ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းထဲမှ မိန်းကလေး၏ အချက်အလက်များကို ရှာဖွေ ကြည့်ရှုလိုက်၏။
အမည် - လျူရှင်း (ပဉ္စမမြောက် အင်မော်တယ်လမင်း)
မျိုးနွယ် - လူသား
ကျား/မ - မ
ကျင့်ကြံခြင်း အခြေခံ - ချီကျင့်ကြံခြင်း အဆင့်
နောက်ခံ - လျူမိသားစု၏ အငယ်ဆုံးသမီး (ယင်ယန် လောကငယ်၏ ပဉ္စမမြောက် မိသားစု။ မှတ်ချက် - စံသရာခန်းမဆမှာင် အကျိုးအမြတ် ရရှိသူ၊ ပဉ္စမမြောက် အဖွဲ့ဝင်များထဲမှ တစ်ဦး)
ဆက်ဆံရေး - (အနှုတ်၂၈)
မွေးရာပါ ပါရမီ - အင်မော်တယ် (မွေးရာပါ တာအို ခန္ဓာကိုယ်)
အခြေအနေ - မူလက သံသရာခန်းမဆောင်မှ အကျိုးအမြတ် ရရှိသူ တစ်ဦး ဖြစ်သည်။ သူမနှင့် သူမ၏ အဖွဲ့ဝင်များက ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် အထွတ်အထိပ်အဆင့် မစ်ရှင်တစ်ခုကို လက်ခံခဲ့ကြ၏။ သူမက မယားငယ် တစ်ယောက်၏ ကလေး ဖြစ်သော်လည်း သူမ မွေးဖွားလာချိန်တွင် ကြီးမားသော ထူးခြားဖြစ်စဉ်များ ပါဝင်လာခဲ့သဖြင့် နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသည်။ အသက်ချမ်းသာရာ ရခဲ့သော်ငြား သူမ၏ အလယ်ဗဟိုချက်မှာ ပျက်စီးသွားခဲ့ရ၏။ ရောဂါဝေဒနာ အများအပြားကို ခံစားရင်း ကလေးဘဝတွင် အသက်ရှင်သန်ရန် ရုန်းကန်ခဲ့ရသည်။ တိုက်ဆိုင်စွာဖြင့် သံသရာခန်းမဆောင်သို့ အကျိုးအမြတ် ရရှိသူ တစ်ဦးအဖြစ် ပါဝင်ရန် ဖိတ်ခေါ်ခံခဲ့ရပြီး သူမ၏ ဉာဏ်ပညာကို အသုံးပြုကာ ကြီးမားသော အခွင့်အရေးများကို တစ်ကြိမ်ပြီးတစ်ကြိမ် ရယူနိုင်ခဲ့သည်။ ထိုအရာက သူမ၏ အားနည်းချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ရုံသာမက ကျင့်ကြံခြင်း အဆင့်ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာစေခဲ့လေသည်။
သံသရာခန်းမဆောင်က အထွတ်အထိပ်အဆင့် မစ်ရှင်တစ်ခု ထုတ်ပြန်လိုက်ချိန်တွင် သူမက အလွန် စိတ်ဝင်စားသွားခဲ့သည်။ မစ်ရှင် ပြီးဆုံး၍ ဆုလာဘ်များ ရရှိသွားသည်နှင့် နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့သော ကျင့်ကြံမှုများနှင့် ပေါင်းစပ်ကာ ပြိုင်ဘက်ကင်း အင်မော်တယ် တာအို လမ်းစဉ်ဆီသို့ တက်လှမ်းရန် စီစဉ်ထားခဲ့၏။ အင်မော်တယ် ဖြစ်လာမည့် လမ်းစဉ်တွင် သူမက ထူးချွန်ပြောင်မြောက် လာနိုင်ပေသည်။ တစ်နေ့တွင် သူမ၏ မိသားစုထံ ပြန်လည်သွားရောက်၍ ကလဲ့စားချေရန်လည်း ရည်ရွယ်ထားသည်။
အထွတ်အထိပ်အဆင့် မစ်ရှင် တစ်ခုတွင် အဖွဲ့တစ်ဖွဲ့လုံး အလုံးစုံ ပျက်သုဉ်းသွားနိုင်ချေ အလွန် များပြားကြောင်း သူမ နားလည်ထား၏။ ထို့ကြောင့် ခြေလှမ်းတိုင်းကို အထူး ဂရုစိုက်ရမည် ဖြစ်ကြောင်းလည်း ကောင်းစွာ သိရှိထားသည်။
ဤလောကသို့ ဆင်းသက်လာသည်နှင့် တပြိုင်နက် သူမက အဖွဲ့ဝင်များနှင့် လမ်းခွဲခဲ့ပြီး ပြင်ပလောကနှင့် ဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ရန် အင်မော်တယ် လက်နက်တစ်ခုကို အသုံးပြုခဲ့သည်။ သာမန် သေမျိုးမြို့တော် တစ်ခုသို့ ရောက်ရှိပြီးနောက် သာမန် လူအုပ်ထဲတွင် ရောနှောသွားစေရန် အမြင့်ဆုံး အထူးစွမ်းရည် တစ်ခုကို အသက်သွင်းခဲ့ပြီး သူမ၏ ခြေရာများကို ထပ်မံ ဖုံးကွယ်ခဲ့၏။ ထို့နောက် နောက်ထပ် ခြေလှမ်း မလှမ်းမီ အခြား အဖွဲ့များက ကျိုယန်ဂိုဏ်း၏ အင်အားကို စုံစမ်းထောက်လှမ်းမည်ကို စောင့်ဆိုင်းနေခဲ့သည်။ စနစ်၏ စာရင်းကို ကြည့်ရှုလိုက်ချိန်တွင် သူမ၏ အဖွဲ့ဝင်များ တစ်ညတည်းနှင့် အသတ်ခံလိုက်ရပြီး လောကထဲသို့ ဆင်းသက်လာသော အကျိုးအမြတ် ရရှိသူ အရေအတွက် သိသိသာသာ လျော့ကျသွားသည်ကို မြင်လိုက်ရသဖြင့် သူမ အလွန် ထိတ်လန့်သွားတော့သည်။
ယခုလို ပုန်းအောင်းနေရန် မဖြစ်နိုင်တော့ဘဲ သေချာပေါက် ရှာဖွေတွေ့ရှိသွားလိမ့်မည် ဖြစ်ကြောင်း သူမ ရုတ်တရက် နားလည်သွား၏။ ထိုအချိန်ရောက်လျှင် သေချာပေါက် သေဆုံးရတော့မည် မဟုတ်ပါလား။ သို့သော် သူမ၏ လောကသို့ အတင်းအကျပ် ပြန်လည်ထွက်ခွာရန် မဖြစ်နိုင်သလို လုပ်နိုင်စွမ်းသည့် အရာလည်း ဘာမှ မရှိတော့ပေ။ အံကိုတင်းတင်းကြိတ်ကာ စွန့်စားမှု တစ်ခု လုပ်ရန် ဆုံးဖြတ်လိုက်ပြီး တားမြစ်ထားသော လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု စွမ်းရည်ကို အသက်သွင်းလိုက်တော့သည်။ သူမ၏ ကိုယ်ပိုင် ဝိညာဉ်ကို ပူဇော်ခံ လူဝင်စား ရုပ်တုတစ်ခုနှင့် ပေါင်းစပ်ကာ သူမကိုယ်သူမ ဒေသခံ တစ်ဦးအဖြစ် ပြောင်းလဲလိုက်ပြီး မွေးရာပါ တာအို ခန္ဓာကိုယ် တစ်ခု ပြန်လည် ဖွဲ့စည်းရန် သူမ၏ ကိုယ်ပိုင် တာအိုလမ်းစဉ်ကို ပူဇော်၍ သူမ ရယူထားသော ခန္ဓာကိုယ်ကို ထပ်မံ ဖန်တီးခဲ့သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ယခင် ကျင့်ကြံထားသမျှ အရာအားလုံး အလကား ဖြစ်သွားမည် ဖြစ်ပြီး အစကနေ ပြန်လည် စတင်ရမည် ဖြစ်ခြင်းပင်။
သူမက တိတ်ဆိတ်စွာ ကျင့်ကြံပြီး အခြားတစ်နေ့အတွက် အစီအစဉ်ဆွဲရန် ပြင်ဆင်နေစဉ် ကျိုယန်ဂိုဏ်းက တပည့်များ ခေါ်ယူနေကြောင်း မထင်မှတ်ဘဲ သိလိုက်ရသည်။ ချက်ချင်းပင် အကြံတစ်ခု ရသွားပြီး သူမ၏ ပါရမီများကို ထုတ်ဖော်ပြသလိုက်၏။ အနည်းငယ် ကြိုးစားလိုက်ပြီးနောက် သူမက အရန်တပည့် တစ်ဦးအဖြစ် ရွေးချယ်ခံရပြီး ကျိုယန်ဂိုဏ်းသို့ အလွယ်တကူ ရောက်ရှိလာခဲ့လေပြီ။
ထိုမိန်းကလေး၏ ထွက်ပေါ်လာမှုက ကျန်းမင်ကို အကြိမ်ကြိမ် အံ့အားသင့်စေခဲ့သည်။ သူက ဤ ပဉ္စမမြောက် အင်မော်တယ်လမင်းကို တစ်ခါမှ ရှာမတွေ့ခဲ့ဖူးပေ။
သူမက လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု နည်းစနစ်ကို အသုံးပြု၍ ဒေသခံ တစ်ဦးနှင့် ပေါင်းစပ်ကာ ကျူးကျော်သူ တစ်ယောက်၏ အငွေ့အသက် အားလုံးကို ဆေးကြောပစ်ခဲ့မည်ဟု တွေးကြည့်မိရန်ပင် ခက်ခဲလှသည်။ သို့တိုင် သူမ၏ ကျင့်ကြံမှု အားလုံးမှာ အလကား ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။ တကယ်ကို ရက်စက်ပြီး ပြတ်သားလွန်းသော လူတစ်ယောက်ပင်။
အကယ်၍ ယနေ့ သူမသာ သူ့ရှေ့သို့ ရောက်မလာခဲ့လျှင် ဤလူကို ရှာတွေ့နိုင်မည် မဟုတ်ချေ။
ကျန်းမင် သက်ပြင်းချလိုက်ရာ ရင်ထဲရှိ ဂုဏ်ယူဝင့်ကြွားမှုများမှာ အနည်းငယ် လျော့ကျသွားတော့သည်။
"လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဖန်တီးနိုင်ရုံတင် မကဘူး… လူဝင်စားတဲ့ ခန္ဓာကိုယ်ကိုတောင် မွေးရာပါ တာအို ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပေးနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အထူးစွမ်းရည်မျိုး… ယုံနိုင်စရာ မရှိဘူး… တကယ်ကို ယုံနိုင်စရာ မရှိဘူး… ငါ ဒီလောကကြီးကို အရမ်း အထင်သေးနေမိတာပဲ"
လောကစောင့်ကြည့် ကြေးမုံပင်လျှင် ဤကဲ့သို့ လူမျိုးကို ရှာမတွေ့နိုင်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ သို့သော်လည်း သိပ်တော့ အံ့ဩစရာ မဟုတ်ပေ။ ကျူးကျော်သူ အရေအတွက် အလွန် များပြားလွန်းသဖြင့် တစ်ယောက်ချင်းစီကို အသေးစိတ် မစစ်ဆေးနိုင်ခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။
ကျန်းမင်က သူ ရှာဖွေတွေ့ရှိမှုများကို ဇီလင်းလုံထံ လျှို့ဝှက်စွာ အသံပို့လွှတ်ပြီးနောက် သူမက လူဆယ်ယောက်ထဲမှ တပည့်နှစ်ယောက်ကို တမင်တကာ ရွေးချယ်၍ ထိုနှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့၏။ အခြား တောင်ထွတ်များကမူ ကျန်ရှိနေသော ကိုယ်စားလှယ်လောင်း ရှစ်ယောက်ကို အလုအယက် ခေါ်ယူကြတော့သည်။
ချန်ရိမင်ကလည်း သူ့အတွက် တပည့် တစ်သုတ်ကို ဖြည်းဖြည်းချင်း ရွေးချယ်ရန် ပြင်ဆင်နေသဖြင့် နောက်တွင် ကျန်ရစ်ခဲ့သည်။
ချူယန်တောင်ထွတ်တွင်…
သူတို့နှစ်ယောက် ခေါင်မိုးပေါ်တွင် ထိုင်လိုက်ပြီးနောက် သူတို့ရှေ့၌ ကြောက်ရွံ့နေသော အမူအရာများဖြင့် ဆယ်ကျော်သက် အရွယ် မိန်းကလေး နှစ်ယောက် ရပ်နေ၏။ ထိုမိန်းကလေး နှစ်ယောက်မှာ နုနယ်ပြီး ချစ်စရာကောင်းသည့် ရုပ်ရည်မျိုး ပိုင်ဆိုင်ထားကြသည်။
သူတို့ထဲမှ တစ်ယောက်မှာ ပဉ္စမမြောက် အင်မော်တယ်လမင်း ဖြစ်သော လျူရှင်း ဖြစ်သည်။ အခြားတစ်ယောက်မှာ ကြယ်ရှစ်ပွင့် မွေးရာပါ ပါရမီနှင့် ထူးခြားစွာ ခိုင်မာသော စိတ်ဆန္ဒကို ပိုင်ဆိုင်ထားသည့် မိုရှောင်ယွီ ဖြစ်၏။ လူသားလမ်းစဉ် မှတ်တမ်းရှိ သူမ၏ အချက်အလက်များအရ စိတ်နေစိတ်ထားပိုင်းတွင်လည်း အတော်လေး ကောင်းမွန်ပေသည်။
လင်းလုံက မေးလာ၏။
"အစ်ကိုကြီး… သူတို့နှစ်ယောက်မှာ ဘာထူးခြားချက် ရှိလို့လဲ"
ကျန်းမင်က တုံ့ပြန်လိုက်သည်။
"ရှောင်ယွီက တော်တော်လေး ကောင်းတယ်… သူ့ကို သေချာ သင်ပေးလိုက်ပါ… မင်း သူ့ကို ခေါ်သွားပြီး တပည့်အဖြစ် လက်ခံလိုက်လို့ ရတယ်"
လင်းလုံက သူ့ တုံ့ပြန်မှုအပေါ် စဉ်းစားခန်း ဝင်သွားပြီး လျူရှင်းကို နောက်တစ်ကြိမ် အနီးကပ် ကြည့်လိုက်သည်။ ထို့နောက် လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းကာ ရှောင်ယွီကို ခေါ်ဆောင်၍ ထွက်ခွာသွားတော့၏။ လျူရှင်းမှာ အနည်းငယ် ထိတ်လန့်သွားပြီး ဘာလုပ်ရမှန်း မသိတော့သဖြင့် မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။
သူမကိုယ်သူမ ခြင်္သေ့လှောင်ချိုင့်ထဲ ရောက်နေသော သိုးသငယ်လေး တစ်ကောင်လို ခံစားနေရ၏။
ကျန်းမင် ရုတ်တရက် ရေရွတ်လိုက်သည်။
"မင်းကို အော်စကာဆုတောင် ပေးသင့်နေပြီ"
လျူရှင်း၏ သူငယ်အိမ်များ ချက်ချင်း ကျုံ့ဝင်သွားပြီး ရှုပ်ထွေးဟန်ဖြင့် ပြန်လည် ချေပလာ၏။
"ရှင်… ရှင် ဘာတွေ ပြောနေတာလဲ… ကျွန်မ နားမလည်ဘူး"
ကျန်းမင်က ပြုံးလိုက်ကာ… “ပဉ္စမမြောက် အင်မော်တယ်လမင်း… ထပ်ပြောဖို့ လိုသေးလား"
ယခုလို မျက်နှာချင်းဆိုင် ရင်ဆိုင်နေရချိန်တွင် ဆက်လက် ဖုံးကွယ်နေရန် အဓိပ္ပာယ် မရှိတော့ပေ။
လျူရှင်း သို့မဟုတ် ပဉ္စမမြောက် အင်မော်တယ်လမင်း၏ မျက်နှာထက်တွင် တုန်လှုပ်မှုများ ဖြတ်ပြေးသွားပြီးနောက် ခါးသီးစွာ ပြုံးလာ၏။
"ရှင် ဘယ်လိုလုပ် သိတာလဲ… ကျွန်မ ကိုယ့်ဘာသာ ရှင့်ဆီ လာပို့မိလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့ဘူး… ဒါ မဖြစ်သင့်ဘူးလေ… ကျွန်မက ဆက်သွယ်မှုတွေနဲ့ ကံကြမ္မာ အားလုံးကို ဖြတ်တောက်ပြီး ဒီလောကထဲကို အလုံးစုံ ပေါင်းစပ်သွားခဲ့တာ… ရှင် ကျွန်မအကြောင်း လုံးဝ မသိနိုင်သင့်ဘူး… ကျွန်မ ဘယ်သူလဲ ဆိုတာကို ရှင် ဘယ်လို ရှာတွေ့သွားတာလဲ"
"ပြီးတော့ ရှင် အော်စကာလို့ ပြောလိုက်တယ်နော်… ဒီစကားလုံးက ရှင့်ပါးစပ်ကနေ ထွက်လာသင့်တဲ့ အရာ မဟုတ်ဘူး… ရှင်က ဘယ်သူလဲ… သူတို့အားလုံးကို သတ်ခဲ့တဲ့သူက ရှင်လား… ဒါပေမဲ့ ရှင်က အသက် ၂၈ နှစ်ပဲ ရှိသေးပြီး သာမန် ချူယန်တောင်ထွတ်ရဲ့ ပထမနေရာသခင် တစ်ယောက်ပဲလေ… ဒါကြောင့် ယုတ္တိတန်တန် စဉ်းစားကြည့်ရင် ရှင်က ဒီလို လုပ်နိုင်တဲ့သူ ဖြစ်ဖို့ မဖြစ်နိုင်ဘူး… ဒါပေမဲ့… ဒါပေမဲ့… အစကတည်းက ကျိုယန်ဂိုဏ်းမှာ ယုတ္တိမတန်တဲ့ အရာတွေ အရမ်း များလွန်းနေခဲ့တာပဲ"
သူမ စတင် ကယောင်ကတမ်း ဖြစ်လာလေပြီ။ သူမ၏ မေးခွန်းများ အားလုံးမှာ အချက်ကျသော်ငြား ကျန်းမင်က ဖြေဆိုခြင်း မရှိခဲ့ပေ။ ထိုအစား သူမအား ပြန်မေးလိုက်၏။
"မင်း အသက်ရှင်ချင်လား… သေချင်လား"
ပဉ္စမမြောက် အင်မော်တယ်လမင်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ တောက်ပလာကာ… “သေချာတာပေါ့ အသက်ရှင်ချင်တာပေါ့… ရှင် ကျွန်မကို လွှတ်ပေးဖို့ အစီအစဉ် ရှိလို့လား"
ကျန်းမင်က သူမ၏ သရုပ်ဆောင်မှုကို လုံးဝ ဂရုမစိုက်ဘဲ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"သေချာတာပေါ့"
သူက အိုဖူဒါ အဆောင်ကို ထုတ်ယူ၍ သူမအပေါ် အသုံးပြုရန် ပြင်ဆင်လိုက်သည်။
ဤပစ္စည်းမှာ ထူးခြားပုံရသော်လည်း အပြင်ပန်း ကြည့်ကောင်းယုံသက်သက်သာ ဖြစ်ပြီး အသုံးမဝင်လှချေ။ သူ ကျွန်ပြုလိုသူမှာ သူ့ ကိုယ်ပိုင် ကျင့်ကြံခြင်း အဆင့်ထက် ကျော်လွန်၍ မရနိုင်ပေ။ အနာဂတ်တွင် သူ အင်မော်တယ် တစ်ပါး ဖြစ်လာလျှင်တောင် အများဆုံး လုပ်နိုင်သည်မှာ အခြား အင်မော်တယ် တစ်ပါးကို ကျွန်ပြုခြင်းသာ ဖြစ်လိမ့်မည်။ ထိုသည်က ဘာအသုံးကျမည်နည်း။
ပစ္စည်း၏ ဖော်ပြချက်တွင် တွေ့ရသည့်အတိုင်း ကြောက်မက်ဖွယ် အာနိသင်များ အမှန်တကယ် ရှိမရှိ ယခုပင် စမ်းသပ်ကြည့်လိုက်ခြင်းက ပိုကောင်းပေမည်။
ကျန်းမင်က သူ ဘာလုပ်နေသည်ကို လျှို့ဝှက်မထားချေ။
"မင်းရဲ့ အသိစိတ်ကို ဖွင့်ထားလိုက်… ငါ မင်းဆီမှာ အမှတ်အသား တစ်ခု ခတ်နှိပ်ပေးမယ်"
ပဉ္စမမြောက် အင်မော်တယ်လမင်း ခဏတာ ရုန်းကန်နေပြီးနောက် ခါးသီးစွာ ပြောလာ၏။
"အလဟဿ အသက်ရှင်နေရတာထက် မြန်မြန် သေလိုက်တာက ပိုကောင်းဦးမယ်… ဟူး… ကျွန်မ ကံကြမ္မာကို လက်ခံလိုက်ပါပြီ… နောင်ကျရင် ရှင် ကျွန်မအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးဖို့ပဲ မျှော်လင့်ပါတယ်"
ကျန်းမင် အဓိပ္ပာယ်မဲ့စွာ ပြုံးလိုက်ကာ…
"မင်း ငါ့ဆီ ရောက်လာပြီး ငါ့စည်းကမ်းတွေကို လိုက်နာသရွေ့တော့ ငါ မင်းကို သဘာဝကျကျ ကောင်းကောင်း ဆက်ဆံပေးမှာပါ"
သူက လူသားလမ်းစဉ် မှတ်တမ်းကို ကြည့်ရှုလိုက်ရာ သူမ၏ အခြေအနေမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေကြောင်း တွေ့လိုက်ရ၏။
အခြေအနေ - 'သူက ဘယ်သူလဲ… အော်စကာဆိုတဲ့ စကားလုံးကိုတောင် သုံးလိုက်သေးတယ်… အော်စကာ ဆိုတာ သိပ္ပံစိတ်ကူးယဉ် လောကမှာပဲ ရှိတဲ့ စကားလုံးလေ… သူက အခြား အကျိုးအမြတ် ရရှိသူတွေဆီကနေ ဒါကို သင်ယူခဲ့တာလား… ဒါမှမဟုတ် သူ့မှာ အခြား ရှုပ်ထွေးတဲ့ နောက်ခံ ရှိနေတာလား'
'ကျွန်မက လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု စွမ်းရည်ကို အသုံးပြုပြီး ကံကြမ္မာ ကြိုးတန်း အားလုံးကို ဖြတ်တောက်ခဲ့သလို နောက်ဆုတ်စရာ လမ်းကြောင်း အားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့တာလေ… ဒီလောက် အတိုင်းအတာထိ အများကြီး လုပ်ခဲ့တာတောင် သူက ကျွန်မ ဘယ်သူလဲ ဆိုတာကို ရှာဖွေတွေ့ရှိနိုင်သေးတာလား… သူ ဒါကို ဘယ်လို လုပ်ခဲ့တာလဲ… အို… ငါ့ဘဝက သနားစရာ ကောင်းလိုက်တာ'
'အကျိုးအမြတ် ရရှိသူတွေ အများကြီး အသတ်ခံခဲ့ရတာ အားလုံးက သူ့ကြောင့်လား… အထွတ်အထိပ်အဆင့် မစ်ရှင်က သူ့ကြောင့် စတင်ခဲ့တာများလား… သေချာပေါက် ဖြစ်ရမယ်… မဟုတ်ရင် သူ ကျွန်မရဲ့ သရုပ်မှန်ကို ဘယ်လိုလုပ် သိနိုင်မှာလဲ'
'ဟူး… ငါ သေရတော့မှာလား… ငါ ဒါကို လုံးဝ လက်မခံနိုင်ဘူး'
'ဘုရားရေ… သူက ငါ့ကို ကျွန်ပြုဖို့ ကြိုးစားနေတာလား… သူက ငါ သံသရာခန်းမဆောင်ရဲ့ အကျိုးအမြတ် ရရှိသူ ဆိုတဲ့ သရုပ်မှန်ကို မသိဘူးလား… ဟားဟားဟား… အကောင်းဆုံးပဲ… တကယ်ကို အံ့ဩစရာပဲ… ငါ့ကမ္ဘာကို ပြန်ရောက်သွားတာနဲ့ ဘယ်လို ကျွန်ပြုမှုမျိုး မဆို အလကား ဖြစ်သွားမှာပဲ'
'ဟားဟား… ဒါက တကယ့် အလှည့်အပြောင်းပဲ… သူ ငါ့ရဲ့ မှတ်ဉာဏ်တွေကို ဝင်မကြည့်နိုင်အောင် အစိတ်အပိုင်း တချို့ကို အရင်ဆုံး ချိတ်ပိတ်ထားရမယ်… ပြီးရင် ချူယန်တောင်ထွတ်ပေါ်မှာ နေပြီး ကျင့်ကြံတာကို ဆက်လုပ်မယ်… မစ်ရှင် ကျရှုံးသွားရင်တောင် အနည်းဆုံးတော့ ချူယန်တောင်ထွတ် အကြောင်းကို ရှင်းရှင်းလင်းလင်း စုံစမ်းထောက်လှမ်းနိုင်ပြီး သူတို့နဲ့ ပတ်သက်သမျှ အားလုံးကို နားလည်သွားနိုင်တယ်လေ… ဒါက မစ်ရှင် ကျရှုံးတဲ့ ပြစ်ဒဏ်ကို နည်းနည်းလောက် လျှော့ချပေးနိုင်လောက်တယ်'
'ပြီးတော့ အရေးအကြီးဆုံး အချက်က သူ ငါ့ရဲ့ လက်ရှိ သရုပ်မှန်ကို ဘယ်လို ရှာတွေ့သွားလဲ ဆိုတာ ဖော်ထုတ်ရမယ်… ဒါက တကယ်ကို ယုံနိုင်စရာ မရှိဘူး… သူ ငါ့ကို ဘယ်လို ရှာတွေ့သွားလဲ ဆိုတာကို နားမလည်နိုင်သရွေ့ ငါ ကောင်းကောင်း အိပ်နိုင်၊ စားနိုင်မှာ မဟုတ်ဘူး'
ပဉ္စမမြောက် အင်မော်တယ်လမင်းက ကျန်းမင် တစ်ယောက် သူမ၏ တကယ့် သရုပ်မှန်ကို ရှာမတွေ့သေးဟု ထင်မှတ်နေခဲ့သည်။
အမှန်တကယ်တွင်မူ ကျန်းမင်က သူမစိတ်ထဲ ဖြတ်ပြေးနေသော အတွေးများကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး မည်သည့် လျှို့ဝှက်ချက်မျှ ဖုံးကွယ်ကျန်ရစ်နေခြင်း မရှိတော့ပေ။
ကျန်းမင်က ပြုံးနေဆဲပင် အိုဖူဒါ အဆောင်ကို ပဉ္စမမြောက် အင်မော်တယ်လမင်း၏ နဖူးပေါ်သို့ တင်လိုက်ရာ ၎င်းက သူမကိုယ်ထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်ဝင်ရောက်သွားတော့သည်။
သူက လူသားလမ်းစဉ် မှတ်တမ်းကို စိုက်ကြည့်လိုက်ပြီး သူမ၏ အချက်အလက်များတွင် သံသရာခန်းမ စနစ်ထံမှ မည်သည့် သတိပေးချက်မျှ မရှိကြောင်း တွေ့လိုက်ရ၏။
ထိုအခါမှသာ တစ်ဖက်လူ၏ အသက်နှင့် သေဆုံးမှု၊ အတိတ် မှတ်ဉာဏ်များ အားလုံး အပါအဝင် အရာအားလုံးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။ ထို့အပြင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ကိုပင် ထိန်းချုပ်နိုင်ပြီး သူတို့၏ အမြင်အာရုံကိုပါ မျှဝေခံစားနိုင်သေး၏။
ထိုအချိန်မှစ၍ ပဉ္စမမြောက် အင်မော်တယ်လမင်းထံတွင် သူ့ထံမှ ဖုံးကွယ်စရာ လျှို့ဝှက်ချက် မရှိတော့ချေ။
သူမက ကိုယ်ပိုင် ဆန္ဒရှိသော ရုပ်သေးရုပ် တစ်ရုပ်နှင့် တူနေပြီး သံသရာခန်းမ စနစ်ထံမှလည်း မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်လာခြင်း မရှိပေ။
'ဒီ အိုဖူဒါ အဆောင်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ' အသုံးပြုပြီးမှသာ အိုဖူဒါ အဆောင် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း ကျန်းမင် သဘောပေါက်သွားတော့သည်။
ထိုအရာအတွက် သူ အလွန်လည်း စိတ်လှုပ်ရှားနေမိ၏။ သူမ ဤလောကထဲ ရှိနေချိန်တွင် သံသရာခန်းမ စနစ်က ထူးခြားမှုကို မသိရှိခဲ့ပေ။ အကယ်၍ သူမ သံသရာခန်းမဆောင်သို့ ပြန်သွားချိန်တွင်လည်း စနစ်က မည်သည့် အမှားအယွင်းကိုမျှ မရှာဖွေနိုင်ခဲ့လျှင် ပို၍ပင် ကောင်းမွန်ပေလိမ့်မည်။
အချိန်တန်လာလျှင် သူက သံသရာခန်းမဆောင်ထဲသို့ သူလျှိုတစ်ယောက် ထည့်သွင်းထားသကဲ့သို့ ဖြစ်နေလိမ့်မည် မဟုတ်ပါလား။
'ဒီအိုဖူဒါ အဆောင်က တစ်ခုတည်း ရှိတာတော့ နှမြောစရာပဲ… ငါ့ဆီမှာသာ ဒါမျိုး နောက်ထပ် နည်းနည်းလောက် ရှိနေရင် အဓိကနတ်ဘုရားနယ်မြေက အကျိုးအမြတ် ရရှိသူ တချို့ကိုပါ ထိန်းချုပ်ပစ်လို့ ရတယ်'
ထိုအတွေးများ ကျန်းမင် စိတ်ထဲ ဖြတ်ပြေးသွားစဉ် သူ တစ်ခုခုကို လျင်မြန်စွာ သတိပြုမိလိုက်သည်။ ပဉ္စမမြောက် အင်မော်တယ်လမင်းမှာ မည်သည့် သက်သောင့်သက်သာ မရှိမှုကိုမျှ မခံစားရသလို သူမ တစ်ပါးသူ၏ ထိန်းချုပ်မှုအောက် ရောက်နေမှန်းလည်း သတိမထားမိသည့်ပုံပင်။ သို့သော် သူမက သရုပ်ဆောင် ကောင်းသူပီပီ ထိတ်လန့်နေသော အမူအရာကို ပြသလိုက်၏။ ထို့နောက် သက်ပြင်းချ၍ ခါးသီးစွာ ပြောလာသည်။
"သခင်… အခုကစပြီး ကျွန်မက ရှင့်လူပါပဲ"
ထိုစကား ကြားချိန်တွင် ကျန်းမင် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ…
"ဒီစံအိမ်ကလွဲပြီး တခြား နေရာတစ်ခု ဒါမှမဟုတ် ဂူတစ်ဂူ ရှာပြီးတော့ဖြစ်ဖြစ်၊ အိမ်ဆောက်ပြီးတော့ဖြစ်ဖြစ် ကိုယ့်ဘာသာ ကျင့်ကြံလို့ ရတယ်… မှတ်ထား… အခုကစပြီး ငါ့ကို သခင်လို့ပဲ ခေါ်ရမယ်"
ပဉ္စမမြောက် အင်မော်တယ်လမင်းက ရိုးသားဟန်ဖြင့် ဒူးထောက်ကာ သုံးကြိမ် ဦးညွှတ်လိုက်ပြီးနောက် မလွှဲသာမရှောင်သာ ပုံစံဖြင့် ထွက်ခွာသွားတော့သည်။
"ဟုတ်ကဲ့ပါ သခင်"
ကျန်းမင်၏ မျက်နှာထက်တွင် နောက်ပြောင်လိုသော အမူအရာ တစ်ခု ပေါ်လာ၏။
သူ့ ဤတပည့်မှာ အခြေအနေအရ ကွေးနိုင်ဆန့်နိုင်စွမ်း ရှိသူ တစ်ယောက် ဖြစ်သည်။ သူမက မည်သူ့ကို မည်သို့ ပြောရမည်ကို ကောင်းစွာ သိရှိပြီး သရုပ်ဆောင် စွမ်းရည်မှာလည်း အထူး ပြောင်မြောက်လှသည်။
မှန်ကန်စွာ ပြုစုပျိုးထောင်ပေးနိုင်ပါက သူမက သေချာပေါက် အသုံးဝင်သော လက်နက်ကောင်း တစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုအချိန်တွင် လင်းလုံက လေထဲမှတဆင့် ကျန်းမင်ထံ လျှောက်လာပြီး သူ့ ပေါင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် စပ်စုလိုဟန်ဖြင့် မေးလာ၏။
"အစ်ကိုကြီး… သူမက ဘာဖြစ်လို့လဲ"
"သူက ပြင်ပလောကက လာတာ"
"ဘာ… ဒါပေမဲ့ အစ်ကိုကြီးရယ်… သူက ချီကျင့်ကြံခြင်း အဆင့်ပဲ ရှိသေးတာလေ"
ကျန်းမင်က လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု စွမ်းရည်နှင့် ပတ်သက်သည့် အခြေအနေကို အကျဉ်းချုံး ရှင်းပြလိုက်သည်။
"သူက အရင်က အကြို အင်မော်တယ် အဆင့် ကျွမ်းကျင်သူ တစ်ယောက်ပဲ"
လင်းလုံ အံ့အားသင့်သွားကာ…
"ဒီလို ယုံနိုင်စရာ မရှိတဲ့ အထူးစွမ်းရည်မျိုးတောင် ရှိတာလား… အစ်ကိုကြီး… ဘာလို့ သူ့ကို မသတ်လိုက်တာလဲ… ဒီလို ပြင်ပကျူးကျော်သူတွေကို ပြတ်ပြတ်သားသား သတ်ပစ်ရမှာပေါ့… အခုချိန်မှာ သူက အန္တရာယ် မပေးနိုင်ဘူးလို့ ထင်ရပေမဲ့ သူ ကြီးထွားလာတာနဲ့ အစ်ကိုကြီးကို နောက်ကျောကနေ သေချာပေါက် ပြန်ကိုက်လိမ့်မယ်နော်"
"စိတ်အေးအေးထားပါ… သူက ငါ့ရဲ့ အလုံးစုံ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ"
"အလုံးစုံ ထိန်းချုပ်မှု ဟုတ်လား… အစ်ကိုကြီး… သူ့ကို ထိန်းချုပ်ပြီးတော့… ဆိုတာမျိုးတော့ မပြောနဲ့နော်"
"မင်း အရိုက်ခံချင်နေပြီ မဟုတ်လား"
"ငါတို့ အခန်းကို ပြန်သွားရအောင်… အစ်ကိုကြီး ရိုက်ဖို့အတွက် ကျွန်မ အနေအထား ကောင်းကောင်းလေး နေပေးမယ်လေ"
***