ကျန်းမင်က လောက စောင့်ကြည့် ကြေးမုံကို သုံးပြီး ငုပ်လျှိုးနဂါး တိုက်ကြီးကို ရှာဖွေလိုက်၏။ မြင်ကွင်းကို တဖြည်းဖြည်း ချဲ့ကြည့်လိုက်ရာ ထိုနေရာရှိ အခြေအနေများက သူ့မျက်စိရှေ့တွင် ထင်ရှားစွာ ပေါ်လာတော့သည်။
နေရာအနှံ့ မီးများ လောင်ကျွမ်းနေပြီး တောင်တန်းများ ပြိုကျကာ မြေပြင်များ အက်ကွဲနေချေ၏။ နာကျင်စွာ အော်ဟစ် ငိုကြွေးသံများကို နေရာတိုင်းတွင် ကြားနေရပြီး လူများစွာ ဆင်းရဲဒုက္ခ ရောက်နေကြသည်။
ထိုမြင်ကွင်းမှာ ကမ္ဘာပျက်မည့်နေ့နှင့်ပင် တူနေတော့၏။
"သူတို့က ကျင့်ကြံသူတွေကို သတ်ချင်တာ နားလည်ပေးလို့ ရပေမဲ့ သာမန် ပြည်သူတွေကိုပါ သတ်နေကြတာလား..."
ကျန်းမင် မျက်မှောင်ကြုတ်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ သူ့ထံမှ ပေါက်ကွဲ ထွက်လာတော့သည်။
သူက လူအများစုထက် ပိုမို အစွမ်းထက်နေသော်ငြား အမြဲတမ်း စွဲကိုင်ထားသည့် ခံယူချက် တစ်ခု ရှိနေခဲ့သည်။ ထိုသည်မှာ ကျင့်ကြံသူများ ကြားရှိ ရန်ငြိုးများတွင် သာမန် ပြည်သူများကို မဆွဲသွင်းသင့် ဟူသောအချက်ပင်။
သာမန် ပြည်သူများမှာ အခြေအနေဆိုးများကို ရင်ဆိုင်နေရပြီးသား ဖြစ်၏။ လူ့အသိုင်းအဝိုင်း၏ အောက်ခြေတွင် ခက်ခဲစွာ ရုန်းကန် နေထိုင်ရသည့်အပြင် ယခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုမျိုးကိုပါ ခံစားရမည်လော。
သူက လူတစ်ယောက်ကို ပစ်မှတ်ထား၍ အချက်အလက်များကို စတင် စစ်ဆေးကြည့်လိုက်သည်။ ထိုသူမှာ ငုပ်လျှိုးနဂါး တိုက်ကြီးရှိ သက်ရှိ အားလုံးကို သတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်း သိလိုက်ရချိန်တွင် ကျန်းမင် လုံးဝ သည်းမခံနိုင်တော့ချေ။
သူ့ပုံရိပ် ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် ငုပ်လျှိုးနဂါး တိုက်ကြီးသို့ ရောက်ရှိနေလေပြီ။ ထို့နောက် ခမ်းနားစွာ ပြင်ဆင်ထားသော စားသောက်ဆိုင် တစ်ဆိုင်ရှေ့ ရောက်သည်အထိ နေရာရွှေ့ပြောင်းခြင်းကို ဆက်တိုက် အသုံးပြုလာခဲ့၏။
ဆိုင်၏ အပေါ်ဆုံးထပ်တွင် လူတစ်ဒါဇင်ခန့် ရှိနေပြီး အားလုံးမှာ အတူတကွ ထိုင်ကာ ပျော်ရွှင်စွာ သောက်စား နေကြပေသည်။
ကျန်းမင် ရုတ်တရက် ထွက်ပေါ်လာပြီး လက်ဖြောက် တစ်ချက် တီးကာ သူတို့ ပတ်ဝန်းကျင် တစ်ခုလုံးကို ချိတ်ပိတ်လိုက်သည်။
"မင်းတို့တွေ တော်တော် ပျော်နေကြပုံပဲ"
လူသားလမ်းစဉ် မှတ်တမ်းမှာလည်း သူ့ခေါင်းထက်တွင် ထွက်ပေါ်လာခဲ့၏။
ထိုလူစုလည်း အလျင်အမြန် မတ်တပ် ရပ်လိုက်ကြပြီး တချို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ပစ္စည်းများကို အသက်သွင်းဖို့ ကြိုးစားကြသလို တချို့က ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ ချိတ်ပိတ်မှုကို ဖျက်ဆီးရန် ကြိုးစားကြသည်။ သို့သော် သူတို့၏ ကြိုးပမ်းမှု အားလုံးမှာ အချည်းနှီး ဖြစ်သွားသဖြင့် အားလုံး၏ မျက်နှာများ ပျက်ယွင်းသွားတော့၏။
"မင်းက ဘယ်သူလဲ"
ကျန်းမင်က ထိုလူစုထဲမှ အရပ်အရှည်ဆုံး လူကို အေးစက်စွာ စိုက်ကြည့်ကာ… “ငါက ဘယ်သူလဲ ဟုတ်လား... မင်းတို့ အသက်ကို လာယူမယ့်သူပဲ... ချီချုံး... မင်းက ဘာလို့ သာမန် ပြည်သူတွေကို သတ်ဖြတ်နေရတာလဲ... သူတို့ကို သတ်ရတာ မင်းစိတ်ထဲ နောင်တ မရဘူးလား"
ချီချုံး၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲ ထွက်လာတော့သည်။
"မင်းက ဒီနေရာက လူလား... ပြီးတော့ ငါ့ကို သိနေတာလား... မင်းက ငါ့ကို ဘယ်လိုလုပ် သိနေရတာလဲ"
ကျန်းမင်က အေးစက်စွာ တုံ့ပြန်လိုက်၏။
"ငါမေးတာကိုပဲ ဖြေစမ်းပါ"
လူငယ် တစ်ယောက်က ဒေါသတကြီး အော်ဟစ်ကာ ကျန်းမင်ထံ ဓားဖြင့် လှမ်းပစ်လိုက်သည်။
"ဟမ့်... မင်းက သေချင်နေတာပဲ"
ကျန်းမင်က သူ့အား ခပ်စိမ်းစိမ်း တစ်ချက် လှမ်းကြည့်လိုက်ရာ ထိုလူငယ်လည်း ရုတ်တရက် ကြက်သေ သေသွားတော့၏။ သူ့မျက်နှာ အပေါက်များမှ သွေးများ စီးကျလာပြီး နောက်တစ်စက္ကန့်တွင် ကြမ်းပြင်ပေါ်သို့ ခွေကျသွားချေပြီ။
ထိုလူငယ်မှာ ပွဲချင်းပြီး သေဆုံးသွားခြင်းပင်။ ကျန်းမင်က သူ့အပေါ် မဟာ ဝိညာဉ် ပညာရပ်ကို အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
ကျန်လူများ အားလုံး၏ အမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့က ထိုလူငယ်အား ကယ်တင်ရန် ကြိုးစားသော်လည်း သူ့ဝိညာဉ်မှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
"ကိုး..."
ချီချုံး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး တောက်ပသော အင်မော်တယ် အလင်းတန်းများ ထုတ်လွှတ်နေသည့် ခေါင်းလောင်း တစ်လုံး သူ့ခေါင်းထက်တွင် ထွက်ပေါ်လာခဲ့သည်။
"သေစမ်း..."
ဤသည်မှာ အင်မော်တယ် လက်နက်တစ်ခုပင်။
ကျန်းမင်က ကမ္ဘာ့ ပုံရိပ်ယောင်ကို အသက်သွင်းလိုက်ပြီး သူတို့ အားလုံးကို ကြမ်းပြင်ပေါ် ဖိချထားလိုက်၏။ ချီချုံးမှာ သူ့ခေါင်းလောင်းကို တိုက်ခိုက်ရန် အမိန့်ပေးဖို့ ကြိုးစားသော်ငြား လုံးဝ လှုပ်ရှား၍ မရကြောင်း သဘောပေါက်သွားတော့သည်။ သူတို့ ပတ်ဝန်းကျင် တစ်ခုလုံးရှိ ဟင်းလင်းပြင်ကြီး ရေခဲရိုက် သွားသကဲ့သို့ ခံစားလိုက်ရချေ၏။
ကျန်းမင်က သူ့မေးခွန်းကို ထပ်မံ မေးမြန်းလိုက်ပြန်သည်။
"ငါသိချင်တယ်... မင်းတို့ သာမန် ပြည်သူတွေကို သတ်ရတာ နောင်တ မရဘူးလား"
ကြောက်ရွံ့မှုကြောင့် ချီချုံး၏ မျက်နှာမှာ ပြာနှမ်းသွားတော့၏။ သူ့ရှေ့ရှိ လူငယ်မှာ ဤနေရာရှိ လူအားလုံးထက် များစွာ ပိုမို အစွမ်းထက်နေကြောင်း သူ သဘောပေါက်သွားလေပြီ။
ကျန်းမင် ပြုံးလိုက်ပြီး သူ့မျက်လုံးများ တောက်ပလာသည်။ ထို့နောက် သူတို့၏ စွမ်းအားများကို ချိတ်ပိတ်လိုက်သော်လည်း သူတို့၏ အာရုံခံနိုင်စွမ်းနှင့် ခံစားချက်များကိုမူ အဆ တစ်ထောင်ခန့် မြှင့်တင်ပေး၏။
ရွှမ်း...
နောက်တစ်စက္ကန့်တွင် လေဓားသွား ပေါင်းများစွာ လေထဲ၌ ထွက်ပေါ်လာပြီး ချီချုံးနှင့် သူ့အဖွဲ့ပေါ် ကျဆင်းလာကာ သူတို့၏ အသားများကို ဖြည်းညှင်းစွာ လှီးဖြတ်တော့သည်။
နာကျင်စွာ အော်ဟစ်သံများက လေထဲတွင် ပဲ့တင်ထပ်သွားချေ၏။
ပုံမှန်အားဖြင့် ဆိုလျှင် သူတို့က ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ဂရုစိုက်မည်ပင် မဟုတ်ပေ။ ခြေလက်များ ပြတ်တောက်သွားလျှင်တောင် မျက်ရည် တစ်ပေါက် ကျလိမ့်မည် မဟုတ်ချေ။ သို့သော် ယခု အခြေအနေ ကမူ လုံးဝ ကွဲပြားနေခဲ့လေပြီ။
သူတို့၏ တန်ခိုးစွမ်းအင်များ ချိတ်ပိတ် ခံထားရသည့်အပြင် ခံစားချက်နှင့် အာရုံခံနိုင်စွမ်း များမှာလည်း အဆ တစ်ထောင်ခန့် မြှင့်တင် ခံထားရသည် မဟုတ်ပါလား။ ယခုချိန်တွင် သူတို့ ဘာမှ မလုပ်နိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်နေရုံသာ တတ်နိုင်တော့သည်။
ကျန်းမင် ထပ်မံ မေးပြန်၏။
"သာမန် ပြည်သူတွေကို သတ်ရတာ မင်းတို့ နောင်တ မရကြဘူးလား"
ချီချုံး၏ အသံက အော်ဟစ်သံများ ကြားမှ ထွက်ပေါ်လာ၏ ။
"ပုရွက်ဆိတ် တစ်ကောင်ကို သတ်ရတာ မင်းနောင်တ ရဖူးလို့လား... ဆရာကြီး... ခင်ဗျားက ဘယ်သူလဲ... ဘာလို့ ကျုပ်တို့ကို တိုက်ခိုက်နေရတာလဲ... ခင်ဗျားက ဒီနေရာက လူ လုံးဝ မဟုတ်ဘူးမလား"
ကျန်းမင် ကျောခိုင်း လှည့်ထွက်လိုက်၏။ ရိုးရိုးသားသား ပြောရလျှင် ဤကဲ့သို့ အဖြေမျိုးကို သူ ကြိုတင် မျှော်လင့်ထားပြီး ဖြစ်ပေသည်။
"အင်း... မိစ္ဆာတွေဆီကနေ လူသားဆန်တဲ့ နှလုံးသားမျိုး မျှော်လင့်လို့ မရနိုင်ဘူးပဲ..."
သူတို့၏ ဝိညာဉ်များကို မဖျက်ဆီးမီ အချိန်အတော်ကြာ ညှဉ်းပန်း နှိပ်စက်နေခဲ့သေး၏။ ထို့နောက် ကျန်းမင် လက်ကို ဆန့်ထုတ်၍ မနီးမဝေး ကောင်းကင်ထက်ရှိ မူလ အဆီအနှစ် အားလုံးကို စုသိမ်းလိုက်သည်။ ပြီးလျှင် မူလဇာစ်မြစ်ကို အားဖြည့်ရန် အတွက် သူ့အတွင်းကမ္ဘာထဲသို့ စုပ်ယူပစ်တော့သည်။
"ဒီနေ့က အမဲလိုက်ဖို့ အကောင်းဆုံး နေ့တစ်နေ့ပဲ"
ကျန်းမင်လည်း ဟိုဟိုဒီဒီ နေရာအနှံ့ ကူးသန်းသွားလာကာ မိနစ် အနည်းငယ် အတွင်းမှာပင် သူ့ကမ္ဘာသို့ ရောက်ရှိလာသော ကျူးကျော်သူ အားလုံးကို သတ်ဖြတ်ပစ်လိုက်၏။ ထိုနောက်တွင်တော့ ကျိုယန် ဂိုဏ်းဆီသို့ ပြန်လာခဲ့တော့သည်။
ချူယန် တောင်ထွတ်တွင်တော့...
ဓာတ်ကြီးငါးပါး လင်းလုံက သူ့အနား လျှောက်လာရင်း… “အစ်ကိုကြီး... ပြီးသွားပြီလား"
ကျန်းမင်က သူ့ရှေ့ရှိ လေဟာပြင်ကို လက်ညှိုး ထိုးပြလိုက်ရာ လောက စောင့်ကြည့် ကြေးမုံက ထွက်ပေါ်လာခဲ့၏။
"မပြီးသေးဘူး"
"ဒါက ဘာကြီးလဲ အစ်ကိုကြီး"
"ဒါက လောက စောင့်ကြည့် ကြေးမုံလေ... ဒီလောကထဲက အရာအားလုံးကို သူက မြင်နိုင်စွမ်း ရှိတယ်"
လင်းလုံက အံ့ဩတကြီးဖြင့်… “တကယ်လား... မိုက်လိုက်တာ"
ရှီယောင် အနေဖြင့်လည်း အံ့အားသင့်သွားမိချေ၏။
"ဒီလောကထဲက အရာအားလုံးကို မြင်နိုင်တယ် ဟုတ်လား... ဒါဆို အဲ့ဒီ ကျူးကျော်သူတွေကိုရော ရှာတွေ့နိုင်လား"
ကျန်းမင် ခေါင်းညိတ် လိုက်သည်။ သူက လက်ဖျောက် တစ်ချက် တီးလိုက်ရာ နေရာတစ်ခုက မှန်ကန်ထဲတွင် ပေါ်လာတော့၏။
၎င်းမှာ ဧရာမ ရဲတိုက်ကြီး တစ်ခုပင်။ မြို့ရိုးများ ပြိုကျနေပြီး အိမ်များမှာ မီးလောင်နေသည်။ ဖုတ်ကောင်များနှင့် မိစ္ဆာများက လမ်းပေါ်တွင် ပြေးလွှားနေကြပြီး လူများမှာမူ နာကျင်စွာ အော်ဟစ် ငိုကြွေးနေကြချေ၏။
လင်းလုံ နှုတ်ခမ်းကိုက်ကာ ကျိန်ဆဲလိုက်သည်။
ရှီယောင်က ဝင်ပြောလာ၏။
"ငါတို့ သူတို့ကို ကူညီပေးမှ ရမယ်"
ကျန်းမင် ဘာမှ ပြန်မပြောတော့ပေ။ ထိုနေရာကို စစ်ဆေးပြီးနောက် နောက်တစ်ကြိမ် ဖျတ်ခနဲ ပျောက်ကွယ်သွားပြန်သည်။ သူတို့က သာမန် ပြည်သူတွေ အပေါ်ကိုပင် အကြင်နာ ကင်းမဲ့စွာ လက်လွန်ရဲမှတော့ သူ အကုန်လုံးကို သတ်ပစ်တော့မည် ဖြစ်၏။
ဤတစ်ကြိမ်တွင်မူ နေရာအနှံ့အပြားရှိ ကျူးကျော်သူ အများစုကို သူ သတ်ဖြတ်ပစ်လိုက်သည်။ သူတို့ထဲမှ တစ်ယောက်တွင် ကိုယ်ပွား သုံးခု ရှိပြီး ကျန်လူများထက် များစွာ ပိုမို အစွမ်းထက်နေ၏။ ထိုကောင်က အင်မော်တယ် တစ်ပါးကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်ဟု ယုံကြည်ချက် ရှိနေခဲ့သော်ငြား ကံမကောင်းစွာဖြင့် ယနေ့ သူ့အား လာတိုးမိသဖြင့် သေဆုံးခြင်း ဆိုသည့် အဆုံးသတ် တစ်ခုတည်းသာ ရှိတော့သည်။
သူ ပြန်ရောက်လာချိန်တွင် နေ့လည်စောင်း နေခဲ့လေပြီ။
ကျန်းမင်က ကုလားထိုင်ပေါ် ပစ်ထိုင်ချလိုက်ရင်း အထက်ရှိ နွယ်ပင်များကို ငေးကြည့်ကာ တဖြည်းဖြည်း တည်ငြိမ်လာသော စိတ်ဖြင့် ပြောလိုက်၏။
"ကောင်မလေး... ချင်းပြည်နယ်ထဲမှာ ကျူးကျော်သူတွေ မရှိတော့ဘူးလို့ ဂိုဏ်းချုပ်ကို သွားပြောလိုက်ချေ"
ဓာတ်ကြီးငါးပါး လင်းလုံက ပင်မ တောင်ထွတ်ဆီသို့ သတင်းစကား တစ်ခု ပေးပို့လိုက်ပြီးနောက် ကျန်းမင်ရှေ့တွင် ဆောင့်ကြောင့် ထိုင်ချကာ… “အခု စိတ်နည်းနည်း သက်သာသွားပြီလား... ကောင်းပါပြီ"
ကျန်းမင် ပြုံးလိုက်ကာ… “အင်း... အစကတော့ ဒီနေ့ ကောင်းကောင်း အနားယူမလို့ပဲ... ဒါပေမဲ့ ဒီကောင်တွေ ပေါ်လာပြီး ငါ့အစီအစဉ်ကို ဖျက်ဆီးပစ်လိုက်တာကိုး"
ပန်းနတ်သမီးလေး သယ်လာပေးသော သစ်သီးတောင်းထဲမှ လိမ္မော်သီး တစ်လုံးကို လင်းလုံ ကောက်ယူလိုက်သည်။ ထို့နောက် အခွံနွှာ၍ ကျန်းမင် ပါးစပ်ထဲသို့ ခွံကျွေးလိုက်ရင်း ထောက်ခံလိုက်၏။
"ဟုတ်တယ်... သူတို့က အဆိုးဆုံးပဲ"
ရှီယောင်မှာ ဆွံ့အ သွားရချေသည်။
"မင်း အနားယူနေတာကို အနှောင့်အယှက် ပေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့တင် သူတို့ အကုန်လုံးကို သတ်ပစ်လိုက်တာပေါ့လေ... မင်းက ဒီလောကကြီးရဲ့ သားတော် ဒါမှမဟုတ် အင်မော်တယ် တစ်ပါး ဝင်စားလာတာ ဖြစ်ရမယ်လို့ ငါ အသေအချာ ပြောရဲတယ်... ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်နိုင်စွမ်း ရှိတာ လောကကြီးရဲ့ သားတော် တစ်ယောက်ပဲ ရှိတာလေ... ဒါနဲ့ နေပါဦး အစ်ကိုကျန်း... ရှင် ဒီစွမ်းရည်ကို သုံးပြီး မိန်းကလေးတွေ ရေချိုးနေတာကို ချောင်းကြည့်ဖူးလား"
လင်းလုံ၏ မျက်လုံးများ တောက်ပလာကာ… “အဲ့ဒါ တော်တော် ကောင်းတဲ့ အကြံပဲ... အစ်ကိုကြီး... အတူတူ ကြည့်ရအောင်လေ... နတ်သမီးလေးတွေ အများကြီး အတူတူ ရေချိုးနေတာကို မြင်ရတာ တကယ်ကို စိတ်ကြည်နူးစရာ ကောင်းမှာ သေချာတယ်... ကျောင်းယန် တောင်ထွတ် ကနေ အရင် စကြည့်ကြမလား"
ကျန်းမင်က လင်းလုံကို မျက်စောင်း ထိုးလိုက်၏။
"မင်းက တဖြည်းဖြည်းနဲ့ မိစ္ဆာမလေး တစ်ကောင်နဲ့ ပိုပို တူလာပြီပဲ ကောင်မလေး..."
တကယ်တော့ သူလည်း မိန်းကလေးများ ရေချိုးနေသည်ကို ကြည့်ချင်စိတ် ပေါက်သွားသော်ငြား ထိုသို့ မလုပ်နိုင်မှန်း သူ သေချာ သိနေပေသည်။
ရှီယောင်က ရယ်မော၍ စနောက်တော့သည်။
“ငါက မင်းကို သဝန်တိုလိမ့်မယ် ထင်နေတာ... တကယ်တမ်းကျတော့ မင်းရဲ့ အစ်ကိုကြီးက ပိုပြီး သဝန်တိုနေတာကိုး"
နေရောင်ခြည်က တောက်ပနေသော်လည်း လေပြေအေးလေးများ တိုက်ခတ်နေသည်။ သူတို့ သုံးယောက် စကားပြော နေကြစဉ် ရှီယောင်က သူမစိတ်ထဲ ကြိတ်၍ တွေးတောနေမိ၏။
'သူက တကယ်ပဲ ဘယ်သူများလဲ... ဒီလောက်တောင် အစွမ်းထက် နေတာကိုတောင် သူ့ခွန်အား အပြည့် သုံးရသေးပုံ မပေါ်ဘူး... အဲ့ဒီ ကျူးကျော်သူတွေ အကုန်လုံးကို ရှင်းလင်းပစ်ဖို့ သူ့အတွက် အချိန် တစ်ဝက်လောက်ပဲ ယူလိုက်ရတာလေ... ဒါက တကယ်ကို ရယ်စရာ ကောင်းလွန်းတယ်...'
'ပြီးတော့ အဲ့ဒီ လောက စောင့်ကြည့် ကြေးမုံ ဆိုတာကလည်း... သူက ကမ္ဘာကြီးကို စောင့်ကြည့်ဖို့ သုံးနိုင်ရုံတင် မကဘူး... ကျူးကျော်သူတွေရဲ့ တည်နေရာကိုပါ တိတိကျကျ ရှာဖွေနိုင်သေးတာ...'
'ဒါ့အပြင် ဒီနေရာမှာ ကျင့်ကြံရတာ နေ့တိုင်း ခြားနားတဲ့ အသိအမြင်တွေကို ရရှိစေတယ်... ငါ့ရဲ့ ေတော်ဝင်ေမြထက်တောင် အများကြီး သာနေသေးတာ... အပြင်ပန်းမှာတော့ သူတို့ကို ချူယန် တောင်ထွတ် အနေနဲ့ပဲ သိကြပေမဲ့ သူတို့ရဲ့ အစစ်အမှန် နောက်ခံက တကယ်ကို ကြောက်ခမန်းလိမ့် ဖြစ်နေလောက်တယ်...'
ထိုအတွေးနှင့်အတူ ရုတ်တရက် ရှီယောင်၏ နှလုံးသားမှာ တုန်လှုပ် သွားပြီး သိမ်ငယ်သည့် ခံစားချက် တစ်ခုက သူမ ရင်တွင်း၌ ဖြစ်တည်လာတော့သည်။
***