ကျီတင်းကျိုသည် မေးစေ့ကို ရိုက်နှက်ခံလိုက်ရသော်လည်း ကျီနျန်ကို သူ့အခန်းထဲ ပြန်ခေါ်လာပြီးနောက် တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သဖြင့် ထိုကိစ္စကို ဂရုမစိုက်တော့ပေ။ သူ့အတွက်မူ အိပ်စက်ခြင်းထက် အရေးကြီးသောအရာဟူ၍ မရှိပေ။ နောက်တစ်နေ့တွင် ကလေးမလေး၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို ရင်ဆိုင်ရသောအခါ ကျီတင်းကျိုက အရှက်မရှိစွာ ပြောလိုက်သည်။
"မင်း အိပ်ရင်း လမ်းလျှောက်ပြီး ငါ့ကုတင်ပေါ် ရောက်လာတာလေ"
ကျီနျန် : "………"
သူက မင်းသမီးလား ဘာလားဟ၊ မာနကလည်း ကြီးလိုက်တာ။
ကျီတင်းကျိုသည် ကျီနျန်၏ အမြင်တွင် တစ်ပုံစံတည်း ဆင်တူသော ရှပ်အင်္ကျီနှစ်ထည်ကြား ဝေခွဲမရဖြစ်နေစဉ်၊ သူမသည် မနေနိုင်မထိုင်နိုင် သီချင်းဆိုလိုက်သည်။
"သူဟာ မင်းသားလေးတစ်ပါးဆိုတာ ငါပြောနိုင်တယ်~"
ထိုသီချင်းသံကို ကြားသောအခါ ကျီတင်းကျိုက လှည့်ကြည့်လာသည်။
"ဗိုက်ဆာရင် သွားစားတော့"
ကျီနျန်သည် ထိုင်ခုံပေါ်မှ ဝမ်းသာအားရ ခုန်ဆင်းသွားပြီး သူမ၏ဆံပင်ကို ဖြီးပေးနေသော ကျစ်လျောင်ကို "ကျေးဇူးတင်ပါတယ် မမကျစ်လျောင်" ဟု ပြောကာ စိတ်လှုပ်ရှားစွာ ပြေးထွက်သွားလေသည်။ ကျစ်လျောင်သည် သူမ၏ကျောပြင်ကို ကြည့်ရင်း 'ရှန်ချင်းထျန် ရောက်လာပြီးရင်လည်း အခုလိုပဲ အေးအေးချမ်းချမ်း ရှိပါစေ' ဟု ဆုတောင်းနေမိသည်။
သို့သော် ရှန်ချင်းထျန် မရောက်လာမီ အကြောင်းအရာတစ်ခု ဖြစ်ပျက်သွားသည်။ ၎င်းမှာ ကျီနျန်သည် သာ့တန်းနှင့် ကစားနေစဉ် တိရစ္ဆာန်စောင့်ရှောက်သူက သာ့တန်းအား ပွေ့ချီသွားခြင်းကို အားကျသွားခြင်းမှ စတင်ခဲ့သည်။ တိရစ္ဆာန်စောင့်ရှောက်သူသည် သူ၏သန်မာသော ပုခုံးကို ပုတ်ပြပြီး သူမကို ထိုင်မလားဟု မေးလာခဲ့သည်။ ကျီနျန်သည် နှစ်ခါမေးရန် မလိုအပ်ဘဲ သဘောတူလိုက်သည်။ တိရစ္ဆာန်စောင့်ရှောက်သူ၏ ပုခုံးပေါ်တွင် ထိုင်ရင်း သူမ၏ ရယ်သံလေးများ ဟိုးအဝေးအထိ ပျံ့လွင့်သွားခဲ့သည်။
ကျီတင်းကျိုသည် ထိုအသံများကြောင့် ရောက်လာခဲ့သော်လည်း အနားမရောက်မီ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ သူသည် ကလေးမလေး၏ ပျော်ရွှင်သော စကားသံကို အဝေးကပင် ကြားလိုက်ရသည်။
"ကောကောက အရမ်းတော်တာပဲ။ သမီးရဲ့ ဖေဖေ ဖြစ်ပေးပါလားဟင်"
ကျီတင်းကျိုတစ်ယောက် ဆွံ့အသွားသည်။ ဘာကိုမှ ပူပင်စရာမရှိသည့် ကလေးမလေးကို ကြည့်ရင်း သူ့အပေါ် အမြဲတမ်း ယဉ်ကျေးပျူငှာသည့် အပြုံးမျိုးသာ ပြသတတ်ခြင်းကို ပြန်တွေးမိသောအခါ သူ၏ရင်ဘတ်ထဲတွင် တစ်ခုခုနှင့် ပိတ်ဆို့နေသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူရ ခက်ခဲလာသည်။ သူသည် မည်သူ၏ အသိအမှတ်ပြုမှုကိုမှ မလိုအပ်ခဲ့သလို၊ အခြားလူများ၏ အမြင်ကိုလည်း ဂရုမစိုက်ခဲ့ဖူးပေ။ သို့သော် ထိုအချိန်တွင် ကျီနျန်က အခြားတစ်ယောက်ကို အဖေဟု ခေါ်နေကြောင်း ကြားလိုက်ရသည့်အခါ စိတ်နာမိသွားသည်။
၎င်းမှာ ပိုင်ဆိုင်လိုစိတ်ကြောင့်သော်လည်းကောင်း အခြားတစ်ခုခုကြောင့်သော်လည်းကောင်း သူ ဝေခွဲမရပေ။ သို့သော် သူ ကျီနျန်အပေါ် အချိန်အတော်ကြာ ငြှိမ်းသတ်ထားခဲ့သော သံသယစိတ်များ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
'ဒီကလေးမလေးက ငါ့ကို ရွံရှာကြောက်လန့်နေတာကို အောင့်အီးပြီး ငါ့အပေါ်မှာ ဟန်ဆောင်နေတာလား' ကျီတင်းကျို ထိုသို့ တွေးနေမိသည်။
သူသည် ကျီမိသားစုဝင်တစ်ဦးဖြစ်သဖြင့် လူအများက သူ့ကို မနှစ်သက်ခြင်းသည် သဘာဝကျပေသည်။
ငါ့ကို အဖေအဖြစ် မလိုချင်ရင်လည်း ထားလိုက်ပါတော့...။
ကျီတင်းကျို၏ မျက်ဝန်းများ အေးစက်သွားပြီး ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် လှည့်ထွက်သွားလေသည်။ တစ်ဖက်တွင်မူ တိရစ္ဆာန်စောင့်ရှောက်သူသည် စောစောက လေအလွန်ပြင်းသဖြင့် ကျီနျန်၏စကားကို သေချာမကြားလိုက်ရပေ။
"ဟင်၊ သခင်မလေး ဘာပြောလိုက်တာလဲ"
ကျီနျန်သည် ထပ်ပြောလိုက်ရပြန်သည်။
"ကောကောက အရမ်းတော်တာပဲလို့ ပြောတာ။ သမီးကို အိမ်သာအထိ ချီသွားပေးလို့ ရမလား။ သမီး အိမ်သာသွားချင်လို့"
ကလေးမလေး၏ ချီးကျူးစကားကြောင့် မြောက်ကြွသွားသော တိရစ္ဆာန်စောင့်ရှောက်သူသည် ချက်ချင်း ခေါင်းညိတ်၍ ကျီနျန်ကို အိမ်သာသို့ ချီသွားလိုက်သည်။ သူသည် ကိုယ်လုံးကိုယ်ပေါက် သန်မာသော်လည်း အနည်းငယ် ထုံအသူဖြစ်ရာ ဘေးလူများက သူ့ကို ငတုံးဟု ခေါ်လေ့ရှိသည့်အပြင် တိရစ္ဆာန်စောင့်ရှောက်သူဖြစ်ရုံကလွဲ၍ အခြားမရှိဘူးဟု ဆိုကြသည်။ သို့သော် ယနေ့တွင် ကျီနျန်က သူ့ကို တဖွဖွ ချီးကျူးနေသည်။ ငတုံးကြီးသည် တစ်ခါမှ ဤကဲ့သို့ ချီးကျူးမခံရဖူးသဖြင့် တစ်နေ့လုံး လေထဲ လွင့်နေသကဲ့သို့ ခံစားနေရသည်။
"ကျေးဇူးတင်ပါတယ် ကောကော။ ဒီလောက်ဝေးတဲ့လမ်းကို ချီလာတာတောင် မမောသေးဘူး၊ ကောကောက တကယ်တော်တာပဲ"
ဘယ်လိုတောင် သန်မာတဲ့ ခန္ဓာကိုယ်လဲ၊ မွေးရာပါ အားကစားသမားပဲ။
ကျီနျန်သည် တိရစ္ဆာန်စောင့်ရှောက်သူကို လက်ပြနှုတ်ဆက်ပြီး အိမ်သာထဲ ပြေးဝင်သွားသည်။ အကယ်၍ ကျီတင်းကျိုက သူမ၏စကားကို နားကြားမှားသွားမှန်း သိလျှင် ကျီနျန် သက်ပြင်းချမိသွားပေလိမ့်မည်။
'ဒီမင်းသားလေးက အသန့်ကြိုက်ပြီး အိမ်ထဲမှာပဲ အောင်းနေရုံတင်မကဘဲ နားကလည်း ကြားချင်ရာ ကြားနေတာပါလား' ဟု တွေးမိမည်မှာ အမှန်ပင်။
...
ကျီတင်းကျိုတစ်ယောက် စိတ်အခြေအနေ မကောင်းပေ။ ၎င်းမှာ ကျီနျန်ကြောင့် ဖြစ်သည်ကို လူတိုင်း သတိထားမိကြသည်။ ထို့ကြောင့် သခင်မလေးအသစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသော ဝန်ထမ်းများ အနေခက်နေကြသည်။
"ဒီနေ့ကစပြီး ကျီနျန်နဲ့ ပတ်သက်တဲ့ ဘာသတင်းမှ ငါ့ကို လာမတင်ပြနဲ့တော့"
ကျစ်လျောင်သည် အခန်းအပြင်အဆင်အကြောင်း မေးမြန်းရန်ပြင်စဉ် ကျီတင်းကျိုက အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်။ သူ၏ မြစိမ်းရောင် မျက်ဝန်းများသည် ထူးထူးခြားခြား အေးစက်နေသည်။ ကျစ်လျောင်က အံ့အားသင့်သွားသော်လည်း ကျီတင်းကျိုသည် အတည်ပြောနေခြင်းဖြစ်ကြောင်း သူမ သိလိုက်သည်။
"…ကောင်းပါပြီ"
သူက ငါ့ကို အဖေလို့ မသတ်မှတ်ချင်မှတော့ ငါကလည်း ဘာလို့ သူ့ကို ဂရုစိုက်နေရမှာလဲ။
"သာ့တန်းကို စောင့်ရှောက်ပေးနေတဲ့ တိရစ္ဆာန်စောင့်ရှောက်သူရဲ့ ကိုယ်ရေးအချက်အလက်တွေ ငါ့ဆီ ယူလာခဲ့"
ဝေ့ယန် မရှိသဖြင့် ကျစ်လျောင်က သူ၏တာဝန်အချို့ကို ယာယီ လွှဲပြောင်းယူထားရသည်။
"ဟုတ်ကဲ့"
ကျီနျန်သည် အိမ်သာသွားပြီးနောက် ခဏအိပ်ရန် အခန်းထဲ ဝင်သွားခဲ့သော်လည်း သူမ၏စောင်လေးကို သူမ၏အိပ်ခန်းထဲသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်းနှင့် သူမ ဤနေရာတွင် အိပ်ရန် မလိုတော့ကြောင်း အိမ်အကူက အကြောင်းကြားလာသည်။ သူမသည် အစပိုင်းတွင် ဇဝေဇဝါဖြစ်သွားသော်လည်း ခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။
[ထူးဆန်းတယ်… တစ်ခုခုတော့ မှားနေပြီ]
လေထုအခြေအနေ ထူးဆန်းနေကြောင်း ကျီနျန် အာရုံခံမိသွာသည်။ အိမ်အကူများသည် ပုံမှန်ဆိုလျှင် သူမကို မြင်သည်နှင့် နွေးထွေးစွာ နှုတ်ဆက်တတ်သော်လည်း ယနေ့တွင်မူ ၎င်းတို့အားလုံး ထူးထူးခြားခြား တိတ်ဆိတ်နေကြသည်။
ဇာတ်လိုက်မင်းသမီး ရောက်လာပြီလား။ ဘာလို့ အမူအရာတွေ ရုတ်တရက် ပြောင်းသွားရတာလဲ။ မဟုတ်ဘူး၊ ဒီလူတွေက မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်တဲ့ လူမျိုးတွေ မဟုတ်ဘူး။ တစ်ခုခု ဖြစ်ခဲ့လို့ပဲ ဖြစ်ရမယ်။
သူမသည် အိပ်စက်မည့် အစီအစဉ်ကို ဖျက်သိမ်းကာ ကျစ်လျောင်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ သို့သော် ကျစ်လျောင် မရှိကြောင်း ပြောလာကြသည်။ ကျီနျန်သည် ကျီတင်းကျိုကို သွားရှာရန် ပြင်ဆင်လိုက်စဉ် အပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
"ကျွန်မတို့ သခင်မလေးရဲ့ ခရီးဆောင်အိတ်တွေကို ဂရုစိုက်ပေးကြပါ။ အထဲက ပစ္စည်းတွေ အားလုံးက လူကြီးမင်းကျီ ကိုယ်တိုင် ဝယ်ပေးထားတာမို့လို့ အရမ်းတန်ဖိုးကြီးတယ်၊ ကျေးဇူးပါ"
"အော်၊ ပြီးတော့ စားဖိုမှူး တစ်ယောက်လောက် လာပေးလို့ ရမလား။ ကျွန်မတို့ သခင်မလေးက ကျန်းမာရေး နည်းနည်း ချို့တဲ့ပြီး အစားအသောက် ဆောင်ရန်၊ ရှောင်ရန်တွေ အရမ်းများလို့"
"အမလေး၊ ဘယ်လို ခွေးကြီးလဲ။ ကျွန်မတို့ သခင်မလေးက ခွေးကြောက်တတ်တယ်၊ အဲ့ဒါကို မြန်မြန် ဖယ်ထုတ်ပေးစမ်းပါ"
တစ်စုံတစ်ဦးက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"အဲဒါ မိသားစုခေါင်းဆောင်ရဲ့ ခွေးပါ"
မိသားစုခေါင်းဆောင်၏ ခွေးဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ ထိုအမျိုးသမီး၏ လေသံသည် ချက်ချင်း ပြောင်းလဲသွားသည်။
"အော်... မိသားစုခေါင်းဆောင်ရဲ့ ခွေးကိုး၊ ဒါကြောင့်လည်း ဒီလောက် ထွားကြိုင်းပြီး ခန့်ညားနေတာပေါ့။ မိသားစုခေါင်းဆောင်လို လူမျိုးပဲ ဒီလို ခွေးမျိုးကို မွေးနိုင်မှာ..."
ဝါး... လေသံပြောင်းသွားတာ မြန်ချက်ကတော့...။
ကျီနျန်သည် အသံပိုင်ရှင်ကို သွားမကြည့်ရသေးမီ ထိုအသံပိုင်ရှင်သည် ကျီနျန်ထက် အရပ်အနည်းငယ် ပိုမြင့်သော ကလေးမလေးတစ်ဦးနှင့်အတူ ဝင်လာခဲ့သည်။ ကျီနျန်သည် ဘေးက အမျိုးသမီးကို လျစ်လျူရှုပြီး ထိုကလေးမလေးကိုသာ ကြည့်လိုက်သည်။ စနစ် ပြောပြထားသည့်အတိုင်း ထိုကလေးမလေးသည် ဖီးလိမ်းပြင်ဆင်ထားသော တောက်ပြောင်သည့် ဆံနွယ်များကို ဖဲပြားနှစ်ခုဖြင့် ချည်နှောင်ထားပြီး အပြာရောင်နှင့် အဖြူရောင်ကို စတိုင်ကျစွာ ဒီဇိုင်းဆင်ထားသည့် ဂါဝန်လေးကို ဝတ်ဆင်ထားသည်။ ငယ်ရွယ်သော်လည်း သူမ၏ရုပ်ရည်သည် နူးညံ့၍ ချစ်စဖွယ်ကောင်းလှသည်။
ဆူညံလှသော နာနီနှင့်မတူဘဲ သူမသည် လူတိုင်းအား ပြုံးပြနေသည်။ ဇာတ်လိုက်မင်းသမီးဖြစ်သော သူမတွင် ဆွဲဆောင်မှုရှိသော အရှိန်အဝါများရှိနေသဖြင့် အမြဲတမ်း အေးစက်စွာ ပြုမူတတ်သော အိမ်အကူများပင် သူမ၏ အပြုံးကို မြင်သောအခါ ချစ်ခင်ကြင်နာသည့် အမူအရာများ ပြသလာကြသည်။ ၎င်းတို့ မဆိုနှင့် ကျီနျန်ပင် သူမကို မြင်မြင်ချင်း အလွန်ချစ်စဖွယ်ကောင်းသည်ဟု တွေးမိကာ မူးဝေသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဘယ်က ကလေးက လမ်းပိတ်ရပ်နေတာလဲ"
ရှန်ချင်းထျန်ကို ကိုင်ထားသော နာနီသည် ပဲပင်ပေါက်လေး တစ်ခုကဲ့သို့သော ကျီနျန်ကို မြင်သောအခါ မျက်မှောင်ကြုတ်၍ သူမ၏ ခြေထောက်ဖြင့် ကလေးကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ကျီနျန်၏ ခန္ဓာကိုယ်သည် သေးလွန်းသည့်အပြင် သူမ၏ အာရုံသည်လည်း ဇာတ်လိုက်မင်းသမီးဆီ ရောက်နေသဖြင့် အချိန်မီ မရှောင်နိုင်ဘဲ ဖင်ထိုင်လျက် လဲကျသွားတော့သည်။ သူမ၏ အနောက်တည့်တည့်တွင် ပန်းအိုးတစ်လုံးရှိနေသဖြင့် လက်နှင့် ပန်းအိုးအစွန်း ရိုက်မိသွားကာ ချက်ချင်းပင် သွေးများထွက်လာသည်။
"အား——"
"အဆင်ပြေရဲ့လား"
ပထမဆုံး သတိပြုမိသူသည် ရှန်ချင်းထျန်ဖြစ်သည်။ စိမ်းသက်သော နေရာသို့ ရောက်လာသဖြင့် သူမသည် အမြဲတမ်း ကြင်နာတတ်၍ ဖော်ရွေသူဖြစ်ရမည်ဟု ကိုယ့်ကိုယ်ကို သတိပေးထားသည်။ လိမ္မာသော ကလေးတစ်ဦးဖြစ်မှသာ လူများက ချစ်ခင်ကြမည် မဟုတ်လေသလော။ ကျီနျန် လဲကျသွားကြောင်း မြင်သောအခါ သူမသည် နာနီ၏ လက်ကို လွှတ်ကာ အနားသို့ ပြေးလာခဲ့သည်။
"ဒုက္ခပါပဲ၊ သွေးတွေ ထွက်နေပြီ"
ရှန်ချင်းထျန်၏ မျက်နှာလေးသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။
ကျီနျန်သည် သွေးထွက်နေသော သူမ၏ လက်ဖဝါးရှိ ဒဏ်ရာကို ငုံ့ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
"ရပါတယ်၊ မနာပါဘူး"
သူမသည် ဇာတ်လိုက်မင်းသမီးကို ပြန်နှစ်သိမ့်ပေးပြီး ပြုံးပြလိုက်သည်။ သို့သော် သူမ မော့ကြည့်လိုက်သည့်အခါ ရှန်ချင်းထျန်သည် သူမ၏ မျက်နှာကို မယုံကြည်နိုင်ဖြစ်သော အကြည့်များဖြင့် တုန်လှုပ်စွာ စိုက်ကြည့်နေကြောင်း မြင်တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ" ကျီနျန်က ပဟေဠိဖြစ်စွာ မေးလိုက်သည်။
ရှန်ချင်းထျန်သည် သူမနောက်က နာနီကို ကူကယ်ရာမဲ့စွာ လှည့်ကြည့်လိုက်သည်။ ဤနာနီသည် မိဘများ ဆုံးရှုံးပြီးကတည်းက သူမကို အမြဲပြုစုစောင့်ရှောက်ပေးခဲ့သူဖြစ်သောကြောင့် ကလေးမလေးသည် နာနီအပေါ် အလွန်အမင်း အမှီသဟဲပြုလေ့ရှိသည်။ နာနီသည်လည်း အထူးသဖြင့် မြင်ရခဲလှသော ကျီနျန်၏ ထိုမြစိမ်းရောင် မျက်ဝန်းများကို မြင်သောအခါ သူမ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"မင်းက ဘယ်သူလဲ”
***