"ဂိုဏ်းတူအစ်ကို... အာကာသ ကိုယ်ပွားက မဟာကျိုး မင်းဆက်ရဲ့ တစ်ဆယ့်ရှစ်ပါးမြောက် မင်းသား ကျိုးထျန်ကို သတ်ပစ်လိုက်ပြီ..." ဇီလင်းလုံက မေးမြန်းလာ၏။ "ဒါက ငါတို့အတွက် ပြဿနာ တစ်ခုခု ဖြစ်လာနိုင်လား"
"စိတ်မပူပါနဲ့... မင်းဆက် တစ်ခုလောက်ပါပဲ..." ကျန်းမင်က ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်လိုက်သည်။ "အရင်က သူ့အသက်ကို ယူဖို့ ငါ တစ်ခါ ကြိုးစားဖူးပေမဲ့ သူ ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်... သူ ထွက်ပြေးသွားကတည်းက ငါလည်း သူ့ကို လွှတ်ထားပေးဖို့ ဆုံးဖြတ်ခဲ့တာ... ဒါပေမဲ့ သူက ဒီကို နောက်တစ်ခေါက် ပြန်လာရဲလောက်အောင် သတ္တိရှိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... အင်းလေ... သူကိုယ်တိုင် သေလမ်း ရှာတာလို့ပဲ ပြောရမှာပေါ့... ဒါနဲ့... သူမရဲ့ ကျင့်ကြံခြင်း အဆင့်က ထပ်တိုးလာပြန်ပြီလား... ဒါကြောင့် ဒီကို ပြန်လာနေတာမလား"
"ဟုတ်တယ်..." လင်းလုံ ခေါင်းညိတ်ပြ၏။ "သူမ ဉာဏ်အလင်းပွင့်ဖို့ အခွင့်အရေး တစ်ခုနဲ့ ကြုံခဲ့ရတယ်... အဲ့ဒါကြောင့် ဒီကို ပြန်လာဖို့ စဉ်းစားခဲ့တာ... ဒါပေမဲ့ လမ်းမှာ ကျိုးထျန်နဲ့ သူ့တပ်တွေနဲ့ သွားဆုံလိမ့်မယ်လို့ မထင်ထားခဲ့ဘူးလေ... အစကတော့ သူမက လျစ်လျူရှုထားဖို့ ကြိုးစားသေးတယ်... ဒါပေမဲ့ အဲ့ဒီလူတွေက အလွတ်မပေးတော့ သူမလည်း ကိုယ့်စွမ်းအင်ကို စမ်းသပ်ရင်း ကျိုယန်ဂိုဏ်းရဲ့ ဂုဏ်သတင်းကိုပါ မြှင့်တင်ဖို့ အဲ့ဒီလူတွေ အကုန်လုံးကို သတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာပဲ"
လင်းလုံ၏ စကားကို ကြားပြီးနောက် ကျန်းမင်လည်း ခေါင်းခါယမ်း၍ သူ့ခါးသူ ပြန်နှိပ်နယ်နေတော့သည်။
လင်းလုံက ပါးစပ်ကို အုပ်၍ တခစ်ခစ် ရယ်မောကာ… “အစ်ကိုကြီး... အဲ့လောက်တောင် ဖြစ်သွားတာလား"
"ဘာလို့ မဖြစ်ရမှာလဲ..." ကျန်းမင်က စိတ်ပျက်လက်ပျက်ဖြင့် ညည်းတွားသည်။ "ငါက ဘာတတ်နိုင်မှာလဲ... မင်းတို့ ကိုးယောက်လုံးက ငါ့အပေါ် တစ်လှည့်စီ တက်နေကြတာလေ... ငါ့မှာ အနားယူဖို့ မလိုဘူး ထင်နေလား... မင်းတို့ လုပ်နေတဲ့ အရှိန်နဲ့ဆို သံချောင်းတောင် အပ်တစ်ချောင်း ဖြစ်သွားလောက်ပြီ"
"ကျွန်မတို့ တစ်ယောက်ချင်းစီက မတူကြဘူးလေ... ပြီးတော့ ညတိုင်း အစ်ကိုကြီးကို ပြုစုယုယပေးနေတာကို... အစ်ကိုကြီးက ဘယ်လိုလုပ် ကျွန်မတို့ကို ညည်းတွားနိုင်ရတာလဲ..." လင်းလုံ ဆွံ့အသွားပြီး ဆက်ပြောလိုက်၏။ "ဒါမှမဟုတ် အစ်ကိုကြီး တကယ်ပဲ မလုပ်နိုင်တော့တာလား"
ကျန်းမင် အပြောခံလိုက်ရသဖြင့် စကားလမ်းကြောင်း အလျင်အမြန် လွှဲပစ်သည်။ "လင်းလုံ... မင်းရဲ့ ကိုယ်ပွားတွေ အကုန်လုံးက သူတို့ရဲ့ ကိုယ်ပိုင် စရိုက်လက္ခဏာတွေ ရှိလာပုံရတယ်... အဲ့ဒါ အဆင်ပြေပါ့မလား"
"ကျွန်မ တမင်တကာ လုပ်ထားတာပါ... ဘာပဲဖြစ်ဖြစ် ဒီလိုနည်းလမ်းနဲ့မှ သူတို့ တစ်ယောက်ချင်းစီ လွတ်လွတ်လပ်လပ် ကြီးထွားလာနိုင်မှာလေ..." လင်းလုံက ကျန်းမင်၏ ရင်ခွင်ထဲ မှီချရင်း ရှင်းပြသည်။ "ကျွန်မက သူတို့ရဲ့ အရင်းအမြစ် စွမ်းအင်တွေကို ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ အသက်တွေက ကျွန်မ လက်ထဲမှာပဲ ရှိနေတာ... ဒါ့အပြင် သူတို့ရဲ့ မှတ်ဉာဏ်တွေကိုလည်း ကျွန်မ အချိန်မရွေး ချိတ်ဆက် ယူငင်လို့ ရတယ်... အရမ်းကြီး စိတ်မပူပါနဲ့ အစ်ကိုကြီးရယ်... တကယ်လို့ သူတို့က ကျွန်မဆီကနေ ခွဲထွက်သွားပြီး လုံးဝ ကွဲပြားတဲ့ လူတစ်ယောက် ဖြစ်သွားရင်တောင် အစ်ကိုကြီးရဲ့ ညီမလေးတွေပဲ ဆက်ဖြစ်နေမှာပါ"
"ဒါဆိုလည်း ကောင်းတာပေါ့လေ..." ကျန်းမင် ခေါင်းညိမ့်မိ၏။ သူက ရှေ့သို့ လှမ်းကြည့်လိုက်ပြီး ကျုံးပြည်နယ် ရှိရာ အရပ်ဆီသို့ အကြည့်များ စူးစိုက်သွားတော့သည်။
အာကာသ လင်းလုံအား စောင့်ကြည့်နေစဉ် လူသားလမ်းစဉ် မှတ်တမ်းကျမ်းမှာ သူ့ ဘေးတွင် ပျံဝဲနေလျက်။
ကျုံးပြည်နယ်တွင်တော့…
အာကာသ လင်းလုံက ဓားတစ်ချက် ဝှေ့ယမ်းမှုဖြင့် တာအိုရှန်၏ ဘယ်ဘက် လက်မောင်းကို ခုတ်ပိုင်းပစ်လိုက်သည်။ ထိုအခိုက် သူ့ ခန္ဓာကိုယ်မှ အင်မော်တယ် အလင်းတန်း တစ်ခု ပေါက်ကွဲထွက်လာပြီး သူ့ စိတ်ဝိညာဉ်ဆီသို့ ဦးတည်လာသော တိုက်ခိုက်မှုကို ကာကွယ်ပေးလိုက်သဖြင့် အသက်လုဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့၏။
"ဟင်းလင်းပြင်တာအိုကို ကျွမ်းကျင်တဲ့ အန္တိမအဆင့် ကျွမ်းကျင်သူ ပီသပါပေတယ်... မင်းက တကယ်ကို အစွမ်းထက်တာပဲ..." တာအိုရှန်က အခုလေးတင် သေလုနီးပါး ဖြစ်ခဲ့ရသဖြင့် မျက်နှာထား တင်းမာနေလျက် ချီးကျူးစကား ဆိုသည်။
သူက ခေါင်းလှည့်မကြည့်ဘဲ ဒေါသတကြီး ဟိန်းဟောက်ကာ… “မင်းတို့ကောင်တွေ... အဲ့ဒီမှာ ရပ်ပြီး ကြည့်နေဦးမှာလား"
အဝေးမှ အလင်းတန်းများ လှိုင်းထသွားပြီး နောက်တစ်စက္ကန့်တွင် လူသုံးယောက် လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ သူတို့ အားလုံးမှာ လူငယ်များ ဖြစ်ပုံရပြီး ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်များ ကိုယ်စီ ထုတ်လွှတ်နေကြပေသည်။
"အဘိုးကြီး တာအိုရှန်..." အဖြူရောင် ဝတ်စုံနှင့် လူငယ်က မျက်နှာပေါ်တွင် ပြုံးဖြီးဖြီး အမူအရာဖြင့် တာအိုရှန်ဆီ လျှောက်လာသည်။ "ငါက ခင်ဗျားအတွက် ပန်းခြံထဲ လမ်းလျှောက်ရသလို လွယ်မယ် ထင်နေတာ... ဒီလောက် မြန်မြန် အရေးနိမ့်သွားလိမ့်မယ်လို့ မထင်ထားဘူး"
"မဟုတ်ပါဘူး..." အနီရောင် ဝတ်စုံနှင့် လူငယ်က ခေါင်းခါယမ်း၏။ "သူက မိန်းကလေးကို အခွင့်အရေး ပေးနေတာပါ... အဘိုးကြီး တာအိုရှန်... ခင်ဗျားက ဒီအရွယ် ရောက်နေတာတောင် မိန်းမချောလေးတွေဆို ငဲ့ညှာတတ်တဲ့ နှလုံးသား ရှိနေတုန်းပဲဆိုတော့ တကယ် အံ့ဩမိသား"
အပြာရောင် ဝတ်စုံနှင့် လူငယ်ကတော့ ပြုံးယုံသာ ပြုံးနေပြီး ဘာမှ ဝင်မပြောပေ။
သူတို့ စကားပြောနေစဉ် အတွင်းမှာပင် အာကာသ လင်းလုံက သူမ၏ သုခဘုံပုံရိပ်ယောင်ကို အသက်သွင်း၍ ဤပတ်ဝန်းကျင် တစ်ခုလုံးအား ချိတ်ပိတ်လိုက်လေပြီ။
"နောက်ဆုံးတော့ မင်းတို့တွေ ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီပေါ့... ဆက်ပုန်းနေကြဦးမယ် ထင်နေတာ..." သူမ၏ မျက်ဝန်းများထဲတွင် ဝမ်းသာအားရ ဖြစ်မှုများ ပြည့်နှက်နေလျက်။
"မင်း ငါတို့ကို သတိထားမိနေတာလား..." အဖြူရောင် ဝတ်စုံနှင့် လူငယ် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
"အလင်းတန်း တာအိုက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်တဲ့ နေရာမှာ တကယ်ကို ကောင်းမွန်တဲ့ စွမ်းရည် တစ်ခုပါပဲ... ဒါပေမဲ့ အာကာသ တာအို ရှေ့မှာတော့ ဘာမှ မဟုတ်ဘူး..." လင်းလုံက ဆက်ပြောသည်။ "နင်တို့ကော ငါ့ကို လာတိုက်ခိုက်ကြမလို့လား"
"မင်းက ငါတို့ မင်းသားကို သတ်တယ်... ငါတို့ အင်ပါယာရဲ့ ဂုဏ်သိက္ခာကို စော်ကားတယ်... အဲ့ဒါကို ငါတို့က ထိုင်ကြည့်နေမယ် ထင်နေတာလား... တကယ်လို့ ငါတို့သာ ဝင်မပါဘူးဆိုရင် တခြားလူတွေကလည်း ငါတို့ တိုင်းပြည်ထဲ လာပြီး မင်းသား တစ်ပါးပါးကို အလွယ်တကူ လာသတ်သွားရင် ဘယ်လိုလုပ်မလဲ... အဲ့ဒါဆို ငါတို့အတွက် ပြဿနာတွေ အများကြီး တက်လာမှာပေါ့... မင်း အဲ့ဒီလို မထင်ဘူးလား"
အဖြူရောင် ဝတ်စုံနှင့် လူငယ်က ဆက်ပြောလာ၏။ "ရိုးရိုးသားသား ပြောရရင် မင်းသား တစ်ပါး၊ နှစ်ပါးလောက် သေသွားတာကို ငါတို့ သိပ်ဂရုမစိုက်ပါဘူး... ဒါပေမဲ့ အဲ့ဒါက ငါတို့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေရမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလေ... မိန်းကလေး... ကျေးဇူးပြုပြီး နန်းတော်ကို ငါတို့နဲ့ အတူ လိုက်ခဲ့ပါ... မင်းရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆို ဘယ်သူမှ မင်းကို အခက်တွေ့အောင် လုပ်ရဲမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
"နင်ပြောခဲ့တဲ့ စကားတွေအတွက် နင်တို့ကို ငါ အလွတ်ပေးလိုက်မယ်... အခု ငါ့ရှေ့ကနေ ထွက်သွားစမ်း..." လင်းလုံ အော်ဟစ်လိုက်သည်။ "ဒီနေ့ တာအိုရှန်ကို ငါ သတ်ကို သတ်ရမယ်... ဒါပေမဲ့ နင်တို့ အခု ထွက်သွားရင် မင်းတို့ အသက်တွေကိုတော့ ချမ်းသာပေးမယ်... မဟုတ်ရင်တော့ ဒီနေရာက နင်တို့ရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်"
"အဓိပ္ပာယ် မရှိတာ..." အနီရောင် ဝတ်စုံနှင့် လူငယ်က ဟိန်းဟောက်လာ၏။ "အာကာသ စွမ်းအားကို အပြည့်အဝ ကျွမ်းကျင်ထားရုံနဲ့ မင်း လုပ်ချင်တာ အကုန် လုပ်လို့ရတယ်လို့ တကယ် ထင်နေတာလား... မင်းက ငါတို့နဲ့ အင်ပါယာကို တကယ် အထင်သေးလွန်းနေပြီ"
လင်းလုံက အသံနှိမ့်ကာ… “မင်းတို့ ထွက်မသွားဘူးပေါ့လေ..."
"ငါတို့လည်း နောက်ဆုံးအကြိမ် ထပ်ပြောမယ်... ဘာမှ ပြန်ခုခံမနေဘဲ အဖမ်းခံလိုက်... မဟုတ်ရင် မင်းကို အခုချက်ချင်း သတ်ပစ်မယ်..." အနီရောင် ဝတ်စုံနှင့် လူငယ်က ပြောလိုက်သည်နှင့် သူ့ ရှေ့တွင် စောင်းတစ်လက် ထွက်ပေါ်လာတော့သည်။
"အချိန်ရပ်တန့်ခြင်း..."
လင်းလုံက သူတို့ကို စကားဆက်ပြောခွင့် မပေးတော့ဘဲ သူမ၏ သုခကမ္ဘာနှင့်တကွ ဟင်းလင်းပြင်တာအို၏ အစွမ်းအထက်ဆုံး မှော်ပညာများကို ထုတ်ဖော်လိုက်လေပြီ။
ထိုခဏ၌ တာအိုရှန်နှင့် လူငယ် သုံးဦးစလုံး နေရာတွင်ပင် အေးခဲသွားကြ၏။ သို့သော် သူတို့ ချုပ်နှောင်ခံထားရမှုမှ ရုန်းထွက်နိုင်ရန် ကြိုးစားနေကြသဖြင့် ခန္ဓာကိုယ်များ အတွင်းမှ ကြီးမားလှသော စွမ်းအားများ ပေါက်ကွဲထွက်လာနေသည်။
သူတို့ လွတ်မြောက်ဖို့ရန် နောက်ထပ် တစ်မိနစ်ခန့်သာ လိုအပ်သော်လည်း ထိုအခွင့်အရေးမျိုး ထပ်မရနိုင်တော့ချေ။
ရွှစ်...
မျက်တောင် တစ်ခတ် အတွင်းမှာပင် လင်းလုံက သူတို့၏ နဖူးများကို ဖောက်ဝင်သွားခဲ့ပြီး အသိစိတ်ပင်လယ်များကို ဖျက်ဆီးကာ သုခကမ္ဘာအတွင်းရှိ သူတို့၏ ဝိညာဉ်များကို အစတုံး ချေမှုန်းပစ်လိုက်သည်။ လူလေးယောက်လုံး သေဆုံးသွားခဲ့လေပြီ။ သူတို့၏ ခန္ဓာကိုယ်များ ပြိုကျ ပျက်စီးသွားပြီး လက်ရပစ္စည်း အများအပြား ချန်ရစ်ခဲ့၏။
လင်းလုံလည်း သူမ၏ အင်္ကျီလက်ကို ဝှေ့ယမ်းကာ ပစ္စည်းများ အားလုံးကို သိမ်းဆည်း၍ ထွက်ခွာသွားတော့သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အဘိုးအို တစ်ဦး ထွက်ပေါ်လာသည်။
"ဘယ်လောက်တောင် ယုတ်မာလိုက်လဲ... သူတို့ကို အကုန် သတ်သွားတာပဲ" အဘိုးအိုမှာ ဒေါသထွက်နေသော်လည်း သူ့ လက်ရှိ အရှိန်ဖြင့် လင်းလုံကို မီအောင် မလိုက်နိုင်မှန်း ကောင်းကောင်း သိထား၏။ သူ ခဏတာ တွေးတောပြီးနောက် အင်ပါယာဆီသို့သာ ပြန်လှည့်သွားတော့သည်။
သူက ကျိုးထျန် သေသွားသည်ဖြစ်စေ၊ ရှင်နေသည်ဖြစ်စေ ဂရုမစိုက်သော်ငြား အန္တိမအဆင့် ကျွမ်းကျင်သူ လေးယောက် ဆုံးရှုံးသွားခြင်းမှာ အင်ပါယာ အတွက်တော့ ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်ပေသည်။
တစ်ရက် အကြာတွင်တော့ ဧကရာဇ်၏ အမိန့်တော် တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ အိမ်ရှေ့စံ မင်းသား ကိုယ်တိုင် အရှေ့ပိုင်းဒေသကို ကျူးကျော်၍ ကျိုယန်ဂိုဏ်းအား ဖျက်ဆီးရန် တပ်ဖွဲ့ကြီးကို ဦးဆောင်သွားမည် ဟူ၍ပင်။
စစ်သင်္ဘော အစင်း တစ်ရာမှာ အရှေ့ပိုင်းဒေသဆီသို့ ဦးတည် ထွက်ခွာသွားကြလေပြီ။
နန်းတော် အတွင်း၌ သန့်စင်သော ဧကရာဇ်ဟု လူသိများသည့် ဧကရာဇ်မင်းမှာ သူ့ ရာဇပလ္လင်ထက်တွင် ထိုင်နေ၏။
သူကား လူလတ်ပိုင်း အရွယ်ခန့် ရှိသော်လည်း လွှမ်းမိုးနိုင်စွမ်းရှိပြီး တော်ဝင်ဆန်သော အငွေ့အသက်များက သူ့ပတ်လည်တွင် ဝန်းရံနေသည်။ သူ့ ခေါင်းထက်မှ အဝါရောင် အလင်းတန်း တစ်ခု ထွက်ပေါ်နေသဖြင့် ယခင်ကထက်ပင် ပို၍ ခန့်ညား ထည်ဝါနေသယောင်။
"အရှင်မင်းကြီး..." အဘိုးအို တစ်ဦးက လျှောက်တင်လာသည်။ "ကျွန်တော်မျိုးတို့ ရရှိထားတဲ့ သတင်းတွေအရ ကျိုယန်ဂိုဏ်းက အရှေ့ပိုင်း ဒေသမှာ ဒုတိယအဆင့် ရှိတဲ့ ဂိုဏ်းတစ်ခု ဖြစ်ပေမဲ့ သူတို့ကို မဟာအရှင်သခင် တစ်ပါးက ကာကွယ်ပေးထားပါတယ်... မြောက်ပိုင်း ဒေသကို ကျူးကျော်လာတဲ့ မိစ္ဆာတပ်ကြီးကို ဖျက်ဆီးပစ်လိုက်တာ ကျိုယန်ဂိုဏ်း ဖြစ်ဖို့ များတယ်... တကယ်လို့ ကျွန်တော်မျိုးတို့သာ သူတို့ကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်လိုက်လို့ အဲ့ဒီပုဂ္ဂိုလ် ဒေါသထွက်လာရင် ကျွန်တော်မျိုးတို့တောင် သူ့ကို တားဆီးနိုင်ပါ့မလားလို့ စိုးရိမ်မိပါတယ်"
"စိတ်အေးအေး ထားပါ ဝန်ကြီးကျို..." ကျိုးဧကရာဇ်က တည်ငြိမ်စွာပင် ပြန်လည် တုံ့ပြန်သည်။
ရုတ်တရက် နန်းတော် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
"ယန်ထျန်းဂိုဏ်းရဲ့ သန့်စင်သော အရှင်သခင် ရောက်လာပါပြီ"
ထိုအသံမှာ ကြောက်ရွံ့ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေလေသည်။
နောက်တစ်စက္ကန့်တွင် လူရိပ်တစ်ခုက ခန်းမဆောင် အတွင်းသို့ အလျင်အမြန် ဝင်ရောက်လာပြီး အစောင့်အနည်းငယ်ကလည်း နောက်မှ လိုက်ပါလာကြသည်။
ကျိုးဧကရာဇ် မတ်တပ် ထရပ်လိုက်ပြီး အစောင့်များအား ထွက်သွားရန် လက်ဝှေ့ယမ်း ပြလိုက်၏။ သူ ပလ္လင်ပေါ်မှ ဆင်းလာပြီး ပြုံး၍ နှုတ်ဆက်သည်။ "ဘာကိစ္စ ရှိလို့လဲ ရှန်တောက်ယန်... လာမယ်ဆိုလည်း ငါ့ဆီ သတင်းကြိုပို့သင့်တာပေါ့"
"ကျိုးဧကရာဇ်..." ရှန်တောက်ယန်က ကျိုးဧကရာဇ်ကို ဦးညွှတ်လိုက်သော်လည်း သူ့ မျက်နှာထားမှာ တင်းမာနေလျက်။ "အရှေ့ပိုင်းဒေသက ကျိုယန်ဂိုဏ်းဆီကို တပ်တွေ စေလွှတ်လိုက်တာလား"
"မင်းကို ဖုံးကွယ်ထားလို့ မရဘူး ဆိုတာ ငါ သိပါတယ်... ငါ့သား အသတ်ခံလိုက်ရတယ်... ပြီးတော့ အကြီးအကဲ လေးယောက်လည်း အသက် ဆုံးရှုံးသွားရတယ်... ဒါက ကြီးမားတဲ့ ကိစ္စရပ် တစ်ခုပဲ... ငါတို့ အင်ပါယာရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်နေလို့ ဒါကို အလွယ်တကူ လွှတ်ထားပေးလို့ မဖြစ်ဘူး"
"ဟူး... ကျွန်တော့်စကားကို နားထောင်ပါ အရှင်မင်းကြီး... အမိန့်ကို အခုချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပါ... ပြီးမှ နောက်ထပ် ဘာဆက်လုပ်သင့်လဲ ဆိုတာကို စဉ်းစားကြတာပေါ့"
"မဖြစ်နိုင်ဘူး... ငါက ဧကရာဇ်လေ... ထုတ်ပြန်ပြီးသား အမိန့် တစ်ခုကို ပြန်ရုတ်သိမ်းလို့ မရဘူး... ရှန်တောက်ယန်... ငါက အရှေ့ပိုင်းဒေသကို တပ်တွေ စေလွှတ်လိုက်ယုံပါပဲ... မင်းက ဘာလို့ ဒီလောက်တောင် စိုးရိမ်နေရတာလဲ"
"အရှေ့ပိုင်းဒေသကို တပ်တွေ စေလွှတ်လိုက်မှန်း သိသိချင်းပဲ ကျွန်တော် အနာဂတ်ကို ကြည့်ဖို့ ကြိုးစားခဲ့တယ်... ကျွန်တော် ဘာမြင်ခဲ့ရလဲ အရှင်မင်းကြီး သိလား... ကောင်းကင်ကြီးက သွေးမိုးတွေ ရွာသွန်းနေပြီး မြေပြင်ကြီးကလည်း ပြိုကွဲပျက်စီးနေတယ်... ကျုံးပြည်နယ်... ကျုံးပြည်နယ်ကြီး ပျက်စီးသွားလိမ့်မယ်..." ရှန်တောက်ယန် စကားပြောနေရင်း သူ့ မျက်နှာမှာ စက္ကန့်နှင့်အမျှ ပို၍ ဖြူရော်လာတော့သည်။
ကျိုးဧကရာဇ် မျက်မှောင်ကြုတ်သွား၏။ ယန်ထျန်းဂိုဏ်း၏ အနာဂတ်ကို ကြည့်ရှုနိုင်စွမ်းအား သူ ကောင်းကောင်းကြီး သိထားသည် မဟုတ်ပါလား။
"အစ်ကိုကျိုး..." ရှန်တောက်ယန်က သက်ပြင်းချရင်း ဆက်ပြောလာသည်။ "အဲ့ဒီပုဂ္ဂိုလ်က အရှေ့ပိုင်းဒေသက လာတာ... ကျွန်တော်တို့ ခန့်မှန်းချက်တွေအရ ဆိုရင် သူက ကောင်းကင်အင်မော်တယ် တစ်ပါးထက်တောင် အများကြီး ပိုစွမ်းတယ်... အဲ့ဒါအပြင် သူ့လက်ထဲမှာ အင်မော်တယ် လက်နက်တွေလည်း ရှိနေသေးတယ်... တကယ်လို့ ကျွန်တော်တို့က သူ့ကို သွားရန်စမိရင် ဘာဆက်လုပ်ကြမလဲ"
"မြောက်ပိုင်းဒေသကို ကျူးကျော်လာတဲ့ မိစ္ဆာတွေ အကုန်လုံးနီးပါးကို ချေမှုန်းဖို့ သူက တိုက်ခိုက်မှု တစ်ချက်ပဲ သုံးခဲ့တာ... ပြီးတော့ သူ ဒုတိယအကြိမ် ဆင်းသက်လာတုန်းက ေတော်ဝင်ေမြအကုန်လုံး ပေါင်းပြီး တိုက်ခိုက်တာတောင် မသေတဲ့ ကျန်နေသေးတဲ့ မိစ္ဆာတွေကို တစ်ပြိုင်နက်တည်း ရှင်းပစ်ခဲ့တာ... တကယ်လို့ သူက ကျွန်တော်တို့ကို လာဖျက်ဆီးရင် မဟာကျိုး အင်ပါယာက သူ့ကို တားဆီးနိုင်မယ်လို့ အစ်ကိုကျိုး သေချာရဲ့လား"
"ငါ..." ကျိုးဧကရာဇ် တွေဝေသွားတော့သည်။ ထိုပုဂ္ဂိုလ် မည်မျှ အစွမ်းထက်ကြောင်း သူ ကောင်းကောင်း သိထားသော်လည်း ဤကိစ္စကို အကြီးအကဲများ ကောင်စီက ဆုံးဖြတ်ခဲ့ခြင်းပင်။ ထို့ကြောင့် သူကိုယ်တိုင်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။
"ဒါက... ဒါက..." ရှန်တောက်ယန်က ပါးစပ်ဟသွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်၏။ "အစ်ကိုကျိုး... ယန်ထျန်းဂိုဏ်းက အနာဂတ်ကို ကြည့်ရှုနိုင်တဲ့ စွမ်းရည်နဲ့ ကောင်းချီးပေးခံထားရပြီး ကျွန်တော်တို့ ရှာဖွေနေတာက အင်မော်တယ် ဖြစ်ဖို့ပဲ... ကြီးမားတဲ့ ဘေးဒုက္ခကြီး မရှိရင် ကျွန်တော်တို့က ဘယ်တိုက်ပွဲမှာမှ ဝင်ပါမှာ မဟုတ်ဘူး... အခု မကြာခင် ကြီးမားတဲ့ ကပ်ဘေးကြီး တစ်ခု ကျရောက်လာတော့မှာ ဆိုတော့ ယန်ထျန်းဂိုဏ်းက တံခါးပိတ် ကျင့်ကြံတော့မယ်... အစ်ကိုကျိုး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
ကျိုးဧကရာဇ်၏ အမူအရာ ပြောင်းလဲသွားသည်။ "အစ်ကိုရှန်... အဲ့ဒါ တကယ် သေချာရဲ့လား"
ရှန်တောက်ယန် စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်ပြီး ပြုံး၍ တုံ့ပြန်၏။ "မဟာကျိုးရဲ့ အကြီးအကဲများ ကောင်စီက အရမ်း အစွမ်းထက်ပေမဲ့ တော်ဝင် မိသားစုနဲ့ မျိုးနွယ်စု တချို့ရဲ့ မဟာမိတ် အဖွဲ့အစည်း တစ်ခုထက် မပိုပါဘူး... ဒါပေမဲ့ ယန်ထျန်းဂိုဏ်းက အကြီးအကဲများ ကောင်စီထက် အားမနည်းဘူး... အစ်ကိုကျိုး... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ"
ထို့နောက် သူ လှည့်ထွက်သွားတော့သည်။
ကျိုးဧကရာဇ်၏ မျက်နှာမှာတော့ မှုန်မှိုင်းလို့။
နန်းတော်နှင့် လီတစ်သောင်း ကွာဝေးသော တောင်တန်း တစ်ခုထက်တွင်တော့...
ယင်းမှာ ယန်ထျန်းဂိုဏ်း၏ ဌာနချုပ်ပင် ဖြစ်လေသည်။
သန့်စင်သော အရှင်သခင် ရှန် ပြန်လည် ရောက်ရှိလာပြီးနောက် အဖွဲ့ဝင်များကို အခြေအနေများအား အကျဉ်းချုံး ရှင်းပြလိုက်သည်။ ထိုစဉ် အိုမင်းနေသော အသံတစ်ခု ထွက်ပေါ်လာ၏။ "ယန်ထျန်းဂိုဏ်းက အတိတ်နဲ့ အနာဂတ်ကို ကြည့်ရှုနိုင်တဲ့ ကြီးမားတဲ့ စွမ်းရည်နဲ့ ကောင်းချီးပေးခံထားရတယ်... မဟာကျိုး မင်းဆက် ကြီးကျယ် ခမ်းနားလာဖို့ ငါတို့ ကူညီပေးခဲ့ပြီးပြီမလို့ သူတို့ကို ဘာအကြွေးမှ ဆပ်စရာ မလိုတော့ဘူး... အခု မဟာကျိုး မင်းဆက်က ကျောထောက်နောက်ခံ ရှာဖို့ အန္တရာယ်များတဲ့ လမ်းစဉ်ကို လိုက်ဖို့ ဆုံးဖြတ်ထားပေမဲ့ သူတို့က ချောက်ကမ်းပါး အစွန်းကို ရောက်နေပြီဆိုတာ မသိကြဘူး... နောက်ထပ် ခြေတစ်လှမ်း ထပ်လှမ်းတာနဲ့ သူတို့ သေချာပေါက် ပြုတ်ကျ သေဆုံးသွားလိမ့်မယ်... ဒီနေ့ကစပြီး ယန်ထျန်းဂိုဏ်းက မဟာကျိုး မင်းဆက်ရဲ့ နယ်မြေထဲကနေ ထွက်ခွာပြီး တံခါးပိတ် ကျင့်ကြံတော့မယ်"
တောင်ပေါ်ရှိ နန်းတော်ကြီးမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် လေဟာနယ် အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
ထျန်းယွမ်ကျောင်းတော်တွင်မူ...
ဟင်းလင်းပြင် နတ်ဘုရား ခန္ဓာကိုယ် ပိုင်ဆိုင်ထားသော အစွန်းရောက်လမ်းစဉ် အဆင့် ကျွမ်းကျင်သူ ရဲ့မင်က လျူချန်ကုန်းအား လာရောက် ရှာဖွေနေ၏။
"ဆရာ... ကျိုးဧကရာဇ်က အရှေ့ပိုင်းဒေသကို တိုက်ခိုက်ဖို့ တပ်တွေ စေလွှတ်လိုက်တယ်တဲ့... သူ ရူးသွားပြီလား"
"သူ မရူးပါဘူး... သူက ကျောထောက်နောက်ခံ ပေးမယ့်သူ တွေ့သွားလို့ ပိုပြီး ရဲတင်းလာတာပါ... အဲ့ဒါကြောင့် သူ အနာဂတ်မှာ အထက်ဘုံကို တက်လှမ်းမယ့် အချိန်ကျရင် နေရာကောင်း တစ်ခု ရနိုင်ဖို့ ကျုံးပြည်နယ်နဲ့ ကမ္ဘာလောကကြီးကို ပေါင်းစည်းဖို့ ဆုံးဖြတ်လိုက်တာပဲ"
"ဘာတွေ ဖြစ်နေတာလဲ ဆရာ..."
"ဒါက ထျန်းစစ်နဲ့ ပတ်သက်နေတယ်..."
"ထျန်းစစ်..."
"သူ တိုက်ခိုက်ခံရပြီးနောက်ပိုင်း အင်မော်တယ် လက်နက်တချို့ ဖွက်ထားတာကို ငါ သိလိုက်ကတည်းက တစ်ခုခု မှားနေပြီဆိုတာ သိခဲ့တယ်... သူ့ရဲ့ ကျင့်ကြံခြင်းကို အရှိန်မြှင့်ဖို့ အချိန်အခန်းကို ငါတို့ အသက်သွင်းပေးပြီး သူ သုခဘုံအဆင့်ကို တက်လှမ်းသွားချိန်မှာ သူ့ဝိညာဉ်က ပုံမှန်မဟုတ်ဘဲ လှုပ်ခတ်နေတာကို သတိထားမိခဲ့တယ်... ပြီးတော့ သူက အာကာသဟင်းလင်းပြင်နဲ့ ချိတ်ဆက်နေခဲ့တာ... အဲ့ဒီနောက်ပိုင်း သူ ဆက်လက် တံခါးပိတ် ကျင့်ကြံပြီးတော့ မကြာခင် အင်မော်တယ် အဆင့်ကို တက်လှမ်းသွားတယ်... ပြီးတာနဲ့ သူက တားမြစ်နယ်မြေကို သွားပြီး ကျိုယန်ဂိုဏ်းကို တိုက်ခိုက် စုံစမ်းဖို့ အကြီးအကဲတွေကို သွားဖြောင်းဖျခဲ့တယ်လေ"
"ဆရာ... သူက လူဝင်စားများ ဖြစ်နေမလား... ကျိုယန်ဂိုဏ်းကို သူက ဘာလို့ စုံစမ်းချင်နေရတာလဲ"
"အရင်ဆုံး ငါပြောတာကို နားထောင်ဦး... တခြားကမ္ဘာက မိစ္ဆာတွေ ကျူးကျော်လာမှုကြောင့် ကျိုယန်ဂိုဏ်းနဲ့ ပတ်သက်နေပုံရတဲ့ ပုဂ္ဂိုလ်က အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်တစ်ဦး အဖြစ် သတ်မှတ်ခံထားရတယ်... သူက အင်မော်တယ် လူဝင်စား တစ်ယောက်လည်း ဖြစ်နိုင်တယ်... ငါတို့ သေချာ မသိပေမဲ့ ဘာပဲဖြစ်ဖြစ် သူက သာမန်လူတွေထက် ကျော်လွန်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတဲ့သူပဲ... သူတို့က လူသားတွေဘက်မှာ ရှိနေတာဆိုတော့ သူတို့ကို စုံစမ်းဖို့ ငါတို့မှာ အခွင့်အရေး မရှိဘူးလေ... အဲ့ဒါကြောင့် ငါတို့ ထျန်းစစ်ကို ငြင်းပယ်လိုက်တာ"
"အဲ့ဒါက အမှန်ကန်ဆုံး လုပ်ရပ်ပါပဲ"
"အေးလေ... အဲ့ဒီနောက်ပိုင်း ထျန်းစစ်က အကြီးအကဲတွေ အကုန်လုံးကို သတ်ဖို့ သူ့စွမ်းအား အကုန်လုံးကို ထုတ်သုံးခဲ့တယ်... ဒါပေမဲ့ ထျန်းယွမ်ကျောင်းတော်မှာ လျှို့ဝှက်ကတ် တစ်ကတ် ရှိနေသေးတယ် ဆိုတာ သူ မမျှော်လင့်ထားခဲ့ဘူး... ငါတို့ ကြီးမားတဲ့ လက်နက်ကြီး တစ်ခုကို အသက်သွင်းလိုက်ပြီး သူ့ကို သတ်တော့မယ့် အချိန်လေးမှာတင် သူ ထွက်ပြေးသွားခဲ့တာ"
"သူ ဘယ်လိုတောင် ရဲတင်းရတာလဲ... ဆရာ... အဲ့ဒီအကြောင်းကို ကျွန်တော် ဘာလို့ နည်းနည်းလေးမှ မသိခဲ့ရတာလဲ"
"အဲ့ဒီအချိန်တုန်းက မင်း တံခါးပိတ် ကျင့်ကြံနေခဲ့တာလေ... ပြီးတော့ တားမြစ်နယ်မြေထဲမှာ ဖြစ်သွားတဲ့ ကိစ္စဆိုတော့ အပြင်လောကကိုလည်း မသက်ရောက်ခဲ့ဘူး... အခု မဟာကျိုး မင်းဆက်က အရှေ့ပိုင်းဒေသကို ရုတ်တရက် တပ်တွေ စေလွှတ်လိုက်တယ် ဆိုတော့ အခြေအနေက ကောင်းကင်ကြီးလို ရှင်းလင်းနေပါပြီ... ထျန်းစစ်နဲ့ သေချာပေါက် ပတ်သက်နေမှာပဲ"
"မဟာကျိုး မင်းဆက်ကို သူ ဘယ်လို ဖြောင်းဖျလိုက်တာလဲ... သူတို့က ေတော်ဝင်မြေထက်တောင် အင်အား ပိုကြီးတာကို... တည်ငြိမ်ရေးကို အဓိက ထားရမယ့် အချိန်မှာ ဘယ်လိုလုပ် အန္တရာယ်ကို အလွယ်တကူ လက်ခံရဲတာလဲ... ထျန်းစစ်ရဲ့ နောက်ခံက တကယ်ပဲ အံ့မခန်း ဖြစ်နေလို့များလား"
"ငါလည်း သေချာတော့ မသိဘူး... ဒါပေမဲ့ ငါ တစ်ခု သေချာ ပြောနိုင်တာက သူ အထက်ဘုံက တစ်ယောက်ယောက်နဲ့ အဆက်အသွယ် လုပ်နိုင်တယ် ဆိုတာပဲ"
"ဒါဆို ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"
"ကျိုယန်ဂိုဏ်းဆီကို ငါ သတင်းပို့ထားပြီးပြီ ဆိုတော့ အခု ငါတို့ လုပ်နိုင်တာက စောင့်ကြည့်ပြီး အဲ့ဒီလူက ဘယ်သူလဲ ဆိုတာ ရှာဖို့ပဲ... တစ်ချိန်တည်းမှာပဲ ထျန်းစစ်ရဲ့ နောက်ခံကိုလည်း စုံစမ်းဖို့ လိုတယ်... ကိစ္စတွေက ပိုပိုပြီး ရှုပ်ထွေးလာပြီ"
"ဟုတ်တယ်... တကယ်လို့ ခြေတစ်လှမ်း မှားသွားရင် ကျွန်တော်တို့..."
သူတို့ နှစ်ယောက်လုံး တိတ်ဆိတ်သွားကြ၏။
ကျိုယန်ဂိုဏ်း၊ ချူယန်တောင်ထွတ်တွင်တော့...
ရှီယောင်က ဇီလင်းလုံထံသို့ သတင်းစကား တစ်ခုကို ပေးပို့လိုက်တော့သည်။
***