“မိန်းမ...”
ရှန်းယွီက တိုးညှင်းသော အသံဖြင့် ခေါ်လိုက်သည်။
“ရှင်...”
လီယောင်းက ပြန်ထူးရင်း ရှန်းယွီ၏ လက်နှစ်ဖက်ကို သူမ၏ လက်တစ်ဖက်တည်းဖြင့် သူ့ခေါင်းပေါ်၌ ဖိနှိပ်ချုပ်ကိုင်ထားလိုက်သည်။ သူမ၏ ကျန်လက်တစ်ဖက်ကမူ ရှန်းယွီ၏ ခန္ဓာကိုယ်ကို စူးစမ်းနေသည်။
“မင်း အခုချက်ချင်း မရပ်ရင် ကိုယ် တကယ် စိတ်ဆိုးတော့မှာနော်”
သူက ပြောလိုက်သည်။
သူမ ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ဆက်လက်လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်။
“ရပါတယ်ရှင် ယောကျာ်းက ကျွန်မကို အပြစ်ပေးမယ်ဆိုရင်လည်း ကျွန်မ စိတ်မရှိပါဘူး”
သူမက ပြောလိုက်သည်။
“သူက ဒီလိုလူစားမျိုးဆိုတာ ငါ မေ့သွားတယ်”
ရှန်းယွီက ရုန်းကန်ရင်း တွေးလိုက်မိသည်။ ထို့နောက် သူသည် အသနားခံသော မျက်နှာထားသို့ ချက်ချင်းပြောင်းလဲလိုက်သည်။
“ယောင်းယောင်း... လက်ကိုလွှတ်ပြီး အခန်းထဲသွားကြရအောင်လေနော်။ ဒီမှာက နည်းနည်း ရှက်ဖို့ကောင်းလို့ပါ”
သူက မျက်နှာလေးနီကာ ဘေးသို့ မျက်နှာလွှဲ၍ ပြောလိုက်သည်။
သူမ ခဏမျှ တောင့်ခဲသွားပြီး မျက်နှာလေး နီမြန်းလာသည်။
“စီနီယာအစ်ကို...”
ရှန်းယွီက သူမကို ချစ်စဖွယ်ပုံစံဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤနည်းလမ်းက အလုပ်ဖြစ်ပါ့မလားဟု သူ တွေးနေမိသည်။
“စီနီယာအစ်ကိုက သိပ်ချစ်ဖို့ကောင်းတာပဲ။ ကျွန်မကို ပိုပြီး တိုက်ခိုက်ချင်စိတ် ပေါက်လာအောင် လုပ်နေသလိုပဲ”
“ဟမ်... ဘာကြီးလဲ”
ရှန်းယွီ အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
“စီနီယာအစ်ကို... စောစောက ကျွန်မ နောက်နေတာပါ။ ဒါပေမဲ့ အခုတော့ အစ်ကိုက သိပ်ချစ်ဖို့ကောင်းလွန်းလို့ ကျွန်မ မအောင့်အီးနိုင်တော့ဘူး။ ကျွန်မကို ဒီလိုဖြစ်အောင်လုပ်တဲ့ အစ်ကို့အမှားပဲ”
“ကျွန်မက တကယ်ပဲ လိမ္မာတဲ့ မိန်းကလေး ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ မဖြစ်နိုင်တော့ဘူးထင်
တယ်”
သူမက ပြောရင်း...
“ယောကျာ်း... ကျွန်မတို့...”
သူမ စကားမဆုံးမီမှာပင် ဦးခေါင်းပေါ်သို့ အုန်းခနဲ မြည်အောင် အခေါက်ခံလိုက်ရသည်။
“ဘယ်သူလဲ”
သူမသည် ဒေါသတကြီးဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ အသံမှာ ပုံမှန်အတိုင်း ပြန်ဖြစ်နေသည်ကို သတိပြုမိသွားသည်။ သူမ၏ လက်များကို ကြည့်လိုက်သောအခါတွင်လည်း မူလပုံစံအတိုင်း ပြန်ဖြစ်နေသည်။
သူမရှေ့တွင် ဧကရီသည် မကျေနပ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
သူမ စကားစလိုက်သော်လည်း တစ်ခုခုကို သတိရသွားသည်။
“ဒုက္ခပါပဲ...”
သူမသည် နောက်သို့ အမြန်လှည့်ကြည့်လိုက်ရာ သူမ၏ စီနီယာအစ်ကိုမှာ မျက်လုံးထဲအထိ မရောက်သော အပြုံးတစ်ခုဖြင့် သူမကို စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“စီနီယာအစ်ကို... နေပါဦး... ကျွန်မ ရှင်းပြနိုင်ပါတယ်။ ဒါက စွမ်းအားတွေကြောင့်ပါ။ ကျွန်မ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်လို့ပါ။ တမင်လုပ်တာ မဟုတ်ပါဘူး”
သူမက ပျာပျာသလဲ ရှင်းပြတော့သည်။
ရှန်းယွီက သူမ၏ နှုတ်ခမ်းပေါ်သို့ လက်ညှိုးလေးတင်လိုက်ကာ “ရပါတယ် မင်း ရှင်းပြနေဖို့ မလိုပါဘူး” ဟု အေးဆေးသော လေသံဖြင့် ပြောလိုက်သည်။
သူမ၏ မျက်လုံးများ ဝင်းလက်သွားသည်။
သူမက စိတ်သက်သာရာရစွာဖြင့် ခေါ်လိုက်သည်။
သို့သော် ထိုခံစားချက်မှာ ခဏသာ ခံလိုက်သည်။ ရှန်းယွီ၏ င်္အကျီလက်မှာ ရှည်ထွက်လာပြီး ကြိမ်လုံးတစ်ချောင်းအသွင် ပြောင်းလဲသွားခဲ့သည်။
“မင်းကို ကောင်းကောင်း ဆုံးမသွန်သင်မထားနိုင်ခဲ့တာ ကိုယ့်အမှားပါပဲ”
ရှန်းယွီက ဝမ်းနည်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“မဟုတ်ပါဘူး စီနီယာအစ်ကို အစ်ကို့အမှား မဟုတ်ပါဘူး။ ကျွန်မကသာ လိမ္မာအောင် မသင်ယူခဲ့တာပါ”
ရှန်းယွီက ပြုံးလိုက်ပြီး “မင်းရဲ့ အမှားကို မင်းသိတာ ဝမ်းသာစရာပဲ” ဟု ပြောကာ သူ၏ ကြိမ်လုံးကို မြှောက်လိုက်သည်။
“သိတယ် ဟုတ်လား”
သူမ ပြန်မေးမိသည်။ ထို့နောက်မှ သူမ ဘာပြောမိသွားသည်ကို သတိပြုမိသွားသည်။
“နေပါဦး... မဟုတ်ဘူးလေ”
သူမ စပြောသော်လည်း ရှန်းယွီက နားမထောင်တော့ဘဲ ကြိမ်လုံးကို ဝှေ့ယမ်းလိုက်တော့သည်။
“နေပါဦး”
သူမ အော်ဟစ်လိုက်တော့သည်။
…
“ဟင်း... တစ်ခုခုတော့ မှားနေပြီ”
ရှန်းယွီက လီယောင်းကို ကြည့်ရင်း တွေးနေမိသည်။
“အား... စီနီယာအစ်ကို... အရမ်းနာတာပဲ”
သူမက အော်ဟစ်နေသည်။
သူသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ကြိမ်လုံးကိုလည်း ပြန်ကြည့်လိုက်သည်။ “အဟမ်း... မင်း သင်ခန်းစာရသွားပြီ ထင်ပါတယ်။ လောလောဆယ်တော့ ဒီလောက်နဲ့ပဲ တော်
ပြီ”
ထိုသို့ပြောကာ သူ၏ ကြိမ်လုံးကို ဟင်းလင်းပြင်ပိုးသားအဖြစ် ပြန်လည်ပြောင်းလဲလိုက်သည်။ ဤနည်းလမ်းက အလုပ်မဖြစ်ဘူးဟု သူ တွေးမိသဖြင့် နည်းလမ်းအသစ် ရှာဖွေရပေဦးမည်။
ထိုသို့ တွေးနေစဉ်မှာပင် သူမသည် ရှန်းယွီအပေါ်သို့ ခုန်တက်လိုက်ပြန်သည်။ သူမ၏ မျက်နှာမှာ အလွန်အမင်း နီမြန်းနေပြီး အသက်ရှူသံများမှာလည်း ပြင်းထန်နေသည်။
“စီနီယာအစ်ကိုက ကျွန်မအပေါ် သိပ်ကောင်းတာပဲ။ ကျွန်မ အစ်ကို့ကို ခန္ဓာကိုယ်နဲ့ပဲ ကျေးဇူးဆပ်နိုင်တော့မယ်”
[အဟမ်း... မင်းတို့နှစ်ယောက် ပြီးကြပြီလား]
ဧကရီက လှမ်းပြောလိုက်သည်။
“အား... သူမ ဒီမှာရှိနေတာ မေ့သွားတယ်”
ရှန်းယွီနှင့် လီယောင်းတို့ တစ်ပြိုင်တည်း တွေးမိသွားကြသည်။
စက္ကန့်အနည်းငယ်အကြာတွင် နှစ်ဦးစလုံး လက်ဖက်ရည်သောက်နေသော ဧကရီ၏ရှေ့တွင် ဒူးထောက်ထိုင်နေကြသည်။
[မင်းတို့ အမှားကို မင်းတို့ သိကြလား]
သူမက လက်ဖက်ရည် တစ်ငုံသောက်ပြီးနောက် မေးလိုက်သည်။
“ဧကရီကို ဒီလိုမြင်ကွင်းမျိုး ပြသမိတဲ့အတွက် ကျွန်တော်တို့ တောင်းပန်ပါတယ်”
သူတို့နှစ်ဦးက ညီညာစွာ အရိုအသေပေးရင်း ပြောလိုက်ကြသည်။
ဧကရီက သူတို့ကို ကြည့်ကာ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။
“ငါ့ကိုပြော ဘာတွေ ဖြစ်နေတာလဲ”
သူမ တွေးနေမိသည်။ လီယောင်းက ရှန်းယွီကို သိမ်းပိုက်ရန် ကြိုးစားသည်ကို သူမ ဘာလို့ တားဆီးမိတာလဲ။ ယခင်ကဆိုလျှင် သူမ ဂရုစိုက်မည် မဟုတ်ပေ။ ၎င်းမှာ လီယောင်းအတွက် ကောင်းသလို သူမအတွက်လည်း အကျိုးရှိပေလိမ့်မည်။
လီယောင်းသည် ဧကရီကို တစ်ချက်ကြည့်လိုက်သည်။
သူမ၏ ကောင်းကင်ဘုံတာအို ပုံစံကို ဧကရီက ဘယ်လိုမျိုး ပိတ်ပင်နိုင်ခဲ့တာလဲ။
ဧကရီက သူမသည် ကောင်းကင်ဘုံတာအိုနိယာမကို တစ်ခါမျှ မသင်ယူခဲ့ဖူးသလို လောလောဆယ်တွင်လည်း နိယာမတစ်ခုကို အသုံးပြုနိုင်စွမ်း မရှိဘူးဟု ပြောထားခဲ့သည်။
ဒါဆို သူမက ဘယ်လိုမျိုးပိတ်ခဲ့တာလဲ။
“ဒုက္ခပါပဲ သူက ငါ့အတွက် ခြိမ်းခြောက်မှုတစ်ခုပဲ”
လီယောင်းက တွေးလိုက်သည်။ အကယ်၍ ဧကရီက သူမ၏ ပုံစံကို ပိတ်ပင်ထားနိုင်ပါက သူမအနေဖြင့် ရှန်းယွီကို ထပ်မံအနိုင်ကျင့်နိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် ဧကရီကို သူမဖက်ပါအောင် စည်းရုံးရန် လိုအပ်သည်။
သူမသည် သူမ၏ လက်စွပ်အတွင်းမှ အချိန်အတော်ကြာ သိမ်းဆည်းထားသော ကိတ်မုန့်တစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ မင်္ဂလာဦးညအပြီးတွင် ရှန်းယွီပေးခဲ့သော လက်ဆောင်ပင်။
“ဒါက ကျွန်မရဲ့ တန်ဖိုးအရှိဆုံး အရာပဲ။ ဒါကို မစားဘဲ အမှတ်တရအဖြစ် သိမ်းထားဖို့ ကြံရွယ်ထားတာပါ”
ထိုသို့တွေးရင်း သူမ၏ မျက်ဝန်းအစုံတွင် မျက်ရည်များ ဝဲလာခဲ့သည်။
သူမ စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
“မဟုတ်ဘူး... ဒါက ရင်းနှီးမြှုပ်နှံမှုပဲ”
အကယ်၍ ဧကရီကို သူမဖက်ပါအောင် လုပ်နိုင်ပါက စီနီယာအစ်ကိုထံသို့ အကန့်အသတ်မရှိ ချဉ်းကပ်ခွင့် ရနိုင်ပေလိမ့်မည်။
“ဧကရီ... စောစောက မြင်ကွင်းအတွက် ဒါကို အပြစ်ဖြေလက်ဆောင်အဖြစ် လက်ခံပေးပါ”
ထိုသို့ပြောကာ သူမက ကိတ်မုန့်ကို စားပွဲပေါ်တင်ပြီး အစေခံတစ်ဦးကဲ့သို့ အရိုအသေပေးလိုက်သည်။
ဧကရီသည် ကိတ်မုန့်ကို မြင်သောအခါ မျက်လုံးများ ဝင်းလက်သွားသည်။
“ဒါက... ငါ တကယ် စားလို့ရတာလား”
သူမက မေးသည်။
“ဟင်း... အေးဆေးပါပဲလား”
လီယောင်းက တွေးလိုက်သည်။ ဧကရီဖြစ်သော်လည်း သူမသည် သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သူမသည် ဝမ်းသာလွန်းသဖြင့် သူမ၏ အရှိန်အဝါကိုပင် ပြသရန် မေ့လျော့နေခဲ့သည်။
လီယောင်းက ပြုံးလိုက်သည်။
“ဒီတိုက်ပွဲကတော့... ငါ အနိုင်ရသွားပြီ...”
သူမ စိတ်ထဲမှ အောင်ပွဲခံနေစဉ်မှာပင် ရှန်းယွီသည် မုန့်မျိုးစုံပါသော လင်ဗန်းတစ်ခုကို ကိုင်ကာ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ထိုမုန့်များမှာ သူမ၏ ကိတ်မုန့်ထက်ပင် ပို၍ကြည့်ကောင်းနေသည်။ ရှန်းယွီသည် လီယောင်းကို ဘေးသို့ တွန်းဖယ်ကာ မုန့်များကို စားပွဲပေါ်တင်လိုက်ပြီး စားပွဲထိုးတစ်ဦးကဲ့သို့ ဘေးတွင် ရပ်နေလိုက်သည်။
“ဧကရီ... ကျွန်တော် ဧကရီရဲ့ ပုခုံးတွေကို နှိပ်နယ်ပေးပါရစေ”
ရှန်းယွီက ပြောကာ သူမ၏ နောက်တွင် ပေါ်လာပြီး ပုခုံးများကို နှိပ်နယ်ပေးတော့သည်။
“ရှန်းယွီ... မင်းက လူကြီးတွေကို ရိုသေတတ်တဲ့ ကလေးကောင်းလေးပဲ။ လီယောင်းက မင်းကို အနိုင်ကျင့်ရင် ငါ့ကိုသာ ပြောလိုက်စမ်းပါ”
လီယောင်းက သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
“တကယ့်ကို အရှက်မရှိတဲ့လူ။ ငါလို အားနွဲ့တဲ့ မိန်းကလေးတစ်ယောက်ကို သူ့ရဲ့ အစွမ်းတွေအကုန်သုံးပြီး ပြန်တိုက်နေတာပဲ”
သူမက အံကြိတ်ရင်း တွေးလိုက်သည်။
ရှန်းယွီက ပြုံးလိုက်သည်။
“တကယ့်လောကကြီးထဲကို ကြိုဆိုပါတယ် ကလေးမလေး”
သူက စိတ်ထဲမှ ရယ်မောရင်း တွေးလိုက်သည်။
သူသည် ဤဧကရီစွမ်းအားကို အသုံးပြု၍ လီယောင်းကို အချိန်မရွေး ထိန်းချုပ်နိုင်တော့မညဖြစ်ရာ လောကကြီးကို အောင်နိုင်တော့မည်ဟု သူ ကျေနပ်စွာ တွေးနေတော့သည်။
“ဟားဟားဟားဟားဟား”
***