လူသားလမ်းစဉ် မှတ်တမ်းမှာ ကျန်းမင်၏ မျက်စိရှေ့တွင် လွင့်မျောနေပြီး သူက စာမျက်နှာ တစ်ခုဆီသို့ လှန်လိုက်၏။
အမည် - အာကာသ လင်းလုံ
လူမျိုး - လူသား
လိင် - မိန်းကလေး
ကျင့်ကြံခြင်း အဆင့် - တာအို မျိုးစေ့ အဆင့်
နောက်ခံ - ကျိုယန် ဂိုဏ်း၊ ချူယန် တောင်ထွတ်မှ တပည့် ဇီလင်းလုံ၏ ကိုယ်ပွား
ဆက်ဆံရေး - ၉၉
မွေးရာပါ ပါရမီ - အင်မော်တယ် (ဟင်းလင်းပြင် တာအို ခန္ဓာကိုယ်)
အခြေအနေ - ကိုယ်ပွား ဖန်တီးခြင်းမှ တစ်ဆင့် မွေးဖွားလာခဲ့ပြီး အစ်ကိုကြီးနှင့် ကြီးမားသော ပတ်သက်မှု ရှိသည်။ လူ့ဘဝ၏ ပျော်ရွှင်မှုများကို နှစ်သက်ပြီး စွဲလမ်းမှုကို သံယောဇဉ် အဖြစ် ပြောင်းလဲကာ နှလုံးသားက ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ချည်နှောင်ထားပြီး ထာဝရ ပြောင်းလဲမည် မဟုတ်ပေ။
ကြီးမားသော အခွင့်အရေးများ ရှာဖွေရန် အပြင်သို့ ထွက်ခွာခဲ့သည်။ အလယ်ပိုင်း ပြည်နယ်သို့ ဦးတည်သွားပြီး နောက်ဆုံးတွင် ရှေးဟောင်း အင်မော်တယ် စစ်ပွဲ၏ အပျက်အစီးများကို ရှာတွေ့ခဲ့သည်။ ခြေလှမ်းတိုင်းတွင် အတိုင်းအဆမဲ့သော အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး အခက်အခဲများ ရင်ဆိုင်ခဲ့ရသော်လည်း အခြေအနေကို ပြောင်းလဲနိုင်ခဲ့ကာ ထိုအခွင့်အရေးများမှ မရေမတွက်နိုင်သော အကျိုးကျေးဇူးများ ရရှိခဲ့သည်။
အခြေအနေကို ဖတ်ရှုပြီးနောက် ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ပြန်သိမ်းလိုက်သည်။ အာကာသ လင်းလုံ အပေါ် မတော်တဆမှု တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် သူက သူမ၏ အခြေအနေကို မကြာခဏ စစ်ဆေးလေ့ ရှိပေသည်။
အာကာသ လင်းလုံ တစ်ယောက် ရှေးဟောင်း အင်မော်တယ် စစ်ပွဲ၏ အပျက်အစီး တစ်ခုခုထဲ ဝင်ရောက် သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ချေ။
‘ရှေးဟောင်း’ ဟူသော စကားလုံးမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကို ရည်ညွှန်းခြင်း ဖြစ်ပေလိမ့်မည်။ သို့သော် အင်မော်တယ် စစ်ပွဲတွင် အင်မော်တယ်များ အမှန်တကယ် ပါဝင်ခဲ့ခြင်း ရှိမရှိကိုမူ အတည်ပြုရန် ခက်ခဲလှ၏။
ထို့အပြင် ‘အပျက်အစီးများ’ ဟူသော စကားလုံးက စစ်ပွဲမှာ အလွန် ကြေကွဲဖွယ် ကောင်းခဲ့ပြီး ဤအပျက်အစီးကို အလွန် သေချာစွာ ဖုံးကွယ်ထားခဲ့ကြောင်း ပြသနေသည်။ ထိုသို့ မဟုတ်လျှင် လွန်ခဲ့သော အချိန်ကတည်းက ရှာဖွေ တွေ့ရှိသွားမည် ဖြစ်ပြီး ဟင်းလင်းပြင် လင်းလုံ အနေဖြင့် ယနေ့တိုင် ရှာတွေ့ခဲ့မည် မဟုတ်ပေ။ ‘ခြေလှမ်းတိုင်းတွင် အခက်အခဲများ ရင်ဆိုင်ခဲ့ရသည်’ ဟူသော စကားစုကို မြင်လိုက်ရချိန်တွင် သူမ အတွက် စိုးရိမ်မိသွားသော်ငြား လောလောဆယ်တွင်မူ သူ ဘာမှ မလုပ်ပေးနိုင်သေးချေ။
ထိုသည်က ဇီလင်းလုံ၏ ကြီးမားသော အခွင့်အရေး ဖြစ်ပြီး မဖြစ်မနေ လိုအပ်သည်မှလွဲ၍ သူမကို မနှောင့်ယှက်လိုပေ။
ဆက်ဆံရေး တန်ဖိုး ၉၉ အတွက် ကမူ ကျန်းမင်က နားလည်သဘောပေါက်စွာ ပြုံးလိုက်မိသည်။
‘စွဲလမ်းမှုကို သံယောဇဉ် အဖြစ် ပြောင်းလဲကာ နှလုံးသားက ခန္ဓာကိုယ်နှင့် တင်းကျပ်စွာ ချည်နှောင်ထားပြီး ထာဝရ ပြောင်းလဲမည် မဟုတ်’ ဟူသော စကားစုက ကျန်းမင်ကို ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာစေ၏။
သူ့ညီမငယ် အတွက် သူက အရာအားလုံး ဖြစ်ကြောင်း နားလည်သော်လည်း သူ့ဘက်ကရော ဘယ်လို အခြေအနေမျိုး ဖြစ်နေမည်နည်း။
ကျန်းမင် ထိုအကြောင်းကို ဆက်လက် တွေးတော မနေတော့ပေ။
ခဏတာ အနားယူပြီးနောက် ကျန်းမင်က အားလပ်နေရသည်ကို သည်းမခံနိုင်သဖြင့် နေ့လည်စာ ပြင်ဆင်ရန် ထရပ်လိုက်သည်။
ဤတစ်ကြိမ် မီနူးမှာ ရိုးရှင်းလှပြီး အသားစဉ်း ကော်ရည်ခေါက်ဆွဲ တစ်ပွဲသာ။
အသားမှာ အရောင်ကိုးမျိုး သမင်ထံမှ ရရှိသော သမင်သား ဖြစ်သောကြောင့် အတော်လေး အရသာ ရှိပေသည်။
တောင်ပိုင်း ဒေသသို့ သွားရောက်စဉ်က ထိုအရောင်ကိုးမျိုး သမင်ကို သူ မတော်တဆ တွေ့ရှိခဲ့ခြင်းပင်။ အရောင်ကိုးမျိုး ဖြာထွက်နေသော ထိုသမင် မိစ္ဆာကို တွေ့လိုက်ရချိန်တွင် တကယ့်ကို မျက်စိပသာဒ ဖြစ်စရာ မြင်ကွင်း တစ်ခုဟု ဆိုရမည်။ အလွန် လှပလွန်းသဖြင့် အရသာလည်း အလွန် ကောင်းမွန်မည်ဟု တွေးမိကာ နောက်ဆုံးတွင် သတ်ဖြတ် အသားမွှာပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
နေ့လည်စာ အချိန်တွင်မူ ဤပါဝင်ပစ္စည်းမှာ အတိအကျပင်။
"အရောင်ကိုးမျိုး သမင်..."
ရှီယောင်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွား၏။
"တောင်ပိုင်း ဒေသမှာ ပြိုင်ဘက်ကင်း အထူး စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ အတုမရှိ သုခဘုံ အဆင့် သမင် မိစ္ဆာ တစ်ကောင် ရှိပြီး အဲ့ဒီ နယ်မြေကို အုပ်စိုးနေတယ်လို့ ငါ ကြားဖူးတယ်... ငါ့ဂိုဏ်းက စီနီယာတွေတောင် ဒီသမင် မိစ္ဆာက အကြို အင်မော်တယ် အဆင့်ထိ ရောက်နိုင်တဲ့ အလားအလာ ရှိတယ်လို့ မှတ်ချက်ပေးဖူးကြတာ... ဒါပေမဲ့ သူက ဒီနေ့ကျမှ တစ်ယောက်ယောက်ရဲ့ အစားအစာ ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."
"အစ်ကိုကျန်း... သူက ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကိုယ်နဲ့ သင်္ဘော တစ်ထောင်လောက်ကိုတောင် နစ်မြုပ်သွားစေနိုင်တဲ့ မျက်နှာ အလှအပ ပိုင်ဆိုင်ထားတဲ့ မိန်းမလှလေး တစ်ယောက်လေ... သူ့ ခန္ဓာကိုယ်ကနေ ရောင်ဝါ အလွှာ ကိုးထပ် ဖြာထွက်နေပြီး အရမ်းကို ဆွဲဆောင်မှု ရှိတဲ့ ကိုယ်သင်းနံ့လည်း ရှိတယ်... ရှင်က သူမကို ဘယ်လိုများ ရက်ရက်စက်စက် သတ်ရက်ရတာလဲ"
"ငါ သူ့ကို တွေ့တုန်းက မိစ္ဆာ ပုံစံနဲ့လေ..." ကျန်းမင် ကိုယ်တိုင်လည်း မထင်မှတ်ထားခဲ့သဖြင့် ပြန်လည် ရှင်းပြလိုက်၏။ "သူမမှာ ဒီလို နောက်ခံ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး..."
"သူမသာ လူသား ပုံစံနဲ့ ဆိုရင် ရှင် သတ်မှာ မဟုတ်ဘူးလား"
"သူမက စားချင်စရာ ကောင်းနေလို့ ငါ သတ်လိုက်တာလေ... လူသား ပုံစံနဲ့ သာဆိုရင် ငါက ဘယ်လိုလုပ် စားချင်စိတ် ပေါက်မှာလဲ"
"နင်က တကယ်ပဲ... တကယ်ကိုပဲ..." ရှီယောင် အနေဖြင့် စကားလုံးများ ဆွံ့အ သွားပြီး ပြုံးရုံသာ တတ်နိုင်တော့၏။ "သူမ မိစ္ဆာ ပုံစံနဲ့ ရှိနေတာ ကံကောင်းသွားတယ်... မဟုတ်ရင် ဒီလို အရသာရှိတဲ့ အစားအစာကို ငါတို့ ဘယ်လိုလုပ် စားရမှာလဲ... အရောင်ကိုးမျိုး သမင်မှာ မတူညီတဲ့ အရသာ ကိုးမျိုး ရှိနေတယ် ဆိုတာ တွေးကြည့်ရုံနဲ့တင်... တကယ့်ကို အံ့ဖွယ်ပဲ"
လင်းလုံက ဝင်၍ အကြံပေးလာသည်။ "အစ်ကိုကြီး... တောင်ပိုင်း ဒေသက မိစ္ဆာတွေ အကုန်လုံးကို ဖမ်းပြီး လှောင်မွေးထားရအောင်... အဲ့ဒါဆို ငါတို့ လိုချင်တဲ့ အချိန်ကျ စားလို့ ရတာပေါ့"
"ဒါက ထည့်သွင်း စဉ်းစားသင့်တဲ့ ကိစ္စပဲ..." ကျန်းမင်၏ မျက်လုံးများ တောက်ပလာ၏။
ထိုသူ နှစ်ယောက်၏ စကားများကို ကြားပြီးနောက် ရှီယောင်မှာ လုံးဝ အံ့အားသင့် သွားရချေပြီ။
[ဒင် - နေ့လည်စာ အဖြစ် မတူညီသော အရသာ ကိုးမျိုးကို ခံစားခဲ့ရသည့် အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါသည်။ သင်သည် ကောင်းကင် ဖြိုခွင်း ဓားသိုင်း အစိတ်အပိုင်း တစ်ခုဖြင့် ဆုချီးမြှင့် ခံရပါသည်။]
ထိုသတိပေးသံကို ကြားလိုက်ရချိန်တွင် သူ အလွန် အံ့အားသင့် သွား၏။
ဤဓားသိုင်း၏ စွမ်းအားမှာ သာမန် လူ့လောက၏ နယ်ပယ်ကို ကျော်လွန်နေပေသည်။
၎င်းက အတိုင်းအဆမဲ့သော တာအိုများကို ဖြတ်တောက်နိုင်ပြီး ကောင်းကင်နှင့် မြေကြီးကို ခွဲဖြာကာ အဆုံးမဲ့ ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ မုခ်ဦးများမှ တစ်ဆင့် တိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်း ရှိ၏။ ဤသည်မှာ တကယ့်ကို ပြိုင်ဘက်ကင်း ဓားသိုင်း တစ်ခုပင်။ သတ်ဖြတ်ခြင်း သက်သက် အတွက်သာ ရည်ရွယ်သော နည်းစနစ် တစ်ခု ဖြစ်ပေသည်။ ကျန်းမင်က သူ့ အာရုံ တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်၍ ဓားသိုင်းအား တိတ်ဆိတ်စွာ နားလည် သဘောပေါက်ရန် ကြိုးစားလိုက်သော်လည်း သူ့ အာရုံ အများစုမှာ အတွင်းကမ္ဘာ၌ သာ ရှိနေဆဲ ဖြစ်၏။ အတွင်းကမ္ဘာ၏ ဆင့်ကဲ ပြောင်းလဲမှုကို မြှင့်တင်ပေးနေပြီး အတွင်းအူတိုင်အား အားဖြည့်ရန် သူ ရရှိထားသော မူလဇာစ်မြစ် အဆီအနှစ်များကို လျင်မြန်စွာ စုပ်ယူနေပေသည်။
ကျန်ရစ်နေခဲ့သော ကျူးကျော်သူများ အားလုံးမှာ အလွန် ထိတ်လန့် နေကြချေပြီ။
မျက်တောင် တစ်ခတ် အတွင်းမှာပင် လောကကြီး အနှံ့ သောင်းကျန်းရန် ပြင်ဆင်နေခဲ့ကြသော အရှင်သခင် နတ်ဘုရား၏ အကျိုးခံစားခွင့် ရရှိသူ ၈၀ ရာခိုင်နှုန်းကျော် သတ်ဖြတ် ခံလိုက်ရပြီး ကျန်ရှိနေသူများမှာ ထိတ်လန့် တုန်လှုပ် နေကြတော့သည်။
မကြာမီမှာပင် ထူးဆန်းသော အချက်တစ်ခုကို သူတို့ လျင်မြန်စွာ သဘောပေါက် သွားကြ၏။ သာမန် ပြည်သူများကို သတ်ဖြတ်သူတိုင်း လျင်မြန်စွာ သတ်ဖြတ် ခံနေရခြင်းပင်။
ဤအခြေအနေသို့ ရောက်နေမှတော့ ဘာတွေ ဖြစ်နေသနည်း ဆိုသည်ကို သူတို့ မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူတို့ကို အမည်မသိ တည်ရှိမှု တစ်ခုခုက စောင့်ကြည့်နေခြင်း ဖြစ်ရမည်။ သာမန် ပြည်သူများကို သတ်ဖြတ်ခြင်းမှာ ကြီးမားသော တားမြစ်ချက် တစ်ခု ဖြစ်နေသော်ငြား သူတို့၏ တာဝန်မှာ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန် ဖြစ်နေသည် မဟုတ်ပါလား။
လူအားလုံးကို မသတ်နိုင်ဘဲ တာဝန်ကို ဘယ်လိုလုပ် ပြီးမြောက်အောင် လုပ်နိုင်မည်နည်း။
ကျန်ရှိနေသော အကျိုးခံစားခွင့် ရရှိသူများမှာ လုံးဝ မျှော်လင့်ချက် ကင်းမဲ့ သွားကြတော့၏။
သူတို့၏ မျှော်လင့်ချက် ကင်းမဲ့မှု အပေါ် သေချာစွာ စဉ်းစားပြီးနောက် တာဝန် ကျရှုံးသဖြင့် သတ်ဖြတ် မခံရစေရန် ရမှတ်များ ပိုမို ရှာဖွေဖို့ သူတို့၏ ရည်မှန်းချက်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ကြသည်။ ထို့ကြောင့် ဂိုဏ်းအသီးသီးမှ အစွမ်းထက် ကျွမ်းကျင်သူများကို စတင် အမဲလိုက်ကြတော့သည်။
နှိုင်းယှဉ်ကြည့်ရလျှင် အရှေ့ပိုင်း ဒေသမှာ များစွာ ပို၍ တည်ငြိမ်နေခဲ့၏။ အကျိုးခံစားခွင့် ရရှိသူများ အနေဖြင့် ဖုန်းနှင့် ယွင် ပြည်နယ်များရှိ ချင်းယွင် ဂိုဏ်းမှ ကျွမ်းကျင်သူများကိုသာ အမဲလိုက်နိုင်ပေသည်။ သူတို့၏ စစ်မြေပြင်က ထိုပြည်နယ် နှစ်ခု အပြင်ဘက်သို့ ရောက်သွားသည်နှင့် ချက်ချင်း သတ်ဖြတ် ခံရမည် ဖြစ်၏။
ဤအခြေအနေ အောက်တွင် အကျိုးခံစားခွင့် ရရှိသူများ ထိတ်လန့် သွားကြရုံ သာမက ဒေသခံ အင်အားစုများ ပါ အံ့အားသင့် သွားကြချေသည်။ အားလုံးက မြောက်ပိုင်း ဒေသရှိ ပြင်ပ မိစ္ဆာများကို ဖျက်ဆီးခဲ့သော ထိုလူ တစ်ယောက်တည်းကိုသာ ပြန်လည် သတိရသွားကြတော့၏။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားပြီး တောင်ထွတ်ပေါ်တွင် ယခင်အတိုင်း ငြိမ်းချမ်း တိတ်ဆိတ် နေခဲ့သည်။
မဟာကျိုး ပြက္ခဒိန် နှစ် ၉,၉၉၉၊ ဒီဇင်ဘာလ ၂၀ ရက်နေ့။
ထိုနေ့တွင် အစစ်အမှန် ညီမငယ်လေး အနေဖြင့် သူမ၏ ကျင့်ကြံခြင်း အချိန်ကို အဆုံးသတ်တော့မည် ဖြစ်၏။
သူမ၏ ကိုယ်ပွားများ အားလုံး အပြည့်အဝ ဖွဲ့စည်း ပြီးစီးသွားခဲ့လေပြီ။
တောက်ပသော လရောင် ကောင်းကင်ယံထက် လွှမ်းခြုံလာသည်နှင့် ညအချိန်သို့ လျင်မြန်စွာ ကူးပြောင်း သွားခဲ့သည်။
ရှီယောင် တစ်ယောက် အဝေးရှိ မြောက်ဘက် အရပ်ကို ငေးကြည့်ကာ တိတ်ဆိတ်စွာ တရားထိုင် နေခဲ့၏။ ထိုသို့ ဖြစ်လင့်ကစား အိမ်တော်ကြီးမှာ ချိတ်ပိတ် ထားဆဲပင်။
"အစ်ကိုကြီး... ဘယ်လိုထင်လဲ"
ညီမငယ် ဆယ်ယောက်က တစ်ပြိုင်နက်တည်း မေးလာကြသည်။ အရပ်ရှည်သူ၊ ချစ်စရာကောင်းပြီး ကူကယ်ရာမဲ့ ပုံပေါက်သူ၊ ဆွဲဆောင်မှု ရှိသူ၊ နုနယ်ပြီး အတွေ့အကြုံ မရှိသူ၊ ရင့်ကျက်သူ စသဖြင့် အမျိုးမျိုး။ အားလုံးက ဆင်တူသော်လည်း တစ်ချိန်တည်းမှာပင် ကွဲပြားခြားနား နေကြ၏။
သူတို့က ကျန်းမင်အား ပြုံးရွှင်စွာဖြင့် ဝန်းရံထားကြသည်။ ဟိုဟိုဒီဒီ လှုပ်ရှားသွားလာရင်း သူတို့ တစ်ယောက်ချင်းစီ၏ ထူးခြားသော အလှအပများကို ပြသနေကြပေသည်။
"ငါ မျက်စိတွေတောင် ပြာသွားပြီ"
ဤသို့ ဖြစ်လာမည်ကို ကျန်းမင် ကြိုသိထားသော်ငြား တကယ်တမ်း ဖြစ်လာချိန်တွင် အနည်းငယ် ကြောင်အ သွားပြီး စကားလုံးများပင် ဆွံ့အ သွားရချေ၏ ။
"ဟီးဟီး..." လင်းလုံက သူ့လက်မောင်းကို ကိုင်ထားရင်း ရယ်မောခြင်းကို မအောင့်နိုင်တော့ပေ။ "ကိုယ်ပွား အားလုံးပေါင်း ၉ ယောက် ရှိတယ်... အာကာသ အပြင် အချိန်၊ ယင်ယန်၊ ဓာတ်ကြီးငါးပါး၊ အလင်းနဲ့ အမှောင်၊ အသက်နဲ့ သေဆုံးခြင်း၊ ကံကြမ္မာ၊ ဝင်စားခြင်း သံသရာ နဲ့ ဖီးနစ် တို့လည်း ရှိတယ်... ကိုယ်ပွား နောက်တစ်ခု ဖန်တီးဖို့ အတွက် ငါ့ရဲ့ ဖီးနစ် သွေးကြော အားလုံးကို ဖယ်ထုတ်လိုက်တာ... အဲ့ဒါမှ မွေးရာပါ သူတော်စင် တာအို ခန္ဓာကိုယ်နဲ့ ပေါင်းစပ်လို့ ရမှာလေ"
"ကိုယ်ပွား ကိုးယောက်နဲ့ မင်း အစစ်အမှန် တစ်ယောက်... အဲ့ဒါဆို ပြီးပြည့်စုံတဲ့ ဆယ်ယောက် ဖြစ်သွားပြီပေါ့" ကျန်းမင်က နောက်ပြောင် လိုက်၏။
"ဟုတ်တယ်... ပြီးပြည့်စုံတဲ့ ဆယ်ယောက်ပဲ... ဒါပေမဲ့ အစ်ကိုကြီး... ရှင်က တစ်ယောက်တည်း ရှိတာနော်"
"အဟမ်း... ကုတင်က အလုံအလောက် ကြီးနေသရွေ့တော့ အဆင်ပြေမှာပါ"
"ဒါပေမဲ့ ရှင် ငါတို့ အားလုံးကို ကိုင်တွယ်နိုင်ပါ့မလား"
"အိုး... မင်း ငါ့ကို အရမ်း အထင်သေးနေတာပဲ"
ထိုညတွင် မည်သည့် စကားသံမှ ထွက်ပေါ်မလာခဲ့ချေ။
နောက်တစ်နေ့ ညနေခင်းတွင် ကျန်းမင်က အမိုးပေါ်သို့ ရောက်လာပြီး တစ်စုံတစ်ခုထံမှ ထွက်ပြေးလာသကဲ့သို့ ပုံပေါက်နေ၏။ သူက ခါးကို ကိုင်းထားပြီး တုန်ယင်နေကာ သူ့ကိုယ်သူ အားဖြည့် ဆေးဖက်ဝင် အစားအစာ တစ်ခွက် ပြင်ဆင်လိုက်တော့သည်။
ဆေးဖက်ဝင် အစားအစာကို စားသုံးပြီးနောက် သူ့ကိုယ်သူ များစွာ ပိုကောင်းလာသလို ခံစားလိုက်ရသည်။
[ဒင် - ကျေနပ်ဖွယ် အစားအစာ တစ်ခုကို ပြင်ဆင် စားသုံးခဲ့သည့် အတွက် အိမ်ရှင်ကို ဂုဏ်ပြုပါသည်။ အထူး မြှင့်တင်ထားသော 'အားဖြည့် ဆေးဝါး ဖော်စပ်မှု တစ်ပုလင်းဖြင့် ဆုချီးမြှင့် ခံရပါသည်။]
ကျန်းမင် တိတ်တဆိတ် လက်ခလယ် ထောင်ပြလိုက်၏။
သူက အင်မော်တယ်များကိုတောင် သတ်ဖြတ်နိုင်စွမ်း ရှိသည့် လူတစ်ယောက် ဖြစ်ပေသည်။ ဤဆေးလုံးများကို သူ ဘာအတွက် လိုအပ်မည်နည်း။
ပုလင်းကို ဖွင့်၍ အနံ့ခံ ကြည့်လိုက်ရာ တက်ကြွသော ခံစားချက် တစ်ခုက သူ့ထံ ချက်ချင်း ဝင်ရောက်လာပြီး ဆေးလုံးများကို သောက်ချင်စိတ် ပေါက်လာစေ၏။
သူ အသက် ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး ဆေးလုံးများကို သေချာစွာ ပြန်သိမ်းထားလိုက်သည်။
"အစ်ကိုကြီး... ဒီညလည်း 'ကိုးယောက်ထဲက ဆယ်ယောက်' နဲ့ နောက်တစ်ည ထပ်လုပ်ကြမလား" လင်းလုံက တိုးတိုးလေး ရယ်မောလိုက်၏။
ကျန်းမင် စကားများ ဆွံ့အ သွားပြီး အကြောင်းအရာကို လျင်မြန်စွာ လွှဲလိုက်သည်။
"ဘာလို့ ဒီကိုယ်ပွားတွေ အကုန်လုံးက ကျင့်ကြံခြင်း အဆင့်တွေ မတူကြတာလဲ"
"တကယ်တော့ ညီမလေးသမ္ဗောဓဉာဏ် တချို့ကို အခုမှ စပြီး နားလည် သဘောပေါက်လာတာလေ... ဥပမာ အနေနဲ့ အချိန် သမ္ဗောဓနဲ့ ဝင်စားခြင်း သံသရာ သမ္ဗောဓဉာဏ်ကို ကြည့်ကြည့်... သမ္ဗောဓဉာဏ်ကို နားလည် သဘောပေါက်မှုက အားနည်းရင် သူတို့ရဲ့ ကျင့်ကြံခြင်းကလည်း အားနည်းနေမှာပဲ... ဒါပေမဲ့ ကျင့်ကြံခြင်းက တောင်ပေါ်မှာဆို မြန်မြန်ဆန်ဆန် အထွတ်အထိပ်ကို ရောက်နိုင်မယ်လို့ ခံစားရတယ်..."
"အစ်ကိုကြီး... ကုတင်ပေါ်မှာ ကျင့်ကြံတာက ချက်ချင်း ဉာဏ်အလင်းပွင့်တာထက်တောင် ကျင့်ကြံခြင်း အတွက် အများကြီး ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ် ဆိုတာ တွေ့ခဲ့တယ်... အစ်ကို ပိုပြီး ကြိုးစားရလိမ့်မယ်" လင်းလုံက ပြုံး၍... "ရှင် ငါ့ကို အမောဆို့ သေသွားအောင် လုပ်မိမှာ မစိုးရိမ်ဘူးလား"
"အစ်ကိုကြီး... ငါမသိဘူးလို့တော့ မထင်နဲ့နော်... နောက်ထပ် ငါ့လိုမျိုး အယောက် တစ်ထောင် ထပ်ရှိနေရင်တောင် ရှင် အမောဆို့ သေမှာ မဟုတ်ဘူး... ဟမ့်... အစ်ကိုကြီး... ရှင် ငါ့ကို မနှစ်သက်တော့လို့လား... ရှီယောင်ကိုများ ငါ ခေါ်လာခဲ့ပေးရမလား"
"သေလိုက်ပါလား... မင်းရဲ့ အစစ်အမှန်က အခု ဘယ်ကျင့်ကြံခြင်း လမ်းစဉ်ကို လိုက်နေတာလဲ"
"မွေးရာပါ သူတော်စင် တာအို ခန္ဓာကိုယ်မှာ ကြံ့ခိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ အတိုင်းအဆမဲ့ တာအိုတွေ အပေါ် ကြီးမားတဲ့ ဆက်နွယ်မှု ရှိတယ်... ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်း လမ်းစဉ်ကို လျှောက်ဖို့ စီစဉ်ထားတာ... အဓိက ကျင့်ကြံခြင်း အတွက် ကတော့ သေချာ မသိသေးဘူး... ကျင့်ကြံခြင်း အဆင့် မြန်မြန် တက်ဖို့ လိုအပ်နေတဲ့ ကိုယ်ပွားတွေ ရှိနေတော့ ပိုလွယ်တဲ့ တာအို တစ်ခုကို ရွေးဖို့ စဉ်းစားနေတာ... အစ်ကိုကြီး... အကြံပေးစရာ တစ်ခုခု ရှိလား"
"ပိုလွယ်တာ ဟုတ်လား..." ကျန်းမင် အနည်းငယ် တွေဝေသွား၏။ ဘယ်အရာက လွယ်ကူသနည်း ဟု သူ စဉ်းစားနေမိသည်။ သစ်၊ မီး၊ မြေ၊ ရွှေ၊ ရေ တို့မှာ လွယ်ကူသော်လည်း အလွန် လွယ်ကူလွန်း နေသည်။
ထို့အပြင် ဓာတ်ကြီးငါးပါး ကိုယ်ပွား တစ်ခု ရှိနှင့်ပြီး ဖြစ်သောကြောင့် ၎င်းတို့အား ထပ်မံ လိုအပ်မည် မဟုတ်ပေ။
"မင်းရဲ့ လက်ရှိ အခြေအနေပေါ်ပဲ မူတည်ပြီး ဆုံးဖြတ်သင့်တယ် ထင်တယ်..." ကျန်းမင်က ပြန်ဖြေလိုက်၏။ "မင်း ပိုနှစ်သက်တဲ့ တာအိုပေါ် မူတည်ပြီး လမ်းစဉ်ကို လျှောက်လိုက်... မင်း အကြို အင်မော်တယ် အဆင့်ကို အမြန်ဆုံး ရောက်နိုင်အောင် မင်းရဲ့ ကျင့်ကြံခြင်းကို ငါ ကူညီပေးပါ့မယ်"
"ဒါဆို ငါ ဓား တာအိုကိုပဲ ရွေးလိုက်မယ်..." လင်းလုံက ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။ "ဓား တာအိုက အတိုင်းအဆမဲ့ အထူး စွမ်းရည်တွေနဲ့ ပေါင်းစပ်နိုင်ပြီး ကြီးမားတဲ့ တိုက်ခိုက်နိုင်စွမ်း ရှိတဲ့အပြင် ကာကွယ်ရေး အတွက်ပါ သုံးလို့ ရတယ်"
"အဲ့ဒါ အဆင်ပြေတယ်..." ကျန်းမင်က ထောက်ခံလိုက်၏။ "မင်းဆီမှာ မတူညီတဲ့ တာအိုတွေကို လက်ရှိ ကျင့်ကြံနေတဲ့ ကိုယ်ပွားတွေ အများကြီး ရှိနေတယ်လေ... တကယ်လို့ မင်းက တာအိုတွေ အားလုံးကို မင်းရဲ့ ဓား တာအိုထဲကို မီးပြင်းဖို တစ်ခုတည်းမှာ ပေါင်းစပ်လိုက်သလိုမျိုး ပေါင်းစပ်လိုက်မယ် ဆိုရင် ဓား တာအိုပေါ်မှာ လမ်းကြောင်းသစ် တစ်ခုတောင် ဖောက်နိုင်လိမ့်မယ်..."
"ဆုံးဖြတ်ပြီးပြီ ဆိုတော့ အခုပဲ သွားကျင့်ကြံတော့မယ်..." လင်းလုံက လက်ပြ နှုတ်ဆက်ပြီးနောက် လေထဲသို့ ခုန်တက်ကာ အနောက်ဘက်ရှိ ဝိညာဉ် စိုက်ခင်းဆီသို့ ပျံသန်း သွားတော့သည်။ မထွက်ခွာမီ သူမက သတင်းစကား တစ်ခု ချန်ထားခဲ့၏။ "သူတို့ ရှစ်ယောက်က အစ်ကိုကြီးနဲ့ အလှည့်ကျ နေပေးကြလိမ့်မယ်... သူတို့ကို တာအို မျိုးစေ့ အဆင့်ရဲ့ အထွတ်အထိပ်ကို အမြန်ဆုံး ရောက်အောင် ကူညီပေးနော်.. ညီမလကိုးယ်တိုင် အဆင့်တက် သွားတာနဲ့ သူတို့ကိုပါ ပိုပြီး တိုးတက်လာအောင် လုပ်ပေးနိုင်လိမ့်မယ်"
"ငါ ဝမ်းသာရမလား... စိတ်ဓာတ်ကျရမလား..." ကျန်းမင်၏ မျက်နှာ အမူအရာမှာ ရှုပ်ထွေးသွားပြီး အကြောင်းပြချက် မရှိဘဲ သက်ပြင်းချမိသည်။
ကျန်းမင်က ချိတ်ပိတ်မှုကို တိတ်ဆိတ်စွာ ဖြေလျှော့ပစ်၏။
တခြား တောင်ထွတ်များကို လှမ်းကြည့်လိုက်ချိန်တွင် အဆက်မပြတ် ထွက်ပေါ်နေသော မြင့်မြတ်သည့် အလင်းတန်းများနှင့်အတူ ရံဖန်ရံခါ ထွက်ပေါ်လာသော စိတ်လှုပ်ရှားဖွယ် ရယ်မောသံများကို တွေ့လိုက်ရသည်။ ထိုသည်မှာ တပည့်များ အဆင့်တက်လှမ်း နေကြခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်၏။
ယခင်က တစ်ခါတရံမှသာ ဖြစ်လေ့ရှိသော်လည်း ယခုအခါ နေ့စဉ်နီးပါး ဖြစ်ပျက်နေလေပြီ။
ကျန်းမင်၏ မြင့်မြတ်သော အာရုံက တောင်ထွတ်များ အနှံ့ လွှမ်းခြုံသွားပြီး ရွှေအမြူတေ အဆင့်သို့ ရောက်ရှိသူ အရေအတွက် နှစ်ဆ တိုးလာကြောင်း တွေ့လိုက်ရသည်။ ဤမျှ အချိန်တို အတွင်း ဤသို့ ဖြစ်လာမည်မှာ ယုံကြည်နိုင်စရာ မရှိချေ။
သို့သော် ဤသည်မှာ အတိတ်က သူတို့၏ ကျင့်ကြံခြင်း စုဆောင်းမှုများ၏ ရလဒ် ဖြစ်ကြောင်း သူ နားလည်လိုက်၏။ ဂိုဏ်း၏ ပတ်ဝန်းကျင်က သိသိသာသာ ပြောင်းလဲသွားချိန်တွင် ဤစုဆောင်းမှုများကို အဆင့်မြင့်တင်မှု အဖြစ် ပြောင်းလဲပေးလိုက်ပြီး သူတို့ထဲမှ အများအပြားကို အဆင့်တက်လှမ်း သွားစေခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အလင်းတန်း တစ်ခု ပျံသန်း လာခဲ့၏။
ကျန်းမင်က လှမ်းဖမ်းလိုက်ရာ ထိုအရာမှာ ဂူဟိုင်ထံမှ သတင်းစကား တစ်ခု ဖြစ်ကြောင်း လျင်မြန်စွာ သဘောပေါက် သွားသည်။ အဆိုပါ သတင်းစကားထဲတွင် ဆုံးရှုံးသွားသော သူများ နေရာ၌ အစားထိုးရန် အတွက် ဆယ်ရက် အကြာတွင် ဂိုဏ်းက တပည့် ရွေးချယ်ပွဲ တစ်ခု ပြုလုပ်မည် ဖြစ်ကြောင်း ရေးသားထား၏။ လင်းလုံနှင့် သူ အတူလာရောက်ပြီး သူတို့ အကြိုက်နှင့် ကိုက်ညီသူ ရှိမရှိ ကြည့်ရှုကာ တိုက်ရိုက် တပည့်များ အဖြစ် လက်ခံရန် တောင်းဆိုထားခြင်း ဖြစ်သည်။
"ချဲ့ထွင်တော့မလို့လား..."
နောက်ဆုံး အကြိမ် ဂိုဏ်းက ကျူးကျော် ခံရချိန်တွင် တိုက်ပွဲ အတွင်း လူအများအပြား ဆုံးရှုံးခဲ့ရသည်။
ယခုအခါ ဂိုဏ်းက ချဲ့ထွင်ရန် ကြိုးစားနေသဖြင့် ကျန်ရှိနေသော တပည့် အရေအတွက်မှာ နည်းပါးနေပုံ ရ၏။ ဂိုဏ်းက တည်ငြိမ်သွားပြီ ဖြစ်သောကြောင့် တပည့်များ စုဆောင်းရန် အကောင်းဆုံး အချိန် ဖြစ်ပေသည်။
"နောက်ထပ် ဆယ်ရက် ဆိုရင် ၁၀ နှစ်တာ ကာလ ပြည့်မယ့်နေ့ပဲ..." ကျန်းမင်က မျှော်လင့်ချက် ကြီးစွာဖြင့် အဝေးဆီသို့ ငေးကြည့်နေမိ၏။
၁၀ နှစ် တင်းတင်း ပြည့်တော့မည် မဟုတ်ပါလား။ ဆုလာဘ်က ဘာဖြစ်နိုင်မည်နည်း။ ဘယ်လို အံ့အားသင့်စရာတွေ ရှိလာမည်နည်း။
"ခေါင်းဆောင် ကျန်း..." ချန်ရိမင်က အဝေးမှ ပျံသန်းလာပြီး လေထဲတွင် လွင့်ခါနေသော အဝတ်အစားများနှင့်အတူ သူ့ ဝိုင်းစက်နေသော ဗိုက်ရွှဲကြီးကို မြင်တွေ့ရ၏။ သူက အမြဲတမ်း ပျော်ရွှင် တက်ကြွပြီး ပူပင်သောက ကင်းမဲ့တတ်သူ ဖြစ်သော်ငြား ဤတစ်ကြိမ်တွင်မူ သူ့ မျက်နှာမှာ မှိုင်းညှို့နေပေသည်။
ကျန်းမင် စိတ်ထဲ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ပြီဟု ဆိုးရွားသော ကြိုတင် ခံစားမှု တစ်ခု ရလိုက်ချေသည်။
***