အာကာသ လင်းလုံက အေးစက်စက် ပြုံးလိုက်၏။ သူမက ထွက်မသွားဘဲ လေဟာပြင်ထက်၌ တိတ်ဆိတ်စွာ ရပ်တန့်နေသည်။ စစ်သင်္ဘောအုပ်စု တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ တိမ်ပင်လယ်ထက်တွင် လှိုင်းဂယက်တစ်ခု ပြန့်ကျဲသွားတော့သည်။
စစ်သင်္ဘောများထက်တွင် စစ်သည်တော် အတန်းအစား အမြောက်အမြား နေရာယူထားကြ၏။ ထိုသူများ အားလုံးက စွမ်းအင်များကို တစ်စုတစ်စည်းတည်း စုစည်းထားကြရာ သူတို့ဖြတ်သန်းသွားမည့် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ခုတ်ပိုင်းပစ်မည့် ဓားတစ်လက်အလား ထင်မှတ်ရပေသည်။
"ဇီလင်းလုံ" မဟာကျိုး မင်းဆက်၏ တစ်ဆယ့်ရှစ်ပါးမြောက် မင်းသား ကျိုးထျန်က မျက်မှောင်ကြုတ်လျက် ကျယ်လောင်စွာ အော်ဟစ်သည်။ "နေဦး... မဟုတ်သေးဘူး... မင်းတို့ နှစ်ယောက်လုံး ရုပ်ရည်ချင်း ဆင်တူနေပေမဲ့ တစ်ခြားစီပဲ... ထွက်ပေါ်နေတဲ့ အငွေ့အသက်ကလည်း မတူဘူး... မင်းက ဘယ်သူလဲ... ဇီလင်းလုံနဲ့ ဘယ်လို ပတ်သက်နေတာလဲ"
အရှေ့ပိုင်း ဒေသသို့ ရောက်ရှိလာခဲ့သည့် တစ်နှစ်တာ ကာလအတွင်း သူ အတွေ့အကြုံ များစွာ ကြုံတွေ့ခဲ့ရဖူး၏။
ပထမအချက် အနေဖြင့် ကျိုယန်ဂိုဏ်းက အရှေ့ပိုင်းဒေသ မဟာမိတ်အဖွဲ့အား ဖျက်ဆီးပစ်ခဲ့သည်။ ထို့နောက် မြောက်ပိုင်းဒေသတွင် ခြားနားသော ကမ္ဘာတစ်ခု၏ တံခါးပေါက် ပွင့်ဟလာပြီး အခြားကမ္ဘာမှ မိစ္ဆာများက ဤလောကကို ကျူးကျော်ဝင်ရောက်ကာ ကမ္ဘာလောက တစ်ခုလုံးအား ကမောက်ကမ ဖြစ်စေခဲ့လေသည်။
သူ ကျိုယန်ဂိုဏ်းအား ကလဲ့စားချေလိုစိတ် ရှိခဲ့သော်လည်း အကျိုးအပြစ်များကို ချိန်ဆကြည့်ပြီးနောက် ထိုအတွေးကို လက်လွှတ်လိုက်ရတော့သည်။
မည်သို့ပင် ဆိုစေကာမူ ဤအရှေ့ပိုင်း ဒေသတွင် သူ့ အင်အားမှာ ကြီးမားလှသည် မဟုတ်ပေ။
သူကိုယ်တိုင် တပ်ဖွဲ့များနှင့် အင်အားကို တိုးချဲ့ချင်ခဲ့လျှင်တောင် ကမ္ဘာလောကကြီး ကမောက်ကမ ဖြစ်နေချိန်တွင် အလွန် ခက်ခဲလှ၏။
အဆုံးသတ်တွင်မူ သူ ဤနေရာသို့ ပြန်မလာမီ တစ်နှစ်ခန့်သာ စောင့်ဆိုင်းနိုင်ခဲ့ချေသည်။
အာကာသ လင်းလုံကို မြင်လိုက်ရချိန်တွင် သူ့ မျက်လုံးများ တောက်ပသွားတော့သည်။ သူမ ထွက်ပြေး မလွတ်မြောက်နိုင်စေရန် ဤပတ်ဝန်းကျင် တစ်ခုလုံးအား ဝင်္ကပါ အစီအရင်ဖြင့် ချိတ်ပိတ်ပစ်လေပြီ။
"ဒါက နင်နဲ့ ဘာမှမဆိုင်ဘူးလို့ ငါထင်တယ်..." အာကာသ လင်းလုံ၏ မျက်ဝန်းများ အေးစက်သွားပြီး ဆက်ပြောသည်။ "ဒီနေရာကို ချိတ်ပိတ်ပြီး နင် ဘာလုပ်မလို့လဲ... ငါ့ကို သတ်ချင်နေတာလား"
"ဒါပေါ့... မဟုတ်ရပါဘူး" ကျိုးထျန်က ပြန်လည် တုံ့ပြန်သည်။ "ငါ့ကိုယ်ငါ အရင် မိတ်ဆက်ပါရစေ... ငါက မဟာကျိုး မင်းဆက်က မင်းသား တစ်ပါးပဲ... ဒီနေ့ ငါတို့ ဒီနေရာမှာ ဆုံတွေ့ရတာ ရေစက်ကြောင့် ဖြစ်ရမယ်... ဒါကြောင့် နန်းတော်မှာ ဧည့်သည်အဖြစ် လိုက်ပါဖို့ ဖိတ်ခေါ်ခွင့် ပြုပါ"
"နောက်ဆုံးအကြိမ် အနေနဲ့ ထပ်ပြောမယ်... ဖယ်စမ်း..." အာကာသ လင်းလုံက စိတ်မရှည်စွာ ဟိန်းဟောက်၏။
သူမ အစ်ကိုကြီးထံ ပြန်သွားရန် လိုအပ်နေသေးသည်။ ဤနေရာတွင် အချိန်ဖြုန်းနေ၍ မဖြစ်ချေ။
ရွှစ်...
ဓားစွမ်းအင် တစ်ခုက သူမ ခေါင်းထက်မှ ပစ်လွှတ်ထွက်ခွာသွားပြီး တိမ်တိုက်များကို လူစုခွဲပစ်လိုက်သည်။ ထို့နောက် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါက်ကွဲထွက်လာသည်နှင့်အတူ ဓားတစ်လက်အဖြစ် ပြောင်းလဲသွားကာ သူမ လက်ထဲသို့ ကျဆင်းလာတော့သည်။
"စိတ်အေးအေး ထားပါ ကောင်မလေးရယ်..." ကျိုးထျန် ပြုံးကာ… “နေမင်းကြီးကို ကြည့်စမ်းပါဦး... ဘယ်လောက်တောင် တောက်ပပြီး နွေးထွေးလိုက်သလဲ... ပန်းလေးတွေ ပွင့်လာတဲ့ သာယာတဲ့ အသံကိုလည်း နားထောင်ကြည့်ပါဦး... တကယ်ကို... သေစမ်း... ငါ့ကို တိုက်ခိုက်နေတာ ရပ်လိုက်စမ်း"
သူ့စကားပင် မဆုံးလိုက်၊ လင်းလုံ၏ ဓားက စစ်သင်္ဘောထက်သို့ ကျဆင်းလာခဲ့လေပြီ။ ထိုခဏ၌ အကာအကွယ် အလွှာက ပွင့်ထွက်လာပြီး တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာ၏။ သို့သော် အကာအကွယ် အလွှာမှာ မိနစ်အနည်းငယ်ခန့်သာ ခံနိုင်ရည်ရှိလိုက်ပြီး အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။
"အရမ်း အားနည်းလွန်းတယ်" လင်းလုံက မှတ်ချက်ချလိုက်သည်။
သူမ လက်ထဲရှိ ဓားမှာ တောက်ပစွာ လင်းလက်နေပြီး ၎င်း၏ စွမ်းအားများက စက္ကန့်နှင့်အမျှ ကြီးမားလာနေပေသည်။
တိတ်ဆိတ်စွာ ရပ်နေခဲ့သော စစ်သူကြီး တစ်ဦးက ဒေါသတကြီး အော်ဟစ်လာသည်။ "မင်းသားကို တိုက်ခိုက်ဝံ့တယ်ပေါ့... မဟာကျိုး မင်းဆက်ကို ဆန့်ကျင်ဖို့အတွက် မင်း သေချင်နေတာပဲ ဖြစ်ရမယ်"
ချွင်ခနဲ မြည်သံနှင့်အတူ လှံတစ်လက်က သူ့ လက်ထဲတွင် ထွက်ပေါ်လာ၏။ တိုက်ခိုက်ရန် စွမ်းအင် စုစည်းပြီးနောက် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ လင်းလုံထံ လှံကို ပစ်လွှတ်သည်။ ထိုလှံမှာ လေဟာနယ်ကို ထိုးဖောက်သွားပြီး လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ဆုတ်ဖြဲကာ လင်းလုံဆီသို့ ပြေးဝင်လာတော့သည်။
တစ်ချိန်တည်းမှာပင် စစ်သင်္ဘောမှ မျက်စိကျိန်းလောက်သော အလင်းရောင်များ ထွက်ပေါ်လာသည်။ အကာအကွယ် အလွှာကို ပြန်လည် တည်ဆောက်လိုက်ပြီး တိုက်ခိုက်မှုအတွက် စွမ်းအင် အပြည့်အဝ စုစည်းလိုက်လေပြီ။
"ဟမ့်..." လင်းလုံ မျက်လုံး မှေးစင်းသွားသည်။ သူမ ဓားကို လှည့်၍ လှံအား ကြားဖြတ် တားဆီးလိုက်ရာ လှံမှာ အက်ကွဲသွားပြီး အပိုင်းပိုင်း ပြတ်ကျသွားတော့၏။
"ကျိုးထျန်... အစက နင်နဲ့ ပြဿနာ မရှာချင်ခဲ့ဘူး... ဒါပေမဲ့ နင်က သေချင်နေမှတော့ နင့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
ပြောပြီးသည်နှင့် သူမ ပျောက်ကွယ်သွားပြီး စစ်သင်္ဘော၏ အထက်တွင် ပြန်လည် ထွက်ပေါ်လာသည်။ ဓားကို ကြီးမားသော ခွန်အားဖြင့် အောက်သို့ ခုတ်ချလိုက်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ "မဟာအာကာသ ဓားချက်"
ဤတိုက်ခိုက်မှုတွင် ဟင်းလင်းပြင်တာအို၏ စွမ်းအားများ ပါဝင်နေသည်။ ၎င်းက စစ်သင်္ဘောအား လွှမ်းခြုံထားသော အကာအကွယ် အလွှာကို တိုက်ရိုက် ခုတ်ပိုင်းသွားပြီး သင်္ဘောကိုယ်ထည်ပေါ်တွင် ကြီးမားသော ပြတ်ရှရာကြီး တစ်ခုကို ချန်ရစ်ခဲ့လေသည်။
ကျိုးထျန်က ထိုတိုက်ခိုက်မှုမှ အသက်ရှင် လွတ်မြောက်နိုင်ခဲ့သော်လည်း သူ့ လူများမှာမူ ထိုမျှ ကံမကောင်းခဲ့ပေ။ အချို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြပြီး ကျန်လူများမှာလည်း သွေးမြူခိုးများ အဖြစ် ကြေမွ ပျက်စီးသွားကြသည်။
"ယုတ်မာတဲ့ မိန်းမ... မင်း ဘယ်လိုများ ရဲတင်းရတာလဲ"
ရွှေရောင် သံချပ်ကာ ဝတ်ဆင်ထားသော စစ်သူကြီး ရှစ်ဦး ကုန်းပတ်ပေါ်တွင် ထွက်ပေါ်လာကြသည်။ သူတို့ အားလုံးမှာ ကနဦးဝိညာဉ်အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး လက်ထဲတွင်လည်း ဓားကိုယ်စီ ကိုင်ဆောင်ထားကြ၏။ သူတို့ အားလုံးက ကြီးမားသော ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်သည့် အဆုံးအစမဲ့ ဓားစွမ်းအင်များကို လင်းလုံထံ ပစ်လွှတ်ကြသော်လည်း သူမက အလွယ်တကူပင် ကာကွယ်လိုက်ပြီး ထိုသူများ အားလုံးကို သတ်ဖြတ်ပစ်သည်။
ကျိုးထျန်က ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့ မျက်နှာမှာ ဖြူရော်သွားပြီး… “သေစမ်း... သူက ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ... ဒီနေ့က ငါ့နေ့ မဟုတ်တာ သေချာတယ်" ကျိုးထျန်က နောင်တရစွာဖြင့် အော်ဟစ်လိုက်သည်။
"အရှင်မင်းသား... သူမက အန္တိမ အဆင့် ကျွမ်းကျင်သူ ဖြစ်ဖို့ များတယ်... ကျွန်တော်တို့ စစ်ကူတောင်းသင့်တယ်" ချန်ယွင်က ဝင်ပြောလိုက်၏။
"မြန်မြန်လုပ်" အဘိုးအို တစ်ဦး စစ်သင်္ဘောပေါ်မှ ထွက်လာသည်။ သူက ကျိုးထျန်ကို တစ်ချက် စူးရဲစွာ စိုက်ကြည့်လိုက်ရာ ကျိုးထျန်၏ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားတော့သည်။
ထို့နောက် သူ လင်းလုံဆီသို့ တက်လှမ်းသွား၏။
သူကား စစ်သင်္ဘောပေါ်တွင် အစွမ်းအထက်ဆုံးသူ ဖြစ်ပြီး သုခဘုံအဆင့် ဖြစ်ပေသည်။
"ကောင်မလေး... မျက်နှာထောက်ပြီး အခု ရပ်တန့်ပေးလို့ ရမလား" အဘိုးအိုက သုခကမ္ဘာကို အသက်သွင်းရင်း မေးလိုက်သည်။ ယင်းမှာ အဝါရောင် ကမ္ဘာတစ်ခု ဖြစ်ပြီး မြေကြီးတာအိုပင် ဖြစ်ချေသည်။
"ရပ်တန့်ရမယ်..." လင်းလုံ ရယ်မောမိသည်။ "ငါ လှုပ်ရှားမှု မလုပ်ဘူး... ဒါပေမဲ့ ငါ လှုပ်ရှားလိုက်တာနဲ့ ငါ့လမ်းကြောင်းပေါ်က ရန်သူတွေ အကုန်လုံးကို မနှိမ်နင်းရသရွေ့ ရပ်တန့်မှာ မဟုတ်ဘူး"
သူမ လက်ကို ရှေ့သို့ ဆန့်တန်း၍ လေထဲရှိ တစ်စုံတစ်ရာကို ဆုပ်ကိုင်လိုက်၏။ အဘိုးအို ပတ်ပတ်လည်ရှိ လေဟာနယ်များ စတင် ပြိုကျလာတော့သည်။
"မလုပ်နဲ့... ငါက မဟာကျိုး မင်းဆက်ကကွ... မင်း ငါ့ကို သတ်လို့ မရဘူး" လင်းလုံ မည်မျှ ကြောက်စရာ ကောင်းကြောင်း ခံစားလိုက်ရချိန်တွင် အဘိုးအိုက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျိုးထျန်အား စိတ်ထဲမှနေ၍ ကျိန်ဆဲ ကြိမ်းမောင်းနေမိသည်။
'သေနာကောင် ကျိုးထျန်... အိမ်ကို တိတ်တိတ်ဆိတ်ဆိတ် ပြန်သွားလို့ မရဘူးလား... ကိလေသာကြောင့် ဘာလို့ အသိဉာဏ် ကင်းမဲ့နေရတာလဲ... မင်း ဘယ်သူ့ကို သွားရန်စမိလဲ ဆိုတာ ကြည့်စမ်းပါဦး'
သို့သော် နောက်ကျသွားခဲ့လေပြီ။
ဖွတ်...
အဘိုးအိုမှာ ဟင်းလင်းပြင် စွမ်းအား၏ ဖိချေမှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့၏။
"စန်းယန်ကုန်း သေသွားပြီလား" ကျိုးထျန် အံ့အားသင့် မှင်သက်သွားသည်။ "သူက သုခဘုံ ကျွမ်းကျင်သူ တစ်ယောက်လေ... ဘယ်လိုလုပ် ဒီလိုမျိုး အလွယ်လေး အသတ်ခံလိုက်ရတာလဲ"
"အဲ့ဒါက သူမ အရမ်း အစွမ်းထက်နေလို့ပေါ့" ချန်ယွင်က မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
သူ နောင်တရနေမိ၏။ ဤဦးနှောက်မရှိသော မင်းသားကို စောစောစီးစီး အဘယ်ကြောင့် စွန့်ခွာမသွားခဲ့သနည်းဟု နောင်တရနေခြင်းပင်။ အကယ်၍ သူသာ စွန့်ခွာသွားခဲ့လျှင် ဤကဲ့သို့ အကျပ်အတည်းမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ချေ။
လင်းလုံ၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ထွက်ပေါ်လာသည်။
သူမက ဓားကို ဝှေ့ယမ်း၍ စစ်သင်္ဘောအား ထက်ပိုင်း ပိုင်းဖြတ်လိုက်လေပြီ။
ကျိုးထျန်နှင့် ချန်ယွင်တို့က အထူးပစ္စည်း တစ်ခု၏ အကူအညီဖြင့် အခြား နေရာတစ်ခုသို့ ပြောင်းရွှေ့သွားကြသည်။
"မင်းက ဘယ်သူလဲ... ငါတို့ကို ဘာလို့ သတ်ချင်နေရတာလဲ" ကျိုးထျန်က အော်ဟစ်၍ ပြောသည်။"စီနီယာ... အခုလေးတင် ကျွန်တော် ပြောခဲ့တာတွေ အတွက် တောင်းပန်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးလို့ ရမလား"
"နင့်ကို သတ်ပြီးတာနဲ့ ငါ ခွင့်လွှတ်ပေးမယ်" လင်းလုံက တုံ့ပြန်လိုက်သည်။ သူမက ကျိုးထျန်ထံ ဓားစွမ်းအင် တစ်ခု ပစ်လွှတ်လိုက်သော်လည်း အဝေးမှ ဖြတ်သန်းလာသော အခြား ဓားစွမ်းအင် တစ်ခု၏ ကြားဖြတ် တားဆီးခြင်းကို ခံလိုက်ရ၏။
အဝေးမှ တစ်စုံတစ်ခု လင်းလက်သွားပြီး အမျိုးသား တစ်ဦး လင်းလုံရှေ့တွင် ထွက်ပေါ်လာသည်။ "ကျွမ်းကျင်သူ တစ်ယောက် အနေနဲ့ ကိုယ့်ထက် အားနည်းတဲ့ သူတစ်ယောက်ကို ဘာလို့ အခက်တွေ့အောင် လုပ်နေရတာလဲ" သူကား လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးပင်။ လက်ထဲတွင် ဓားရှည် တစ်လက်ကို ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ လွှမ်းခြုံထားပေသည်။
"စီနီယာ တာအိုရှန်" ချန်ယွင်က စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။
"စီနီယာ တာအိုရှန်" ကျိုးထျန်လည်း ဒူးထောက် ကျသွားတော့သည်။
"မင်းဆက်ကို ပြန်ရောက်တာနဲ့ မင်းကို ရှင်းမယ်" တာအိုရှန်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ "အခု ထွက်သွားစမ်း"
ကျိုးထျန် တစ်ကိုယ်လုံး တုန်ယင်သွားပြီး ထွက်ပြေးသွားတော့၏။
"မင်းလုပ်ခဲ့တာတွေ အတွက် ထွက်ပြေးလို့ လွတ်မယ် ထင်နေတာလား" လင်းလုံ ပြုံးလိုက်သည်။ သူမ၏ ပုံရိပ်များ စတင် ဝေဝါးသွားပြီး တာအိုရှန်၏ အမူအရာလည်း ပြောင်းလဲသွားသည်။
"မင်း အဲ့လို တကယ် လုပ်ရမှာလား"
သူ့ ဓားမှာ လင်းလက်သွားပြီး အကာအကွယ် အလွှာတစ်ခုက ကျိုးထျန်အား လွှမ်းခြုံသွားတော့သည်။
သို့သော် ဓားစွမ်းအင် တစ်ခုက အကာအကွယ် အလွှာကို ထိုးဖောက်သွားပြီး ကျိုးထျန်၏ နဖူးကို ဖောက်ဝင်သွားခဲ့လေပြီ။
ကျိုးထျန် မှင်သက်သွား၏။ သူ ပါးစပ် ဟသွားပြီး မျက်လုံးထဲမှ အလင်းရောင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"သေစမ်း..." တာအိုရှန်က ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူတတ်နိုင်သည်မှာ ဘာမျှ မရှိခဲ့ချေ။
သူက အန္တိမ အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော်ငြား ဟင်းလင်းပြင် စွမ်းအားကို အသုံးပြုနိုင်သည့် တူညီသော အဆင့်ရှိ ပြိုင်ဘက်ကိုတော့ ဘာမှ မတတ်နိုင်ခဲ့ပေ။
"ငါသာ အစွမ်းမထက်ရင် သူတို့က ငါ့ကို လွှတ်ပေးမယ် ထင်နေလား... သူ သေသွားပြီဆိုတော့ အခု နင့အလှည့်ပဲ" လင်းလုံက အော်ဟစ်လိုက်သည်။
"ငါ့လမ်းကြောင်းပေါ် ဝင်လာတဲ့ ဘယ်သူ့ကိုမဆို ငါသတ်မယ်... နင်က တိုင်းပြည်ကို ကိုယ်စားပြုရင်တောင်မှပဲ"
တာအိုရှန်က ဟိန်းဟောက်ကာ… “ဟမ့်... အရမ်း မမောက်မာစမ်းနဲ့ ကောင်မလေး"
'ငါတို့ နှစ်ယောက်လုံးက အန္တိမ အဆင့် ကျွမ်းကျင်သူတွေပဲ... မင်းက ဘယ်လိုလုပ် ငါ့ကို နည်းနည်းလေးတောင် မလေးစားရတာလဲ... မင်းကိုယ်မင်း အနိုင်မခံ အရှုံးမပေးနိုင်ဘူးလို့ တကယ် ထင်နေတာလား'
***