ဤမျှငယ်ရွယ်သော ကလေးမလေးကို ပလတ်စတစ်ဆာဂျရီ လုပ်ပေးပြီး မျက်ကပ်မှန်များပင် တပ်ပေးထားသည့်အပြင် ကျီအိမ်တော်ကို မည်သို့ ၎င်းတို့ထက် ဦးစွာ ရောက်နေသနည်းဟု နာနီ တွေးနေမိသည်။ မူရင်းဇာတ်လမ်းထဲတွင် ဤအချိန်၌ ကျီနျန်၏ မျက်နှာသည် အမာရွတ်များဖြင့် ပျက်စီးနေပြီဖြစ်သည်။ သူမတွင် ကျီတင်းကျိုနှင့် ဆင်တူသော မျက်လုံးအရောင်များ ပိုင်ဆိုင်ထားသော်လည်း မည်သူကမှ အရေးတယူ မပြုလုပ်ခဲ့ကြပေ။ သို့သော် ယခုမူ အခြေအနေများ ကွဲပြားသွားခဲ့သည်။ ကျီနျန်တွင် ကျီတင်းကျိုနှင့် တူညီသော မျက်လုံးအရောင်ရှိရုံသာမကဘဲ မျက်နှာပေါက်သည်လည်း တစ်ပုံစံတည်းနီးပါး ဆင်တူနေသောကြောင့်ဖြစ်သည်။
နာနီ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်မှုများထြင့် ပြည့်နှက်သွားသည်။ ဤမြင်ကွင်းသည် မူရင်းဇာတ်လမ်းထဲတွင် မရှိခဲ့သလို ကျီနျန်ကိုယ်တိုင်လည်း ၎င်းတို့ ဤမျှ လျင်မြန်စွာ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ၏ မူလအစီအစဉ်သည် အိပ်ပျော်ချင်ယောင်ဆောင်ပြီး ဇာတ်လိုက်မင်းသမီး၏ တောက်ပချိန်ကို မနှောင့်ယှက်ရန်ဖြစ်သည်။
ကျီနျန်သည် မထိခိုက်ထားသော လက်တစ်ဖက်ဖြင့် အားယူ၍ မတ်တတ်ရပ်ကာ မိတ်ဆက်လိုက်သည်။
"သမီးနာမည်က ကျီနျန်ပါ"
နာနီ၏ စူးရှသော မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ကျီမျိုးရိုးနာမည်လား"
သူမသည် ကျီနျန်၏ လက်မောင်းကို အားပြင်းပြင်းဖြင့် ဆွဲကိုင်လိုက်သဖြင့် ကျီနျန် နာကျင်စွာ မျက်နှာရှုံ့သွားသည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ကျီမိသားစုဝင်တွေ အကုန်သေကုန်ပြီလေ၊ ကျီတင်းကျိုတစ်ယောက်ပဲ ကျန်တော့တာ မဟုတ်ဘူးလား။ ဒါဆို ကျီနျန်က သွေးသားတော်စပ်သူ ဖြစ်နိုင်တာ သေချာသလောက်ပဲ...။
သူမသည် မဖြစ်နိုင်ဘူးဟု ထင်မှတ်ရသော အဖြေဆီ ရောက်ရှိခါနီးတွင် အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဘာလို့ တံခါးဝမှာ စုပြုံနေကြတာလဲ"
ကျစ်လျောင်သည် ကျီတင်းကျို၏ ပစ္စည်းများကို အပေါ်ထပ်သို့ ပို့ဆောင်ပေးပြီးနောက် ဤနေရာသို့ လျှောက်လာခြင်းဖြစ်သည်။ ကျွမ်းကျင်သော လုပ်ကြံသတ်ဖြတ်သူ တစ်ဦးဖြစ်သည့်အတွက် ကျစ်လျောင်သည် ခြေလှမ်းအနည်းငယ်အကွာကပင် သွေးနံ့ကို ရလိုက်သဖြင့် မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူမ အနားသို့ ရောက်ရှိလာပြီး နာနီ ပိတ်ရပ်ထားသည့်ကြားမှ ကျီနျန်ကို မြင်လိုက်ရသောအခါ သူမ၏ မျက်ဝန်းများ ရေခဲကဲ့သို့ အေးစက်သွားတော့သည်။
ကျစ်လျောင်က သူမကို အသာအယာပင် တွန်းဖယ်လိုက်သည်။ ပိန်ပါး၍ မျက်နှာတွင် အမာရွတ်ရှိသော ဤအမျိုးသမီးသည် ဤမျှသန်မာလိမ့်မည်ဟု နာနီ မထင်မှတ်ထားခဲ့ပေ။
"သခင်မလေး... အဆင်ပြေရဲ့လား၊ ဘယ်သူက သခင်မလေးကို ဒီလိုလုပ်လိုက်တာလဲ"
ကလေးမလေး၏ လက်ဖဝါးပေါ်ရှိ ထင်ရှားသော ဒဏ်ရာကို မြင်လိုက်ရသောအခါ ကျစ်လျောင်၏ ဒေါသများ တဟုန်းဟုန်းတောက်လောင်လာသည်။ သူမ၏ ယခင်ဒဏ်ရာများ မကျက်သေးမီပင် ထပ်မံ ထိခိုက်သွားပြန်သည်။ နာနီသည် ကျစ်လျောင်က သူမကို သခင်မလေးဟု ခေါ်ဝေါ်လိုက်ကြောင်း ကြားရသောအခါ ကြောင်အသွားသည်။
သခင်မလေးဆိုတာ ဘာအဓိပ္ပာယ်လဲ။
သို့သော် သူမ မေးမြန်းခွင့် မရလိုက်မီ ကျစ်လျောင်က ကျီနျန်ကို ပွေ့ချီလိုက်ပြီး နာနီကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
"ဒါ ရှင့်လက်ချက်လား"
ကြည်လင်သော ရေကန်ကဲ့သို့ သူမ၏ မျက်ဝန်းများသည် ရုတ်တရက်ဆိုသလို လူသတ်လိုသော အငွေ့အသက်များဖြင့် ယှက်သန်းသွားသည်။ နာနီသည် ကျောရိုးတစ်လျှောက် ချွေးစေးများ ထွက်လာပြီး ချက်ချင်းပင် ခေါင်းခါပြလိုက်သည်။
"မဟုတ်ဘူး၊ ကျွန်မ လုပ်တာ မဟုတ်ဘူး။ သူဘာသာသူ ချော်လဲပြီး ထိခိုက်သွားတာပါ"
ကျီနျန်က စိတ်ထဲမှ လှောင်ရယ်လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်ဆင်လိုက်စဉ် စနစ်ဆီမှ အချက်ပေးသံ ထွက်လာသည်။
[ပိုင်ရှင်... ဒီအမျိုးသမီးက ဇာတ်လိုက်မင်းသမီးရဲ့ မိဘတွေ ဆုံးပါးသွားကတည်းက သူ့ကို ပြုစုစောင့်ရှောက်လာခဲ့တာ၊ သူက ဇာတ်လိုက်မအတွက် အရမ်းအရေးပါတယ်။ တကယ်လို့ အခု ပိုင်ရှင်သာ အမှန်အတိုင်း ပြောလိုက်ရင် သူ အိမ်တော်ကနေ မောင်းထုတ်ခံရမှာ သေချာတယ်]
ကျီနျန်သည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူမ ချက်ချင်း သဘောပေါက်သွားသည်။
[ဒါဆို နင်က ငါ့ကို သည်းခံခိုင်းနေတာပေါ့လေ၊ ဟုတ်လား]
သူမသည် မူရင်းဇာတ်လမ်းထဲက နာနီကို သတိရသွားသည်။ ထိုနာနီသည် မူလပိုင်ရှင်လေးကို အားပြင်းပြင်းနှင့် ကန်ထုတ်လိုက်သဖြင့် ကလေးမလေးသည် အိပ်ရာထဲတွင် ရက်ပေါင်းများစွာ လှဲနေခဲ့ရသည်။ ထိုမျှ ငယ်ရွယ်သော ကလေးငယ်တစ်ဦးသည် မျက်နှာတစ်ခြမ်း ပျက်စီးသွားရရုံသာမကဘဲ နာကျင်မှု့ဖြင့် အိပ်မရသလို၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဒဏ်ရာများကြောင့် ဘေးတစောင်းပင် မလှည့်ရဲခဲ့ပေ။ ကျန်းယွီလန်၏ နှိပ်စက်မှုများကို နှစ်ရှည်လများစွာ ခံစားခဲ့ရပြီးနောက်၊ နောက်ဆုံးတွင် သူမ၏ ဖခင်ကို တွေ့ရရန် သတ္တိမွေးခဲ့သော်လည်း သူမနှင့် ရွယ်တူ မိန်းကလေးတစ်ဦးက ကံကြမ္မာ ကွဲပြားစွာဖြင့် နွေးနွေးထွေးထွေး ကြိုဆိုခံနေရသည့် မြင်ကွင်းကိုသာ မြင်တွေ့ခဲ့ရသည်။ သူမသည် မနာလို မဖြစ်ခဲ့ဘဲ အားကျရုံသာ ခံစားခဲ့ရသည်။ သို့သော်လည်း သူမကို အမှိုက်သရိုက်လို ဆက်ဆံခဲ့ကြသည့်အပြင် ပြန်မထနိုင်အောင် ကန်ချခဲ့ကြသည်။
မူလပိုင်ရှင်လေးက ဘာများ မှားခဲ့လို့လဲ။ သူများပစ္စည်း ခိုးချင်တာ မဟုတ်ဘဲ ဗိုက်ဝဝစားချင်ရုံ ဆုတောင်းခဲ့တဲ့ ကျီနျန်ကို ဘာလို့ လူတိုင်းက နှိပ်စက်ရ လွယ်တယ်လို့ ထင်နေကြတာလဲ။
[လောကကြီးက ငါ့ကို နာကျင်မှုတွေနဲ့ နမ်းရှိုက်တာကို ငါ သဘောမတူနိုင်ဘူး၊ ဒါက လိင်ပိုင်းဆိုင်ရာ အသားယူပဲ]
နောက်တစ်စက္ကန့်တွင် ကျီနျန်သည် ရေနစ်သူတစ်ဦးက သစ်တုံးကို ဖက်ထားသကဲ့သို့ ကျစ်လျောင်ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ နွေးထွေးသော မျက်ရည်များ ကျစ်လျောင်၏ လည်ပင်းပေါ်သို့ စီးကျလာ၍ ကလေးမလေးသည် ငိုသံကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း တုန်ယင်နေသည်။
"သမီးဘာသာ လဲတာပါ၊ အန်တီက သမီးကို မကန်ပါဘူး၊ သမီးအမှားပါ... သမီးကို မရိုက်ပါနဲ့... တောင်းပန်ပါတယ် သမီးကို မရိုက်ပါနဲ့..."
ကျစ်လျောင်သည် မူလက ဒေါသကို ထိန်းချုပ်ထားနိုင်သော်လည်း ကလေးမလေး၏ စကားများကို ကြားရသောအခါ သူမ ဆက်လက် မအောင့်နိုင်တော့ပေ။ ဤကလေးမလေးသည် မွေးရာပါ သန်မာသူဟု သူမ ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင် သူမသည် ကျန်းယွီလန် ပေးခဲ့သည့် အရိပ်မည်းများကို ဖုံးကွယ်ထားရုံသာဖြစ်သည်။ တစ်ဖန် ပြန်လည် အနှိပ်စက်ခံရသောအခါ ထိုခံစားချက်များ ရုန်းထွက်လာခဲ့ပုံပေါ်သည်။
"လိမ္မာတယ်နော် သမီး အမှားမဟုတ်ဘူး၊ မမ ရှိနေသရွေ့ ဘယ်သူမှ သမီးကို မရိုက်စေရဘူး ဟုတ်ပြီလား"
ကျစ်လျောင်သည် လက်တစ်ဖက်ဖြင့် ကျီနျန်ကို ပွေ့ချီထားရင်း ကျန်လက်တစ်ဖက်ဖြင့် နာနီ၏ မျက်နှာကို မိုးခြိမ်းသံကဲ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ နာနီသည် ထိုအားပြင်းလွန်းသော ရိုက်ချက်ကြောင့် ဒူးထောက်လဲကျသွားရုံသာမကဘဲ သွားနှစ်ချောင်းပင် သွေးများနှင့်အတူ လွင့်ထွက်သွားသည်။
"အား…”
သူမသည် ပါးကိုအုပ်ကိုင်ကာ အော်ဟစ်ရင်း ကျစ်လျောင်ကို မယုံကြည်နိုင်စွာ ကြည့်နေသည်။ ခဏတာ လျစ်လျူရှုခံထားရသော ရှန်ချင်းထျန်သည် ကျီနျန်ကို မိခင်ကြက်မကြီးက သားငယ်များကို ကာကွယ်ပေးသကဲ့သို့ ပွေ့ချီထားသည့် ကျစ်လျောင်ကို ငေးကြည့်နေမိသည်။ မျက်နှာပေါ်က ထိတ်လန့်ဖွယ် အမာရွတ်ကို သတိထားမိတတ်ကြသော လူအများစုနှင့်မတူဘဲ ရှန်ချင်းထျန်သည် ကျစ်လျောင်ကို စတွေ့ကတည်းက သူမ၏ လှပသော မျက်ဝန်းများကိုသာ သတိပြုမိခဲ့သည်။ ဆောင်းရာသီ၏ ညချမ်း၌ ကြယ်ပွင့်များ ထင်ဟပ်နေသော အေးစက်သည့် ရေကန်ငယ်နှင့် ဆင်တူပေသည်။
သို့သော် ထိုမျက်ဝန်းများသည် ရှန်ချင်းထျန်ဆီ တစ်ကြိမ်တစ်ခါမျှ ရောက်မလာခဲ့ပေ။ သူမသည် ဖရိုဖရဲဖြစ်နေသော နာနီကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။ မိဘများ ဆုံးပါးသွားပြီးနောက် နာနီကသာ ရှန်ချင်းထျန်ကို အမြဲ ပြုစုစောင့်ရှောက်ခဲ့သည်။ အားကိုးစရာမရှိသော သူမသည် နာနီအပေါ် အလွန် အမှီသဟဲ ပြုလာခဲ့သည်။
"အန်တီ... အဆင်ပြေရဲ့လား"
ရှန်ချင်းထျန်သည် စိုးရိမ်တကြီးဖြင့် ငိုယိုကာ သူမအနားသို့ ပြေးသွားလေသည်။ သူမ အနားရောက်သွားသည်နှင့် နာနီက သူမ၏ လက်မောင်းကို အားပြင်းပြင်းဖြင့် ရုတ်တရက် ဆွဲညှစ်လိုက်သည်။ ရှန်ချင်းထျန်သည် နာကျင်သွားသော်လည်း နာနီ၏ အရိပ်အမြွက်ကို နားလည်လိုက်သည်။ အန်တီသည် ညီမလေးကို ကန်ထုတ်လိုက်ကြောင်း မြင်တွေ့ခဲ့ပြီးနောက် လွန်လွန်းသည်ဟု ထင်မှတ်ခဲ့သော်လည်း သူမသည် လိမ္မာရမည်ဖြစ်သည်။ သူမ တစ်ယောက်တည်း မဖြစ်ချင်ပေ။
"မမ... သမီး တောင်းပန်ပါတယ်၊ အန်တီ့ကို မရိုက်ပါနဲ့တော့၊ သမီးကိုပဲ ရိုက်ပါ"
ရှန်ချင်းထျန်၏ ဖြူစင်သန့်ရှင်းသော စကတ်အနားများတွင် သွေးများ စွန်းထင်နေသော်လည်း သူမသည် တုန်တုန်ရီရီဖြင့် ကျစ်လျောင်အရှေ့တွင် ပိတ်ရပ်ကာ၊ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များဖြင့် တောင်းပန်တိုးလျှိုးနေသည်။ ကျစ်လျောင်က သူမရှေ့ရှိ ကလေးမလေးကို ကြည့်ရင်း တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် စိတ်နှလုံး နူးညံ့သွားသလို ခံစားလိုက်ရသည်။ ဤခံစားချက်များ ဘယ်က ရောက်လာသည်ကို သူမ မသိပေ။ သူမသည် စိတ်ပျော့ပျောင်းသူ မဟုတ်သလို၊ ကျီနျန်အပေါ် နွေးထွေးခဲ့ခြင်းသည်လည်း ကလေးမလေးသည် ကျီတင်းကျို၏ သွေးသားဖြစ်သောကြောင့်ဖြစ်သည်။ သို့သော် သူမ အရှေ့ရှိ ကလေးမလေးသည် ထိုသို့သော ခံစားချက်မျိုး ပေးစွမ်းစေသောကြောင့် သူမ အလွန်ထူးဆန်းမိနေသည်။
"မမကျစ်လျောင်... သမီးနာတယ်..."
ထိုအချိန်တွင် ကျီနျန်က သူမကို ပို၍ တင်းကျပ်စွာ ဖက်လိုက်သည်။ ကျီနျန်၏ ဒဏ်ရာများကို ဆေးမကုသရသေးကြောင်း တွေးမိသောအခါ ကျစ်လျောင်သည် ထိုကိစ္စကို ဆက်မပြောတော့ဘဲ ကလေးမလေးကို ပွေ့ချီကာ အမြန် ထွက်ခွာသွားလေသည်။
ရှန်ချင်းထျန်သည် သက်ပြင်းချရင်း ကိုယ်လက်များ ပျော့ခွေသွားသည်။ သူမသည် နာနီ၏ ဒဏ်ရာကို ကြည့်ရန် လှည့်ကြည့်လိုက်သော်လည်း အပြစ်တင်မှုများဖြင့် ပြည့်နှက်နေသော အကြည့်နှင့်သာ ဆုံလိုက်ရသည်။
'နင် ဘာလို့ ဒီလောက် အသုံးမကျတာလဲ' ဟု ပြောနေသကဲ့သို့ပင်။
ကလေးမလေး၏ မျက်နှာတွင် ဇဝေဇဝါဖြစ်နေသော အမူအရာများဖြင့် ပြည့်နှက်သွားသည်။
ထိုအချိန်တွင် လမ်းပြပေးနေသော အိမ်အကူတစ်ဦးက ပြောလိုက်သည်။
"ကျစ်လျောင်ဆိုတာ ဒီအိမ်တော်မှာ မိသားစုခေါင်းဆောင် အတန်ဖိုးထားဆုံး လူပဲ၊ အိမ်တော်ထိန်းချုပ်နဲ့ အဆင့်အတန်း အတူတူပဲ"
ထိုသို့ ကြားလိုက်ရသောအခါ နာနီ၏ မျက်နှာအမူအရာ ဖြူဖျော့သွားသည်။
သွားပြီ... ငါတော့ အခြေအနေကို အထင်မှားမိသွားပြီ။
အခန်းသို့ ရောက်သောအခါ၊ နာနီသည် ပတ်ဝန်းကျင် အနေအထားကို ဂရုမစိုက်နိုင်တော့ဘဲ ရှန်ချင်းထျန်ကို ဆွဲခေါ်ကာ သွားကျိုးထားသဖြင့် လေများ ထွက်နေသော အသံဖြင့် လေးနက်စွာ ပြောလိုက်သည်။
"ထျန်ထျန်... သမီး အဲ့ဒီမမကို သမီးဘက်ပါအောင် ကြိုးစားရမယ် သိလား။ ကျီအိမ်တော်မှာ ငါတို့ ကောင်းကောင်း နေနိုင်မလား ဆိုတာ သမီးအပေါ်မှာပဲ မူတည်နေတယ်"
ထိုကလေးမလေးသည် ကျီတင်းကျို၏ သွေးသားအရင်းအချာဖြစ်ကြောင်း သိလိုက်ရသည်နှင့် နာနီသည် သူမ၏ ယခင်အစီအစဉ်များကို ချက်ချင်း ပြောင်းလဲလိုက်သည်။
ဒါပေမယ့် သွေးသားအရင်းဖြစ်တော့ ဘာထူးမှာလဲ။ ကျီနျန်က မွေးကတည်းက ပစ်ပယ်ခံထားရပြီး အခုမှ ပြန်ခေါ်ထားတာလို့ လူတိုင်း ပြောကြတယ်။ သူတို့ကြားမှာ ဘယ်လို သံယောဇဉ်မျိုးရှိမှာလဲ။
အခြားတစ်ဖက်တွင် ရှန်ချင်းထျန်သည် ကျီတင်းကျို၏ လက်ပေါ်မှာ နှစ်နှစ်နီးပါး ကြီးပြင်းလာခဲ့သူဖြစ်သည်။ နာနီ၏ မျက်လုံးများ ရည်မှန်းချက်များဖြင့် တောက်လောင်နေသည်။
ကျီမိသားစုက ငါတို့အပိုင် ဖြစ်ရမယ်။
နာနီ၏ စူးရှသော အကြည့်အောက်တွင် ရှန်ချင်းထျန်သည် အားနည်းစွာ ခေါင်းညိတ်ပြလိုက်သည်။
'အန်တီ... သမီး တစ်နေ့လုံး ဘာမှမစားရသေးဘူး၊ သမီး အရမ်းဗိုက်ဆာနေပြီ' ဟု ပြောချင်သော်လည်း သူမသည် နောက်ဆုံးတွင် အရာအားလုံးကို မျိုသိပ်ကာ မျက်နှာလိုမျက်နှာရ အပြုံးဖြင့်သာ အစားထိုးလိုက်သည်။
***