ကြီးမြတ်သော ကျိုးပြက္ခဒိန်၏ နှစ်တစ်သောင်းပြည့်မြောက်သည့် ဇန်နဝါရီလ တစ်ရက်နေ့ ညသန်းခေါင်ယံ အချိန်တိတိပင် ဖြစ်၏။
"ဒင်… အိမ်ရှင်က ချူယန်တောင်ထွတ်ပေါ်မှာ ဆယ်နှစ်တိတိ နေထိုင်ပြီး နေ့စဉ် အလုပ်လုပ်၊ ဟင်းချက်တာကို စွဲစွဲမြဲမြဲ လုပ်ဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။ ဆုလာဘ်အနေနဲ့ မူလအနှစ်သာရ အငွေ့အသက် တစ်ထောင်၊ ထိပ်တန်း ဝိညာဉ်ကြော ငါးခု၊ ဓားကျမ်းစာ တစ်အုပ်၊ စကြဝဠာဓား တစ်လက်၊ စကြဝဠာ မီးပြင်းဖို တစ်ခုနဲ့ အိုဖူဒါ အဆောင် တစ်ခုတို့ကို ချီးမြှင့်လိုက်ပါတယ်"
ဆုလာဘ်များက မများပြားပေ။ အမှန်တကယ်တော့ အရေအတွက် အလွန် နည်းပါးသော်ငြား တစ်ခုချင်းစီတိုင်းမှာ တန်ဖိုး မဖြတ်နိုင်အောင် ကောင်းမွန်လှ၏။
မူလအနှစ်သာရ။ အငွေ့အသက် တစ်ခုစီတိုင်းမှာ ရှည်လျားသော မြစ်ကြီး တစ်စင်းနှင့် တူညီပြီး ၎င်းအထဲတွင် လွှမ်းမိုးနိုင်စွမ်းရှိသော ဖန်ဆင်းခြင်း စွမ်းအင်များ ကိန်းအောင်းနေပေသည်။
ကျန်းမင်က ၎င်းတို့ကို သူ့ အတွင်းကမ္ဘာထဲသို့ တိုက်ရိုက် ပေါင်းစပ်လိုက်သည်။ မျက်တောင်တစ်ခတ် အတွင်းမှာပင် မူလအနှစ်သာရများမှာ လျင်မြန်စွာ ပြိုကွဲသွားပြီး ကမ္ဘာလောက၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့ပေါင်းစပ်သွားရာ လောကနိယာမ အစီအစဉ်များမှာ ရုတ်တရက် အဆပေါင်း တစ်သောင်းခန့် အရှိန်မြန်သွားတော့၏။
အတွင်းကမ္ဘာ၏ နယ်မြေ အကျယ်အဝန်းမှာလည်း လျင်မြန်စွာ ကျယ်ပြန့်လာခဲ့လေပြီ။
ယခင်က ကျန်းမင် တစ်ယောက် အကျိုးအမြတ် ရရှိသူ အများအပြားကို သတ်ဖြတ်ခဲ့ပြီး မူလအနှစ်သာရ အတော်များများကို ရရှိခဲ့ဖူးသည်။ ၎င်းတို့ကို စုပ်ယူပြီးနောက် သူ့ အတွင်းကမ္ဘာမှာ မူလ မိုင်တစ်သန်း အချင်းဝက်မှ မိုင် ၁.၂ သန်း အထိ ကျယ်ပြန့်လာခဲ့ပြီး ဖြစ်သည်။ ယခုအခါ အတွင်းကမ္ဘာက မူလအနှစ်သာရ အငွေ့အသက် တစ်ထောင်ကို ထပ်မံ စုပ်ယူလိုက်သောကြောင့် အကျယ်အဝန်းမှာ မိုင် ၁.၅ သန်းခန့်အထိ တိုက်ရိုက် ကျယ်ပြန့်သွားပြီး ဆက်လက်၍လည်း အလျင်အမြန် ကြီးထွားနေဆဲပင်။
အတွင်းကမ္ဘာ၏ လေဟာနယ် အခြေအနေမှာ ပိုမို တည်ငြိမ်လာပြီး ဝိညာဉ်ချီများလည်း ပိုမို သိပ်သည်းလာသည်။ ကမ္ဘာ့အလယ်ဗဟိုချက် ဆက်တိုက် ကျယ်ပြန့်လာသည်နှင့်အမျှ တာအို အစီအစဉ်များမှာလည်း ပြီးပြည့်စုံသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွား၏။
ဤမျှ လျင်မြန်သော တိုးတက်မှုမျိုးက တကယ်ကို အံ့မခန်းပင်။
ကျန်းမင် အလွန် စိတ်လှုပ်ရှားသွားပြီး…
"မူလအနှစ်သာရတွေ အလုံးစုံ ပေါင်းစပ်သွားရင် ငါ့ရဲ့ အတွင်းကမ္ဘာက ဘယ်အဆင့်ထိ ရောက်သွားမလဲ မသိဘူး"
တစ်ချိန်တည်းမှာပင် စွမ်းအင်လှိုင်းများက သူ့ ခန္ဓာကိုယ်ထဲသို့ ပြန်လည် စီးဝင်လာသည်။ သူက ခန္ဓာကိုယ်အား သန့်စင်ရန်အတွက် မဟာလမ်းစဉ် အရာခပ်သိမ်း စွမ်းဆောင်နိုင်သော ကျမ်းစာကို လျင်မြန်စွာ အသက်သွင်းလိုက်ရာ သူ့ခန္ဓာကိုယ်မှာ အဆက်မပြတ် ပိုမို သန်မာလာတော့သည်။
ဤကဲ့သို့ ဘက်စုံ တိုးတက်လာမှုမှာ အတွင်းပိုင်းမှနေ၍ အပြင်ဘက်သို့တိုင် ဖြစ်ပေသည်။
ကျန်းမင်က ခေတ္တမျှပင် ရပ်တန့်မနေဘဲ ကျန်ရှိနေသော ထိပ်တန်း ဝိညာဉ်ကြော ငါးခုကို အတွင်းကမ္ဘာ၏ မြေပြင်ထဲသို့ ဆက်လက် ပေါင်းစပ်ထည့်သွင်းလိုက်၏။
ထိုဝိညာဉ်ကြောများမှာ ထျန်းယွမ်လောကတွင်ပင် ရှာတွေ့ရန် ခက်ခဲသော ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။
၎င်းတို့က ဝိညာဉ်ချီများကို အလိုအလျောက် တိုးတက်လာစေပြီး မြေကြောများကို စနစ်တကျ ဖြစ်စေရုံသာမက မြေကြီးကို ဖိနှိပ်ထိန်းချုပ်နိုင်သည့် အာနိသင်လည်း ရှိသေးသည်။ ထိုအရာက မတူညီသော မြေကြော အမျိုးမျိုးကို အလိုအလျောက် စုစည်းသွားစေပြီး စနစ်တကျ လည်ပတ်နိုင်စေခြင်းပင်။
အရေးအကြီးဆုံး အချက်မှာ ၎င်းက ကမ္ဘာ၏ အလယ်ဗဟိုချက်ကို တိုးတက်စေပြီး လေဟာနယ်ကို ကျယ်ပြန့်လာစေနိုင်ခြင်း ဖြစ်သည်။
'ဒါတွေအားလုံး ငါ့ရဲ့ အတွင်းကမ္ဘာနဲ့ အလုံးစုံ ပေါင်းစပ်သွားပြီးရင် အတွင်းကမ္ဘာက ပြီးပြည့်စုံတဲ့ အခြေအနေကို တိုက်ရိုက် ရောက်သွားမလားပဲ… စနစ်ရဲ့ ဆုလာဘ်တွေကတော့ အကောင်းဆုံးပဲ'
အဆင့်တစ်ခုကို ချိုးဖျက် ကျော်လွန်ပြီးနောက် စွမ်းအားများ တိုးတက်လာသကဲ့သို့ ကျန်းမင် တစ်ယောက် ခွန်အားများ ပြည့်ဝနေကြောင်း ခံစားလိုက်ရသည်။
ဓားကျမ်းစာ။ အမြင့်ဆုံးသော ဓားတာအို လမ်းစဉ်ကို ရှင်းလင်း ဖွင့်ဟထားသည်။
စကြဝဠာဓား။ အဆင့် ၁၄ အင်မော်တယ် လက်နက်၊ ပြိုင်ဘက်ကင်းသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထား၏။
စကြဝဠာ မီးပြင်းဖို။ အဆင့် ၁၄ အင်မော်တယ် လက်နက်၊ လက်နက်များနှင့် ဆေးလုံးများကို ဖန်တီး သန့်စင်နိုင်သည်။ ကာကွယ်ခြင်းနှင့် ဖိနှိပ်ခြင်းများ အတွက်လည်း အသုံးပြုနိုင်ပေသည်။
အိုဖူဒါ အဆောင်။ တာအို သဘောတူညီချက်ဖြင့် ကန့်သတ်ထားပြီး အသုံးပြုသူထက် အဆင့်နိမ့်သော သူများ၏ ကိုယ်ထဲသို့ ထည့်သွင်း ပေါင်းစပ်နိုင်သည်။ ထိုသူအား ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ အသုံးပြုသူနှင့် ကျွန် သို့မဟုတ် အစေခံ ဆက်သွယ်မှု တစ်ခုကို ဖန်တီးပေးသည်။ ၎င်းက ပစ်မှတ်၏ ဆန္ဒကို မပြောင်းလဲစေသလို စိတ်နှလုံးကိုလည်း ပုံပျက်မသွားစေပေ။ ထို့အပြင် မဟာတာအို၏ စွမ်းအား မပါဝင်ဘဲနှင့် ရှာဖွေတွေ့ရှိရန် သို့မဟုတ် ပြောင်းလဲပစ်ရန် အလွန် ခက်ခဲလှသည်။
၎င်းတို့မှာ အလွန် ကောင်းမွန်သော ပစ္စည်းများ ဖြစ်ကြပြီး အထူးသဖြင့် ဓားနှင့် မီးပြင်းဖိုမှာ လုံးဝကို အမြင့်ဆုံး လက်နက်များ ဖြစ်ကြသည်။ လက်နက်များကို သွေးစက်ချ၍ အမှတ်အသား ပြုလုပ်ပြီးနောက် ကျန်းမင်က စကြဝဠာ မီးပြင်းဖိုအား သူ့ အတွင်းကမ္ဘာထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။ ၎င်းကို ဖိနှိပ်ထိန်းချုပ်သည့် ပစ္စည်းတစ်ခု အဖြစ်သာမက ကာကွယ်ရေး အတွက်ပါ တစ်ချိန်တည်း အသုံးပြုရန် ရည်ရွယ်ထားခြင်းပင်။
မည်သို့ပင်ဆိုစေ အတွင်းကမ္ဘာမှာ အခြေခံအကျဆုံး ဖြစ်သောကြောင့် ၎င်းကို တစ်စုံတစ်ရာ ထိခိုက်စေမည့် အန္တရာယ်မျိုး အဖြစ်မခံနိုင်ပေ။
ယခုလို ပစ္စည်းမျိုး ပိုင်ဆိုင်ထားပြီ ဖြစ်ရာ သူ့ အတွင်းကမ္ဘာ လုံခြုံရေးအတွက် ပိုမို ကောင်းမွန်သော အာမခံချက် တစ်ခု ရရှိသွားခဲ့လေပြီ။
'အားလုံးထဲမှာ အကြမ်းဆုံးက အိုဖူဒါ အဆောင်ပဲ… ဘုရားရေ… အတင်းအကျပ် ကျွန်ပြုခိုင်းစေနိုင်တဲ့ စာချုပ်တစ်ခုလား… ဒါကတော့ လွန်သွားပြီ… လူတစ်ယောက်ရဲ့ ဆန္ဒကို မပြောင်းလဲဘဲ၊ စိတ်နှလုံးကို ပုံမပျက်စေဘဲ ဘယ်လိုလုပ် ကျွန်ပြုနိုင်မှာလဲ… ဒါ့အပြင် မဟာတာအိုရဲ့ စွမ်းအားကို အသုံးမပြုဘဲနဲ့ ရှာမတွေ့နိုင်သလို ပြောင်းလဲပစ်လို့လည်း မရဘူးတဲ့… ဒါက… တကယ်ကို လက်လွန်နေပြီ… တစ်ခုတည်းသော အားနည်းချက်က အသုံးပြုမယ့်သူက ကိုယ့်ရဲ့ အဆင့်ထက် မကျော်လွန်ရဘူး ဆိုတာပဲ… ဒါက နည်းနည်းတော့ အသုံးမဝင်သလို ဖြစ်နေတယ်'
ကျန်းမင် တွေးလိုက်မိသည်။ သူ ဆွံ့အသွားရ၏။ မဟာတာအို ဆိုသည့် စကားလုံးပင် ပါဝင်နေပါလျက် မိမိထက် သန်မာသူများကို အသုံးပြု၍ မရနိုင်ခြင်းမှာ တွေးကြည့်ယုံနှင့်ပင် ရင်နာစရာ ကောင်းလှသည်။
'နောက်ထပ် ကြီးမားတဲ့ ဆုလာဘ်တွေ ထပ်ရဖို့ဆိုရင် နောက်ထပ် ဆယ်နှစ်လောက် စောင့်ရဦးမယ် ထင်တယ်' ကျန်းမင်က အခန်းထဲမှ ထွက်လာရင်း တွေးလိုက်မိသည်။
သူက ခေါင်မိုးပေါ်တွင် ထိုင်ရင်း မြေပြင်ပေါ်သို့ ဖြာကျနေသော လရောင်ကို ငေးကြည့်နေလိုက်၏။
လက်ဖြင့် အနည်းငယ် ပုတ်ခတ်လိုက်ပြီးနောက် လောကစောင့်ကြည့် ေကြးမုံကို ထုတ်ယူလိုက်ရာ မီးရောင် အများအပြား မရှိတော့ဘဲ ဆယ်ခုခန့်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
'မင်းတို့ကို ပြဿနာ တချို့လောက်ပဲ ရှာခွင့်ပေးလိုက်တော့မယ်'
သူက ၎င်းတို့ကို ဆက်လက် အာရုံစိုက်နေရန် အစီအစဉ် မရှိတော့ပေ။ ထိုသူများကို ဖြေရှင်းရန် တော်ဝင်မြေများထံသာ လွှဲအပ်ထားလိုက်တော့မည်။
အနာဂတ်တွင် ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါကလည်း သူ အချိန်မရွေး သွားရောက် သတ်ဖြတ်နိုင်သည် မဟုတ်ပါလား။
ကျန်းမင်က ကြိမ်ကုလားထိုင်ပေါ်တွင် လဲလျောင်းရင်း ဖြည်းညှင်းစွာ ယိမ်းထိုးကာ ညဉ့်ယံ၏ တိတ်ဆိတ် ငြိမ်းချမ်းမှုကို ခံစားနေလိုက်သည်။
သူ့ ကိုယ်ပိုင် အချက်အလက်များကို ကြည့်ရှုရန် လူသားလမ်းစဉ် မှတ်တမ်းကို အသက်သွင်းလိုက်၏။
အမည် - ကျန်းမင်
ကျင့်ကြံခြင်း အခြေခံ - အကြိုအင်မော်တယ် အဆင့်
အဓိက ကျင့်ကြံခြင်း - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
အထူး စွမ်းရည် - အဆုံးမဲ့ နိယာမ လက်ချောင်းများ တန်ပြန်ခြင်း၊ ကြယ်တာရာ အသွင်ပြောင်းခြင်း၊ ကောင်းကင် ဖြိုခွင်း ဓားသိုင်း၊ စိမ်းလန်းသော ဧကရာဇ် ဝိညာဉ် အသွင်ပြောင်းခြင်း နည်းစနစ်၊ အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်း လက်သီး၊ မဟာ လေဟာနယ် နည်းစနစ်၊ မဟာ ထောင်စုနှစ် နည်းစနစ်၊ မဟာ ခန္ဓာကိုယ် ကာကွယ်ရေး နည်းစနစ်၊ မဟာ ဒြပ်စင်ငါးပါး နည်းစနစ်၊ မဟာ ယင်ယန် နည်းစနစ် နှင့် အခြား။
မွေးရာပါ ပါရမီ - အင်မော်တယ် (တတိယအဆင့် တာအို ခန္ဓာကိုယ်)
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ အထွတ်အထိပ် အမိန့်တော်၊ တော်ဝင် ပြည်နယ် တာအို ရင်ပြင်၊ ဓားကျမ်းစာ၊ နဂါးဖီးနစ် ကောင်းကင် နှလုံးသား ကုတင်၊ အိုဖူဒါ အဆောင်၊ အဆင့် ၁၄ - စကြဝဠာဓား၊ စကြဝဠာ မီးပြင်းဖို၊ [အင်မော်တယ် လက်နက် - လျှို့ဝှက်ဆန်းကြယ် အလင်း ဓားရှည်၊ ကောင်းကင် စစ်သည် ဓားမကြီး၊ ကောင်းကင် ငှက်မွှေး အင်္ကျီ၊ ကောင်းကင် ဝိညာဉ် ခေါင်းလောင်း၊ ကြယ်တာရာ ခန်းမဆောင်၊ ကောင်းကင် သင်္ဘော]၊ ထိပ်တန်းအဆင့် တာအိုလက်နက် တိုက်ခိုက်ရေး ရုပ်သေးရုပ်၊ အထူး စွမ်းရည် ပုတီးစေ့ တစ်လုံး၊ ၅ မိနစ်စာ အစွန်းရောက် လမ်းစဉ် အတွေ့အကြုံ ကတ်။
အထောက်အပံ့ - အခြေခံ လေ့ကျင့်ရေး ဇုန်
ကျန်းမင်၏ အချက်အလက်များမှာ ကြီးကြီးမားမား ပြောင်းလဲသွားခြင်း မရှိပေ။ ပို၍ သိသာထင်ရှားသည်မှာ သူ့ ကျင့်ကြံခြင်း အခြေခံက အင်မော်တယ် အကြိုအဆင့်သို့ တက်လှမ်းသွားခြင်း၊ ကောင်းကင် ဖြိုခွင်း ဓားသိုင်းက အထူးစွမ်းရည်များထဲသို့ ထပ်တိုးလာခြင်းနှင့် တာအိုလက်နက် အနည်းငယ် ထပ်တိုးလာခြင်းတို့ပင်။
နောက်တစ်နေ့ မနက်ခင်းတွင်…
လင်းလုံက ကြက်ဥမွှေပေးနေရင်း မေးလာသည်။
"အစ်ကိုကြီး… ဒီနေ့ ဂိုဏ်းက တပည့်သစ် လက်ခံတဲ့ အခမ်းအနား ကျင်းပမှာနော်… အစ်ကိုကြီးကော တပည့် လက်ခံဖို့ အစီအစဉ် ရှိလား"
ကျန်းမင် ခဏတာ တွေဝေသွားပြီး…
"အခြေအနေ ကြည့်ရမှာပေါ့… ဘာပဲဖြစ်ဖြစ် ချူယန်တောင်ထွတ်က အဓိက တောင်ထွတ်တွေထဲက တစ်ခုလေ… ဒီတောင်ထွတ်ပေါ်မှာ ငါတို့ နှစ်ယောက်တည်း ရှိနေတာက သိပ်တော့ အဓိပ္ပာယ် မရှိဘူး… မင်းကော… တပည့် လက်ခံဖို့ အစီအစဉ် ရှိလား"
"ငါက အသက် ၂၀ ပဲ ရှိသေးတာလေ… ကိုယ်တိုင်တောင် ဒီလောက် ငယ်နေသေးတာကို ဘယ်လိုလုပ် တပည့် လက်ခံလို့ ရမှာလဲ"
"ဟားဟား… မင်းကိုယ်မင်း ငယ်သေးတယ် ဆိုတာ သတိထားမိပုံ ရသားပဲ"
လင်းလုံက သူမ၏ ရင်ဘတ်ကို ကော့ပြရင်း မေးလာရာ ကျန်းမင်၏ နှာခေါင်းမှာ ရုတ်တရက် ပူနွေးသွားသလို ခံစားလိုက်ရ၏။
"ကျွန်မက တကယ်ပဲ ငယ်သေးလို့လား"
ထိုနေ့ မနက်ခင်းက ရိုးရှင်းသော နံနက်စာလေး တစ်ခုသာ။
အစာစားပြီးနောက် ဆုလာဘ်များ ရောက်ရှိလာပြီး ဤတစ်ကြိမ်တွင်တော့ သွေးလွှမ်းမိုးခြင်း ဆေးလုံး တစ်လုံးပင်။ ဆေးလုံးကို စားသုံးလိုက်သည်နှင့် ထိုသူ့ သွေးကြောကို ကောင်းကင် အာဏာရှင် ခန္ဓာကိုယ် အဖြစ်သို့ ပြောင်းလဲပေးနိုင်ပြီး တကယ်ကို အစွမ်းထက်သော အာနိသင် တစ်ခု ဖြစ်ပေသည်။
ချန်ရိမင်က လျှောက်လာရင်း မေးလိုက်သည်။
"အစ်ကိုကျန်း… အတူတူ သွားကြမလား"
ကျန်းမင်က အလျင်အမြန် တုံ့ပြန်လိုက်ပြီးမှ ပြန်မေးလိုက်၏။
"သွားကြတာပေါ့… မင်းကော ကိုယ်ပိုင် တပည့် လက်ခံဖို့ ပြင်ဆင်ပြီးပြီလား"
ချန်ရိမင်က ပြုံး၍ ပြန်ဖြေသည်။
"သေချာတာပေါ့… ဘာပဲဖြစ်ဖြစ် ငါက အခုဆို ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်နေပြီလေ… ပြီးတော့ လက်ရှိ လောင်ယန်တောင်ထွတ်ရဲ့ ခေါင်းဆောင်တပည့် ဖြစ်နေပြီ… ဒီအတွက် အရည်အချင်း ပြည့်မီနေတာ ကြာပြီပေါ့… ဒီတစ်ခေါက် အခွင့်အရေး ရတုန်း ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တပည့် တစ်ယောက်တော့ လက်ခံရမယ်… ငါ့တပည့်က အလုပ်ကြမ်းတွေ အကုန် လုပ်ပေးရမှာ… ငါကတော့ နောက်ကနေ အေးဆေး ထိုင်နေတဲ့ ဆိုင်ရှင်လို နေရုံပဲ"
"မင်းမှာ ဒီလို အကြံအစည်တွေ ရှိနေမှန်းသာ မင်းရဲ့ ဦးလေးတော် သိသွားရင်တော့ သေချာပေါက် အရိုက်ခံရမှာပဲ"
ချန်ရိမင်က တခစ်ခစ် ရယ်မောလိုက်ပြီးနောက် သူတို့ သုံးယောက် အတူတကွ ထွက်ခွာလာကြတော့သည်။
ဧည့်ခံရေး တောင်ထွတ်ပေါ်တွင်…
တောင်ထိပ်ကို ဖြတ်တောက်ကာ ပြုလုပ်ထားသော ဧရာမ ရင်ပြင်ကြီး တစ်ခု ရှိပြီး နေရာအနှံ့ကို ကျောက်စိမ်းဖြူ တံတားများဖြင့် ဆက်သွယ်ထားသည်။ ပတ်ဝန်းကျင် တစ်ခုလုံးကို မြူခိုးပါးပါးလေးများ လွှမ်းခြုံထားရာ အင်မော်တယ် တစ်ပါး၏ စံအိမ်မှ မြင်ကွင်း တစ်ခုနှင့်ပင် တူနေတော့၏။
ရင်ပြင်ထဲတွင် သောင်းနှင့်ချီသော လူငယ်လေးများ စုရုံးနေကြသည်။
သူတို့အထဲမှ အများစုမှာ ဆယ်ကျော်သက် အရွယ်များသာ။ သူတို့အားလုံးမှာ ချင်းပြည်နယ် တစ်ဝှမ်းမှ ရွေးချယ်ထားသော မျိုးစေ့ကောင်းများ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက ဘာမှ နားမလည်သေးသည့် ပုံစံပေါက်နေသော်ငြား စိတ်အားထက်သန်မှုတို့ဖြင့် တောက်လောင်နေကြသည်။
အထူးသဖြင့် လေထဲတွင် ရပ်နေသော ဂိုဏ်းချုပ်နှင့် အခြားသူများကို မော့ကြည့်နေသူများအတွက် ပိုမှန်ကန်ပေလိမ့်မည်။ လူငယ်လေးများ၏ မျက်လုံးထဲတွင် တောက်လောင်နေသော စိတ်အားထက်သန်မှုများမှာ အလွန်အမင်း စိတ်လှုပ်ရှားနေမှုကြောင့် ရုပ်လုံးပေါ်လာတော့မည့် အလားပင်။ တင်းကျပ်စွာ သတိပေးမထားခဲ့လျှင် လူအများအပြားမှာ ဤဆရာသခင်များကို မြင်သည်နှင့် ဒူးထောက်သွားကြမည်မှာ အသေအချာပင်။
သူတို့သုံးယောက်ကို မြင်သည်နှင့် ဂိုဏ်းချုပ်က ချက်ချင်း နှုတ်ဆက်လာသည်။
"လင်းလုံ၊ ကျန်းမင်၊ ယီမင်… မင်းတို့ ရောက်လာပြီပဲ"
သိပ်မသိသာသော်ငြား သူ အလွန် စိတ်လှုပ်ရှားနေကြောင်း ရှင်းလင်းစွာ မြင်နိုင်၏။ ကျန်ရှိနေသော ပထမနေရာသခင် များလည်း အနီးသို့ ရောက်လာကြသည်။ ယနေ့ ကျိုယန်ဂိုဏ်း ပိုင်ဆိုင်ထားသမျှ အရာအားလုံးမှာ ဇီလင်းလုံ၏ လုပ်ဆောင်မှုများကြောင့် ဖြစ်ကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။
ကျန်းမင်က လက်သီးဆုပ်ကာ ခါးညွှတ် အရိုအသေပေးလိုက်ပြီး ဇီလင်းလုံကလည်း အတူတူ လိုက်လုပ်သည်။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"
ဂိုဏ်းချုပ်မှာ အနည်းငယ် မြှောက်ထိုးပင့်ကော် လုပ်ခံရသလို ခံစားလိုက်ရပြီး ရင်ထဲတွင် ကြည်နူးသွားသည်။ ကျန်းမင်၏ အပြုအမူအရ ကျန်းမင် တစ်ယောက် ဂိုဏ်းအပေါ် အလှမ်းဝေးသည့် ခံစားချက်မျိုး မပြသသလို လုံးဝ မောက်မာခြင်း မရှိဘဲ သူ့ကိုယ်သူ ကျိုယန်ဂိုဏ်း၏ တပည့် တစ်ယောက်အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်လိုက်ရ၏။
ဤမျှဆိုလျှင်ပင် သူ့အတွက် လုံလောက်နေခဲ့လေပြီ။
ဂိုဏ်းချုပ်က လျင်မြန်စွာ လက်ကာပြရင်း မေးလိုက်သည်။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး… ဒီနေ့ တပည့် လက်ခံဖို့ အစီအစဉ် ရှိလား"
ကျန်းမင်က ပြန်မေးလိုက်၏။
"အရင်ဆုံးတော့ အခြေအနေ ကြည့်ရဦးမယ်… ဂိုဏ်းချုပ်… ဒီမှာ ဘာစည်းကမ်းတွေ ရှိလဲ"
ဂိုဏ်းချုပ်က ပြန်ဖြေသည်။
"အရမ်း ရိုးရှင်းပါတယ်… အဓိက တောင်ထွတ် တစ်ခုစီက သူတို့ သဘောကျတဲ့ ထူးချွန်တဲ့ ပါရမီ ရှိသူတွေကို အရင် ရွေးချယ်ပြီး ကိုယ်ပိုင် တောင်ထွတ်တွေကို ပြန်ခေါ်သွားလို့ ရတယ်… ကျန်တဲ့သူတွေကိုတော့ အပြင်ဘက် ဂိုဏ်းမှာ ယာယီ ထားရှိပြီး အတူတကွ လေ့ကျင့်မှုတွေ ပြုလုပ်ရမယ်… ၃ နှစ် အကြာမှာ ဒီကိုယ်စားလှယ်လောင်းတွေက သတ်မှတ်ချက် မပြည့်မီဘူးဆိုရင် သူတို့ လာခဲ့တဲ့ နေရာတွေကို ပြန်ပို့ခံရမယ်… သတ်မှတ်ချက် ပြည့်မီတဲ့ သူတွေကိုတော့ အပြင်ဘက် တပည့်တွေ အဖြစ် တရားဝင် စာရင်းသွင်းမယ်လေ"
ဂိုဏ်းချုပ်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ကျန်းမင်လည်း လုပ်ငန်းစဉ်ကို ရှင်းလင်းစွာ နားလည်သွားသည်။
အရင်တုန်းက ဂူဟိုင်က သူ့အား ချူယန်တောင်ထွတ်သို့ ခေါ်ဆောင်လာပြီး တိုက်ရိုက် တပည့်အဖြစ် လက်ခံခဲ့သောကြောင့် ဤကဲ့သို့ လုပ်ငန်းစဉ်မျိုးကို မဖြတ်သန်းခဲ့ရပေ။ လုပ်ငန်းစဉ် တစ်ခုလုံးကို ကျော်ဖြတ်လာခဲ့ခြင်းမှာ တကယ်ကို ကြီးမားသော ခုန်ပျံကျော်လွှားမှု တစ်ခုပင်။
အကယ်၍ သူသာ အပြင်ဘက် ဂိုဏ်းမှ စတင်ခဲ့ရမည် ဆိုပါက ဖြည်းဖြည်းချင်း ကြီးထွားလာရန်၊ အရင်းအမြစ်များအတွက် တိုက်ခိုက်ရန်၊ ကြိုးစားပမ်းစား ကျင့်ကြံရန် လိုအပ်မည် ဖြစ်ပြီး နောက်ဆုံးတွင် အခြေခံ အုတ်မြစ် တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိမှသာ အဓိက တောင်ထွတ် တစ်ခု၏ အတွင်းစည်း တပည့် အဖြစ် လျှောက်ထားနိုင်မည် ဖြစ်သည်။
ဂိုဏ်းချုပ်က သေချာ စဉ်းစားပြီးနောက် ကမ်းလှမ်းလာ၏။
"ညီလေး ဂူဟိုင်က ပထမနေရာသခင် ရာထူးကို မင်းဆီ လွှဲပြောင်းပေးဖို့ ရည်ရွယ်ထားတာ… မင်းက ပညာရှိပြီး တာဝန်ယူမှု ရှိတဲ့ပုံ ပေါက်နေတော့ ပထမနေရာသခင် ရာထူးကို ယာယီ ယူထားလိုက်ပါ… ချူယန်တောင်ထွတ်မှာ လူအရမ်း နည်းနေတော့ မင်းကို အရင် ရွေးချယ်ခွင့် ပေးမယ်… မင်းနဲ့ သင့်တော်မယ့်သူ တွေ့ရင် လွတ်လွတ်လပ်လပ် တစ်ယောက်၊ နှစ်ယောက်လောက် ရွေးချယ်လိုက်ပါ"
ကျန်းမင်က ကမ်းလှမ်းမှုကို လက်ခံပြီး ဆက်ပြောလိုက်သည်။
"ကောင်းပါပြီ… ဂိုဏ်းချုပ်… ဒါဆိုရင် ကျုပ်တို့ ချူယန်တောင်ထွတ်ရဲ့ ရွေးချယ်မှု နည်းလမ်းကို သုံးလိုက်မယ်"
ဂိုဏ်းချုပ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။
"ရတာပေါ့"
သူက ဇီလင်းလုံကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူမက ကျန်းမင်၏ ဘေးတွင် တစ်ချိန်လုံး စကားတစ်ခွန်းမှ မဟဘဲ ရပ်နေကြောင်း လျင်မြန်စွာ သတိပြုမိလိုက်သည်။
'ဟိုကောင်မလေး လင်းလုံ… ငါ သူ့ကို ပြုစုပျိုးထောင်ခဲ့တာ အလကား ဖြစ်သွားပြီ… သူက ငါ့ထက် သူ့အစ်ကိုကြီးကို ပိုဂရုစိုက်နေတာပဲ' ဟု ဂူဟိုင် ပြောခဲ့သည့် စကားများ၏ အဓိပ္ပာယ်ကို ယခုမှ ရင်ထဲတွင် အပြည့်အဝ နားလည်သွားတော့သည်။
ကျန်းမင်က စွမ်းအင်များ အပြည့်နှင့် စိတ်အားထက်သန်မှုတို့ လွှမ်းခြုံနေသော သောင်းနှင့်ချီသည့် လူငယ်လေးများကို ဝေ့ဝဲကြည့်လိုက်သည်။
တောင်ပေါ်သို့ ခေါ်ဆောင်လာခြင်း ခံရသူများမှာ ရွေးချယ်မှုများကို ဖြတ်သန်းခဲ့ရမည် ဖြစ်ပြီး အားလုံးမှာ မျိုးစေ့ကောင်းများ ဖြစ်ကြပေလိမ့်မည်။
ကျန်းမင်က ဇီလင်းလုံထံ စကားအနည်းငယ် လှမ်းပို့လိုက်ရာ သူမက လျင်မြန်စွာ လေထဲသို့ ခုန်တက်သွား၏။ ရိုးရှင်းသော အတွေးတစ်ချက်နှင့်အတူ အနိုင်ယူ၍ မရနိုင်သော စွမ်းအင်လှိုင်း တစ်ခုက ရင်ပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သောင်းနှင့်ချီသော လူငယ်လေးများမှာ သူတို့ဘေးရှိ လူများအားလုံး ပျောက်ကွယ်သွားပြီး သူတို့ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ကြောင်း ရုတ်တရက် သတိပြုမိလိုက်ကြသည်။
ကောင်းကင်ကြီး မှောင်မိုက်သွားပြီး လျင်မြန်စွာ မည်းနက်သွားကာ မကြာမီမှာပင် သူတို့လက်ချောင်းများကိုပင် သူတို့ ပြန်မမြင်ရတော့ကြောင်း သိလိုက်ကြ၏။
ဧရာမ တောင်ကြီး တစ်လုံးက သူတို့အပေါ် ဖိချလာပြီး ဖိနှိပ်ကာ အသက်ရှူကြပ်စေရန် ကြိုးစားနေသကဲ့သို့ ခံစားလိုက်ရသည်။
လူငယ်အများစုမှာ ဤသည်က စမ်းသပ်မှု တစ်ခု ဖြစ်ကြောင်း သိထားကြသည်။ သို့တိုင် လုံးဝ အမှောင်ထုထဲ ရောက်သွားချိန်တွင် ထိတ်လန့် ကြောက်ရွံ့လာခြင်းကို မထိန်းချုပ်နိုင်ခဲ့ကြပေ။
သူတို့ စိတ်ထဲတွင်တော့ ထိုကဲ့သို့ ကြောက်မက်ဖွယ် ဖိအားကြီးက သူတို့ကို ပြိုလဲသွားစေရန် အတင်းအကျပ် တွန်းအားပေးနေခဲ့၏။
လူငယ်လေးများ၏ မျက်လုံးများမှာ တစ်ယောက်ပြီး တစ်ယောက် တဖြည်းဖြည်း မှိုင်းရီလာပြီး သူတို့ ခန္ဓာကိုယ်များမှာ ယိမ်းထိုးလာကြသည်။ အချို့မှာ ခေါင်းစိုက်ကျသွားကြပြီး အမှောင်ထုကြီး ချက်ချင်း ပျောက်ကွယ်သွားသလို လွှမ်းမိုးနိုင်သော ဖိအားကြီးလည်း ပျောက်ကွယ်သွားတော့သည်။
သူတို့ ခြေထောက်များက ရင်ပြင်ပေါ်တွင် ရပ်နေဆဲ ဖြစ်ပြီး အခြား လူငယ်များကလည်း သူတို့ကို ဝန်းရံနေဆဲ ဖြစ်ကြောင်း သတိပြုမိလိုက်ကြ၏။
သူတို့ ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ရင်ထဲတွင် သိလိုက်ရသဖြင့် မျက်နှာများ ဖြူရော်သွားကြတော့သည်။
ဂိုဏ်းချုပ်နှင့် အခြားသူများ တိတ်ဆိတ်စွာ စောင့်ကြည့်နေစဉ် လူငယ်လေးများမှာ တစ်ယောက်ပြီး တစ်ယောက် မှောက်လျက် လဲကျသွားကြသည်။
လီယန်တောင်ထွတ်၏ ပထမနေရာသခင် တုန်ဖန်းလီက ဂိုဏ်းချုပ်ထံ အသံပို့လွှတ်လိုက်သည်။
"ဒါက စိတ်ဆန္ဒကို စမ်းသပ်တာ သက်သက်ပဲ… တပည့် လက်ခံတယ် ဆိုတာ အခြေခံ အရိုးအပေါ် အခြေခံသင့်တာလေ… ဂိုဏ်းချုပ်… သူ ဒီလိုနည်းနဲ့ တပည့် ရွေးချယ်နေတာ မှန်ရဲ့လား… လူတစ်ယောက်က စိတ်ဆန္ဒ ခိုင်မာနေရင်တောင် အခြေခံ အရိုး အားနည်းနေရင် ကျင့်ကြံမှုက အလွန် နှေးကွေးနေမှာပဲ… ပြီးတော့ သူတို့ရဲ့ အလားအလာ တွေကလည်း ကန့်သတ်ခံရမှာပဲ"
ဂိုဏ်းချုပ်က ပေါ့ပေါ့ပါးပါး ပြန်လည် အသံပို့လွှတ်လိုက်၏။
"ညီလေးတုန်ဖန်း… မင်းက အမြင်ကျဉ်းလွန်းနေပြီ… သူဆီမှာ လူတစ်ယောက်ရဲ့ အခြေခံ အရိုးကို ပြောင်းလဲပေးနိုင်တဲ့ အရာ မရှိဘူးလို့ ထင်နေတာလား… သူ့အမြင်မှာ အခြေခံ အရိုးက သိပ်အရေးမကြီးဘူး"
"ဆန့်ကျင်ဘက် အနေနဲ့ သူ့အတွက် အရေးကြီးတာက လူတစ်ယောက်ရဲ့ စိတ်ဆန္ဒနဲ့ နားလည်သဘောပေါက်နိုင်စွမ်းပဲ… လူတစ်ယောက်မှာ သံမဏိလို ခိုင်မာတဲ့ စိတ်ဆန္ဒ ရှိရင် သူတို့က ခိုင်မာတဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်မယ်… နားလည်သဘောပေါက်နိုင်စွမ်းလား… လက်ရှိ ရနိုင်တဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ ယှဉ်ရင်တော့ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒလောက် အရေးမကြီးပါဘူး"
တုန်ဖန်းလီက ခါးသီးစွာ ပြုံးလိုက်ပြီး…
"ဒါက… ဂိုဏ်းချုပ် ပြောတာ မှန်ပါတယ်… ဂိုဏ်းက အရမ်းမြန်မြန် တိုးတက်နေတော့ ကျုပ်အမြင်က နည်းနည်း ကျဉ်းမြောင်းသွားတာပါ"
ဂိုဏ်းချုပ်က ဤကိစ္စကို အလေးအနက် ထားနေခဲ့၏။
နောက်ဆုံးတွင် ရင်ပြင်ထဲ၌ လူဆယ်ယောက် ဖြည်းညှင်းစွာ ထရပ်လာသည်။ သူတို့၏ မျက်လုံးများမှာ မှိုင်းရီနေပြီး အချိန်မရွေး လဲကျသွားနိုင်သည့် အလား တစ်ကိုယ်လုံး တုန်ယင်နေကြသည်။
လေထဲတွင် မျောလွင့်နေစေခြင်းဖြင့် ကျန်ရှိနေသူများနှင့် ခွဲခြားသိမြင်ရန် ပိုမို လွယ်ကူသောကြောင့် ဤသည်မှာ ဇီလင်းလုံ၏ ရည်ရွယ်ချက် ဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
သေချာသည်ကတော့ ကျန်ရှိနေသော ကိုယ်စားလှယ်လောင်း ဆယ်ယောက်မှာ အခြားသူများနှင့် ယှဉ်လျှင် ထူးခြားနေကြခြင်းပင်။
ကျန်းမင်က သူတို့ တစ်ယောက်ချင်းစီတိုင်းကို ဖြည်းညှင်းစွာ စစ်ဆေးကြည့်လိုက်၏။
ဆံပင်နှစ်ဖက်ချည်ထားသော မိန်းကလေးငယ် တစ်ဦးအပေါ် အကြည့်ရောက်သွားချိန်တွင် သူ့ သူငယ်အိမ်များ လျင်မြန်စွာ ကျုံ့ဝင်သွားတော့သည်။
'လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု နည်းစနစ်… ဒီလို အထူးစွမ်းရည်မျိုးတောင် ရှိနေတာလား… ဒါက တကယ်ကို ကြီးကျယ်တဲ့ နည်းစနစ် တစ်ခုပဲ'
***