ရှီယောင်က သူမ လက်ခံရရှိထားသော သတင်းစကားကို ဖတ်ရှုလိုက်၏။
"မဟာကျိုး မင်းဆက်က အိမ်ရှေ့စံ မင်းသား ဦးဆောင်တဲ့ တပ်ဖွဲ့ တစ်ရပ်ကို အရှေ့ပိုင်းဒေသဆီ စေလွှတ်လိုက်ပြီ... ထျန်းချီက အင်မော်တယ် တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်... သူ ပြန်ရောက်လာပြီး မဟာကျိုး မင်းဆက်နဲ့ ပူးပေါင်းသွားပြီပဲ"
ရှီယောင်က ဆက်ပြောလာသည်။
"ထျန်းယွမ် ကျောင်းတော်က စီနီယာ လျူချန်ကုန်း ဒီသတင်းကို ပို့လိုက်တာ... ဒါပေမဲ့ မဟာကျိုး မင်းဆက်က ဘာလို့ အရှေ့ပိုင်းဒေသဆီ ရုတ်တရက်ကြီး တပ်တွေ စေလွှတ်ရတာလဲ... ကမောက်ကမ အခြေအနေတွေ ငြိမ်သက်သွားတာမှ မကြာသေးဘူး... သူတို့က နယ်မြေချဲ့ထွင်တော့မလို့လား... တခြား တော်ဝင်မြေတွေရဲ့ ဒေါသကို သူတို့ မကြောက်ကြတော့ဘူးလား...”
“ထျန်းစစ်မှာ အင်မော်တယ် တစ်ပါး ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာ ငါတို့ အားလုံး သိကြပေမဲ့ သူ ပြန်ရောက်လာပြီ ဆိုတာက ဘာကို ဆိုလိုတာလဲ... ပြီးတော့ သူက မဟာကျိုး မင်းဆက်နဲ့ ပူးပေါင်းသွားတယ်တဲ့လား... ဘာအကြောင်းကြောင့်လဲ... မင်းဆက် တစ်ခုနဲ့ ယှဉ်ရင် ထျန်းယွမ် ကျောင်းတော်က ကျင့်ကြံဖို့ အများကြီး ပိုကောင်းတဲ့ နေရာ မဟုတ်ပါလား"
ရှီယောင်မှာ ထိုကိစ္စကို လုံးဝ နားမလည်နိုင်အောင် ဖြစ်နေမိ၏။
ဇီလင်းလုံက ပြုံးကာ… "သူတို့ အရှေ့ပိုင်းဒေသကို တပ်တွေ စေလွှတ်လိုက်တာက ငါတို့ကြောင့်လို့ ထင်တယ်... ထျန်းချီ ကိစ္စကတော့... သူ ထျန်းယွမ် ကျောင်းတော်ကို သစ္စာဖောက်ပြီး ငါတို့ကို ဖျက်ဆီးဖို့ မဟာကျိုး မင်းဆက်နဲ့ သွားရောက် ပူးပေါင်းလိုက်တာ သိသာပါတယ်... သူ ပြန်ရောက်လာပြီ ဆိုတာကတော့ သူ့ကို လူဝင်စား တစ်ယောက်လို့ သံသယ ဝင်နေကြလို့ နေမှာပေါ့"
ကျန်းမင် ခေါင်းညိတ် ထောက်ခံလိုက်၏။ "လင်းလုံ ပြောတာ မှန်တယ်... ဒီ လျူချန်ကုန်း ဆိုတဲ့လူက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်... ငါတို့ ကျိုယန်ဂိုဏ်းမှာ လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေပြီး အဲ့ဒါက မင်းနဲ့ ပတ်သက်နေတယ် ဆိုတာ သူ သိထားတယ်လေ... ဒါကြောင့် ရှီယောင်က တစ်ဆင့် ငါတို့ဆီ သတင်းစကား ပါးပေးဖို့ မျှော်လင့်ပြီး သူမဆီ သတင်းပို့လိုက်တာပဲ"
ရှီယောင် သူတို့နှင့် အတူရှိနေခြင်းမှာ လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ချေ။
ရှီယောင် မျက်မှောင်ကြုတ်လျက် ပြောလာ၏။ "ထျန်းယွမ် ကျောင်းတော်က အမြဲတမ်း ကြားနေ ရပ်တည်ချက်ကိုပဲ ထိန်းသိမ်းထားတာ... ဒါ့အပြင် သူတို့ရဲ့ နောက်ခံအင်အားက ငါတို့ တွေးထင်ထားနိုင်တာထက် အများကြီး ပိုနက်ရှိုင်းတယ်... အခု ငါ နားမလည်နိုင်တာက ထျန်းစစ်က ဘာလို့ ထျန်းယွမ် ကျောင်းတော်အစား မဟာကျိုး မင်းဆက်မှာ ကျင့်ကြံဖို့ ရွေးချယ်လိုက်ရတာလဲ ဆိုတာပဲ... ပြီးတော့ မဟာကျိုး မင်းဆက်က ဘာလို့ နင်တို့ကို လာတိုက်ခိုက်ချင်ရတာလဲ"
လင်းလုံက ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်သည်။ "ငါက ကျိုးထျန်နဲ့ အန္တိမအဆင့် ကျွမ်းကျင်သူ လေးယောက်ကို သတ်ပစ်လိုက်လို့ပေါ့"
ရှီယောင် မှင်သက် တုန်လှုပ်သွားတော့၏။ "ဘာ... နင်က ကျိုးထျန်နဲ့ အန္တိမအဆင့် ကျွမ်းကျင်သူ လေးယောက်ကို သတ်ပစ်လိုက်တယ်... လင်းလုံ... နင်က ဘယ်အချိန်ကစပြီး ဒီလောက်တောင် အစွမ်းထက်သွားရတာလဲ... ငါက ရီယွဲ့ဂိုဏ်းရဲ့ သူတော်စင် သမီးတော် တစ်ပါး ဖြစ်ပြီး ဒီမှာပဲ အချိန်ပြည့် ကျင့်ကြံနေခဲ့တာတောင် ကနဦးဝိညာဉ် အဆင့်မှာပဲ ရှိနေသေးတာကို... ဒါပေမဲ့ နင်က... နင်က အန္တိမ အဆင့် ကျွမ်းကျင်သူ လေးယောက်ကို သတ်လိုက်တယ်တဲ့လား... နေပါဦး... နင်က တောင်ပေါ်မှာပဲ အချိန်ပြည့် ရှိနေခဲ့တာ မဟုတ်ဘူးလား... သူတို့ကို ဘယ်လိုလုပ် သွားသတ်လိုက်တာလဲ"
လင်းလုံက မေးဆတ်ပြရင်း ညွှန်ပြလိုက်သည်။ "ဟိုးဘက်ကို ကြည့်လိုက်စမ်းပါ"
ရှီယောင် လျင်မြန်စွာ ခေါင်းလှည့်ကြည့်လိုက်ရာ လူရိပ်တစ်ခု သူတို့ရှိရာဆီသို့ လျှောက်လှမ်းလာသည်အား မြင်နေရ၏။ သူမက ချူယန်တောင်ထွတ်၏ အကာအကွယ် အလွှာကို ဖြတ်သန်း၍ အပန်းဖြေအဆောင် အတွင်းသို့ မည်သည့် အခက်အခဲမျှ မရှိဘဲ ဆင်းသက်လာခဲ့လေသည်။
ရှီယောင် အံ့အားသင့် မှင်သက်သွားသော်လည်း မကြာမီတွင် အကြောင်းစုံကို ရိပ်မိသွားတော့သည်။ "နောက်ထပ် လင်းလုံ တစ်ယောက်လား... သူက နင့်ရဲ့ ကိုယ်ပွား မဟုတ်လား"
အာကာသ လင်းလုံက ရှီယောင်အား ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်ရင်း နှုတ်ဆက်လာ၏။ "မတွေ့တာ ကြာပြီနော် ရှီယောင်... နင်က ဘာလို့ အပျိုစစ်စစ် ဖြစ်နေတုန်းလဲ... ငါ့အစ်ကိုကြီးကို အခုထိ အပိုင်မချုပ်ရသေးဘူးလား... နင်က တကယ် သုံးမရတာပဲ ရှီယောင်"
ရှီယောင်၏ မျက်နှာမှာ ရှက်ရွံ့မှုကြောင့် ရဲတက်သွားပြီး အာကာသ လင်းလုံအား စူးရဲစွာ စိုက်ကြည့်လိုက်သည်။ သူမ ချက်ချင်း လှည့်ထွက်သွားချင်စိတ် ပေါက်သွားသော်လည်း ထိုသို့ ပြုမူလိုက်ပါက ကိုယ့်အရှက် ကိုယ်ခွဲသလို ဖြစ်သွားမည်ကို စိုးရိမ်နေမိ၏။
ထိုစဉ် ကျန်းမင်၏ အသံ ထွက်ပေါ်လာတော့သည်။ "သူ့ကို နောက်ပြောင်မနေနဲ့တော့... မဟာကျိုး မင်းဆက်က တပ်ဖွဲ့ကြီး မကြာခင် ရောက်လာတော့မယ်... မင်း သူတို့ကို ရင်ဆိုင်နိုင်ပါ့မလား"
အာကာသ လင်းလုံက ပေါ့ပေါ့ပါးပါးပင် တုံ့ပြန်၏။ "အင်း... ကြိုးစားကြည့်ရမှာပေါ့... ကျွန်မ သူတို့ကို အကုန်လုံး သတ်ပစ်လို့ ရမလားဟင်... ကျွန်မ အဲ့ဒီမှာ ရှိနေတုန်းက စွမ်းအား အကုန် မသုံးဘဲ ထိန်းထားခဲ့ရတာ... အခု သူတို့က ငါတို့ နယ်မြေထဲ ဝင်လာရဲလောက်အောင် သတ္တိရှိနေမှတော့ ကျွန်မ ထပ်ပြီး ထိန်းထားစရာ မလိုတော့ဘူးလေ"
ကျန်းမင်က လျူချန်ကုန်း၏ လက်ရှိ အခြေအနေအား စစ်ဆေးရန် လူသားလမ်းစဉ် မှတ်တမ်းကျမ်းကို ဖွင့်လိုက်ရင်း ခွင့်ပြုပေးလိုက်သည်။ "အေးပါ... မင်း လုပ်ချင်တာ အကုန် လုပ်လို့ ရပါတယ်"
ထျန်းချီ တစ်ယောက် မဟာကျိုး မင်းဆက်နှင့် အဘယ်ကြောင့် ပူးပေါင်းသွားခဲ့သနည်း ဆိုသည်ကို မှတ်တမ်းကျမ်းမှ တစ်ဆင့် သူ နားလည်သွားခဲ့လေပြီ။
'သူက ထျန်းယွမ် ကျောင်းတော်က အကြီးအကဲတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်တဲ့လား... တကယ်ကို သတ္တိခဲကြီးပဲ... အကြို အင်မော်တယ် အဆင့်နဲ့ အန္တိမအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ် ဆိုတော့ သူ့ရဲ့ အင်မော်တယ် မှတ်ဉာဏ်တွေ နိုးထလာတာ ဖြစ်ရမယ်... မဟုတ်ရင် သူ ဒီလောက်ထိ မောက်မာရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ ထျန်းယွမ် ကျောင်းတော်ရဲ့ နောက်ခံအင်အားကတော့ တကယ်ကို အံ့မခန်းပဲလို့ ပြောရမယ်... ငါ တွေးထင်ထားတာထက်တောင် အများကြီး ပိုနက်ရှိုင်းနေသေးတယ်'
အမည် - ထျန်းစစ် (ကျင်းထျန်းစစ်)
လူမျိုး - အင်မော်တယ်
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - အကြို အင်မော်တယ်အဆင့်
နောက်ခံ - ချန်ကွမ်း အင်မော်တယ် စံအိမ်တော်မှ လူဝင်စား အင်မော်တယ် စစ်သူကြီး တစ်ပါး၏ ဝိညာဉ်
ဆက်ဆံရေး - အနှုတ် ၆၇
မွေးရာပါ ပါရမီ - အင်မော်တယ် (နိုးထလာသော အင်မော်တယ် ဝိညာဉ်)
လက်ရှိ အခြေအနေ - အရှေ့ပိုင်းဒေသမှ ပြန်လည် ရောက်ရှိလာပြီးနောက် လုပ်ကြံခံခဲ့ရကာ ပြင်းထန်သော ဒဏ်ရာ ရရှိသွားခဲ့၏။ ထျန်းယွမ် ကျောင်းတော်သို့ ပြန်ရောက်ပြီးနောက် တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်ခဲ့သည်။ အချိန်အခန်း အတွင်း၌ အလင်းနှင့် အမှောင် တာအိုအား သဘောပေါက် နားလည်သွားပြီးသုခဘုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် ကျိုးပဲ့နေသော ဝိညာဉ်မှာ ပြန်လည် သက်သာလာပြီး အင်မော်တယ် ဝိညာဉ်၏ မှတ်ဉာဏ်များ နိုးထလာခဲ့လေပြီ။ သူ လူဝင်စား ဖြစ်လာရခြင်း၏ အဓိပ္ပာယ်အား သဘောပေါက်သွားပြီးနောက် ဤကမ္ဘာလောကမှာ အလွန် ထူးခြားနေပြီး ကြီးမားလှသော လျှို့ဝှက်ချက်ကြီး တစ်ခုက အရှေ့ပိုင်းဒေသတွင် ပုန်းကွယ်နေကြောင်း သိရှိသွားခဲ့သည်။ သို့သော် သူ့ စွမ်းအားများ အားနည်းလွန်းနေသေးသဖြင့် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ဘဲ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေခဲ့၏။ အကြို အင်မော်တယ် အဆင့်သို့ တက်လှမ်းနိုင်သည့် အချိန်ကျမှသာ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာပြီး အပြင်လောက၏ အပြောင်းအလဲများအား သိရှိသွားခဲ့ခြင်း ဖြစ်သည်။
မြောက်ပိုင်းဒေသကို ကျူးကျော်ဝင်ရောက်လာသော မိစ္ဆာတပ်ကြီးအား အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦးက ဝင်ရောက် နှောင့်ယှက် ချေမှုန်းပစ်လိုက်ကြောင်း သတင်း ကြားရချိန်တွင် သူ အလွန် အံ့အားသင့် မှင်သက်သွားခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ အင်မော်တယ် အဆင့်သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း သူ အသေအချာ ယုံကြည်ထားပြီး ထိုသူ မည်သူဖြစ်မည်ကို တွေးတောနေမိ၏။ မည်သို့ပင် ဆိုစေကာမူ သူ အရှေ့ပိုင်းဒေသကို သိမ်းပိုက်လိုပါက ထိုပုဂ္ဂိုလ်၏ နောက်ခံကို အရင်ဆုံး စုံစမ်းရမည် မဟုတ်ပါလား။ ထို့ကြောင့် ထျန်းယွမ် ကျောင်းတော်မှ အကြီးအကဲများအား တစ်စုံတစ်ရာ လှုပ်ရှားရန် သွားရောက် ဖြောင်းဖျခဲ့သည်။ သို့သော် အကြီးအကဲများက မလိုအပ်ဟု ယူဆကာ ငြင်းပယ်လိုက်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ် မထားခဲ့ပေ။ ထို့အပြင် အကြီးအကဲများမှာ ထပ်မံ၍ ပြဿနာများ မရှာလိုကြတော့ချေ။ တစ်ဆက်တည်းမှာပင် သူ့ အပြောင်းအလဲများကိုပါ သတိထားမိသွားကြပြီး သူ့အား စုံစမ်း စစ်ဆေးလိုနေကြသည်။
သူ့ ကိုယ်ပိုင် နောက်ခံအမှန်ကို ထိုသူများအား မသိစေလိုသဖြင့် အကြီးအကဲများကို သတ်ဖြတ်၍ ထျန်းယွမ် ကျောင်းတော် တစ်ခုလုံးအား ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့၏။ ထျန်းယွမ် ကျောင်းတော်မှ ထွက်ပြေး လွတ်မြောက်လာပြီးနောက် မဟာကျိုး မင်းဆက်ရှိရာဆီသို့ ထွက်ပြေးလာခဲ့တော့သည်။ မဟာကျိုး မင်းဆက်မှ အန္တိမအဆင့် ကျွမ်းကျင်သူ လေးဦး အသတ်ခံလိုက်ရကြောင်း ကြားသိရချိန်တွင် အကြံတစ်ခု ရသွားပြီး ကျိုးဧကရာဇ်ထံ သွားရောက် ချဉ်းကပ်ခဲ့လေသည်။ သူက လူဝင်စား အင်မော်တယ် တစ်ပါး ဖြစ်ကြောင်း ဖွင့်ဟ ဝန်ခံလိုက်ပြီး အင်မော်တယ် လောကဆီသို့ ဦးတည်သွားနိုင်မည့် ရွှေရောင် ကောင်းကင်လမ်းစဉ်ကို ပြသပေးနိုင်စွမ်း ရှိကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် သေမျိုးလောကသို့ ထွက်ပြေး လွတ်မြောက်လာသော အပြစ်ရှိသည့် တပည့်တစ်ယောက်ကို လာရောက် ရှာဖွေခြင်း ဖြစ်ကြောင်းလည်း အကြောင်းပြခဲ့၏။ ထျန်းယွမ် ကျောင်းတော်က သူ့အား ကူညီရန် ငြင်းဆန်ခဲ့သောကြောင့် မဟာကျိုး မင်းဆက်ဆီသို့ အစားထိုး ရွေးချယ် လာရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
သူတို့ ကူညီပေးမှု အတွက် အပြန်အလှန် အနေဖြင့် အထက်ဘုံသို့ တက်လှမ်းရန် နေရာ သုံးနေရာ ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ ထိုအပြစ်သားမှာ အရှေ့ပိုင်းဒေသတွင် ပုန်းအောင်းနေလောက်ကြောင်း ပြောဆို၍ မဟာကျိုး မင်းဆက်အား စုံစမ်း ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။ အကြီးအကဲများ ကောင်စီ အချင်းချင်း တိုင်ပင် ဆွေးနွေးပြီးနောက် ကျိုးဧကရာဇ်အား အရှေ့ပိုင်းဒေသဆီသို့ တပ်ဖွဲ့ စေလွှတ်ရန် တောင်းဆိုဖို့ ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ကျိုးဧကရာဇ်က အိမ်ရှေ့စံ မင်းသားအား တပ်ဖွဲ့ကို ဦးဆောင်၍ အရှေ့ပိုင်းဒေသဆီ ချီတက်ရန် အမိန့်ပေးလိုက်ခြင်းပင်။
ကျန်းမင် တိတ်ဆိတ် ငြိမ်သက်သွားတော့၏။
'သူ့ရဲ့ နာမည်ရင်းက ထျန်းစစ်... ဒါပေမဲ့ အခု သူ့ကိုယ်သူ ကျင်းထျန်းစစ်လို့ ခေါ်နေတာလား... တကယ်ကို စိတ်ဝင်စားစရာ ကောင်းလာပြီပဲ... မဟာကျိုး မင်းဆက်ရဲ့ အကူအညီကို ရရှိဖို့ သူ အများကြီး ကမ်းလှမ်းခဲ့ပေမဲ့ ထိုလူတွေက သူ့ကို လုံးဝ ယုံကြည်မှာ မဟုတ်ဘူးဆိုတာ ငါ လောင်းရဲတယ်... သူတို့ ကူညီပေးဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းက ရွှေရောင် ကောင်းကင်လမ်းစဉ် ကြောင့်ပဲ ဖြစ်ရမယ်... မဟုတ်ဘူးလား'
ကျန်းမင် အတွေးနယ်ချဲ့ရင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
အင်မော်တယ် လောကမှ အပြစ်သား ဆိုသည်မှာ သူ ဖန်တီးထားသော လိမ်လည်မှု သက်သက်သာ ဖြစ်ကြောင်း သေချာလှပေသည်။ ထျန်းစစ်က အရှေ့ပိုင်းဒေသရှိ ကြီးမားသော လျှို့ဝှက်ချက်ကြီးအား ဖွင့်ချ ဖော်ထုတ်မည့် အချိန်တွင် မည်သူကမျှ လမ်းဝင်မရှုပ်နိုင်စေရန် ကျန်းမင်ကို အရင်ဆုံး ရှာဖွေ ချေမှုန်းပစ်ချင်နေခြင်းပင်။
'အဲ့ဒါက ဘယ်လို လျှို့ဝှက်ချက်မျိုး ဖြစ်နေမလဲ... ဂိုဏ်းတံခါး နောက်ကွယ်မှာ ရှိနေတဲ့ လျှို့ဝှက် အခန်းများ ဖြစ်နေမလား'
ကျန်းမင် မျက်လုံးများ မှေးစင်းသွားပြီး ချူယန် တောင်ထွတ် ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။
ထိုနေရာတွင် လေဟာနယ် အမှတ်အသား တစ်ခု တည်ရှိနေပြီး ၎င်းအတွင်း၌ ပုန်းကွယ်နေသော အရာမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။ ယခင်က သူ ဝင်ရောက် စစ်ဆေးရန် ကြိုးစားခဲ့ဖူးသော်လည်း အနီးသို့ ရောက်သွားသည်နှင့် သူ့ ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားကာ သေခြင်းတရားနှင့် နီးစပ်သွားသလို ခံစားလိုက်ရသဖြင့် နောက်ဆုံးတွင် ထိုအတွေးကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။
'အရာအားလုံး ပြီးဆုံးသွားတဲ့ အချိန်ကျမှပဲ အဲ့ဒီနေရာကို သွားပြီး စူးစမ်းကြည့်ရမယ်'
ယခု လက်ရှိ အချိန်တွင် သူ ပထမဆုံး ပြုလုပ်ရမည့် အရာမှာ ထျန်းစစ်အား ရှင်းလင်း သတ်ဖြတ်ပစ်ရန်ပင်။ မည်သို့ပင် ဆိုစေကာမူ ထိုသူကား လူဝင်စား အင်မော်တယ် ဝိညာဉ် တစ်ခု ဖြစ်နေသည် မဟုတ်ပါလား။
'ငါ အခုပဲ သွားသတ်ကြည့်ရမလား...' ကျန်းမင် တွေးတောလိုက်သော်လည်း မကြာမီမှာပင် ထိုအတွေးကို ဖယ်ရှားပစ်မိ၏။
မည်သို့ပင် ဆိုစေကာမူ လက်ရှိ အချိန်၌ ထျန်းစစ်အား အင်မော်တယ် တစ်ပါးဟု သတ်မှတ်လိုက်လျှင်ပင် ချဲ့ကား ပြောဆိုရာ ရောက်မည် မဟုတ်ချေ။ သူ့ တကယ့် စွမ်းအားများကို လုံးဝ မသိရှိရသေးသလို သူ့ နောက်ကွယ်တွင် မည်ကဲ့သို့သော အင်မော်တယ် လက်နက်များကို ဖွက်ထားသေးသနည်း ဆိုသည်ကိုလည်း မသိရပေ။
အကယ်၍ ထိုသူ့အား တိုက်ခိုက်မှု တစ်ချက်တည်းဖြင့် အပြတ်မရှင်းနိုင်ခဲ့ပါက ပြဿနာများ ကြီးထွားလာပေလိမ့်မည်။
အရေးအကြီးဆုံး အချက်မှာ ကျန်းမင် ကိုယ်တိုင်ကလည်း နေ့စဉ်နှင့်အမျှ ပိုမို၍ အစွမ်းထက်လာနေခြင်းပင်။ 'အင်းလေ... သူ့ကို အချိန် တစ်ခုလောက်ထိတော့ အသက်ရှင်ခွင့် ပေးထားလိုက်ပါဦးမယ်... ဘာပဲဖြစ်ဖြစ် သူက ငါ့ရဲ့ တကယ့် နောက်ခံကို သိတာမှ မဟုတ်တာ... ပြီးတော့ ငါက သူ့ကို အလွယ်တကူ စောင့်ကြည့်နေနိုင်တယ်လေ'
အခြားတစ်ဖက်တွင်မူ ကျန်းမင် ကိုယ်တိုင်ကလည်း အရှေ့ပိုင်းဒေသ၏ လျှို့ဝှက်ချက်ကြီးအား သိရှိလိုနေသေး၏။
တစ်ချိန်တည်းမှာပင် ငုပ်လျှိုးနဂါး တိုက်ကြီးတွင်တော့...
တောင်ထွတ် တစ်ခုထက်၌ မိစ္ဆာသခင်က အလင်းတန်း တစ်ခုအား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။ သတင်းစကားကို ဖတ်ရှုပြီးနောက် သူ့ နှုတ်ခမ်းထောင့်များ မြင့်တက်သွားတော့၏။ 'စိတ်ဝင်စားစရာ ကောင်းလာပြီပဲ... မဟာကျိုး မင်းဆက်က အရှေ့ပိုင်းဒေသကို တပ်တွေ စေလွှတ်လိုက်တယ်တဲ့လား... သူတို့က အဲ့ဒီပုဂ္ဂိုလ်နဲ့ သွားရောက် ရင်ဆိုင်ကြမလို့လား... သူတို့တွေ အဲ့ဒီပုဂ္ဂိုလ်ကို ဒေါသထွက်အောင် လုပ်နိုင်ခဲ့ရင်တော့ အကောင်းဆုံးပဲ... အဲ့ဒါဆိုရင် အဲ့ဒီလူက ဒီကမ္ဘာပေါ်မှာ ရှိတဲ့ တော်ဝင်မြေ အကုန်လုံးကို ရှင်းလင်းပစ်လိမ့်မယ်... သူတို့တွေ စွမ်းအင် ကုန်ခမ်းသွားတဲ့ အချိန်ကျမှ ငါက တစ်ချက်တည်းနဲ့ အကုန်လုံးကို ဝင်ရောက် ချေမှုန်းပစ်လိုက်မယ်'
မိစ္ဆာသခင် မတ်တပ် ရပ်လိုက်ပြီး သူ့ အောက်ဘက်ရှိ ရှန်ကျိုး မြေပြင်ကျယ်ကြီးအား လေးနက်သော အမူအရာဖြင့် ငုံ့ကြည့်လိုက်လေသည်။
ထိုနေရာရှိ အခြေအနေ အရပ်ရပ်ကို သူ ကောင်းစွာ သဘောပေါက် နားလည်ထား၏။
'မြေပြင် အနှံ့အပြားမှာ ပြန့်ကျဲနေတဲ့ မိစ္ဆာတွေ အများကြီး ရှိခဲ့တယ်... သူတို့ အကုန်လုံးက အရမ်းကို အစွမ်းထက်ကြပြီး မတူညီတဲ့ ထူးခြား စွမ်းရည်တွေကို ကိုယ်စီ ပိုင်ဆိုင်ထားကြတယ်... ဒါပေမဲ့ အခုတော့ သူတို့ အားလုံး သေကုန်ကြပြီ... ဒီလို အခြေအနေမျိုး ဖြစ်လာရတာကို ရှင်းပြနိုင်တဲ့ အကြောင်းပြချက် တစ်ခုပဲ ရှိတယ်... အဲ့ဒီလူက ငါတို့ ဒီကမ္ဘာထဲ ဝင်လာတာကို သတိထားမိနေတာပဲ... အဲ့ဒါကြောင့်လည်း ငါ အခုချိန်ထိ ဘာလှုပ်ရှားမှုမှ မလုပ်ဘဲ နေခဲ့တာ... ဒါပေမဲ့ အခုတော့ ငါ လှုပ်ရှားရမယ့် အချိန် ရောက်လာခဲ့ပြီ... မဟာကျိုး မင်းဆက်က တပ်ဖွဲ့ကြီးနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ သူ ငါ့ကို ဂရုစိုက်နိုင်မှာ မဟုတ်ဘူး ဆိုတာ သေချာတယ်'
မိစ္ဆာသခင်၏ ခေါင်းထဲတွင် ထိုအတွေးများ ထွက်ပေါ်လာသည်နှင့် မှောင်မည်းနေသော လေဟာနယ် တံခါးပေါက် တစ်ခု သူ့ လက်ထဲတွင် ထွက်ပေါ်လာတော့သည်။ ထိုတံခါး၏ အခြား တစ်ဖက်ခြမ်းတွင် အမှောင်ထုမှလွဲ၍ ဘာမျှ မရှိသလို အခြားသော ကမ္ဘာတစ်ခု၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။
သူက ထိုတံခါးပေါက်အား လေထဲသို့ ပစ်တင်လိုက်ရာ တောင်တန်းကြီးများ၏ အလယ်ဗဟို၌ သွားရောက် ဆင်းသက်သွားလေသည်။
'မဟာကျိုး တပ်ဖွဲ့ကြီး အရှေ့ပိုင်းဒေသထဲ ဝင်ရောက်လာတာနဲ့ တစ်ပြိုင်နက် ငါ လှုပ်ရှားရမယ့် အချိန် ကျရောက်လာပြီပဲ... ဒါပေမဲ့ လုံခြုံရေး အတွက် ငါ အရင်ဆုံး ငုပ်လျှိုးနဂါး တိုက်ကြီးကနေ ထွက်ခွာသွားတာ အကောင်းဆုံး ဖြစ်လိမ့်မယ်'
မိစ္ဆာသခင် လှည့်ထွက်သွားပြီးနောက် လေဟာနယ် အတွင်းသို့ ပျောက်ကွယ်သွားတော့၏။
ချူယန် တောင်ထွတ်တွင်တော့...
"ကောင်မလေး... တပ်ဖွဲ့ကြီးက အရှေ့ပိုင်းဒေသနဲ့ ကျုံးပြည်နယ် နယ်စပ်ကို ရောက်လာကြပြီလေ... မင်း ဘာကို စောင့်နေသေးတာလဲ" ကျန်းမင်က အာကာသ လင်းလုံ၏ ခြေထောက်အား ပုတ်၍ သတိပေးသည်။
သူ့ မျက်လုံးများမှာမူ မှိတ်ထားဆဲပင်။
"ကျွန်မ ဗိုက်ဆာနေပြီ..." အာကာသ လင်းလုံက မပီကလာ ရေရွတ်လေ၏။ "သူတို့တွေ ကျွန်မကို အစာငတ်အောင် လုပ်တဲ့အတွက် သူတို့ရဲ့ အသက်တွေနဲ့ ပြန်ပြီး ပေးဆပ်ရမယ်"