တစ်ယောက်ပါ"
နီယန်သည် အကြည့်အား အနည်းငယ် လွှဲလိုက်ပြီးနောက် ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေသည်။
‘ခေါက်ဆွဲလာစားတဲ့ ဖောက်သည် ဟုတ်လား’
မိုဘိုင်ချွမ်း၏ မျက်နှာမှာ မပြောင်းလဲသော်လည်း သူ၏ မှောင်မိုက်သော မျက်လုံးအစုံမှာ အနည်းငယ် ပင့်တက်သွားခဲ့ကာ နက်ရှိုင်းကာ ခန့်မှန်းရခက်နေခဲ့သည်။
သူသည် 'ဖောက်သည်' ဆိုသည့် စကားလုံးအား အနည်းငယ် မနှစ်မြို့ချေ။ သူသည် နီယန်အား စိုက်ကြည့်လိုက်ပြီး အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။
"ငါတို့ ဘယ်တော့ သွားမှာလဲ"
‘ငါတို့’
ထိုစကားလုံးအား ကြားလိုက်ရသည် နှင့် လျိုဝေသည် နီယန်အား စစ်ဆေးလိုသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။ နီယန်နှင့် ဤအမျိုးသားတို့မှာ သာမန်ထက် ထူးကဲသော ဆက်ဆံရေးမျိုး ရှိနေပုံ ရလေသည်။ မဟုတ်လျှင် 'ငါတို့' ဆိုသည့် စကားလုံးအား သုံးလိမ့်မည် မဟုတ်ပေ။
ခဏမျှအတွင်း လျိုဝေ၏ ရင်ထဲ၌ ပြောမပြတတ်သည့် ခါးသီးမှု တစ်ခုအား ခံစားလိုက်ရလေသည်။ နီယန်မှ ခေါင်းငုံ့ထားရင်း ဆိုလိုက်လေသည်။
"ခဏလေး စောင့်ပါဦး"
သို့သော် နီယန်မှာ မိုဘိုင်ချွမ်းအား အိမ်သို့ ခေါ်သွားရန် လုံးဝ အစီအစဉ်မရှိချေ။ ပစ္စည်းအားလုံး သိမ်းဆည်းပြီးနောက် သူမမှ
"ဒီမှာ ခဏစောင့်နေအုန်း ကျွန်မ လက်ပတ်နာရီ သွားယူပြီး ချက်ချင်း ပြန်လာခဲ့မယ်"
ဟု ပြောကာ စက်ဘီးပေါ်သို့ လွှတ်ခနဲ ခုန်တက်ပြီးနောက် လျင်မြန်စွာ နင်းထွက်သွား လေတော့သည်။ မိုဘိုင်ချွမ်းမှာ ထိုနေရာတွင် တုံ့ပြန်ရန်ပင် အချိန်မရဘဲ ကျန်ရစ်ခဲ့လေသည်။
နီယန်သည် မည်သည့်အတွက် ဤအတိုင်း ထွက်သွားလိုက်ရလေသနည်း။ သူမသည် ဤအခွင့်အရေးအား သုံးလျှက် သူ့အား အိမ်ခေါ်သွားကာ မိသားစုဝင်များနှင့် မိတ်ဆက်ပေးရမည် မဟုတ်ပါလား။ နီယန်သည် မည်သည့်အရာမျိုး လုပ်ရန် ကြိုးစားနေရလေသနည်း။ ၎င်းသည် သူ့အား ဆွဲဆောင်ရန် အတွက် နည်းဗျူဟာ အသစ်များ ဖြစ်နေသည်လား။
မိုဘိုင်ချွမ်းသည် သူ၏ မျက်လုံးများအား မှေးစင်းလိုက်လေသည်။
‘နည်းဗျူဟာအသစ် ဟုတ်လား ငါ မင်းကို အောင်မြင်ခွင့်ပေးမှာ မဟုတ်ဘူး’
နီယန်သည် ကိုယ်လက်ကြံ့ခိုင်မှု ကောင်းသူ ဖြစ်သဖြင့် စက်ဘီးနင်းသည့် အရှိန်မှာ အလွန်ပင် လျင်မြန်လှပေသည်။ တစ်နာရီပင် မပြည့်မီမှာပင် သူမ ပြန်ရောက်လာခဲ့သည်။ သို့သော် သူမ ပြန်ရောက် လာသောအချိန်တွင် မိုဘိုင်ချွမ်းမှာ မည်သည့် နေရာတွင်မှ မရှိတော့ပေ။
"အရူးပဲ"
နီယန်သည် သူမ၏ နှုတ်ခမ်းဖျားမှ မသိမသာ ရေရွတ်လိုက်မိသည်။ မိုမိသားစုဝင်ချင်း တူသော်လည်း သူ၏ အပြုအမူများသည် မိုချီရှန်နှင့် ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှပေသည်။ နီယန်မှာ ဒေါသထွက်လွန်းသဖြင့် မိုဘိုင်ချွမ်းအား သေအောင် ကန်ပစ်ချင်စိတ်ပင် ပေါက်လာခဲ့သည်။
‘တကယ်ကို အသုံးမကျတဲ့ကောင်ပဲ’
နီယန်သည် စိတ်အား ပြန်လည် ထိန်းချုပ်ရန် ကြိုးစားရင်း အသက်အား ပြင်းပြင်းရှူလိုက်တော့သည်။ ထို့နောက် လက်ပတ်နာရီအား အိတ်ထဲသို့ ပြန်ထည့်လိုက်ပြီးနောက် အနီးဆုံးရှိ ရှင်ဟွာ စာအုပ်ဆိုင်သို့ စာအုပ်အချို့ ဝယ်ယူရန် ဦးတည်လိုက်တေ့သည်။
နီယန်သည် အခြေခံအဆင့် စာအုပ်များ ပင်းယင်း ပါဝင်သော ပုံပြင် စာအုပ်များနှင့် လက်ရေးလှကျင့်ရန် စာအုပ်အချို့ကို ရွေးချယ် ဝယ်ယူလိုက်လေသည်။ ဤစာအုပ်များသည် စာများအား စတင်သင်ယူနေသော နီချွေဟွာအတွက် များစွာ အထောက်အကူ ဖြစ်လိမ့်မည်။
စုစုပေါင်း စာအုပ် ၅ အုပ်အတွက် ၆ ယွမ် ကျသင့်ပေသည်။ အတော်လေး ဈေးကြီးသော်လည်း ပညာဆိုသည်မှာ တန်ဖိုးဖြတ်၍ မရနိုင်သဖြင့် နီယန် နောင်တမရချေ။ အိမ်သို့ ပြန်ရောက်သောအခါ ထိုစာအုပ်များအား နီချွေဟွာအား ပေးလိုက်လေသည်။ နီချွေဟွာမှ စိုးရိမ်တကြီး ပြောလေသည်။
"ယန်ယန် ဒါတွေက အများကြီး ကုန်သွားမှာပေါ့"
နီချွေဟွာ ငွေကုန်ကြေးကျများမည်အား စိုးရိမ်မည်ကို သိသဖြင့် နီယန်က ရယ်မောကာ လိမ်ညာလိုက်လေသည်။
"သိပ်မကုန်ပါဘူး အမေရယ် ဆင့်အနည်းငယ်လောက်ပါပဲ"
"တကယ်လား"
နီချွေဟွာမှ မယုံသင်္ကာဟန်ဖြင့် မေးလိုက်လေသည်။
"တကယ်ပေါ့"
နီယန်သည် အမြန်ပင် ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။
"စဉ်းစားကြည့်လေ အမေရဲ့ သမီးတို့ရဲ့ အရသာရှိလှပါတယ်ဆိုတဲ့ ခေါက်ဆွဲ တစ်ပွဲတောင် ၃ ပြားပဲ ရှိတာလေ စာအုပ် နည်းနည်းလေးက ဘယ်လောက်တန်မှာမို့လဲ"
ထိုစကားအား ကြားမှသာ နီချွေဟွာ စိတ်အေးသွားရတော့သည်။ သူမသည် နီယန်မှ သူမအတွက် ငွေများအား ဖြုန်းတီးပစ်မည်ကို အမြဲ စိုးရိမ်နေတတ်ပေသည်။ မည်သို့ပင်ဖြစ်စေ နီယန်၏ ငွေများသည် ဆိုင်ခန်း ဝယ်ယူရန်နှင့် လုပ်ငန်းချဲ့ထွင်ရန် အတွက် အသုံးချရမည့် အရာများ ဖြစ်နေခဲ့သည် မဟုတ်ပါလော။
"မမ နီယန်"
ထိုအချိန်တွင် ခြံဝင်းအပြင်ဘက်မှ ယန်ကွေ့ပေါင်၏ အသံ ထွက်ပေါ်လာခဲ့သည်။
"ကွေ့ပေါင် ဝင်ခဲ့လေ"
ဟု နီယန်မှ ပြန်ထူး လိုက်လေသည်။ ယန်ကွေ့ပေါင်သည် သူ၏ လက်ထဲတွင် ခြင်းတောင်း တစ်လုံးအား ကိုင်ဆောင်လျှက် ဂရုတစိုက် လမ်းလျှောက် ဝင်လာခဲ့ကာ ပြောလိုက်သည်။
"မမ ဒါက ကျွန်တော့်အဘွားနဲ့ အမေတို့က မမကို ပေးခိုင်းလိုက်တာပါ"
နီယန်မှ ငုံ့ကြည့် လိုက်သောအခါ ခြင်းတောင်းထဲတွင် ကြက်ဉများ ပြည့်နှက်နေသည်ကို မြင်လိုက်ရလေသည်။ ကြက်ဉ တစ်လုံးချင်းစီမှာ အရွယ်အစား တူညီသလောက် ရှိနေခဲ့ကာ စုပုံထားသည်မှာ မြင်ရသူအဖို့ စိတ်ကြည်နူးစရာပင် ဖြစ်ချေသည်။
ထိုအချိန်တွင် အသားဈေးနှုန်းများ ကြီးမြင့်နေသဖြင့် ကြက်ဥ တစ်လုံးလျှင် ၁ ပြားခန့် ရှိနေပြီး ဖြစ်ကာ အတော်လေး တန်ဖိုးရှိလှပေသည်။ ဤကဲ့သို့ ခြင်းတောင်း အပြည့် ရရှိရန် အတွက် အချိန်အတော်ကြာ စုဆောင်းခဲ့ရမည်မှာ အသေအချာပင် ဖြစ်သည်။ နီယန်မှ ပြောလိုက်လေသည်။
"ဒါတွေကို မမ လက်မခံနိုင်ဘူး မင်းပဲ ပြန်ယူသွားလိုက်ပါ"
"မရဘူး"
ယန်ကွေ့ပေါင်မှ ပြန်ဖြေလိုက်လေသည်။ "ကျွန်တော့်အမေနဲ့ အဘွားက ပြောလိုက်တယ် မမ ဒီနေ့ ဒါတွေကို လက်မခံရင် ကျွန်တော့်ကို အိမ်ထဲ ပေးမဝင်ဘူးတဲ့"
နီယန်မှ ယန်ကွေ့ပေါင်၏ ခေါင်းလေးအား အသာအယာ ပုတ်လိုက်ပြီး ပြောလိုက်သည်။
"ကွေ့ပေါင် လိမ္မာစမ်းပါ သူတို့ရဲ့ စေတနာကို မမ နားလည်ပါတယ် ဒါပေမယ့် ဒါတွေကို မမ တကယ် မယူရဲဘူး ပြန်ယူသွားလိုက်ပါ"
"ဘာပဲဖြစ်ဖြစ် ကျွန်တော် ယူလာပြီးပြီပဲ မမ ယူရမယ်နော်"
ဟု ပြောကာ ယန်ကွေ့ပေါင်မှာ လျင်မြန်စွာပင် ပြေးထွက် သွားလေတော့သည်။ နီချွေဟွာမှ ပြုံးလိုက်ရင်း အကြံပြုလိုက်လေသည်။
"ကွေ့ပေါင်က နောက်ပိုင်းမှာ အများကြီး တိုးတက်လာတာပဲ ယန်ယန် ဒါက မေ့ဖုန်းနဲ့ အဒေါ်ကြီးဝမ်တို့ရဲ့ စေတနာ မှန်ကန်လို့ ပေးတဲ့ လက်ဆောင်ပဲလေ လက်ခံလိုက်ပါ မနေ့က သမီး သစ်သီးခြောက်တွေနဲ့ ပေါင်မုန့်တွေ လုပ်ထားတယ် မဟုတ်လား ခြင်းတောင်း ပြန်ပေးတဲ့အခါ အဲဒါလေးတွေ ထည့်ပေးလိုက်ပေါ့"
နီယန်မှ ခေါင်းညိတ်လိုက် ပြီးနောက် စကားအနည်းငယ် ပြောဆိုကာ အတွင်းသို့ ဝင်သွားလေသည်။
"ကောင်းပြီလေ အမေ သမီး အခုပဲ ခြင်းတောင်းကို သွားလှယ်လိုက်ပါ့မယ်"
သူမသည် ခြင်းတောင်းထဲမှ ကြက်ဉများအား လှယ်လိုက်ပြီးနောက် စက္ကူတစ်ချပ် ခံလိုက်လိုက်ကာ ပေါင်မုန့် ၄ လုံး ပန်းသီးခြောက်နှင့် ငှက်ပျောသီးခြောက်များအား ထည့်လိုက်တော့သည်။
အဒေါ်ကြီးဝမ်တွင် မြေးယောက်ျားလေး နှစ်ယောက်နှင့် မြေးမလေး တစ်ယောက် ရှိသည်အား သတိရသွား သဖြင့် နီယန်သည် သကြားလုံး အနည်းငယ် ထပ်ဖြည့်လိုက်ကာ နောက်ဆုံးတွင် ပန်းပွင့် အပြာရောင် ပါရှိသည့် အဝတ်စလေးဖြင့် ခြင်းတောင်းအား ဖုံးအုပ်လိုက်တော့သည်။
ရွာထဲတွင် လူအသွားအလာ များပြားသဖြင့် အသိများနှင့် ဆုံလျှင် တစ်စုံတစ်ခု မပေးဘဲနေပါက မကောင်းလှချေ။ ပေးမည်ဆိုလျှင်လည်း လူများပါက မလောက်ငဘဲ အပြစ်တင် ခံရနိုင်သဖြင့် ဤကဲ့သို့ ဖုံးအုပ်ထားခြင်းမှာ အန္တရာယ် အကင်းဆုံး နည်းလမ်းပင် ဖြစ်သည်။