ကျီတင်းကျိုသည် လှိုင်းကဲ့သို့ ဖရိုဖရဲ ဆံပင်များဖြင့် ညဝတ်ဂါဝန် ဝတ်ဆင်ထားသည့် ကလေးမလေးကို စိုက်ကြည့်နေသည်။ ကလေးမလေးသည် ဘာစကားမှမပြောဘဲ နှုတ်ခမ်းလေးဆူကာ သူ့ကို အသေအချာ ပြန်ကြည့်နေ၏။ ဘေးနားတွင် အိပ်ပျော်နေသော သာ့တန်းသည်လည်း နားရွက်ကလေးများ ထောင်လျက် အနားသို့ တိုးကပ်လာကာ သူမ၏လက်ကို လျက်ပေးနေသည်။
"ဘာဖြစ်လို့လဲ"
ကျီနျန်၏ မျက်နှာအမူအရာ ထူးဆန်းနေကြောင်း မြင်သောအခါ ကျီတင်းကျိုသည် ဖုန်းကို ဘေးချပြီးနောက် သူမနဖူးကို စမ်းကြည့်ရန် လက်လှမ်းလိုက်သည်။ ကိုယ်လည်း မပူပေ။ ကျီနျန်သည် အပြင်ပန်းတွင် ထုတ်မပြသော်လည်း သူမသည် သူ့ကို အနည်းငယ် ကြောက်လန့်နေမှန်း ကျီတင်းကျို သိထားသည်။ သို့သော် ယခုမူ သူမ၏နဖူးကို စမ်းကြည့်လိုက်သည့်တိုင် သူမဘက်မှ မည်သည့်တုံ့ပြန်မှုမျှ မရှိပေ။ သူမသည် ကျီတင်းကျိုကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေ၍ မျက်ဝန်းများသည်လည်း ငေးငိုင်နေသည်။
ကလေးမလေးက စကားမပြောသေးကြောင်း မြင်သောအခါ ကျီတင်းကျိုသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။
"အိပ်မက်ဆိုး မက်လို့လား"
ဤတစ်ကြိမ်တွင်မူ ကျီနျန် တုံ့ပြန်လာသည်။ သူမသည် ခေါင်းလေးကို ခပ်ဖွဖွ ညိတ်ပြလိုက်သည်။ ကျီတင်းကျိုက လက်ကို ပြန်ရုပ်လိုက်သော်လည်း သူမသည် သူ၏အင်္ကျီလက်ကို ဆွဲထားဆဲပင်။ ဒဏ်ရာများကြောင့် ကျီနျန်၏ ကိုယ်ပေါ်မှ ဆေးနံ့ ခပ်သင်းသင်း ထွက်နေသော်လည်း ထိုအနံ့သည် မဆိုးရွားလှဘဲ သူမ၏ မျက်နှာလေးသည် စင်ကြယ်လတ်ဆတ်နေသည်။
ကျီတင်းကျိုသည် သူမဆွဲထားသည့် သူ၏ တွန့်ကြေနေသော အင်္ကျီလက်ကို ပြန်ဆွဲထုတ်ပြီး ပြောလိုက်သည်။
"အိပ်မက်ဆိုတာ အတုအယောင်တွေပါ။ ဘာကြောက်စရာ ရှိလို့လဲ၊ ငတုံးမလေး"
အိပ်မက်ဆိုး မက်ခြင်းတွင် ဝါရင့်ကျွမ်းကျင်သူ တစ်ဦးအနေဖြင့် သူသည် ထိုသို့ ပြောဆိုရန် ယုံကြည်ချက် အပြည့်ရှိသည်။ ကျီတင်းကျိုသည် လက်ကို ပြန်ရုပ်သိမ်း၍ သူမကို ငတုံးဟု ခေါ်လိုက်ကြောင်း မြင်သောအခါ ကလေးမလေး၏ မြစိမ်းရောင် မျက်ဝန်းလေးများ တဖြည်းဖြည်း မှေးမှိန်သွားသည်။ သူမသည် အကျင့်ပါနေသည့်အတိုင်း အမူအရာကို ထိန်းချုပ်ကာ ခေါင်းညိတ်ပြီး လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သည်။ သို့သော် သူမသည် ခြေလှမ်းမလှမ်းရသေးမီပင် ရုတ်တရက် ပွေ့ခံလိုက်ရသည်။ ထို့နောက် နွေးထွေးသော ရင်ခွင်တစ်ခုထဲသို့ ရောက်ရှိသွားတော့သည်။ ကျီတင်းကျို၏ ကိုယ်ပေါ်ရှိ မွှေးရနံ့သည် အလွန်နွေးထွေးလှသည်။ သူသည် အလွန် ဇီဇာကြောင်သူဖြစ်သဖြင့် သူ အသုံးပြုသည့် အမွှေးနံ့သာသည်လည်း တစ်မူထူးခြားလှသည်။ ထိုရနံ့ကို တစ်ကြိမ် ခံစားဖူးသူတိုင်း ၎င်းသည် ကျီတင်းကျိုဖြစ်ကြောင်း သိနိုင်ကြသည်။
"ဘာကို ထွက်ပြေးနေတာလဲ။ နောက်တစ်ခါ အိပ်မက်ဆိုး မက်ရင် ကြက်ဖလိုပဲ တွန်လိုက်လေ။ ကြက်ဖလိုတွန်တဲ့နေရာမှာ ကျွမ်းကျင်တယ် မဟုတ်ဘူးလား"
ထိုသို့ပြောပြီးနောက် ကျီတင်းကျိုသည် သာ့တန်း ယူလာပေးသည့် ကြက်ရုပ်ခေါင်းအုံးလေးကို ကျီနျန်ထံ ပေးလိုက်သည်။ ၎င်းသည် စောစောက ကျစ်လျောင် ရွေးချယ်ပေးထားသည့် ကစားစရာများထဲတွင် သူ တွေ့ရှိခဲ့သည့် အရုပ်လေးဖြစ်သည်။ ကျီတင်းကျိုသည် အကြောင်းရင်း တစ်ခုခုကြောင့် ကျီနျန် အစားတောင်းနေသည့် ပုံစံကို သတိရသွားမိသဖြင့် ယူလာခဲ့ခြင်းဖြစ်သည်။ ကျီနျန်သည် ဖခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် ထိုင်ကာ ကြက်ရုပ်ခေါင်းအုံးလေးကို ဖက်ထားရင်း ကြောင်အမ်းအမ်း ဖြစ်နေဆဲပင်။ ကျီတင်းကျို၏ ပွေ့ချီမှုကို သူမ မည်သို့ တုံ့ပြန်ရမည်ကို မသိသေးပုံရသည်။
"တကယ်လား" သူမက ရုတ်တရက် ပြန်မေးလိုက်မိသည်။
ကျီနျန်၏ ကိုယ်ပေါ်တွင် အသားမရှိဘဲ ပိန်လွန်းနေသည်ကို ခံစားမိသောအခါ ကျီတင်းကျိုသည် ကျန်းယွီလန်အပေါ် သက်ညှာလွန်းခဲ့သည်ဟု တွေးမိသွားသည်။ နှစ်စဉ် ပိုက်ဆံများစွာ ပေးနေသော်လည်း ကလေးမလေးသည် ဤမျှအထိ ပိန်လှီနေသည်။
"အင်း" ကျီတင်းကျိုက ပြန်ဖြေလိုက်သည်။
"အဲဒီအသံက သရဲတွေကိုတောင် ရယ်လွန်းလို့ သေသွားစေနိုင်တယ်"
ကျီနျန် : "......"
[ကျီတင်းကျိုက ပြက်လုံးထုတ်တတ်မယ်လို့ ဘယ်သူမှ မပြောခဲ့ဘူးပဲ]
စနစ် : [မဟုတ်ပါဘူး၊ နင်ကမှ ပြက်လုံး ဖြစ်နေတာ]
ကျီနျန်သည် အမှန်တကယ် အိပ်မက်ဆိုး မက်ခဲ့ခြင်းပင်။ သူမသည် ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အိပ်မက်မက်ခဲ့ခြင်း ဖြစ်၏။ အိပ်မက်ထဲတွင် ကျန်းယွီလန်သည် ထွားကြိုင်းသော ကိုယ်လုံးကိုယ်ပေါက်၊ ရုပ်ပျက်ဆင်းပျက် မျက်နှာနှင့် ချွန်ထက်သော သွားများရှိသည့် မိစ္ဆာတစ်ဦးကဲ့သို့ပင်။ ကလေးမလေးသည် ဆာလောင်လွန်းသဖြင့် ထမင်းတစ်လုပ် ပိုစားမိသည်နှင့် ရက်ရက်စက်စက် ရိုက်နှက်ခံရလေ့ရှိသည်။ ထိုမိစ္ဆာမ၏ မျက်နှာကြောင့် ကျီနျန်တစ်ယောက် လန့်နိုးလာခဲ့ခြင်းဖြစ်သည်။ ဤအခွင့်အရေးကို အသုံးချကာ ဖခင်ဖြစ်သူနှင့် သံယောဇဉ် ပိုခိုင်မြဲအောင် ပြုလုပ်ရန် သူမ ဆုံးဖြတ်လိုက်သည်။
.......
"ချစ်စရာ သခင်မလေးရယ်၊ နည်းနည်းလောက် ထပ်စားပါဦး။ ဒီအမဲသားက ခုလေးတင် နိုင်ငံခြားကနေ လေယာဉ်နဲ့ ရောက်လာပြီး စားဖိုမှူးက အခုမှ လတ်လတ်ဆတ်ဆတ် ချက်ထားတာမို့လို့ အရမ်းအရသာရှိတာ"
ကော်ဇောပေါ်တွင် ထိုင်နေသော ချောမွေ့သည့် ဆံနွယ်များနှင့် လှပသော ဂါဝန်လေး ဝတ်ဆင်ထားသည့် ကလေးမလေးသည် သူမ၏ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်သည်။ သူမတွင် အလွန်ချစ်စဖွယ်ကောင်းပြီး ကျန်းမာကာ ဖြူစင်သော မျက်နှာလေးရှိသည်။ အရည်လဲ့နေသော ဗာဒံစေ့ပုံစံ မျက်ဝန်းလေးများသည်လည်း ဘယ်သူမဆို မြင်ရုံနှင့် ချစ်ခင်သွားစေမည့် ပုံစံမျိုးဖြစ်သည်။ မှန်သည်၊ အကယ်၍ သူမ၏မိခင်သာ အသက်ရှင်နေပါက ၎င်းတို့၏ကလေးသည် ကလေးမော်ဒယ်လ်တစ်ယောက် ဖြစ်နိုင်သည်ဟု ဂုဏ်ယူစွာ ပြောမိပေလိမ့်မည်။ သို့သော် ထိုကလေးမလေး၏ မျက်နှာသည် လက်ရှိတွင် အလွန်ဝမ်းနည်းနေပုံရသည်။
"ဦးဦးကျီက သမီးကို ဘာလို့ ဖုန်းမဆက်တာလဲ"
အတွင်းရေးမှူးသည် သူ ဖုန်းဆက်လိမ့်မည်ဟု သေချာပေါက် ပြောထားခဲ့သည်။
"ထျန်ထျန်က ဦးဦးကျီကို တစ်ခုခု စိတ်ဆိုးအောင်လုပ်မိလို့ ထျန်ထျန့်ကို မချစ်တော့တာလားဟင်"
နာနီသည် အစားအသောက်များကို စားပွဲပေါ် ချပေးရင်း ဖျောင်းဖျလိုက်သည်။
"သခင်မလေးရယ်။ လူကြီးမင်းကျီက လူတွေအများကြီးရဲ့ စားဝတ်နေရေးတွေကို စီမံခန့်ခွဲနေရတာဆိုတော့ အရမ်းအလုပ်ရှုပ်နေမှာပေါ့။ သူ သေချာပေါက် တမင်မေ့ထားတာ မဟုတ်ပါဘူး။ သခင်မလေးရဲ့ ဖေဖေက သူ့အသက်ကို ကယ်ခဲ့တာလေ၊ ဒီလိုကိစ္စမျိုးဆိုတာ တခြားသူဌေးဆိုရင် လျော်ကြေးငွေ အပုံလိုက် ပေးရုံနဲ့ ပြီးသွားမှာ။ ဒါပေမယ့် လူကြီးမင်းကျီက သခင်မလေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်"
"သူ့မှာ သားသမီး မရှိဘူးဆိုတော့ နောင်တစ်ချိန်မှာ ကျီမိသားစုရဲ့ စည်းစိမ်တွေအားလုံးက သခင်မလေး ပိုင်ဆိုင်လာမှာ။ သခင်မလေးက တခြားကလေးတွေနဲ့ မတူဘဲ ထူးခြားတယ်။ သူ အလုပ်ဘယ်လောက်ပဲ ရှုပ်ပါစေ သခင်မလေးဆီကို လစဉ်အရောက်လာတတ်တာပဲလေ။ အပြင်လောကက လူတွေက သူ့မှာ နှလုံးသား မရှိဘူးလို့ ပြောကြပေမယ့် အဲဒီလိုလူမျိုးက သခင်မလေးနဲ့ ကစားပေးတယ်ဆိုတာ ဒါက ဘာကို ဆိုလိုတာလဲ သိလား။ အဲဒါ သူ သခင်မလေးကို တကယ် ဂရုစိုက်တယ်လို့ ဆိုလိုတာပေါ့။ ဒါကြောင့် သခင်မလေးက နားလည်ပေးရမယ်၊ လိမ္မာရမယ်၊ ပြဿနာ မရှာရဘူး။ ဒါမှ လူကြီးမင်းကျီက သခင်မလေးကို ပိုချစ်လာမှာပေါ့"
"တကယ်လားဟင်"
နာနီ၏ စကားများကို ကြားသောအခါ ရှန်ချင်းထျန် စိတ်လှုပ်ရှားသွားသည်။ သူမသည် အလွန် ငယ်ရွယ်၍ စိတ်နုနယ်သူဖြစ်သဖြင့် လူကြီးများ ပြောသမျှကို အလွယ်တကူ ယုံကြည်တတ်သည်။
"တကယ်ပေါ့။ လူကြီးမင်းကျီက သခင်မလေးကိုမှ ဂရုမစိုက်ရင် ဘယ်သူ့ကို သွားဂရုစိုက်မှာလဲ"
ရှန်ချင်းထျန်သည် ချက်ချင်း ပြုံးပျော်သွားသည်။ နာနီက သူမပါးလေးကို ပွတ်သပ်ပေးရင်း ပြုံးလိုက်သည်။
"တို့ထျန်ထျန်လေးက ကျီမိသားစုရဲ့ မင်းသမီးလေးဖြစ်တော့မှာပဲ။ လူကြီးမင်းကျီက သခင်မလေး လာဖို့အတွက် ပြင်ဆင်နေလို့ ဖုန်းဆက်ဖို့ မေ့သွားတာဖြစ်မှာပေါ့"
ဤသည်မှာ နာနီ အတွေးလွန်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် အလွန် အလုပ်ရှုပ်နေသည်ဆိုသော ကျီတင်းကျိုသည် ဆိုဖာပေါ်တွင် ဝက်သေတစ်ကောင်ကဲ့သို့ အိပ်မောကျနေသည်။ ကလေးမလေးတစ်ယောက်က သူ၏ ရင်ဘတ်ပေါ်တွင် မှောက်လျက်ရှိနေပြီး ခွေးကြီး တစ်ကောင်သည်လည်း ဆိုဖာဘေးတွင် ခွေခေါက်လျက် အိပ်နေသည်။ အခန်းတစ်ခန်းလုံး ပျင်းရိ ငြိမ်သက်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။
...
ကျီတင်းကျို၏ ဦးနှောက်သည် ပုပ်နေသော ဥတစ်လုံး အရွယ်အစားမျှသာဆိုလျှင်ပင် သူ အိပ်ပျော်သွားတိုင်း ကျီနျန်နှင့် ပတ်သက်နေမှန်း သတိထားမိပေလိမ့်မည်။ ကံကောင်းထောက်မစွာပင် သူ၏ ဦးနှောက်သည် ပုံမှန်အရွယ်အစားဖြစ်သဖြင့် ထိုအချက်ကို ချက်ချင်း သဘောပေါက်သွားသည်။ နိုးလာသောအခါ ကျစ်လျောင် ယူလာပေးသည့် နေ့လယ်ခင်း လက်ဖက်ရည်နှင့် အီတလီစတိုင် ဗာဒံစေ့ ပူတင်းကို စားနေသော ကျီနျန်ကို ကြည့်ရင်း ကျီတင်းကျို၏ မျက်နှာအမူအရာ အလွန်ရှုပ်ထွေးနေသည်။ ကျီနျန်သည် လွတ်ကျနေသော ပဟေဠိအပိုင်းအစကို ကောက်ပေးရန် သာ့တန်းကို ခိုင်းစေနေစဉ် သူ၏ အကြည့်ကို သတိပြုမိသွားသည်။ သူမသည် မတ်တတ်ထရပ်၍ အနားသို့ လျှောက်လာသည်။
"မိသားစုခေါင်းဆောင်၊ အချိုမုန့် စားဦးမလား"
ထိုမုန့်အမည်ကို သူမ မသိသဖြင့် အရသာကို ကြည့်ကာ အလွယ်တကူ အမည်ပေးလိုက်ခြင်း ဖြစ်သည်။
ကျီတင်းကျိုသည် တစ်ဝက်လောက် စားထားသည့် ပူတင်းပန်းကန်ကို ကြည့်လိုက်သည်။
"မစားဘူး၊ ချိုလွန်းတယ်"
ကျီနျန်က ခေါင်းညိတ်ပြပြီး သာ့တန်း၏ ခွေးစာကို သွားယူလိုက်သည်။
"ဒါဆို ဒါစားလေ"
ကျီတင်းကျို၏ မျက်ခုံးများ တွန့်လိမ်သွားသည်။
"မင်း ငါ့ကို ခွေးစာ စားခိုင်းနေတာလား"
ကျီနျန်က ခေါင်းညိတ်လိုက်သည်။
"သတ္တဝါတိုင်းမှာ အကန့်အသတ်မရှိတဲ့ ဖြစ်နိုင်ခြေတွေ ရှိတယ်လေ၊ လုပ်နိုင်မှာပါ မိသားစုခေါင်းဆောင်"
ငါးနှစ်အရွယ် ကလေးမလေး၏ နှုတ်မှ ဤကဲ့သို့ စကားမျိုး ထွက်လာလိမ့်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။
ကျီတင်းကျို : "..."
"သွား၊ သွား။ ခွေးနဲ့ သွားကစားချေ"
"ဟုတ်ကဲ့"
ကျီနျန် ပြေးထွက်သွားပြန်သည်။ သာ့တန်းသည် လျှာလေးထုတ်ကာ သူမကို ခေါင်းဖြင့် ပွတ်သပ်နေသည်။
ကျီတင်းကျိုသည် သူ၏ နားထင်ကို ဖိလိုက်သည်။ သူသည် အိပ်စက်အနားယူခဲ့ရသဖြင့် ထူးထူးခြားခြား စိတ်ကြည်လင်နေသည်။
ကလေးပုံပြင်စာအုပ်များ ကြားတွင် ညှပ်နေသည့် "ဉာဏ်ရည်ကို အသုံးချပြီး ဖခင်ကောင်း တစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်မလဲ" ဆိုသည့် စာအုပ်ကို တွေ့သောအခါ ကောက်ယူလိုက်မိသည်။ ကျီတင်းကျိုသည် စာအုပ်ခေါင်းစဉ်ကို မြင်သောအခါ လှောင်ပြောင်သည့် အမူအရာဖြင့် အလိမ်အညာစာအုပ်ဟု မှတ်ချက်ပြုလိုက်သည်။ ၎င်းသည် တစ်ခုခုဝယ်ယူရင်း အလကားရလာသည့် လက်ဆောင်စာအုပ် ဖြစ်ဟန်တူသည်။ ကျီတင်းကျိုသည် ပျင်းနေသောကြောင့် စာအုပ်ကို လှန်ကြည့်လိုက်သည်။ စာလုံးများ ဖတ်ပြနေသည့် ရုပ်ပြစာအုပ်နောက် လိုက်ဖတ်နေသော ကျီနျန်၏ အသံနှင့်အတူ ကျီတင်းကျိုသည် ထိုစာအုပ်ကို ဖွင့်လိုက်သည်။
ပထမဆုံး ဝါကျမှာ - "ဂုဏ်ယူပါတယ်၊ ဒီစာအုပ်ကို ဖွင့်လိုက်တဲ့အတွက် သင်ဟာ တာဝန်မကျေတဲ့ ဖခင် ၉၉ ရာခိုင်နှုန်းကို အနိုင်ယူလိုက်ပါပြီ"
အလကားရသည့် စာအုပ်ဖြစ်သော်လည်း ပါဝင်သည့် အကြောင်းအရာများသည် အံ့ဩစရာကောင်းလောက်အောင် စိတ်ဝင်စားဖွယ်ကောင်းနေသဖြင့် ကျီတင်းကျိုသည် အမှန်တကယ် ဖတ်ရှုမိသွားသည်။
"ကလေးတွေက တခြားကလေးဖော်တွေရဲ့ အဖော်အပေါင်းကို လိုအပ်ပါတယ်" ဟူသည့် စာသားကို ဖတ်မိသည်အထိ ကျီတင်းကျို၏ လက်ချောင်းများ အနည်းငယ် တုန်လှုပ်သွားသည်။
ကျီတင်းကျိုတစ်ယောက် အတွေးထဲ နစ်ဝင်နေစဉ် ကျီနျန်သည် စနစ်နှင့် စကားပြောနေသည်။
[ဒါက မဟုတ်သေးဘူးနော်၊ နင် ပြောတော့ ဇာတ်လိုက်မင်းသမီးက ရက်ပိုင်းအတွင်း ရောက်လာတော့မယ်ဆို၊ အခု တော်တော်ကြာနေပြီ။ ဇာတ်လိုက်မင်းသမီးက ဘယ်မှာလဲ]
***