မျက်တောင်တစ်ခတ် အတွင်းမှာပင် တစ်နှစ်နီးပါး အချိန် ကုန်လွန်သွားခဲ့လေပြီ။
ချူယန်တောင်ထွတ်ပေါ်တွင်…
ပဉ္စမမြောက် အင်မော်တယ်လမင်းက တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်လာပြီး ကျန်းမင်ထံသို့ ရောက်လာ၏။
သူမ တောင်ပေါ်သို့ ရောက်လာသည်မှာ ဆယ်လခန့်သာ ရှိသေးသော်လည်း ကျန်းမင်က သူမအတွက် အချိန်အရှိန်မြှင့်တင်ရေး ဝင်္ကပါ တစ်ခုကို စီစဉ်ပေးထားခဲ့သည်။ အဆပေါင်း တစ်ရာ အရှိန်မြှင့်တင်မှု အောက်တွင်တော့ သူမက နှစ်ပေါင်း ၈၀ ကျော်ကြာ ကျင့်ကြံနေခဲ့သကဲ့သို့ပင်။
လုံလောက်သော အရင်းအမြစ်များနှင့် သူမ၏ ကျင့်ကြံခြင်း အခြေခံကလည်း ပျက်စီးမသွားသောကြောင့် ကျင့်ကြံမှုမှာ အင်မော်တယ် အကြိုအဆင့်၏ အထွတ်အထိပ်သို့ တိုက်ရိုက် ခုန်တက်သွားခဲ့လေပြီ။ အချိန်မရွေး နောက်တစ်ဆင့်သို့ ချိုးဖျက် ကျော်လွန်ရန်၊ သံကြိုးများကို ရိုက်ချိုးကာ သာမန် လူသားဘဝမှ အင်မော်တယ် အဖြစ်သို့ ပြောင်းလဲသွားရန် အဆင်သင့် ဖြစ်နေခဲ့၏။
ကျန်းမင်က သူမအား အထူးစွမ်းရည် အတော်များများကိုပင် သင်ကြားပေးခဲ့သေးသည်။
"သခင်" ပဉ္စမမြောက် အင်မော်တယ်လမင်းက ကျန်းမင်ရှေ့သို့ ရောက်လာပြီး ရိုသေစွာ ဒူးထောက်လိုက်သည်။
အစပိုင်းတွင်တော့ သူမက လိမ်ညာမှုများစွာ ပြုလုပ်လေ့ရှိပြီး အခါအားလျော်စွာ ပဋိပက္ခ အမျိုးမျိုးလည်း ဖြစ်ပွားခဲ့၏။ သို့သော် သူမ သတိမထားမိခင်မှာပင် ထိုပဋိပက္ခများက တဖြည်းဖြည်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါတွင်တော့ အကြောင်းပြချက် မရှိဘဲ ကျန်းမင်ကို အလုံးစုံ ယုံကြည်နေတော့သည်။
ထိုသည်မှာ နှလုံးသားထဲမှ တိုက်ရိုက် ထွက်ပေါ်လာသော ယုံကြည်မှုမျိုးပင်။
တစ်ခါတစ်ရံတွင် သူမ၏ လက်ရှိ အခြေအနေအရ ဤသို့ မပြုမူသင့်ကြောင်း တွေးမိသဖြင့် သံသယများက စိတ်ထဲ ဖြတ်ပြေးသွားလေ့ရှိသည်။ သို့တိုင် ထိုအတွေးများမှာ တဖြည်းဖြည်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့ပြီး ယခုတွင်တော့ လုံးဝ သစ္စာရှိသူ တစ်ယောက် ဖြစ်လာခဲ့လေပြီ။
သို့သော် သူမ၏ စရိုက်လက္ခဏာနှင့် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းတို့မှာ မည်သည့် နည်းနှင့်မျှ အားနည်းသွားခြင်း မရှိချေ။ ဤသည်မှာ အလွန် ထူးဆန်းလှ၏။ ဆက်ဆံရေး (၁၀၀) ၎င်းမှာ ကြက်သီးထဖွယ် ကောင်းသော ဂဏန်းတစ်ခုပင် ဖြစ်သည်။
ပဉ္စမမြောက် အင်မော်တယ်လမင်းကို မြင်တွေ့ရချိန်တွင် ကျန်းမင် ခေါင်းညိတ်ပြလိုက်သည်။
ဇီလင်းလုံက ကျန်းမင်၏ ဘေးတွင် ကပ်ရပ်နေပြီး သူတို့နှစ်ယောက်လုံးက ပဉ္စမမြောက် အင်မော်တယ်လမင်းကို တိတ်ဆိတ်စွာ ကြည့်နေကြကာ တစ်စုံတစ်ခု ဖြစ်လာမည့် အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေကြ၏။
"သခင်" ပဉ္စမမြောက် အင်မော်တယ်လမင်းက နောက်တစ်ကြိမ် ခေါ်လိုက်ပြီးနောက် သူတို့နှစ်ယောက် ရှေ့တွင် ရုတ်တရက် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားတော့သည်။
"သူ ဒီလိုပဲ ထွက်သွားတာလား" လင်းလုံ အံ့အားသင့်သွားပြီး သူမ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်များ တောက်ပသွားသည်။ "အစ်ကိုကြီး… သူ့ကို ထိန်းချုပ်ထားနိုင်သေးလား"
"ငါ ဆက်သွယ်မှုကို စမ်းကြည့်လိုက်ဦးမယ်" ကျန်းမင်က မျက်လုံးများကို မှိတ်၍ အာရုံစိုက်လိုက်သည်။
အသိစိတ် လှိုင်းတစ်ခုက လေဟာနယ်ကို ဖြတ်သန်း၍ ဖြည်းညှင်းစွာ မျောလွင့်သွားပြီး နောက်ဆုံးတွင် မည်သည့် အဟန့်အတားမျှ မရှိဘဲ ပဉ္စမမြောက် အင်မော်တယ်လမင်း၏ ဝိညာဉ်နှင့် ဆက်သွယ်မိသွား၏။ တစ်ဖက်လူ၏ ဝိညာဉ်နှင့် ပေါင်းစပ်သွားသည်နှင့် တပြိုင်နက် သူတို့နှစ်ယောက်မှာ တစ်သားတည်း ဖြစ်သွားတော့သည်။
သူတို့က အမြင်အာရုံကိုပင် မျှဝေခံစားနိုင်သေးသည်။
ကျန်းမင်က သူမ တစ်ယောက် ပတ်ပတ်လည်တွင် နူးညံ့ပြီး သက်သောင့်သက်သာ ရှိသော အလင်းဖြူများ တောက်ပနေသည့် ကျယ်ဝန်းသော အခန်းတစ်ခုထဲ ရောက်နေသည်ကို မြင်တွေ့လိုက်ရ၏။
ရုတ်တရက် အခန်းထဲတွင် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒင်… ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် အထွတ်အထိပ်အဆင့် မစ်ရှင်ဖြင့် ပြီးပြည့်စုံသော ပြင်ညီလောက ထျန်းယွမ်သို့ စေလွှတ်လိုက်သော အဖွဲ့ ၁၀ ဖွဲ့မှာ ကျရှုံးမှုဖြင့် အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့အထဲမှ တစ်ဦးတည်းသာ ပြန်လည် ရောက်ရှိလာခဲ့၏။"
"ဒင်… ပဉ္စမမြောက် အင်မော်တယ်လမင်း… သင် တစ်ဦးတည်းသာ ပြန်လည် ရောက်ရှိလာခဲ့သည်။ သေဆုံးနိုင်ချေ ၉၉ ရာခိုင်နှုန်း ရှိပြီး တွက်ချက်မှုများအရ သင် အသက်ရှင်မနေသင့်တော့ပေ။ ထို့ကြောင့် ကျူးကျော်ဝင်ရောက်မှုများကို ရှောင်ရှားနိုင်ရန် သင့်ဝိညာဉ်အား အသေးစိတ် စစ်ဆေးမည့် ကာကွယ်ရေး စနစ်ကို ယခု အသက်သွင်းလိုက်ပြီ ဖြစ်သည်။"
ပဉ္စမမြောက် အင်မော်တယ်လမင်းမှာ တိတ်ဆိတ်နေသော်လည်း ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေသော ကျန်းမင်မှာမူ စိုးရိမ်စိတ်များ ဝင်ရောက်လာခဲ့လေပြီ။
'သူမက သံသရာခန်းမ စနစ်ရဲ့ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ပါ့မလား'
မမြင်ရသော လှိုင်းတစ်ခုက သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးကို နှံ့စပ်စွာ ဖုံးလွှမ်းသွားပြီး အတွင်းအပြင်မကျန် ဝိညာဉ်အထိပါ စစ်ဆေးသွားတော့သည်။
"ဒင်… ဝိညာဉ် ပုံမှန်အတိုင်း ရှိသည်။ မှတ်ဉာဏ် ပုံမှန်အတိုင်း ရှိသည်။ စိတ်ဆန္ဒ ပုံမှန်အတိုင်း ရှိသည်။ မည်သည့် အမှတ်အသားမျှ မတွေ့ရှိရသလို မည်သည့် ကျွန်ပြုမှုမျိုးကိုမျှလည်း သတ်မှတ်ထားခြင်း မရှိပေ။ ပဉ္စမမြောက် အင်မော်တယ်လမင်း… သင်က လွတ်လပ်သော သက်ရှိ တစ်ဦး ဖြစ်နေဆဲပင်။"
ထိုကြေညာချက်ကို ကြားလိုက်ရချိန်တွင် ကျန်းမင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။
ကြေညာချက်မှာ ပရိုဂရမ် တစ်ခု၏ သတ်မှတ်ချက်သာ ဖြစ်ကြောင်းလည်း သူ သဘောပေါက်သွား၏။
"ဒင်… ပဉ္စမမြောက် အင်မော်တယ်လမင်း… အလုံးစုံ မစ်ရှင်မှာ ကျရှုံးမှုဖြင့် အဆုံးသတ်သွားခဲ့သော်လည်း သင်က အသက်ရှင် ကျန်ရစ်ခဲ့ရုံသာမက ကျိုယန်ဂိုဏ်း၏ အတွင်းပိုင်း ဌာနများထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီး အလုံခြုံဆုံးနှင့် လျှို့ဝှက်ဆုံး နေရာဖြစ်သည့် ချူယန်တောင်ထွတ်သို့တိုင် ရောက်ရှိနိုင်ခဲ့သည်။ သင့်အား ကျရှုံးမှုအတွက် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့် ပေးလိုက်ပြီး ရမှတ် ၁,၀၀၀,၀၀၀၊ အင်မော်တယ် ဝိညာဉ် အနှစ်သာရ တစ်စနှင့် ဉာဏ်အလင်းပွင့်ခွင့် တစ်ကြိမ်တို့ကို ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သည်။"
နို့နှစ်ရောင် အငွေ့တစ်ခုက လေဟာနယ်ထဲမှ ရုတ်တရက် ကျဆင်းလာသည်။ ၎င်း၏ အရည်အသွေးက မူလအနှစ်သာရများထက်ပင် သာလွန်နေသေး၏။
ဒါက အင်မော်တယ် ဝိညာဉ် အနှစ်သာရလား။
ထို့အပြင် တိုကင်ပြား တစ်ခုလည်း ရှိနေသေးသည်။
ပဉ္စမမြောက် အင်မော်တယ်လမင်းက ပစ္စည်းများကို သူမ၏ သိုလှောင်ရေး လက်စွပ်ထဲ သိမ်းဆည်းလိုက်ပြီးနောက် တံခါးကိုဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။ အပြင်ဘက်တွင်မူ ပြိုင်ဘက်ကင်းလောက်အောင် ကျယ်ဝန်းပြီး စက်ဝိုင်းပုံစံ ရှိသည့် ခန်းမကြီး တစ်ခု ရှိနေကာ တံခါးမျိုးစုံက ဝန်းရံထားသည်။ ထိုတံခါးများထဲမှ အချို့မှာ ပွင့်နေပြီး အချို့မှာမူ ပိတ်ထား၏။
တံခါးများ အလယ်တွင် ထျန်းယွမ်လောက၏ ကျိုယန်ဂိုဏ်းကို ဖျက်ဆီးရန် အထွတ်အထိပ်အဆင့် မစ်ရှင် အသိပေးချက် ကပ်ထားသော ဧရာမ တံခါးကြီး တစ်ခု ရှိနေသည်။ လူအများအပြားက ရလဒ်ကို စောင့်ဆိုင်းရင်း အပြင်ဘက်တွင် စုရုံးနေကြ၏။ အခြား နေရာများတွင်မူ သွားလာလှုပ်ရှားနေသော လူများဖြင့် ပြည့်နှက်နေလေသည်။
"ဒါက အထွတ်အထိပ်အဆင့် မစ်ရှင်လေ… ၁၀ နှစ်နေလို့တောင် တစ်ခါပေါ်လာဖို့ မသေချာလောက်အောင် ရှားပါးတာ… ပေါ်လာတိုင်းလည်း ကြီးမားတဲ့ ရုတ်ရုတ်သဲသဲ ဖြစ်မှုကြီးကို သေချာပေါက် ဖြစ်ပေါ်စေတာပဲ… ဒီမစ်ရှင်အတွက် စေလွှတ်လိုက်တဲ့ အဖွဲ့ ၁၀ ဖွဲ့လုံးက ထိပ်တန်း အဆင့်တွေချည်းပဲလေ… သူတို့ထဲက ဘယ်နှယောက်များ ဘေးကင်းကင်း ပြန်ရောက်လာမလဲ မသိဘူး"
"အနည်းဆုံးတော့ တစ်ဝက်လောက် အသက်ရှင်မယ် ထင်တာပဲ… ဘာပဲဖြစ်ဖြစ် အဲ့ဒီအဖွဲ့တွေရဲ့ နောက်ခံနဲ့ ခွန်အားတွေအရ မစ်ရှင် ကျရှုံးရင်တောင် ပြစ်ဒဏ်ကို ခံနိုင်ရည် ရှိကြဦးမှာပါ"
"ဟား… မင်းက ဒီက အထွတ်အထိပ်အဆင့် မစ်ရှင်တစ်ခုရဲ့ ကြောက်စရာ ကောင်းပုံကို အထင်သေးနေတာပဲ… ၃ ပုံ ၁ ပုံလောက် အသက်ရှင် ကျန်ရစ်ရင်တောင် အဲ့ဒါက အံ့ဖွယ်တစ်ခုပဲ… စောင့်ကြည့်နေလိုက်… ဒီအဖွဲ့ ၁၀ ဖွဲ့က သေချာပေါက် သနားစရာ ကောင်းတဲ့ အခြေအနေနဲ့ ပြန်ရောက်လာမှာ… ဒါပေမဲ့ အသက်ရှင် ကျန်ရစ်တဲ့ သူတွေကတော့ စိတ်ကူးနဲ့တောင် မှန်းဆလို့ မရနိုင်တဲ့ အကျိုးအမြတ်တွေကို အမြဲတမ်း ရရှိကြစမြဲပဲလေ"
သူတို့ ဆွေးနွေးနေကြစဉ်မှာပင် ဧရာမ တံခါးကြီး ရုတ်တရက် ပွင့်လာပြီး လူတစ်ယောက်တည်း ထွက်ပေါ်လာခဲ့ရာ ထိုသူမှာ ပဉ္စမမြောက် အင်မော်တယ်လမင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
ခန်းမကြီးထဲရှိ ကျွမ်းကျင်သူများ အားလုံးက ဧရာမ တံခါးကြီး အတွင်းသို့ လှမ်းကြည့်လိုက်ကြသည်။ အတွင်းထဲတွင် အခြား မည်သူမျှ မရှိတော့ကြောင်း သိလိုက်ရချိန်၌ သူတို့၏ မျက်နှာများ ရုတ်တရက် ပျက်ယွင်းသွားကြတော့၏။
အဖွဲ့ ၁၀ ဖွဲ့ကို စေလွှတ်ခဲ့ရပြီး အဖွဲ့ဝင် တစ်ဦးတည်းသာ ဘေးကင်းကင်း ပြန်ရောက်လာခဲ့သည်ဟု တွေးကြည့်လိုက်ရုံနှင့်ပင် အဓိပ္ပာယ်မဲ့လွန်းလှသည်။
တကယ်ကို ဆိုးရွားပြီး ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှ၏။
ဆွဲဆောင်မှု ရှိသော မိန်းမပျို တစ်ဦးက အနီးသို့ လျှောက်လာရင်း လေးနက်စွာ မေးလိုက်သည်။
"ပဉ္စမမြောက် အင်မော်တယ်လမင်း… နင်သွားခဲ့တာက သာမန် ပြင်ညီလောက တစ်ခုလေ… နင်တို့ အဖွဲ့ ၁၀ ဖွဲ့ရဲ့ ခွန်အားတွေနဲ့ ဆိုရင် အဲ့ဒီလောက တစ်ခုလုံးကို အလုံးစုံ လွှမ်းမိုးထားနိုင်လောက်တယ်… ဒါ့အပြင် တာဝန်က ဂိုဏ်းတစ်ခုတည်းကို ဖြေရှင်းရုံလေးပဲလေ… ဘယ်လိုဖြစ်လို့ နင်တစ်ယောက်တည်း ပြန်ရောက်လာရတာလဲ"
ပဉ္စမမြောက် အင်မော်တယ်လမင်းက ခါးသီးစွာ ပြုံး၍ ညင်သာစွာ သက်ပြင်းချလိုက်ကာ…
"အဲ့ဒီနေရာက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်"
ကျန်းမင်က ပဉ္စမမြောက် အင်မော်တယ်လမင်း၏ အမြင်အာရုံကို မျှဝေခံစားနေရသောကြောင့် သူမရှေ့ရှိ သက်ရှိ အမျိုးမျိုးမှာ အရွယ်အစား၊ ပုံသဏ္ဍာန် မျိုးစုံ ရှိနေကြောင်း တွေ့လိုက်ရသည်။ ကျောက်တုံး သတ္တဝါများ၊ သက်ရှိ အပင်များနှင့် သတ္တဝါစပ်များ ပါဝင်ပြီး အများစုမှာ လူသားပုံစံ ရှိကြ၏။ သို့တိုင် ထိုနေရာတွင် လူသား အရေအတွက်က ပို၍ အချိုးအစား များပြားပုံရပေသည်။
ထိုနေရာရှိ အခြေအနေကို ကျန်းမင် နားလည်သွားသည်။ ထိုနေရာမှာ သံသရာခန်းမဆောင်၏ တတိယထပ် ဖြစ်ပေလိမ့်မည်။
ပထမထပ်မှာ အဆင့် ၁ မှ ၃ အထိ ကျွမ်းကျင်သူများ၊ ဆိုလိုသည်မှာ ချီကျင့်ကြံခြင်း၊ အုတ်မြစ် တည်ဆောက်ခြင်းနှင့် ရွှေအမြူတ ဖွဲ့စည်းခြင်း အဆင့်များ အတွက် ဖြစ်သည်။ ဒုတိယထပ်မှာ အဆင့် ၄ မှ ၆ အထိ ကျွမ်းကျင်သူများ၊ ဆိုလိုသည်မှာ ခရမ်းရောင်နန်းေတ၊ တာအိုမျိုးစေ့နှင့် ကနဦးဝိညာဉ် အဆင့်များ အတွက် ဖြစ်သည်။ သဘာဝကျစွာပင် တတိယထပ်မှာ အဆင့် ၇ မှ ၁၀ အထိ ကျွမ်းကျင်သူများ၊ ဆိုလိုသည်မှာ ကနဦးဝိညာဉ်၊ သုခဘုံ၊ အန္တိမနှင့် အကြို အင်မော်တယ် အဆင့်များ အတွက် ဖြစ်ပေသည်။
သံသရာခန်းမဆောင်မှ ထုတ်ပြန်သော မစ်ရှင်များကို တွက်ချက်ကြည့်မည် ဆိုလျှင် တတိယထပ်ရှိ အဖွဲ့ဝင်များမှာ ၁၀ နှစ်လျှင် မစ်ရှင် တစ်ခုသာ ပြီးမြောက်ရန် လိုအပ်ပေသည်။
သို့သော်လည်း သူတို့က နှစ်ကြိမ် ဆက်တိုက် ကျရှုံးခဲ့ပါက နောက်ထပ် မစ်ရှင်ကို အတင်းအကျပ် လက်ခံရမည် ဖြစ်သည်။ ထိုကဲ့သို့သော မစ်ရှင်များမှာ သေဆုံးနိုင်ချေ အလွန် မြင့်မားလှ၏။
ထို့အပြင် ကန့်သတ်ချက် မရှိသော မစ်ရှင် အနည်းငယ်လည်း ရှိသေးပြီး ၎င်းတို့၏ အန္တရာယ်မှာ ပို၍ပင် ကြီးမားသေးသည်။ ဤမစ်ရှင်မှာလည်း ထိုအထဲမှ တစ်ခု အဖြစ် သတ်မှတ်နိုင်ပေသည်။
ပဉ္စမမြောက် အင်မော်တယ်လမင်းက ဆက်ပြောလာ၏။
"ငါတို့ ဆင်းသက်သွားတဲ့ အချိန်မှာ ထျန်းယွမ်လောကက ပြင်ပမိစ္ဆာတွေရဲ့ ကျူးကျော်မှုကို ခံနေရပြီး ဝင်ပေါက်တစ်ခုတောင် ပွင့်နေခဲ့တာ… ဒါ့အပြင် နတ်ဘုရားသခင်က အကျိုးအမြတ် ရရှိသူတွေလည်း အဲ့ဒီကို ဆင်းသက်လာကြသေးတယ်… ဒါပေမဲ့ ဘယ်သူမှ အသက်မရှင်နိုင်ခဲ့ကြဘူး"
"အဲ့ဒီလောကမှာ ကြောက်စရာ ကောင်းလောက်အောင် သန်မာတဲ့ ပြိုင်ဘက် တစ်ယောက် ရုတ်တရက် ပေါ်လာပြီး အကြောင်းပြချက် မသိရဘဲ ငါတို့ အဖွဲ့ဝင်တွေကို တစ်ယောက်ပြီး တစ်ယောက် လိုက်လံ သတ်ဖြတ်ခဲ့တယ်… အဲ့ဒီအချိန်မှာ စနစ်ထဲက အကျိုးအမြတ် ရရှိသူတွေရဲ့ အရေအတွက် လျင်မြန်စွာ ကျဆင်းသွားတာကို မြင်လိုက်ရတော့ ငါ လုံးဝ ထိတ်လန့်သွားတာပဲ… နောက်ဆုံးတော့ အဲ့ဒီ ပြင်ညီလောကနဲ့ အလုံးစုံ ပေါင်းစပ်သွားဖို့အတွက် ငါ့ရဲ့ အခုချိန်ထိ ကျင့်ကြံထားသမျှ အရာအားလုံးကို ပူဇော်ပြီး လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု စွမ်းရည်ကို သုံးလိုက်ရတယ်… ဒါကြောင့်မို့လို့သာ ငါ အရှာမခံခဲ့ရတာ"
အစောပိုင်းက မိန်းမပျိုလေးမှာ ထိတ်လန့်စွာ အော်ဟစ်သွားကာ… “နင်က တကယ်ကြီး လူဝင်စားခြင်း ဝိညာဉ်ကူးပြောင်းမှု စွမ်းရည်ကို အသက်သွင်းလိုက်တာလား… ဒီတားမြစ်နည်းစနစ်က ကျရှုံးနိုင်ချေ အရမ်း များတာနော်… တကယ်လို့ နင်သာ ကျရှုံးသွားရင် နင့်ရဲ့ ကိုယ်ပိုင် အသိစိတ်က ဖျက်ဆီးခံလိုက်ရမှာ ဖြစ်ပြီး နင့်ဆီမှာ ရှိသမျှ အရာအားလုံးက နင် ကူးပြောင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့သူ ပိုင်သွားမှာလေ… အောင်မြင်ခဲ့ရင်တောင် နင့်ရဲ့ အဲ့ဒီအချိန်ထိ ကျင့်ကြံထားသမျှ အားလုံးက အလကား ဖြစ်သွားမှာပဲ… နှစ်ထောင်ချီ ကျင့်ကြံထားသမျှတွေ ပျောက်ကွယ်သွားတဲ့ အချိန်မှာ နင်က အဲ့ဒီမှာ အားနည်းပြီး လွယ်လွယ်ကူကူ ထိခိုက်နိုင်တဲ့ အခြေအနေ ဖြစ်နေမှာ… အသေးအဖွဲ မတော်တဆမှုလေး တစ်ခုကတောင် သေဆုံးခြင်းကို ဖြစ်စေနိုင်တယ်လေ… လူတစ်ယောက်က သူ့ရဲ့ မူလ ကျင့်ကြံခြင်း အဆင့်ကို ပြန်ရောက်ဖို့ လနဲ့ချီ၊ နှစ်နဲ့ချီပြီး အချိန်ဘယ်လောက်တောင် ယူရမလဲ ဘယ်သူက သိမှာလဲ"
"နေဦး… တစ်ခုခုတော့ မှားနေပြီ… အင်မော်တယ်လမင်း… နင့်ရဲ့ ကျင့်ကြံခြင်း အခြေခံက အားနည်းမသွားဘူးပဲ"
ပဉ္စမမြောက် အင်မော်တယ်လမင်း သက်ပြင်းချလိုက်သည်။
"အဲ့ဒါက ငါ အခွင့်အရေးကောင်း တချို့ ကြုံခဲ့လို့လေ… ပြီးတော့ အဖွဲ့ဝင် တချို့က နည်းစနစ်ကို သုံးဖို့ ဆုံးဖြတ်ချက် မချနိုင်ခဲ့ကြလို့ သူတို့ရဲ့ ပစ္စည်းတွေကို ငါ့ဆီ အပ်ထားခဲ့တယ်… အဲ့ဒီအချိန်မှာ ငါက ပြန်လည် နာလန်ထူဖို့ အချိန်အရှိန်မြှင့်တင်ရေး ဝင်္ကပါကို သုံးလိုက်တာ… ဒါပေမဲ့ ငါ စုဆောင်းထားသမျှ အရာအားလုံးတော့ ကုန်ခမ်းသွားပြီ… ဟူး… ဒီတစ်ခေါက်တော့ ငါ သုည ကနေ ပြန်စရတော့မယ်"
မိန်းမပျိုလေး သက်ပြင်းမှုတ်ထုတ်ကာ… “အကျိုးအမြတ် ရရှိသူ အများအပြားက မရေမတွက်နိုင်တဲ့ လောကတွေကို ဆင်းသက်လာခဲ့ကြပြီး အရမ်းကို ဂရုစိုက်ကြရတယ်လေ… ဘာလို့လဲဆိုတော့ လမ်းမှာ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် သူတို့ အခုချိန်ထိ ရရှိထားသမျှ အားလုံးကို ဆုံးရှုံးသွားနိုင်ပြီး အသက်ပါ ပေးလိုက်ရနိုင်လို့ပဲ… အင်မော်တယ်လမင်း… နတ်ဘုရားသခင်က အကျိုးအမြတ် ရရှိသူတွေလည်း ရှိတယ်လို့ နင် ပြောခဲ့တယ်နော်… အဲ့ဒီကောင်တွေ… သူတို့ လုပ်ရပ်တွေမှာ အကန့်အသတ် ဆိုတာ မရှိဘူး… သူတို့ရဲ့ မစ်ရှင်က ဘာလဲဆိုတာ နင် သိခဲ့လား"
"ငါ သိသလောက်တော့ သူတို့က နျူကလီးယား ဗုံးတွေ၊ ဗိုင်းရပ်စ်တွေ၊ ဇွန်ဘီတွေ၊ ဇာ့ဂ် စစ်သည်တွေနဲ့ တခြား အများကြီးကို ပမာဏ အများကြီး လွှတ်ထုတ်ခဲ့တာပဲ… ငါ ခန့်မှန်းရသလောက်တော့ လောကကြီးကို ဖျက်ဆီးပစ်ရမယ့် မစ်ရှင် ဖြစ်ရမယ်"
"ကျက်သရေတုန်းလိုက်တာ… နတ်ဘုရားသခင်က ကောင်တွေ ပီသပါပေတယ်… လောကကြီးကို ဖျက်ဆီးတာကို နေ့လည်ခင်း လက်ဖက်ရည်သောက်သလို သဘောထားနေကြတာ"
သူမက ဘေးသို့ သွား၍ ထိုင်ချလိုက်သည်။ လူတချို့က သူမကို သောက်စရာများ လာရောက် ဝယ်တိုက်ကြပြီး အသေးစိတ် အချက်အလက်များကို ဆက်လက် မေးမြန်းနေကြ၏။
ပဉ္စမမြောက် အင်မော်တယ်လမင်းက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ထိုနေရာတွင် ဖြစ်ပျက်ခဲ့သမျှ အချို့ကို အကြမ်းဖျင်း ပြောပြလိုက်သည်။
အချိန်အတန်ကြာပြီးနောက် နောက်ဆုံးတွင် စနစ်မှတစ်ဆင့် သူမ၏ စံအိမ်သို့ ပြန်လာခဲ့လေပြီ။
ဤသည်မှာ ရေကန်များနှင့် တောင်တုများ အပါအဝင် အရာအားလုံး အနည်းငယ်စီ ပါဝင်သည့် ပြိုင်ဘက်ကင်းလောက်အောင် ကျယ်ဝန်းသော ဧရာမ စံအိမ်ကြီး တစ်ခုပင်။ ဉာဏ်အလင်းပွင့်ရာ အခန်းနှင့် သိုင်းလေ့ကျင့်ရာ အခန်းပင် ရှိသေး၏။ စုဆောင်းထားသော ရမှတ်များ လုံလောက်စွာ ရှိနေသရွေ့ ဤအရာများ အားလုံးကို ဝယ်ယူနိုင်ပေသည်။
ပဉ္စမမြောက် အင်မော်တယ်လမင်းက ဧရာမ ခန်းမဆောင်ကြီးထဲတွင် ထိုင်၍ လက်များကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ မျက်နှာပြင် တစ်ခုက သူမရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုမျက်နှာပြင်မှာ စနစ်၏ စတိုးဆိုင် ဖြစ်ပြီး လူတစ်ယောက် ဝယ်ယူနိုင်သည့် အရာအားလုံးဖြင့် ပြည့်ကျပ်နေ၏။
သွေးကြော မျိုးစုံ၊ မရေမတွက်နိုင်သော ခန္ဓာကိုယ် အမျိုးအစားများနှင့် ပြိုင်ဘက်ကင်း ဆေးလုံးများ အပြင် ထိုပစ္စည်းများထဲတွင် ဒဏ္ဍာရီလာ အဆင့် ၁၈ အင်မော်တယ် လက်နက်များပင် ပါဝင်နေသေးသည်။
ဥပမာအားဖြင့် လူဝင်စားကိုးကြိမ် ရွှေဆေးလုံး၊ စုန်းဘိုးဘေး သွေးအနှစ်သာရ၊ လူဝင်စားကိုးကြိမ် လျှို့ဝှက်ဆန်းကြယ် နည်းစနစ်၊ အင်မော်တယ် သတ်ဖြတ်ခြင်း ဓားလေးလက်နှင့် ပန်ဂူ၏ ပုဆိန်တို့ပင် ဖြစ်ကြ၏။
ကျန်းမင်၏ အသိစိတ်များ ခန္ဓာကိုယ်ထဲ ပြန်လည် ရောက်ရှိလာချိန်တွင်တော့ မျက်လုံးထဲ၌ တုန်လှုပ်မှုများ ပြည့်နှက်နေပြီး ဆွံ့အသွားကာ ထိုင်လျက်သား ဖြစ်နေတော့သည်။
ပန်ဂူ၏ ပုဆိန် တည်ရှိနေသည်ကို မြင်လိုက်ရသဖြင့် သမိုင်းမတင်မီ လောကကြီးလည်း တည်ရှိနေမည်လားဟု တွေးမိကာ သူ အံ့အားသင့်သွားခြင်းပင်။
'ကောင်းကင်ဘုံကြီး… သံသရာခန်းမဆောင်က ဘယ်လို တည်ရှိမှုမျိုးလဲ' ကျန်းမင် တစ်ယောက် စိတ်မအေးနိုင်တော့ပေ။
ထိုအရာက ဒဏ္ဍာရီလာ ပန်ဂူ၏ ပုဆိန်ပင်။ ပန်ဂူ ဆိုသည်မှာ သူ့ ယခင်ဘဝက ဒဏ္ဍာရီ တစ်ခု ဖြစ်ပြီး အမြင့်ဆုံးသော ဒဏ္ဍာရီလာ တည်ရှိမှု တစ်ခု မဟုတ်ပါလား။ အထူးသဖြင့် စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားပြီး ကမ္ဘာလောကများကို ဖွင့်လှစ်ကာ သမိုင်းမတင်မီ လောကရှိ သက်ရှိများကို ပုံဖော်ဖန်တီးနိုင်ခဲ့သည့် ကမ္ဘာဦး နတ်ဘုရားဆိုလည်း မမှားပေ။
'ဒါက ငါ့ရဲ့ စိတ်ကူးယဉ် တွေးတောနိုင်စွမ်းထက် အများကြီး ကျော်လွန်နေပြီ'
ကျန်းမင်က ရင်ထဲမှ တုန်လှုပ်မှုကို ဖိနှိပ်ထားရင်း စတင် တွေးတောနေလိုက်၏။
'အင်မော်တယ်လမင်း နောက်မစ်ရှင်ကို သွားတဲ့အခါ ငါ စမ်းကြည့်ရမယ်… တကယ်လို့ ဒါသာ အလုပ်ဖြစ်တယ် ဆိုရင်တော့ ငါ ချမ်းသာပြီ'
အချိန်တိုအတွင်းမှာပင် သူ အကြံတစ်ခု ရသွားခဲ့လေပြီ။
"အစ်ကိုကြီး… ဘယ်လိုနေလဲ" လင်းလုံက ကျန်းမင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သတိပြုမိပြီး မေးလာသည်။ "သူ့ကို ထိန်းချုပ်ထားနိုင်သေးလား"
"အင်း… ရတယ်" ကျန်းမင်က မည်သည့် လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်မထားခဲ့ပေ။
"ဒါပေမဲ့ အဲ့ဒါက… “ လင်းလုံ၏ မျက်နှာထက်တွင် ထိတ်လန့်သွားသော အမူအရာများ ထွက်ပေါ်လာပြီး မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ "အစ်ကိုကြီး… သူက မတူညီတဲ့ လောကတွေဆီ ကူးပြောင်းသွားတာတောင် အစ်ကိုကြီးက သူ့ကို ထိန်းချုပ်ထားနိုင်သေးတာလား"
လင်းလုံက သံသရာန်းမဆောင် အကြောင်းကို ယခင်က ကြားဖူးထားသဖြင့် သူမ၏ နှလုံးသားမှာ တုန်ယင်နေတော့သည်။
"အဲ့ဒါက မင်းရဲ့ အစ်ကိုကြီးက အံ့ဩစရာ ကောင်းလွန်းလို့လေ… ငါ ဘယ်လောက် အံ့ဩစရာ ကောင်းလဲ ဆိုတာ မင်း မခံစားဖူးသေးဘူးလား" ကျန်းမင်က နောက်ပြောင်ဟန်ဖြင့် မျက်ခုံးပင့်ပြသည်။
ကျုံးပြည်နယ် နယ်မြေ အတွင်း… ရှေးဟောင်း အင်မော်တယ် အပျက်အစီးများထဲမှ ယခုလေးတင် ထွက်လာခဲ့သော လေဟာနယ် လင်းလုံမှာ အကြောင်းပြချက် မရှိဘဲ တုန်တက်သွားပြီး သူမ၏ မျက်နှာထက်တွင် အနီရောင် အဆင်းများ ဖြတ်ပြေးသွားတော့သည်။
"ကျွန်မ အရမ်း လွမ်းနေပြီ"
အာကာသ လင်းလုံက ပြန်ရန် ပြင်ဆင်နေစဉ် သူမရှေ့ရှိ စစ်သင်္ဘော တစ်စင်းကို ရုတ်တရက် သတိပြုမိသွားသည်။ ထိုစစ်သင်္ဘောထံမှ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်နေပြီး သူမ ပတ်ပတ်လည်ရှိ လေဟာနယ်ကို ချိတ်ပိတ်ထားလေပြီ။
***