စနစ်သည်လည်း ဤမေးခွန်းကို အလွန်ပင် သိချင်နေမိသည်။
【ငါလည်း မသိဘူး။ မူရင်းဝတ္ထုထဲမှာတော့ ကျီနျန်က ရုပ်ပျက်ဆင်းပျက်ဖြစ်သွားပြီး တတိယမြောက်နေ့မှာ အမျိုးသမီးဇာတ်လိုက်က အိမ်ကို ရောက်လာတာပဲ]
[မူလပိုင်ရှင်လေးက ဒီအကြောင်းကို မတော်တဆ သိသွားပြီး တိတ်တိတ်လေး ထွက်ပြေးသွားရာက သွေးစိုနေတဲ့ ပတ်တီးတွေနဲ့ ပတ်ထားတဲ့ သူ့မျက်နှာကို ဇာတ်လိုက်မင်းသမီးက မြင်ပြီး လန့်သွားခဲ့တာ။ အဲဒီအချိန်မှာ အမျိုးသမီးဇာတ်လိုက်ကို ပြုစုဖို့ ပါလာတဲ့ နာနီက သူမကို ကန်ထုတ်လိုက်ပြီး သက်တော်စောင့်တွေက မူလပိုင်ရှင်လေးကို ဆွဲခေါ်ထုတ်သွားကြတာလေ]
ကျီနျန်သည် မျက်မှောင်ကြုတ်လိုက်သည်။
ဒီနာနီက ကြည့်ရတာ လူကောင်းတစ်ယောက် ဟုတ်မယ့်ပုံမပေါ်ဘူးပဲ။
[သုံးရက်တောင် ကျော်သွားပြီ၊ အမျိုးသမီးဇာတ်လိုက်က အခုထိ ရောက်မလာသေးဘူး။ ငါ့ရဲ့ အစီအစဉ်တွေ အဆင်မပြေဖြစ်နေပြီ]
သူမသည် ကျီတင်းကျိုနှင့်ပတ်သက်၍ သံယောဇဉ် အများအပြားမရှိသော်လည်း၊ သူ၏ အာရုံစိုက်မှုကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။ ထို့ကြောင့် အမျိုးသမီးဇာတ်လိုက် ရောက်လာခဲ့လျှင်ပင် သူမ၏ အခြေအနေသည် မူရင်းဇာတ်လမ်းကဲ့သို့ ဆိုးဝါးလှမည် မဟုတ်တော့ပေ။ အနည်းဆုံးလျှင် သူမသည် အသက်အန္တရာယ် ဘေးကင်းသွား၍ တက္ကသိုလ်တက်ရောက်ရမည့် အရွယ်ရောက်လျှင် ကျီမိသားစုမှ ထွက်သွားနိုင်မည်ဖြစ်သည်။ စိတ်ပိုင်းဖြတ်ပြီးသည့်နောက် ကျီနျန်သည် သူမ၏ ပေါ့ပေါ့တန်တန်နေတတ်ပြီး တာဝန်မသိသော ဖခင်ဖြစ်သူအား ဤကဲ့သို့ အရေးကြီးသည့်ကိစ္စကို သွယ်ဝိုက်၍ အရိပ်အမြွက်ပေးရန် ဆုံးဖြတ်လိုက်သည်။
ခွေးနှင့် ခဏကြာ ကစားပြီးနောက် ညစာစားချိန်သို့ ရောက်ရှိလာသည်။ ကျီနျန်သည် တစ်စုံတစ်ဦးအား ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်နေသည်။ ကျီတင်းကျိုက သူမ၏ အကြည့်ကို သတိပြုမိပြီး ဘေးသို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာကာ ၎င်းတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခု ခြားပြီးနောက် သံသယဖြင့် မေးလိုက်သည်။
"မင်း ဘောင်းဘီထဲ သေးပေါက်ချလိုက်တာလား”
ကျီနျန် : "........."
ခုနက အဲတာကို မတွေးမိပေမယ့် အခုတော့ အဘိုးကြီးကျီမျက်နှာပေါ်ကို အီးပါ ပါချချင်နေပြီ။
သူမဘေးတွင်ရှိနေသော ကျစ်လျောင်သည် ချောင်းတစ်ချက် ဟန့်လိုက်သည်။
"သခင်မလေး၊ ဘယ်သူ့ကို ရှာနေတာလဲဟင်”
ကျီနျန်သည် ကျစ်လျောင်၏ ခြေထောက်အား သွားဖက်ပြီး ပွတ်သပ်လိုက်သည်။
“မမကျစ်လျောင်၊ ကိုကိုဝေ့ယန် ဘယ်မှာလဲဟင်”
ချစ်လှစွာသော မမကျစ်လျောင်ရယ်၊ မမက သမီးကို တကယ် နားလည်တာပဲ။ မမကိုပဲ လက်ထပ်ချင်တော့တယ်။ ဝူးဝူးဝူး။
စနစ်သည် ရက်ရက်စက်စက်ပင် ကြားဖြတ်ပြောလိုက်သည်။
[စိတ်မကောင်းပါဘူး၊ ကျစ်လျောင်က စိတ်မှန်ကိုယ်မှန် မိန်းကလေးဖြစ်ပြီး ယောက်ျားလေးတွေကိုပဲ ကြိုက်တာပါ]
ကျီနျန်သည် ဒေါသတကြီး ပြန်ပြောလိုက်သည်။
[တိတ်စမ်း]
စနစ် : 【.........]
အခြားတစ်ဖက်တွင်မူ ကျီတင်းကျိုသည် ကျစ်လျောင်အနားတွင် ပျော်ရွှင်စွာ ကပ်နေသော ကျီနျန်ကို ကြည့်ကာ သူမကို ဆွဲထုတ်ပစ်ချင်သည့်အလား စူးရှသော အကြည့်ဖြင့် ကြည့်နေသည်။ ကျီနျန်သည် သူမ၏ အပြစ်ကင်းစင်သော မြစိမ်းရောင် မျက်ဝန်းလေးများဖြင့် ဖခင်ဖြစ်သူကို ပြန်ကြည့်လိုက်သည်။
[အသန့်ကြိုက်တဲ့လူကြီး၊ ဘာလာကြည့်နေတာလဲ၊ ကျစ်လျောင်က ငါ့အပိုင်ပဲ]
စနစ် : တော်သေးတာပေါ့၊ သူတို့တွေ စိတ်ချင်း မဖတ်နိုင်ကြလို့။
ဝေ့ယန်သည် ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကြောင့် ခွင့်ယူထားသဖြင့် ယခုတလော ပေါ်မလာခဲ့ပေ။ မိဘများကို စောစီးစွာ ဆုံးရှုံးခဲ့ရသည့် ကျစ်လျောင်နှင့် ကျီတင်းကျိုတို့နှင့် မတူသည်မှာ ဝေ့ယန်တွင် မိသားစု ရှိနေသေးသည်။ သူသည် ရံဖန်ရံခါ ခွင့်ယူပြီး ရက်အနည်းငယ် ပျောက်သွားတတ်သဖြင့် ၎င်းတို့သည်လည်း ကျင့်သားရနေပြီဖြစ်သည်။ ၎င်းတို့သည် ဤအကြောင်းကို ကျီနျန်အား မည်သို့ ရှင်းပြရမည်ကို စဉ်းစားနေချိန်တွင် ကလေးမလေးမှ ဦးစွာ မေးလာခဲ့သည်။
“ကိုကိုဝေ့ယန်က အကြီးဆုံးသခင်မလေးကို သွားကြိုတာလား”
ကျစ်လျောင် ကြောင်အသွားသည်။
ဘယ်က အကြီးဆုံးသခင်မလေးလဲ
ကျီတင်းကျိုသည် ချက်ချင်း တုံ့ပြန်လာပြီး လျင်မြန်စွာ လျှောက်လာကာ ကျီနျန်ကို ပွေ့ချီလိုက်သည်။
“မင်း ဘယ်လိုသိတာလဲ”
ခြေထောက်လေးများ လေထဲတွင် တွဲလျားချထားသော ကျီနျန်သည် သူမ၏ စိတ်မကျေနပ်မှုကို ဖုံးကွယ်ကာ တရားခံကို မော့ကြည့်လိုက်သည်။
“မိသားစုခေါင်းဆောင်က ကလေးတစ်ယောက်ကို မွေးစားဖို့ ခေါ်လာတော့မှာဖြစ်ပြီး၊ အဲဒီကလေးက နောက်ဆိုရင် အကြီးဆုံးသခင်မလေးဖြစ်လာတော့မယ်လို့ အားလုံးက ပြောနေကြတာလေ”
ကျီတင်းကျိုသည် ရှန်ရူရှန်းအပေါ် အကြွေးတင်နေသဖြင့် ဤအကြောင်းနှင့်ပတ်သက်၍ အမှန်တကယ် စဉ်းစားခဲ့ဖူးသည်။ သို့သော် ယခုအခါတွင် ကျီနျန်၏ တည်ငြိမ်ပြီး ယုံကြည်ချက်ရှိသော မျက်နှာလေးကို ကြည့်ရင်း၊ ရုပ်ချင်း ဆင်တူလှသော သားအဖနှစ်ဦးသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။ ကျီတင်းကျိုသည် အရင်စကားစပြောလိုက်သည်။ "မင်းလည်း အဲဒီလို ထင်နေတာလား”
ဤမေးခွန်းသည် အမှန်တစ်ကယ် အဓိပ္ပာယ်မဲ့လှသည်၊ မသိလျှင် ကျီတင်းကျိုသည် ကျီနျန်ကို တစ်ကြိမ်တစ်ခါမျှ လျစ်လျူမရှုခဲ့ပုံပေါ်သည်။ ကလေးသည် ငယ်ရွယ်ပြီး ဝေဖန်ပိုင်းခြားနိုင်စွမ်းနည်းပါးသဖြင့် ထိုသို့ ယုံကြည်နေခြင်းသည် သဘာဝကျသည်။
"အကြီးဆုံးသခင်မလေးက ဘယ်တော့ ရောက်လာမှာလဲဟင်” ကျီနျန်သည်လည်း ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်။
သူမသည် အစစ်အမှန် သခင်မလေး ဖြစ်ပါသော်လည်း သူမနေရာကို အစားထိုးခံရတော့မည်ကို လုံးဝ မသိရှာပေ။
ရိုးအလွန်းတယ်၊ လူတိုင်းကို စကားအကောင်းတွေပဲ ပြောနေတတ်တော့ နောက်ဆို အနိုင်ကျင့်ခံရပြီးတောင် သေသွားနိုင်တယ်။
ကျီတင်းကျိုသည် သူမ၏ အသားမရှိသော ပါးလေးကို ဒေါသတကြီး ဆွဲလိုက်သည်။ ဤမျက်နှာမှလွဲ၍ သူမတွင် သူနှင့် တူညီသည့်နေရာဟူ၍ ဘာမှမရှိပေ။ အကယ်၍ ဘဝသာ စာအုပ်တစ်အုပ်ဖြစ်မည်ဆိုလျှင် ကျီတင်းကျို၏ စာအုပ်သည် "ပြန်လည်မွေးဖွားခြင်း၊ ငါ့ပိုင်ဆိုင်မှုတွေအားလုံးကို ပြန်လည်သိမ်းပိုက်ခြင်း" ဟု အမည်ရပေလိမ့်မည်။ ကျီနျန်၏ စာအုပ်မှာမူ "ရိုးအလွန်းတဲ့ ငတုံးမလေးနဲ့ သူမရဲ့ ပုစွန်ခြောင်းမုန့်" ဟု ဖြစ်ပေလိမ့်မည်။
'ကောင်းပါပြီလေ၊ ငါက ထည့်ပြောပြဖို့တောင် မတန်ဘူးထင်တယ်' ကျီတင်းကျို၏ ခံစားချက်ကို ရိပ်မိသည့်အခါ ကျီနျန်က တွေးလိုက်မိသည်။
အမျိုးသမီးဇာတ်လိုက်ကို အကာအကွယ်ပေးနေလိုက်ပုံကတော့ ဇာတ်လမ်းတောင် မစသေးဘူး၊ အချစ်ခံနေရပြီ။ အနုမြူဗုံး ၈၈ လုံး သတိပေးလိုက်လို့ကတော့… ဟင်းဟင်း။
"မိသားစုခေါင်းဆောင်၊ အကြီးဆုံးသခင်မလေး ရောက်လာရင်လည်း သမီး အရသာရှိတဲ့ အစားအစာတွေ၊ အချိုပွဲတွေ စားလို့ရဦးမလားဟင်။ ပြီးတော့ ချစ်စရာကောင်းတဲ့ မမကျစ်လျောင်ကိုရော ဖက်လို့ ရဦးမလားဟင်”
"မွေးစားသမီး ရောက်လာတာနဲ့ မိသားစုခေါင်းဆောင်က မင်းကို လုံးဝ စွန့်ပစ်လိုက်တော့မှာ" ဟူသော စကားများကို အကြိမ်ကြိမ် ကြားခဲ့ရသဖြင့် ထိတ်လန့်နေပုံရသည်။ ကျစ်လျောင်သည် စိတ်မကောင်းဖြစ်သွားပြီး သူမကို ဖက်ထားချင်မိသည်။ သို့သော် ဖခင်အရင်းဖြစ်သော ကျီတင်းကျိုရှိနေသဖြင့် သူမ မလှုပ်ရှားရဲပေ။
ငါသာ မင်းကို အစာမကျွေးရင် ကြက်လို့ တွန်ဦးမှာ မဟုတ်လား…။
ကျီတင်းကျိုသည် မည်သည့်အချိန်ကမှန်းမသိ ကျီနျန်ရှေ့တွင် ငုတ်တုပ်ထိုင်ကာ ကျီနျန်၏နဖူးကို အမာရွတ်များရှိသော သူ၏ လက်ချောင်းများဖြင့် တောက်လိုက်သည်။
"စားစရာရှိတာသာ စားစမ်းပါ၊ အများကြီး လျှောက်တွေးမနေနဲ့”
ကျီနျန်သည်သူမ၏ လက်ကလေးများဖြင့် နဖူးကို ကာလိုက်ပြီး နားလည်ကြောင်း ပြသလိုက်သည်။ နောင်အချိန်တွင်လည်း ဝဝလင်လင် စားရမည်ဟူသော ကတိကြောင့် သူမ၏ သွားကျိုးလေးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။ "ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ် မိသားစုခေါင်းဆောင်”
ထို့နောက် သူမ၏ မျက်လုံးလေးများ ကစားလာပြန်သည်။
"ဒါဆို အကြီးဆုံးသခင်မလေးက..."
ကျီတင်းကျိုသည် နှာခေါင်းရှုံ့လိုက်သည်။
“အကြီးဆုံးသခင်မလေးလို့ နောက်တစ်ခါ ထပ်ပြောရင် မင်း သကြားလုံး မရတော့ဘူး မှတ်”
ကျီနျန်သည် ချက်ချင်း ပါးစပ်ကို ပိတ်လိုက်သည်။
သေပြီ၊ ဒီလူဆိုကြီး ငါ့ကိုတောင် ခြိမ်းခြောက်တတ်သွားပြီ။
ကျီတင်းကျိုသည် ထိုကလေးမလေးကို ခေါ်လာရန် မူလက စီစဉ်ထားခဲ့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျီနျန်ကြောင့် နှောင့်နှေးသွားခဲ့ခြင်းဖြစ်သည်။ ကျီနျန်ဘက်မှ ထုတ်ပြောလာသဖြင့် ကျီတင်းကျိုသည် မနက်ဖြန်ကျလျှင် သူမကို ခေါ်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။
"ဉာဏ်ရည်ကို အသုံးချပြီး ဖခင်ကောင်းတစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်မလဲ" စာအုပ်ထဲတွင် 'ကလေးတွေဟာ တခြားကလေးကစားဖော်တွေ လိုအပ်တယ်' ဟူသည့် အချက်ကြောင့် မဟုတ်ဘူးဟု သူ တွေးတောနေသည်။ သူသည် ဖခင်ကောင်းတစ်ယောက်ဖြစ်ရန် စိတ်ကူးထားခြင်းမရှိပေ။ ထိုသို့ ပြောပြီးသည်နှင့် ကျစ်လျောင်သည် ကျီတင်းကျို၏ အတွင်းရေးမှူးထံ လျင်မြန်စွာ ဖုန်းဆက်လိုက်သည်။
"ဟယ်လို၊ ကျော့ရီ..."
ဘေးနားတွင် ချောင်းနားထောင်နေသော ကျီနျန် : [ကျော့ရီဟုတ်လား၊ သူ့ညီနာမည်က ကျော့ဇီးရိုးများလား]
[T/N : ရီဟူသည် တရုတ်စကားအရ နံပါတ်တစ်ဖြစ်သည်]
အမျိုးသမီးဇာတ်လိုက် မနက်ဖြန် ရောက်လာမည်ကို အတည်ပြုပြီးနောက် ကျီနျန် စိတ်သက်သာရာ ရသွားသည်။ သူမသည် ကြက်ရုပ်ပုံများပါရှိသော ညဝတ်အင်္ကျီကို ဝတ်ဆင်ကာ ယိမ်းထိုးလျက် အိပ်ရာဝင်ရန် ပြင်ဆင်လိုက်သည်။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျီတင်းကျို၏ အခန်းတွင် အိပ်ခဲ့သော်လည်း ယခုအခါ ကျစ်လျောင်သည် သူမအတွက် အခန်းအသစ်တစ်ခန်း ပြင်ဆင်ပေးထားပြီး အခန်းထဲတွင် ကျီနျန်၏ အဝတ်အစားများ အသုံးအဆောင်များဖြင့် ပြည့်နှက်နေသည်။
အိပ်ရာပေါ်တွင် ချစ်စရာ အရုပ်လေးများလည်း ရှိနေသည်။ အခန်းအပြင်အဆင်သည် ကလေးနှင့် မလိုက်ဖက်မှုမရှိဘဲ ရိုးရှင်းလွန်းနေသည့်အတွက် အနည်းငယ် စိတ်ပျက်သွားသော ကျစ်လျောင်သည် ကျီနျန်၏ အခန်းကို ပြန်လည်ပြင်ဆင်ရန် ဒီဇိုင်နာတစ်ဦးနှင့် သီးသန့်ဆက်သွယ်ရန် စီစဉ်ထားသည်။ ကျီနျန်ကမူ ဤအကြောင်းကို လုံးဝ မသိဘဲ အိပ်စရာ နေရာတစ်ခုရှိနေခြင်းဖြင့် ကျေနပ်နေသည်။ သူမသည် အခန်းထဲသို့ ပြေးဝင်ပြီး ကိုယ်လက်ဆန့်လိုက်သည်။
"နောက်ဆုံးတော့ ဘာကိုမှ စိတ်ပူစရာမလိုဘဲ အိပ်ရတော့မယ်”
နာကျင်မှုမရှိဘူး၊ သက်သောင့်သက်သာရှိတဲ့ ညဝတ်အင်္ကျီနဲ့ နူးညံ့တဲ့ အိပ်ရာ၊ ဗိုက်လည်းမဆာဘူး၊ ရှူးလည်း ပေါက်စရာမလိုတော့ဘူး၊ ကဲ အိပ်ပြီ။
ကျီနျန် အိပ်ရာထဲတွင် ခွေပြီး မျက်လုံးမှိတ်လိုက်စဉ် အခြားအခန်း တစ်ခန်း၌၊ ကျီနျန် ပြန်အလာကို စောင့်နေသော ကျီတင်းကျိုက မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။
“ကြာလိုက်တာ......"
ကျီတင်းကျိုသည် အိပ်ချင်နေသော်လည်း ဦးနှောက်က ကြည်လင်နေသည့်အပြင် အိပ်ငိုက်သည့်အရိပ်အယောင် အနည်းငယ်မျှ မရှိပေ။ ကျီနျန်သည် အိပ်ပျော်သွားခါနီးတွင် သူမ၏ အခန်းတံခါး ပွင့်သွားသည့်အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူမသည် မျက်လုံး မဖွင့်ကြည့်ရသေးမီ စောင်နှင့်တကွ လုံးထွေး၍ ပွေ့ချီခံလိုက်ရသည်။ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ သွယ်လျပြီး ချောမွေ့သော မေးရိုးတစ်ခုကို မြင်လိုက်ရသည်။ ထိုအခါ သူမသည် ဘာမှမစဉ်းစားဘဲ ဖျောင်းကနဲ အသံထွက်အောင် ရိုက်ချပြီးနောက် ဆဲရေးတိုင်းထွာလိုက်သည်။
"ဒီခွေးကောင်တော့"
ကျီတင်းကျို : ….
***