ကျန်းမင်လည်း သိလိုသည်များ မေးမြန်းပြီးနောက် ကျွင်းစန်းချန်အား အရိုအသေ ပေးသည်။ ကျွင်းစန်းချန်က ခေါင်းညိတ် ပြလိုက်ပြီး...
“စလိုက်ကြရအောင်”
“စကြတာပေါ့”
ကျန်းမင်က တုံ့ပြန်လိုက်ပြီး ကျွင်းစန်းချန်အား တစ်ချက်တည်းဖြင့် အနိုင်ယူရန် ရည်ရွယ်ကာ သူ့ကမ္ဘာ့ ပုံရိပ်ယောင်ကို ဖော်ထုတ်လိုက်တော့၏။
ယခင်အကြိမ်နှင့် နှိုင်းယှဉ်လျှင် သူက များစွာ ပိုမို အစွမ်းထက် လာခဲ့လေပြီ။
ကမ္ဘာ့ ပုံရိပ်ယောင်ကို အသက်သွင်း လိုက်သည်နှင့် တစ်ပြိုင်နက် ဟင်းလင်းပြင် အာကာသကြီး တစ်ခုလုံး ပြိုကျ ပျက်စီးသွားတော့သည်။
ထိုစွမ်းအင် လွှမ်းခြုံသွားသည့် နေရာတိုင်းတွင် တာအိုများ အလုပ်မလုပ် နိုင်တော့ဘဲ အကြို အင်မော်တယ် တစ်ပါးကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိပေသည်။
ကျွင်းစန်းချန်းမှာ အဆင့် ၁၁ ကျွမ်းကျင်သူ တစ်ယောက် ဖြစ်သည့်တိုင် သူ့လှုပ်ရှားမှုများ ကန့်သတ် ခံလိုက်ရပြီး စွမ်းအင် အချို့ကို အသုံးမပြုနိုင်တော့ချေ။
ဘုန်း...
ကျန်းမင်က လက်သီး နှစ်ဖက်ကို မြှောက်၍ ကျွင်းစန်းချန်ဆီသို့ ပြေးဝင် သွားတော့၏။
သူက မည်သည့် လက်နက်ကိုမျှ ကိုင်ဆောင်ထားခြင်း မရှိသော်လည်း ကျွင်းစန်းချန်ကမူ ယခင်အတိုင်း ဓားတစ်လက်ကို ကိုင်ဆောင် ထားဆဲပင်။ သူက ဓားကို ဝှေ့ယမ်းလိုက်ရာ ဓားစွမ်းအင် အလင်းတန်းများ ရှေ့သို့ ပြေးထွက် လာသော်ငြား ကျန်းမင်၏ လက်သီးချက်ကိုမူ မည်သို့မျှ မယှဉ်သာချေ။
သို့သော် ကျန်းမင်က ရှေ့သို့ ဆက်မတိုးသေးပေ။ ဓားစွမ်းအင် အလင်းတန်းများကို လက်သီးဖြင့် ဖျက်ဆီး ပစ်ပြီးနောက် အင်မော်တယ် စွမ်းအင် အချို့ကို ဆုပ်ကိုင်၍ ခံစားကြည့်လိုက်၏။ ကျွင်းစန်းချန်၏ အင်မော်တယ် စွမ်းအင်မှာ သူ့လောကစွမ်းအင်နှင့် နှိုင်းယှဉ်လျှင် ထိုမျှလောက် အစွမ်းမထက်ကြောင်း သိလိုက်ရသဖြင့် သူ့စိတ်ထဲ စိတ်လှုပ်ရှား သွားတော့သည်။
သူနှင့် ကျွင်းစန်းချန်ကြားရှိ ကွာခြားချက်ကို သဘောပေါက် သွားသည်နှင့် ကျန်းမင်လည်း အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်း လက်သီးကို အသက်သွင်းလိုက်ပြီး လက်သီးချက် ပေါင်းများစွာဖြင့် ဆက်တိုက် ထိုးနှက်ကာ ကျွင်းစန်းချန်းအား အနိုင်ယူ လိုက်လေပြီ။
ပထမ စင်မြင့်ကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် သူ ရမှတ် ၁၀ မှတ် ရရှိခဲ့၏။
ဒုတိယ စင်မြင့်တွင်မူ ကျန်းမင်က ကြယ်တာရာ အသွင်ပြောင်းခြင်းကို အသက်သွင်းလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုမို မြှင့်တင်ကာ ပြိုင်ဘက်အား အလွယ်တကူ အနိုင်ယူလိုက်ပြန်သည်။
တတိယ စင်မြင့်ရှိ ပြိုင်ဘက်မှာလည်း ဒုတိယ စင်မြင့်မှ လူကဲ့သို့ပင် တူညီသော ကံကြမ္မာကို ရင်ဆိုင် ခဲ့ရ၏။
စတုတ္ထ စင်မြင့်သို့ ရောက်ချိန်တွင်တော့ ကျွင်းစန်းချန် နှစ်ယောက် ထွက်ပေါ်လာသည်။ သူတို့ နှစ်ယောက်လုံးမှာ အဆင့် ၁၁ အထွတ်အထိပ်တွင် ရှိကြ၏။ တစ်နည်းအားဖြင့် သူတို့၏ ခွန်အားမှာ အထွတ်အထိပ် အဆင့် ကောင်းကင် အင်မော်တယ် တစ်ပါးနှင့် ညီမျှနေခြင်းပင်။
သူတို့က အလွန် အစွမ်းထက် ကြသော်ငြား ကျန်းမင်ကိုမူ မတားဆီးနိုင်ခဲ့ချေ။
ကျန်းမင်က သတ္တမမြောက် စင်မြင့်ဆီသို့ တစ်ဟုန်ထိုး တက်လှမ်းလာခဲ့ပြီး ဤတစ်ကြိမ်တွင်မူ အဆင့် ၁၂ အစစ်အမှန် အင်မော်တယ် တစ်ပါးနှင့် ရင်ဆိုင်ရလေပြီ။
အတိတ်ကဆိုလျှင် ထိုပြိုင်ဘက်ကို အနိုင်ယူရန် ခွန်အားများစွာ စိုက်ထုတ်ခဲ့ရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ မည်သည့် အခက်အခဲမှ မရှိဘဲ အနိုင်ယူ နိုင်ခဲ့၏။
အဋ္ဌမနှင့် နဝမမြောက် စင်မြင့်များရှိ ပြိုင်ဘက်များမှာမူ အလယ်အလတ် အဆင့်နှင့် အထွတ်အထိပ် အဆင့်ရှိ အစစ်အမှန် အင်မော်တယ်များ အသီးသီး ဖြစ်ကြပေသည်။
ထိုနှစ်ယောက်လုံးက ကျန်းမင်အား အနည်းငယ် ဒုက္ခပေးနိုင်ခဲ့သော်လည်း အဆုံးတွင်တော့ သူကချည်း အနိုင်ရရှိ ခဲ့သည်သာ။
ဒသမမြောက် စင်မြင့်တွင်မူ အဆင့် ၁၃ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် တစ်ပါး ထွက်ပေါ်လာ၏။
ကျန်းမင် ရပ်တန့်လိုက်ပြီး ကျွင်းစန်းချန်အား လှမ်းကြည့်၍ မေးလာသည်။
“ဆရာကြီး... ကျုပ်ရဲ့ အတွင်းကမ္ဘာ ပေါ်ထွက်လာတာ သိပ်မကြာသေးဘူးလေ... ယေဘုယျ ပြောရရင် ကျုပ် ဒီလောက်ထိ အစွမ်းမထက်သင့်သေးဘူး... အခုက ဘယ်လိုလုပ် ကျွမ်းကျင်သူ အများကြီးကို အနိုင်ယူနိုင်နေတာလဲ”
သူ အမှန်တကယ်ပင် နားမလည်နိုင် ဖြစ်နေမိ၏။
ကျွင်းစန်းချန်က ရယ်မောလိုက်ပြီး ရှင်းပြလေသည်။
“အနှစ်သာရ အားဖြင့် ပြောရရင် မင်းရဲ့ အတွင်းကမ္ဘာက ပြင်ညီလောကတစ်ခုပဲ... အဲ့ဒီအထဲမှာ ပါဝင်တဲ့ စွမ်းအားက ရွှေအင်မော်တယ် အဆင့်နဲ့ နှိုင်းယှဉ်လို့ ရတယ်... မူလ စွမ်းအားက နိမ့်ကျနေပေမဲ့ သူ့ရဲ့ အရည်အသွေးက အင်မော်တယ် အဆီအနှစ်နဲ့ သိပ်မကွာလှဘူး... တကယ်တော့ အရေးကြီးဆုံး အချက်က မင်း နားလည် သဘောပေါက်ထားတဲ့ အထူး စွမ်းရည် တချို့ကြောင့် မင်းက တခြားလူတွေထက် အများကြီး ပိုသန်မာနေတာပဲ...”
“ဥပမာ အနေနဲ့ ပြောရရင်... မင်းရဲ့ ခွန်အားကို ၆၄ ဆ အထိ မြှင့်တင်ပေးနိုင်တဲ့ ကြယ်တာရာ အသွင်ပြောင်းခြင်းပေါ့... ဒါက သာမန် လူ့လောကမှာ မစွမ်းဆောင်နိုင်တဲ့ အရာမျိုးလေ... မင်းရဲ့ အဆုံးမဲ့ နိယာမ လက်ညှိုး တိုက်ကွက် ဆိုရင်လည်း တာအို နည်းလမ်း အများအပြား ပါဝင်ဖွဲ့စည်း ထားတာမို့ ကြယ်တာရာ အသွင်ပြောင်းခြင်းထက်တောင် ပိုပြီး ကြောက်စရာ ကောင်းသေးတယ်... မဟာ ကပ်ဘေး ပညာရပ်၊ မဟာ ဓာတ်ကြီးငါးပါး ပညာရပ်နဲ့ မဟာ ထောင်စုနှစ် ပညာရပ်တွေ လိုမျိုး တခြား နည်းစနစ်တွေကတော့ သာမန် လူ့လောကရဲ့ နယ်ပယ်ကို မကျော်လွန်နိုင်သေးတဲ့ အတွက် အများကြီး ပိုပြီး အားနည်းနေသေးတာပေါ့...”
“သာမန် လူ့လောကရဲ့ နယ်ပယ်ကို မကျော်လွန်နိုင်သေးဘူး ဟုတ်လား” ကျန်းမင်၏ အသံထဲတွင် ရှုပ်ထွေးမှုတို့ အပြည့်။
ကျွင်းစန်းချန် အနေဖြင့် မဟာ ထောင်စုနှစ် ပညာရပ်ကို အားနည်းသည်ဟု သတ်မှတ်ထားကြောင်း သိလိုက်ရချိန်တွင် သူ အနည်းငယ် အံ့အားသင့် သွားမိချေ၏။
သို့သော် ကျွင်းစန်းချန်ဘာကြောင့် ထိုသို့ ပြောရသည်ကို မကြာမီပင် သဘောပေါက် သွားတော့သည်။ သူ နားလည် သဘောပေါက် ထားသည်မှာ လူ့လောက အတွက် အချိန် တာအို ဖြစ်သောကြောင့် ၎င်းမှာ လူ့လောကနှင့် သက်ဆိုင်သော စွမ်းအားတစ်ခု ဖြစ်နေသည်မှာ သဘာဝပင်။ မည်မျှပင် အစွမ်းထက်ပါစေ တိုးတက်လာနိုင်မည့် ကန့်သတ်ချက် တစ်ခုတော့ ရှိနေမည်သာ။
“ဒါဆို ကျွန်တော်က တာအို နည်းလမ်း အားလုံးကို ပေါင်းစပ်ပစ်ဖို့ လိုတယ်လို့ ဆိုလိုတာလား”
“မဟုတ်ဘူး” ကျွင်းစန်းချန်က ပြန်ဖြေလိုက်၏။ သူက ဓားကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် မီးတောက် လမ်းကြောင်း တစ်ခု ထွက်ပေါ်လာသည်။ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာသည်နှင့်အမျှ မီးတောက်များက ပို၍ ပို၍ အားကောင်းလာပြီး မီးတောက်များ ကြားရှိ တာအို သံကြိုးတန်းများကိုပင် ကျန်းမင် မြင်တွေ့လိုက်ရသည်။
ဤသည်မှာ မီးတောက် တာအို ဖြစ်ပြီး လူ့လောကနှင့် သက်ဆိုင်သော တာအိုများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ရုတ်တရက် မီးတောက် တာအိုမှာ ပြိုကျ သွားသော်လည်း ပျောက်ကွယ် သွားမည့် အစား မီးတောက်များမှာ ပိုမို ပြင်းထန်လာခဲ့၏။ ၎င်းက ဆက်တိုက် ကြီးထွားလာပြီး သတ်မှတ်ချက် တစ်ခုသို့ ရောက်ရှိမှသာ ရပ်တန့် သွားတော့သည်။
“တာအိုတိုင်းမှာ မဟာ တာအိုလမ်းစဉ် ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိတယ်... တာအိုတွေကို ပေါင်းစပ်ဖို့ ခက်ခဲပေမဲ့ အားသာချက် ကတော့ မင်း နားလည် သဘောပေါက်ထားတဲ့ အထူး စွမ်းရည်တွေက အရမ်းကို အစွမ်းထက် လာလိမ့်မယ်... မင်းက ဒီအမျိုးအစားထဲမှာ ပါဝင်တယ်... ငါ ဒီလို ပြောရတဲ့ အကြောင်းရင်းက မင်းကို ထောက်ပံ့ပေးဖို့ အတွင်းကမ္ဘာ ရှိနေလို့ပဲ...” ကျွင်းစန်းချန်က ရှင်းပြလေသည်။
“တာအိုနဲ့ ပတ်သက်လာရင် ဘယ်သူက အထက်၊ ဘယ်သူက အောက် ဆိုတာမျိုး မရှိပေမဲ့ စွမ်းအား ကွာခြားချက်တော့ ရှိတယ်... မင်း အတွက်ကတော့ အခုထိ အဆင့် မတက်ရသေးတဲ့ အတွက် ကောင်းကင် အင်မော်တယ် တာအိုကို နားလည် သဘောပေါက်ဖို့ ခက်ခဲလိမ့်မယ်... တကယ်လို့ မင်း နောက်တစ်ဆင့်ကို တက်လှမ်းချင်ရင် နည်းလမ်း နှစ်ခုပဲ ရှိတယ်... တစ်ခုက အတွင်းကမ္ဘာရဲ့ မူလဇာစ်မြစ်ကို မြှင့်တင်ဖို့နဲ့ နောက်တစ်ခုက ပေါင်းစပ် တာအိုကို နားလည် သဘောပေါက်ဖို့ပဲ... အတွင်းကမ္ဘာရဲ့ မူလဇာစ်မြစ်က ဘာလို့ ဒီလောက် အစွမ်းထက်နေလဲ မင်းသိလား... အဲ့ဒါက တာအို သုံးထောင်ကြောင့်ပဲလေ... အဲ့ဒါတွေ အားလုံးက တစ်သားတည်း ပေါင်းစပ်သွားပြီး ရေတွက်လို့ မရနိုင်တဲ့ အံ့ဖွယ်ရာတွေကို ဖန်တီးကာ အားကောင်းတဲ့ စွမ်းအားတွေကို ထုတ်လွှတ်ပေးနေတာ...”
“သေချာတာကတော့ ဒါက ကျန်တဲ့ တာအိုတွေကို စွန့်လွှတ်လိုက်လို့ ရတယ်လို့ ဆိုလိုတာ မဟုတ်ဘူး... မင်း အဲ့ဒါတွေကို ပြီးပြည့်စုံအောင် နားလည် သဘောပေါက် သွားတာနဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ အဆင့် တစ်ခုကို ရောက်သွားလိမ့်မယ်...”
“သာမန် လူ့လောကကြီးက သေးငယ်လွန်းတော့ နိယာမတွေ၊ တာအိုတွေ နားလည် သဘောပေါက်ဖို့ ကိစ္စမှာ ကန့်သတ်ချက်တွေ အများကြီး ရှိနေတယ်လေ...”
ကျွင်းစန်းချန်က ခဏတာ တိတ်ဆိတ်သွားပြီးမှ ဆက်ပြောလာသည်။
“ကောင်းပြီ... ဒီလောက်ဆို လုံလောက်ပြီ ထင်တယ်... ငါ့ကို အနိုင်ယူနိုင်စွမ်း ရှိမရှိ စောင့်ကြည့်ရသေးတာပေါ့... အရင်ဆုံး သတိပေးထားမယ်... လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် အဆင့်က အစစ်အမှန် အင်မော်တယ် အဆင့်နဲ့ ယှဉ်ရင် လုံးဝ တခြားစီပဲ... အထူးသဖြင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် တာအိုပေါ့... အဲ့ဒါက မရေမတွက်နိုင်တဲ့ အံ့ဖွယ် အကျိုးသက်ရောက်မှုတွေကို ယူဆောင်လာပေးနိုင်ပြီး တကယ်ကို အစွမ်းထက်တယ်”
ကျန်းမင်က အရိုအသေ ပေးလိုက်ပြီး ကျွင်းစန်းချန်ထံ နောက်တစ်ကြိမ် ပြေးဝင်သွားတော့၏။
သူက ကမ္ဘာ့ ပုံရိပ်ယောင်ကို ဖော်ထုတ် လိုက်သော်လည်း မိနစ်ပိုင်း အတွင်းမှာပင် ရိုက်ချိုးဖျက်ဆီး ခံလိုက်ရချေ၏။
ဤတိုက်ကွက်ကို ဆက်လက် အသုံးမပြုနိုင်တော့မှန်း သဘောပေါက် သွားသည်နှင့် မဟာ ကံကြမ္မာ ပညာရပ်နှင့် မဟာ ထောင်စုနှစ် ပညာရပ် ကဲ့သို့သော အခြား အထူး စွမ်းရည်များကို အသက်သွင်း လိုက်သော်ငြား အားလုံးမှာ ကျွင်းစန်းချန်၏ အလွယ်တကူ ဖြေဖျက်ခြင်းကိုသာ ခံလိုက်ရသည်။
ထို့နောက် ကြယ်တာရာ အသွင်ပြောင်းခြင်းနှင့် အဆုံးမဲ့ တာအို လက်ညှိုး တိုက်ကွက်တို့ကို သုံး၍ အနိုင်ယူရန် ကြိုးစားကြည့်ခဲ့ သော်လည်း အချည်းနှီး သာ။
ရုတ်တရက် အကြံတစ်ခု ခေါင်းထဲ ပေါ်လာ၏။ သူက မဟာ ဝိညာဉ် ပညာရပ်ကို ဖော်ထုတ်ကာ သူ့အတွင်းကမ္ဘာကို မီးရှို့၍ ဝိညာဉ် ဓားတစ်လက် အဖြစ် ဖန်တီးပြီး ကျွင်းစန်းချန်၏ ဝိညာဉ်ကို တိုက်ခိုက်လိုက်တော့သည်။
ထိုနောက်တွင်တော့ အဆုံးမဲ့ တာအို လက်ညှိုး တိုက်ကွက်ဖြင့် ဆက်တိုက် ဖိအားပေးကာ နောက်ဆုံး၌ ကျွင်းဆန်းချန်းအား အနိုင်ယူ လိုက်နိုင်လေပြီ။
တိုက်ပွဲတွင် အနိုင်ရရှိ ခဲ့သော်ငြား ၎င်းမှာ ခါးသီးသော အောင်ပွဲ တစ်ခုပင်။
ကျန်းမင် အနေဖြင့် ၁၁ ခုမြောက် စင်မြင့်သို့ ရောက်ချိန်တွင်မူ သူ့ ဒဏ်ရာများ အားလုံး နာလန်ထူသွားခဲ့ပြီ ဖြစ်၏။
ကျွင်းစန်းချန်က သတိပေးလာသည်။
“တကယ်လို့ လုံးဝ မဖြစ်မနေ လိုအပ်တာမျိုး မဟုတ်ရင် အဲ့ဒီနည်းလမ်းကို ထပ်မသုံးဖို့ အကြံပေးချင်တယ်... မဟုတ်ရင် မင်းကိုယ်မင်း တကယ် ဖျက်ဆီးသလို ဖြစ်သွားလိမ့်မယ်... ဒါပေမဲ့ မင်းက တကယ့်ကို သတ္တိခဲကြီး ဆိုတာတော့ ဝန်ခံရလိမ့်မယ်”
“ဒီနေရာမှာပဲ သုံးလို့ရတာပါ” ကျန်းမင်က ပြုံး၍... “ဆရာကြီး... ကျုပ်ရဲ့ အတွင်းကမ္ဘာသာ မီးလောင်ကျွမ်း သွားခဲ့ရင် ပြန်ကောင်းလာနိုင်သေးလား”
“အင်း... အခြေအနေပေါ်တော့ မူတည်တာပေါ့... ပြင်ညီလောကတစ်ခုက သူ့ဘာသာ ပြန်လည် နာလန်ထူနိုင်စွမ်း ရှိပေမဲ့ အရမ်း ခက်ခဲသလို ပေးဆပ်ရမှုတွေလည်း ရှိတယ်... မင်း ပွဲချင်းပြီး သေသွားနိုင်တဲ့ အခွင့်အရေးလည်း ရှိနေတာပဲ” ကျွင်းစန်းချန်က တည်ကြည်သော အမူအရာဖြင့် ရှင်းပြသည်။ “မှတ်ထား... လုံးဝ မဖြစ်မနေ လိုအပ်တာ မဟုတ်ရင် မင်းရဲ့ အတွင်းကမ္ဘာကို မီးရှို့ဖို့ ဘယ်တော့မှ မကြိုးစားနဲ့... တကယ်လို့ သုံးဖို့ကလွဲပြီး တခြား ရွေးချယ်စရာ မရှိဘူး ဆိုရင်တောင် မင်းအတွက် နောက်ဆုတ်စရာ လမ်းကြောင်း တစ်ခုတော့ ချန်ထားခဲ့ဖို့ သေချာပါစေ”
ကျန်းမင် ခေါင်းညိတ် လိုက်၏။ ထိုစင်မြင့်ကို ဆက်လက် မစမ်းသပ်တော့ဘဲ ထွက်ခွာ လာခဲ့တော့သည်။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - အဆင့် ၁၀
စုဆောင်းရရှိသော ရမှတ်များ - ၂၂,၁၀၉ (၁၁၈၇၉+၁၀၂၃၀)
အဋ္ဌမအဆင့် အတွက် ဂုဏ်ပြုဆု - ကောင်းကင် စင်မြင့် ၁၀ ခု
အံ့အားသင့်စရာ ကောင်းစွာပင် စင်မြင့် ၁၀ ခုကို ကျော်ဖြတ်နိုင်ခဲ့သည့် အတွက် ရမှတ် (၁၀,၂၃၀)ရရှိခဲ့ပြီး ယခုအခါ သူ့တွင် ရမှတ်ပေါင်း (၂၂,၁၀၉) မှတ် ရှိနေလေပြီ။
“ငါ့ရဲ့ အတွင်းကမ္ဘာ ဆင့်ကဲ ပြောင်းလဲမှု ပြီးသွားရင် ၁၁ ခုမြောက်နဲ့ ၁၂ ခုမြောက် စင်မြင့်တွေ အပြင် ကောင်းကင် လှေကားထစ်ကိုပါ စမ်းသပ်ကြည့်လို့ ရနိုင်လောက်တယ်...”
ကျန်းမင် သက်ပြင်း တစ်ချက် ချလိုက်၏။
သူ့ကျင့်ကြံခြင်း အဆင့် တည်ငြိမ်သွားသည် အထိ စောင့်ဆိုင်းရန် ရည်ရွယ်ထား၏။ ထိုနောက်မှသာ ကောင်းကင် လှေကားထစ်နှင့် ကောင်းကင် စင်မြင့်ကို မစမ်းသပ်မီ အထူး စွမ်းရည်များ ထပ်မံ ရှာဖွေရပေမည်။ သူက တာအိုတစ်သန်း ပုံရိပ်ဇယားချပ် ရှေ့တွင် ဝင်ထိုင်လိုက်တော့သည်။
ဤနေရာတွင် ကျင့်ကြံပါက မည်သူ့ နှောင့်ယှက်မှုကိုမျှ ခံရမည် မဟုတ်ပေ။
ထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် ပြင်ပလောကနှင့် အဆက်အသွယ် ဖြတ်တောက် ပေးမည့် မြူခိုးများက သူ့အား လွှမ်းခြုံ သွားတော့၏။
အချိန် မည်မျှ ကြာသွားမှန်း မသိသော်လည်း နောက်ဆုံးတွင်တော့ သူ့အတွင်းကမ္ဘာမှာ တည်ငြိမ် သွားခဲ့လေပြီ။ သို့တိုင် အတွင်းဘက်၌ ပြုန်းတီးနေသော မြေပြင်မှလွဲ၍ တခြား ဘာမှ မရှိသေးချေ။
“ဒါက အရမ်း နှေးလွန်းတယ်...” ကျန်းမင်က မတ်တပ် ရပ်လိုက်ရင်း သက်ပြင်းချလိုက်၏။
အတွင်းကမ္ဘာအား ဆင့်ကဲ ပြောင်းလဲခြင်း၏ အားနည်းချက်များကို သူ နောက်ဆုံးတွင် သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ အချိန် အရမ်း ပေးရလွန်းလှ၏။
ခဏတာ တွေးတောပြီးနောက် ကောင်းကင် စင်မြင့်ဆီသို့ ထွက်လာခဲ့တော့သည်။
ကျန်းမင်က သတိဖြင့် မေးလိုက်၏။ “ဆရာကြီး... ကျွန်တော့်ရဲ့ အချိန်ကို အရှိန်မြှင့်တင်ဖို့ ကူညီပေးလို့ ရမလား”
ထိုစကား ကြားလျှင် ကျွင်းစန်းချန်ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“မင်းက တခြားလူတွေဆီကနေ အခွင့်အရေး ယူရတာကို တကယ် သဘောကျတာပဲ... အင်း... ငါ လုပ်ပေးလို့တော့ ရတယ်... ဒါပေမဲ့ ဒီတစ်ခါတော့ ငါ မင်းကို ကူညီပေးမှာ မဟုတ်ဘူး... တကယ်တော့ အဲ့ဒါကို မင်းကိုယ်တိုင် လုပ်လို့ ရနေတာပဲဟာ”
“ကျွန်ေတော်ကိုယ်တိုင် ဟုတ်လား” ကျန်းမင် အံ့အားသင့် သွား၏။ “ကျွန်ေတော် ဆင့်ကဲ ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် နိုင်တာ မှန်ပေမဲ့ အတွင်းကမ္ဘာထဲက နိယာမတွေကို ရှုပ်ထွေးသွားအောင် လုပ်မိမှာ စိုးရိမ်လို့ပါ”
“မင်း အဲ့ဒါကို ဒီမှာ လုပ်စရာ မလိုပါဘူး... အပြင်ဘက်မှာ လုပ်လို့ ရတာပဲ”
“အပြင်ဘက်မှာ လုပ်ရမယ် ဟုတ်လား... အဲ့ဒါက အတွင်းကမ္ဘာရဲ့ မူလဇာစ်မြစ် စွမ်းအင်တွေကို ကုန်ဆုံးသွားစေမှာ မဟုတ်ဘူးလား... အဲ့ဒါက မကောင်းဘူးလေ”
“မင်းက တကယ့် ငတုံးပဲ”
“ဆရာကြီး ဘာကို ဆိုလိုတာလဲ”
“မင်း အချိန် တာအိုကို နားလည် သဘောပေါက် ထားတယ် မဟုတ်ဘူးလား... မင်း လုပ်ရမှာက အချိန် အရှိန်မြှင့်တင်ရေး ဝင်္ကပါ တစ်ခု ဖန်တီးလိုက်ဖို့ပဲလေ”
“အင်း...” ကျန်းမင် ကြက်သေ သေသွား၏။ “ကျုပ် အဲ့ဒီအကြောင်း မစဉ်းစားမိဘူး... အကြံပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး”
“ကျင့်ကြံရာမှာ အထောက်အကူ ဖြစ်စေဖို့ အချိန် အရှိန်မြှင့်တင်ရေး ဝင်္ကပါကို သုံးတာက တခြားလူတွေ အတွက် သိပ်ပြီး အသုံးမဝင်ပေမဲ့ မင်းအတွက် ကတော့ တခြားစီပဲ”
ကျန်းမင် ခေါင်းညိတ် လိုက်ပြီး ထွက်ခွာ လာခဲ့တော့သည်။
သူ ခဏတာ တွေးတောပြီးနောက် လက်တွေ့လောကဆီသို့ ပြန်လည် ရောက်ရှိ လာခဲ့၏။
တစ်နာရီခန့်သာ ကြာသေးပြီး မနက်ခင်း အချိန်ပင် ဖြစ်သေး၏။
မနက် ၈ နာရီ အချိန် နေရောင်ခြည်က တောက်ပ လင်းလက်နေသည်။ ကျန်းမင် မျက်လုံးများကို ခဏတာ မှိတ်ထားလိုက်ရာ လက်တွေ့လောကတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက သူ့ခေါင်းထဲ၌ ပြန်လည် ထွက်ပေါ်လာတော့၏။ မျက်လုံးများ ပြန်ဖွင့်လိုက်ပြီးနောက်...
“အင်းဆက် ကောင်တချို့ကို ရှင်းလင်းရမယ့် အချိန် ရောက်ပြီပဲ”
***