ဇာတ်လိုက်မင်းသမီးပီပီ ရှန်ချင်းထျန်တွင် လူချစ်လူခင်ပေါစေသည့် တောက်ပသော အရှိန်အဝါမျိုးရှိနေသဖြင့် အိမ်အကူများ၏ စိတ်ကို အလွယ်တကူ ဖမ်းစားနိုင်ခဲ့သည်။ တစ်စုံတစ်ရာသော အကြောင်းပြချက်ဖြင့် ပျောက်ကွယ်နေသည့် ကျီတင်းကျိုပင် ပြန်လည်ရောက်ရှိလာသည်။ ကျီတင်းကျိုကို မြင်လိုက်ရသောအခါ ရှန်ချင်းထျန်၏ မျက်ဝန်းများ ဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် ပြေးသွားတော့သည်။
"ဦးဦးကျီ”
သူမ၏ မိဘများ ဆုံးပါးသွားပြီးနောက် အရွယ်မရောက်သေးသော်လည်း အမွေအမြောက်အမြား ပိုင်ဆိုင်ထားသော ရှန်ချင်းထျန်သည် ဈေးလယ်ခေါင်တွင် ရွှေထုပ်ပိုက်ထားသော ကလေးငယ်နှင့် ဆင်တူလှသည်။ သူမကို ဝိုင်းအုံလာမည့် ဝံပုလွေများနှင့် မြေခွေးများ၏ရန်မှ ကာကွယ်ပေးခဲ့သူသည် ကျီတင်းကျိုဖြစ်သည်။
ကလေးငယ်တစ်ဦးအနေဖြင့် အများအပြား နားမလည်သော်လည်း ကျီတင်းကျိုရှိနေလျှင် သူမ၏ ဘဝ အေးချမ်းကာ စောင့်ရှောက်မည့်သူ ရှိနေမည်ကို သူမ သိထားသည်။ ထို့အပြင် ကလေးများပင် သန်မာထက်မြက်သူများကို အလိုအလျောက် ကြည်ညိုတတ်ကြသည် မဟုတ်လေးသလော။ နာနီများ၏ တိုက်တွန်းမှု မပါလျှင်ပင် ရှန်ချင်းထျန်သည် ကျီတင်းကျိုအပေါ် အလွန်အမင်း အားကိုးနေမိသည်။ ကျီတင်းကျိုက သူမ၏ ဖခင်ဖြစ်လာတော့မည်ဟု သိလိုက်ရသောအခါ သူမ စိတ်လှုပ်ရှားလွန်းသဖြင့် ညဘက်တွင် အိပ်မပျော်ဖြစ်ခဲ့ရသည်။
ကျီတင်းကျိုသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီးနောက် အရှေ့ရှိ ကလေးမလေးအပေါ် သူ့အကြည့်များ ရောက်ရှိသွားသည်။
"အင်း။ နောက်ကျ တစ်ခုခု လိုအပ်တာရှိရင် ကျစ်လျောင်ကို ပြောလိုက်"
ထိုသို့ပြောပြီးနောက် သူသည် ရှန်ချင်းထျန်၏ ခေါင်းကို ပုတ်ကာ ထွက်ခွာသွားသည်။
'သူ့ဆံပင်တွေက တော်တော်ပျော့ပျောင်းသားပဲ၊ ဒါပေမယ့် ငါတော့ ခြောက်ခြောက်လေးနဲ့ ဖွာလန်ကြဲနေတဲ့ ခံစားချက်မျိုးကို ပိုကြိုက်တယ်' သူ့စိတ်ထဲတွင် တိတ်တဆိတ် တွေးနေမိသည်။ ထိုခြောက်ကပ်၍ ဖွာလန်ကြဲနေသော ခံစားချက် မည်သူ့ဆီက ရခဲ့သည်ကို စဉ်းစားမိသောအခါ ကျီတင်းကျို၏ မျက်နှာထား ချက်ချင်း တင်းမာသွားသည်။
'ကျီနျန်နဲ့ ပတ်သက်တာ ဘာမှ ငါ့ကို လာသတင်းပို့စရာ မလိုတော့ဘူး' ဟု ပြောခဲ့သောကြောင့် မနက်က ဖြစ်ပျက်ခဲ့သမျှကို မည်သူကမှ သူ့ကို လာမပြောကြပေ။ ကျီနျန်သည် ကျီတင်းကျို၏ စွန့်ပစ်မှုကို အမှန်တကယ် ခံလိုက်ရပြီဟု လူတိုင်း အလိုအလျောက် ထင်မှတ်သွားကြသည်။ နောက်ဆုံးတွင် မိသားစုခေါင်းဆောင်ဆိုသည် အမြဲတမ်း စိတ်အပြောင်းအလဲ မြန်ဆန်၍ ခန့်မှန်းရခက်သူ မဟုတ်လေသလော။
"ဟာ... ဒါဆိုရင် သခင်မလေးကို သကြားလုံး ထပ်ပေးလို့ မရတော့ဘူးပေါ့၊ သူက ငါရွေးပေးတဲ့ အရသာတွေကို အရမ်းကြိုက်တယ်လို့ အမြဲပြောခဲ့တာ"
အခြားအိမ်အကူ အမျိုးသားတစ်ဦးသည်လည်း သက်ပြင်းချလိုက်သည်။
"ပြောမနေနဲ့၊ ငါလည်း စိတ်ပူနေတာ။ ပြီးခဲ့တဲ့ အခေါက်က သူ့ကို ဝါးပုစဉ်းလေး လုပ်ပေးမယ်လို့ ကတိပေးထားတာ။ ငါလုပ်တဲ့ ဒီပေါက်ကရ အရုပ်လေးတွေကို သူတစ်ယောက်ပဲ တန်ဖိုးထားပြီး နှစ်သက်တာ"
၎င်းတို့နှစ်ဦး သက်ပြင်းချပြီး မော့ကြည့်လိုက်သောအခါ ကလေးမလေးတစ်ဦး၏ စပ်စုလိုသော မျက်ဝန်းများနှင့် ဆုံလိုက်ရသည်။ ဦးဦးကျီနှင့် တစ်ပုံစံတည်း ဆင်တူလှသော ကလေးမလေးအကြောင်း ပြောနေကြခြင်းဖြစ်ကြောင်း ရှန်ချင်းထျန် သိလိုက်သည်။ ဒဏ်ရာရထားသော ထိုကလေးမလေး၏ လက်ကို သူမ စဉ်းစားမိပြီး ဒဏ်ရာ၏ အခြေအနေကို သူမ သွားကြည့်ချင်မိသည်။ သို့သော် ကျီနျန်ကို သွားမရှာရန် အန်တီက မှာထားကြောင်း သတိရသွားသဖြင့် သူမ မျက်ဝန်းလေးများ မှိန်ဖျော့သွားသည်။
"သခင်မလေးရှန်... ဘာဖြစ်လို့ပါလဲ"
ကလေးမလေး၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိလိုက်သောအခါ အိမ်အကူဖြစ်သူ စိတ်မကောင်းဖြစ်သွားသည်။
"ဝါးပုစဉ်းဆိုတာ ဘာလဲဟင်" သူမက တိုးတိုးလေး မေးလိုက်သည်။
ရုတ်တရက် ခံစားချက် အနည်းငယ် လျော့ပါးသွားသော အိမ်အကူ အမျိုးသားက ခေါင်းကုတ်ကာ အားနာနာ ဆိုလိုက်သည်။
"အဲ့ဒါ ကိုယ်တိုင်လုပ်ထားတဲ့ ကစားစရာလေးပါ၊ ထွေထွေထူးထူးတော့ မဟုတ်ပါဘူး"
ထို့နောက် သူသည် ရုတ်တရက် အကြံရသွားသည်။
"ဟေး... ဝါးပုစဉ်းကို သူ့တံခါးဝ တိတ်တိတ်လေး သွားထားလို့ ရတာပဲ"
အခြားအိမ်အကူသည်လည်း ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ သခင်မလေး လက် ဒဏ်ရာရသွားတယ်လို့ ငါ ကြားတယ်။ မြန်မြန်သွားလိုက်၊ ဝါးပုစဉ်းလေး မြင်ရင် သူ နည်းနည်း စိတ်ပျော်သွားပါ"
ရှန်ချင်းထျန်ကို စကားပြောနေသော အိမ်အကူအမျိုးသားသည် ရုတ်တရက် တီးတိုး ရေရွတ်ကာ လှည့်ထွက်သွားတော့သည်။ ရှန်ချင်းထျန်သည် သူမ၏ စကတ်ပေါ်ရှိ ဖဲပြားလေးကို လက်ဖြင့် ကစားရင်း ငေးငိုင်ကာ ရပ်ကျန်ခဲ့သည်။
တစ်ဖက်တွင်မူ ကျီနျန်၏ လက်ကို ပတ်တီး စည်းပေးထားပြီဖြစ်သည်။
"မမကျစ်လျောင်၊ သမီး အဆင်ပြေပါတယ်၊ မမ အလုပ်တွေ သွားလုပ်တော့နော်"
ကျစ်လျောင်သည် ကျီအိမ်တော်တစ်ခုလုံးကို စီမံခန့်ခွဲနေရသူဖြစ်စည့်အပြင် ယနေ့ ဇာတ်လိုက်မင်းသမီး ရောက်လာသဖြင့် ပို၍ အလုပ်ရှုပ်နေမည်ကို သိသောကြောင့် ကျီနျန်က သူမကို ဆွဲမထားတော့ပေ။ ကျစ်လျောင်သည် ကလေးမလေး၏ လက်ပေါ်ရှိ တင်းကျပ်စွာ စည်းထားသော ပတ်တီးဖြူလေးကို စိုက်ကြည့်လျက် စိုးရိမ်တကြီးဖြင့် သူမ၏ မျက်နှာလေးကို အသာအယာ ထိလိုက်သည်။
"ရေမစိုစေနဲ့နော်၊ ဒီညနေကျရင် မမ ဆေးပြန်ထည့်ပေးမယ်"
"ဗိုက်ဆာရင် အဒေါ်လျိုကို သွားရှာလိုက်၊ သမီးအကြိုက်ဆုံး အုန်းနို့ကိတ် လုပ်ပေးဖို့ မမ ပြောထားတယ်"
စားစရာ အကြောင်း ကြားလိုက်ရသည်နှင့် ကျီနျန်၏ မျက်လုံးများ ဝင်းလက်သွားသည်။
"ဟီးဟီး... သမီးလက်က ရုတ်တရက်ကြီး မနာတော့သလိုပဲ"
သူမ၏ အစားပုတ်သည့် အမူအရာကို မြင်ရသောအခါ ကျစ်လျောင်က သူမ၏ နှာခေါင်းလေးကို အသာပွတ်လိုက်သည်။ မတ်တပ်ရပ်၍ ထွက်ခွာရန် ပြင်လိုက်စဉ် တစ်ခုခုကို တွေးမိကာ ပြန်ထိုင်ချလိုက်သည်။ ကျစ်လျောင်သည် ကျီနျန်ကို ကြည့်ကာ လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
"သမီးနဲ့ မိသားစုခေါင်းဆောင်ကြားမှာ တစ်ခုခု ဖြစ်ခဲ့သေးလား..."
ဤမေးခွန်းကို ကြားလိုက်ရုံဖြင့် သူမ၏ စောစောက စိတ်မသက်မသာဖြစ်ရသည့် အရင်းအမြစ်သည် ကျီတင်းကျိုဖြစ်ကြောင်း ကျီနျန် နားလည်လိုက်သည်။ ကျီနျန်သည် ဘာမှမသိသလို ပုံစံဖြင့် ကျစ်လျောင်ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
"မနက်စာ စားပြီးကတည်းက သမီး သာ့တန်းနဲ့ သွားဆော့နေတာ၊ သူ့ကို မတွေ့မိပါဘူး"
မနက်စာ စားပြီးခါစတွင် ကျီတင်းကျို၏ အမူအရာသည် ပုံမှန်ဖြစ်သည်။
ဒါဆို ကျီတင်းကျိုကို ဒီလောက်အထိ ဒေါသထွက်စေခဲ့တာက ဘာများပါလိမ့်...။
ကျစ်လျောင်၏ မျက်ဝန်းများ ဇဝေဇဝါဖြစ်သော အရိပ်အမြွက်များဖြင့် ပြည့်နှက်နေသည်။ ကျစ်လျောင် ထွက်သွားပြီးနောက် ငြိမ်သက်နေသော စနစ် က နောက်ဆုံးတွင် စကားပြောလာသည်။
[နာနီကို မောင်းမထုတ်ခဲ့လို့ ကျေးဇူးတင်ပါတယ်...]
ကျီနျန်၏ စောစောက ဒေါသစိတ်ကို ခံစားမိထားသဖြင့် စနစ်၏ အသံတွင် အပြစ်မကင်းသော ခံစားချက်များ ပါဝင်နေသည်။
ကျီနျန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
[နင်က ငါ့စနစ်လေ၊ နောက်ခါ သူများအတွက် လာပြီး အသနားခံမပေးနဲ့၊ နားလည်လား]
သူမသည် နာနီကို လွှတ်ပေးချင်သောကြောင့် မဟုတ်ဘဲ ထိုအချိန်တွင် ဇာတ်လိုက်မင်းသမီး၏ ပုံစံသည် သနားစဖွယ်ကောင်းလွန်းနေသောကြောင့်ဖြစ်သည်။ သူမကိုယ်တိုင် ကြောက်လန့်တုန်ရီနေသော်လည်း ယုတ်မာသော နာနီအရှေ့တွင် ကာကွယ်ပေးရန် ရပ်တည်ခဲ့သည်။ ဇာတ်လိုက်မင်းသမီးသည် လူကောင်းဖြစ်၍ နာနီကသာ လူဆိုးဖြစ်သည်။
[ကျီတင်းကျို ဒေါသထွက်နေပုံပဲ၊ ဘာလို့လဲဆိုတာ နင် မသိချင်ဘူးလား]
ကျီနျန်သည် ပတ်တီးစည်းထားသော လက်ကို ဝှေ့ယမ်းရင်း ဆိုဖာပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသည်။
[သူ ဒေါသထွက်ချင် ထွက်ပါစေပေါ့]
မည်သို့ပင်ဆိုစေကာမူ သူမ၏ ရည်မှန်းချက်များ အောင်မြင်သွားပြီဖြစ်သည်။
ကျန်တာကတော့ သူတို့ သားအဖကြားက နွေးထွေးတဲ့ မြင်ကွင်းပဲလေ၊ ငါနဲ့ ဘာမှမဆိုင်တော့ဘူး။ ဘာလို့ အမြဲစိတ်ကောက်တတ်တဲ့ မင်းသမီးလေးကို ချော့ဖို့ အားစိုက်နေရလဲ။
ထို့အပြင် ကျီနျန်သည် ကျီတင်းကျို၏ စံနမူနာကို လိုက်နာ၍ လူမြင်ကွင်းမှ ပျောက်ကွယ်သွားရန် ဆုံးဖြတ်ထားသည်။
[ငါ့ မမကျစ်လျောင်ရှိရင် လုံလောက်ပြီ၊ ဟီးဟီး]
ကျီနျန်သည် ကလေးဆန်သော်လည်း ဉာဏ်နီဉာဏ်နက်များသော အပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။ စနစ်ကမူ ကျစ်လျောင်သည် ဇာတ်လိုက်မင်းသမီး၏ ဘက်တော်သားဖြစ်ကြောင်း ပြောပြသင့်မသင့်ကို တုံ့ဆိုင်းနေမိသည်။ နောက်ဆုံးတွင် စနစ်သည် ဘာမှမပြောရန် ဆုံးဖြတ်လိုက်သည်။ ကျစ်လျောင်သည် ဇာတ်လိုက်မင်းသမီး၏ ဆွဲဆောင်မှုအောက်တွင် ကျရှုံးသွားမည်မှာ သေချာသလောက်ပင်။ အကယ်၍ မဟုတ်ခဲ့လျှင်ပင် လူရမ်းကား ဝေ့ယန်တစ်ဦး ကျန်ရှိသေးသည် မဟုတ်လေသလော။
...
ကျီနျန်၏ လက်တွင် ဒဏ်ရာရသွားသောကြောင့် ကျစ်လျောင်သည် စိတ်မကြည်မလင်ဖြစ်နေ၍ ကျီတင်းကျိုနှင့် တွေ့လျှင်ပင် မျက်နှာအမူအရာ မကောင်းလှပေ။ သူမသည် စိတ်ကောက်နေသည့် ပုံစံမျိုးဖြစ်နေသည်။ ကျီတင်းကျိုသည် အမှန်တကယ် အံ့ဩသွားသည်။ ကျစ်လျောင်က ယခုကဲ့သို့ စိတ်ကောက်တတ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ အကြောင်းရင်းသည် ကျီနျန်နှင့် ပတ်သက်နေပုံပေါ်သည်၊ သို့သော် ထိုသို့ဆိုလျှင် ကျီတင်းကျိုသည် ပို၍ မတရားဘူးဟု ခံစားနေရသည်။
"ကလေးတစ်ယောက်က တခြားလူကို အဖေလို့ ခေါ်ချင်နေရင် ဘာလုပ်သင့်သလဲ" ဆိုသည့် ခေါင်းစဉ်ဖြင့် တင်ထားသော အကူအညီတောင်းသည့် ပို့စ်အောက်က မှတ်ချက်များကို ကြည့်ပြီးနောက် ကျီတင်းကျိုသည် သူ၏ ဖုန်းကို ရိုက်ခွဲချင်လာသည်။
'ခေါ်ချင်ရင် ခေါ်ပါစေပေါ့၊ သွေးသားတော်စပ်မှုက ပြောင်းလဲသွားတာမှ မဟုတ်တာ၊ ဒီပို့စ် ပိုင်ရှင်က နည်းနည်း စိတ်ကြီးလွန်းနေတာပဲ'
'ဒါဆိုရင် ခင်ဗျား တစ်ခုခု အမှားလုပ်ထားလို့ နေမှာပေါ့'
'အပေါ်ကလူ ပြောတာကို ထောက်ခံတယ်၊ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာ။ တခြားလူတွေမှာ ဒီပြဿနာ မရှိဘဲ ဘာလို့ခင်ဗျားမှာမှ လာဖြစ်နေရတာလဲ'
ကျီတင်းကျို ရုတ်တရက် ဒေါသထွက်စွာ ဖုန်းကို ရိုက်ခွဲလိုက်ကြောင်း မြင်သောအခါ ကျစ်လျောင်က အေးအေးဆေးဆေးပင် လူတစ်ယောက်ကို လာသိမ်းခိုင်းပြီးနောက် ထွက်သွားတော့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြတင်းပေါက်နားတွင် ရပ်ကာ အပြင်ဘက်သို့ မက်မက်မောမော ငေးကြည့်နေသော ကလေးမလေးတစ်ဦးကို သူမ တွေ့လိုက်ရသည်။ ကျစ်လျောင်က သူမ၏ အကြည့်နောက်သို့ လိုက်ကြည့်လိုက်သောအခါ ပိုးကောင်များ လိုက်ဖမ်းနေသော သာ့တန်းကို တွေ့လိုက်ရသည်။ တစ်စုံတစ်ခုကို ခံစားမိသွားသည့်အလား ကလေးမလေးက မော့ကြည့်လာခဲ့ရာ၊ ကျစ်လျောင်မှန်း သိလိုက်သောအခါ သူမသည် ချိုမြိန်စွာ ပြုံးပြလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ထိုအပြုံးသည် ချစ်စဖွယ်ကောင်း၍ လူချစ်လူခင် ပေါများစေမည့် အပြုံးမျိုးဖြစ်သည်။
"မမ... မမရဲ့ မျက်လုံးတွေက သိပ်လှတာပဲ" ရှန်ချင်းထျန်က ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
သူမ၏ ရိုးသားသော မျက်ဝန်းများသည် အခြားသော မြစိမ်းရောင် မျက်ဝန်းတစ်စုံနှင့် ထပ်တူကျနေသည်။ ယခင်က ရိုးသားသော ချီးကျူးမှုကို ခံစားခဲ့ရဖူးသဖြင့် ကျစ်လျောင်သည် တုန်လှုပ်မှုမရှိဘဲ ကလေးမလေးကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးပါ”
ထို့နောက် သူမသည် ဘေးမှပတ်ကာ ထွက်သွားတော့သည်။
"ကျီနျန် လက်က နာနေတုန်းလား မသိဘူး၊ သူ တိတ်တိတ်လေး ငိုနေမလား..." ကျစ်လျောင်က တီးတိုး ရေရွတ်လိုက်သည်။
ရှန်ချင်းထျန်သည် သူမ ထွက်ခွာသွားခြင်းကို ငေးကြည့်ရင်း ကျစ်လျောင်၏ စကားများကို စဉ်းစားကာ ထိုနေရာပင် ငြိမ်သက်နေမိသည်။ ထိုအခါ ဖုန်များဖြင့် ပေပွနေသော ဝေ့ယန် လျှောက်လာပြီး သူမကို ကန်မိမလိုဖြစ်သွားသည်။
"ထျန်ထျန်... သမီး ဘယ်တုန်းက ရောက်တာလဲ။ ဦးလေးကိုယ်တိုင် လာကြိုသင့်တာကို"
ဝေ့ယန်က သူမကို ပွေ့ချီပြီးနောက် ဆံပင်များကို ဖွလိုက်သည်။ ဝေ့ယန်သည် အလောတကြီး လာခဲ့ရသဖြင့် ခန္ဓာကိုယ်ရှိ ချွေးနံ့များကြောင့် သိပ်မမွှေးလှပေ။ သို့သော် ရှန်ချင်းထျန်က သူ့ကို ပြန်ဖက်၍ ချိုသာစွာ ပြုံးပြလိုက်သည်။
"ဦးဦးဝေ့ယန်"
ရှန်ရူရှန်းသည် သူ၏ ငယ်သူငယ်ချင်း အရင်းအချာဖြစ်၍ ရှန်ချင်းထျန်သည် ဝေ့ယန်၏ မျက်စိအောက်တွင် ကြီးပြင်းလာသူဖြစ်သည်။
"ထျန်ထျန် အရပ်ရှည်လာတာပဲ၊ တစ်ခုခု လိုအပ်ရင် ဦးဦးဝေ့ယန်ကို လာရှာနော်"
ကလေးကို ပြန်ချပေးလိုက်ပြီး ဝေ့ယန်က သူမခေါင်းကို ထပ်ပုတ်ကာ အမြန်ပြောလိုက်သည်။
"ဦးဦးဝေ့ယန် အလုပ်လေး တစ်ခုရှိလို့၊ နောက်မှ ထျန်ထျန်နဲ့ လာဆော့မယ်နော်"
ရှန်ချင်းထျန်သည် သူ ပုတ်သွားသော ခေါင်းပေါ်ရှိ နေရာလေးကို ပြန်ကိုင်ကာ ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည်။
'အဆင်ပြေပါတယ်၊ ဦးဦးဝေ့ယန်က ငါ့ကို ချစ်သေးတာပဲ'
ကျီတင်းကျို၏ အခန်းထဲသို့ ဝင်သွားသည်နှင့် ဝေ့ယန်၏ မျက်လုံးများ ချက်ချင်း နီမြန်းလာ၍ ယခင်က ပေါ့ပါးသော အမူအရာများ ပျောက်ကွယ်သွားသည်။
"မိသားစုခေါင်းဆောင်... ကျွန်တော့်အမေ... ဆုံးသွားပြီ..."
ညဉ့်နက်ပိုင်းတွင် ကုတင်ကြီးပေါ်တွင် တစ်ယောက်တည်း အိပ်မောကျနေသော ကျီနျန်သည် ရုတ်တရက် တီးတိုး ငိုရှိုက်သံကို ကြားလိုက်ရသည်။ ဗလုံးဗထွေး ရှိုက်ကြီးတငင် ငိုသံတွင် ဖော်မပြနိုင်သော ဝမ်းနည်းမှုများ ပါဝင်နေသည်။ ကျီနျန်သည် မျက်လုံးဖွင့်၍ မျက်လုံးများကို ပွတ်သပ်ကာ ထထိုင်လိုက်သည်။ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သောအခါ ကြမ်းပြင်အထိ ရောက်နေသော မှန်တံခါးအပြင်ဘက်တွင် အရိပ်မည်းတစ်ခု ကွေးကောက်စွာ ထိုင်နေကြောင်း မှေးမှိန်စွာ မြင်လိုက်ရသည်။
***