" ဒီမှာပဲ စောင့်နေကြ... လိုအပ်ရင် ခေါ်လိုက်မယ်... "
လီယီတောင်းက ဘယ်သူ့ကိုမှ မမေးဘဲ ယာဉ်မောင်း၏ အိမ်ကို သူကိုယ်တိုင် ရှာတွေ့သွားလေသည်။
အကြောင်းရင်းက ရိုးရှင်းလှ၏။
သိပ်သည်းလွန်းတဲ့ အနုတ်လက္ခဏာ အငွေ့အသက်တွေကို သူ ခံစားနေရလို့ပဲ...။
ဒီလို ယင်စွမ်းအင် (အနုတ်လက္ခဏာ စွမ်းအင်) မျိုးက နာကြည်းနေတဲ့ ဝိညာဉ်တွေ စုဝေးနေတဲ့ နေရာမျိုးမှာပဲ ရှိနိုင်တာလေ...။
သူ အခုလေးတင် ထွက်လာခဲ့တဲ့ ယာဉ်မောင်းရဲ့ အိမ်မှာတောင်...
အဲဒီမှာ ကျွတ်လွတ်မသွားသေးတဲ့ ဝိညာဉ် နှစ်ခု ရှိနေတာကို အထင်မသေးလိုက်နဲ့နော်...။
ဒါပေမဲ့ တကယ်တမ်းကျတော့...
သူတို့ရဲ့ ယင်စွမ်းအင် တွေကို ပေါင်းလိုက်ရင်တောင် အခု ဒီနေရာမှာ ရှိနေတဲ့ အငွေ့အသက်ရဲ့ ဆယ်ပုံ တစ်ပုံတောင် မရှိဘူး...။
ဒါကြောင့်မို့လို့ လီယီတောင်းက ဒီလောက် ယုံကြည်မှု ရှိနေတာပေါ့...။
ဒီနေရာက သေချာပေါက် ပုံမှန် မဟုတ်ဘူး...။
ဒါက ယာဉ်မောင်းရဲ့ အိမ် မဟုတ်ဘဲ ရွာသားတွေ ကြုံတွေ့နေရတဲ့ တခြား ပြဿနာ တစ်ခုခု ဖြစ်နိုင်တယ် ဆိုတာတော့ အမှန်ပါပဲ...။
ဒါပေမဲ့... အဲဒီလို ဖြစ်နိုင်ခြေ မရှိဘူးလို့ မဆိုလိုပေမဲ့ အဲဒီ ရာခိုင်နှုန်းက အရမ်းကို နည်းလွန်းတယ်လေ...။
အထူးသဖြင့် အခု ဝမ်ရှင်းယွဲ့ ကိစ္စ ပါဝင်ပတ်သက်နေတဲ့ အချိန်မှာ ပိုတောင် ဆိုးသေး...။
တကယ်လို့ တခြား အရာတစ်ခုခုကများ ဒီလောက် ပြင်းထန်တဲ့ နာကြည်းမှုတွေကို ဖန်တီးနိုင်တယ် ဆိုရင်...
အဲဒီလို ဆိုရင်တော့... ဖြေရှင်းရတာ နည်းနည်း ခက်ခဲသွားနိုင်တယ်...။
ဤအချိန်တွင် ရွာတစ်ခုလုံးကို ကြည့်ရင်း လီယီတောင်း တစ်ယောက် စာခြောက်ရုပ် ရှိခဲ့သော ရွာလေးကို မတွေးဘဲ မနေနိုင်တော့ပေ။
ဒီနေရာက... ဟိုတစ်ခေါက်ကလိုမျိုး ကြက်သီးထစရာ မကောင်းလောက်ပါဘူးနော်...။
ဘာပဲဖြစ်ဖြစ်... ဟိုတစ်ခေါက်က လီယီတောင်း ဆိုတာ ကျားကို မကြောက်တဲ့ နွားပေါက်လေး လိုမျိုး ဖြစ်နေခဲ့တာလေ...။
အခု သေချာ ပြန်စဉ်းစားကြည့်တော့...
အဲဒီတုန်းကသာ တကယ့် အန္တရာယ် တစ်ခုခုနဲ့ ကြုံခဲ့ရမယ် ဆိုရင်...
သူ့အတွက် သေရေးရှင်ရေး ဖြစ်သွားနိုင်တယ်...။
ဘာပဲဖြစ်ဖြစ်... အဲဒီအချိန်တုန်းက သူ့ဆီမှာ အခုလောက် စွမ်းရည်တွေ အများကြီး မရှိသေးဘူးလေ...။
ပိုသိလာလေလေ... ပိုကြောက်လာလေလေလို့ပဲ ပြောရမှာပေါ့...။
လီယီတောင်းက သူ့ဘာသာသူ အထဲဝင်သွားမည်ဟု ပြောသည်ကို ကြားသောအခါ တပ်ဖွဲ့ ၃၆ မှ စေလွှတ်လိုက်သော အမြင့်ဆုံး အရာရှိက ဝင်ပြောလာလေသည်။
" ကျွန်တော်တို့ ခင်ဗျားနဲ့ အတူတူ လိုက်သွားတာ ပိုကောင်းမယ် ထင်တယ်... တစ်ခုခု ဖြစ်ရင်... "
သို့သော် သူ စကားမဆုံးမီမှာပင် လီယီတောင်းက လက်ကာပြကာ ငြင်းပယ်လိုက်၏။
" ကျွန်တော့်ဘာသာ ဖြေရှင်းနိုင်ပါတယ်... ပြဿနာ တစ်ခုခု ရှိလာရင်တော့ ခင်ဗျားတို့ ဝင်လာခဲ့ပေါ့... "
လီယီတောင်းက သူတို့၏ စွမ်းရည်များကို မယုံကြည်၍ မဟုတ်ပေ။
တပ်ဖွဲ့ ၃၆ နဲ့ သိပ်ပြီး မပတ်သက်ချင်လို့... အထူးသဖြင့် သူရဲ့ စွမ်းရည်တွေကို သူတို့ကို မမြင်စေချင်လို့ပါပဲ...။
ဒီလူတွေက အချိန်တိုင်း လီယီတောင်း အနားမှာ ရှိနေကြတာ... သူတို့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူး၊ ဘာ အထူး မစ်ရှင်မှ မပါဘူးလို့ ပြောရင်...
ဘယ်သူက ယုံမှာလဲ...။
လီယီတောင်း လုံးဝ ငြင်းပယ်လိုက်သည်ကို မြင်သောအခါ တစ်ဖက်လူလည်း ဆက်လက် အတင်းအကျပ် မတောင်းဆိုတော့ပေ။
ရွှံ့အိမ်ငယ် နှစ်လုံးရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း လီယီတောင်း၏ မျက်နှာထားက တည်ငြိမ်နေ၏။
သူ့မှာ ခံစားချက် တစ်ခု ရှိတယ်...။
တစ်ဖက်လူက... သူ့ရဲ့ တည်ရှိမှုကို ခံစားမိလောက်ပြီ...။
ဒါမှမဟုတ်... ဒီအချိန်မှာ တစ်ဖက်လူက လီယီတောင်း အနားကပ်လာမယ့် အချိန်ကို စောင့်နေတာပဲ ဖြစ်ရမယ်...။
ဒါက ထူးဆန်းတဲ့ ခံစားချက် တစ်ခု ဆိုပေမဲ့... တကယ်ကြီး ဖြစ်နေတာလေ...။
သော့ခတ်မထားသော ခြံတံခါးကို သူ ဖြည်းညင်းစွာ တွန်းဖွင့်လိုက်သည်။
အခန်းတစ်ခန်းထဲမှ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော အလင်းရောင် ဖျော့ဖျော့လေးကို လီယီတောင်း မြင်လိုက်ရ၏။
သူ မတုံ့ဆိုင်းဘဲ အထဲသို့ ဝင်သွားလိုက်သည်။
" ကျွိ... "
ဟောင်းနွမ်းနေသော သစ်သားတံခါးကြီးက အတော်လေး လေးလံနေလေသည်။
သူ တံခါးကို တွန်းဖွင့်လိုက်၏။
အခန်းထဲမှ မှိုတက်နေသော အနံ့အသက်များ ထွက်ပေါ်လာလေသည်။
လီယီတောင်း အခန်းထဲသို့ လှမ်းကြည့်လိုက်၏။
သူ မသိစိတ်မှပင် နေရာမှာတင် အေးခဲသွားတော့သည်။
တဲအိမ်ထဲရှိ အုတ်ကုတင်ပေါ်တွင် အမျိုးသား တစ်ဦး ထိုင်နေ၏။
လီယီတောင်း တံခါးကို တွန်းဖွင့်ပြီး ဝင်လာချိန်တွင် သူက မျက်လုံးများကို ဖြည်းညင်းစွာ မော့ကြည့်ရုံသာ ကြည့်လိုက်လေသည်။
ထို့နောက် လက်ထဲတွင် ဓားမြှောင် တစ်လက်ကို ကိုင်ထားရင်း ခေါင်းပြန်ငုံ့သွားပြန်၏။
သူ ဘာတွေ စဉ်းစားနေသလဲ ဆိုတာ သေချာ မသိရပေ။
ဒီမြင်ကွင်းတွေကြောင့် လီယီတောင်း အံ့အားသင့်သွားတာ မဟုတ်ပါဘူး...။
သူ့ကို အံ့အားသင့်စေခဲ့တာက...
အဲဒီလူရဲ့ ဘေးနားမှာ...
နာကြည်းနေတဲ့ ဝိညာဉ် ဆယ်ခုကျော်လောက် စုဝေးနေတာကို သူ မြင်လိုက်ရလို့ပဲ...။
" ရှီး... "
လီယီတောင်း ပင်လျှင် အသက်ရှူမှားသွားရလေသည်။
' အထဲမှာ ယင်စွမ်းအင်တွေ ဒီလောက် သိပ်သည်းနေတယ်လို့ ခံစားရတာ မဆန်းပါဘူး... '
' ဒီလောက် များပြားတဲ့ နာကြည်းနေတဲ့ ဝိညာဉ်တွေ ဒီမှာ လာစုနေမှတော့... မသိပ်သည်းရင်သာ ထူးဆန်းနေမှာပေါ့... '
သို့သော် လီယီတောင်း ဇဝေဇဝါ ဖြစ်နေမိ၏။
ဒီနာကြည်းနေတဲ့ ဝိညာဉ်တွေက အုပ်စု နှစ်စု ကွဲနေတာပဲ...။
အုပ်စု တစ်ခုမှာ လူတစ်ယောက်တည်း ရှိတယ်...။
သူမက ဖရိုဖရဲ ဆံပင်တွေနဲ့ ခေါင်းကြီး လိမ်ကောက်နေတဲ့ အမျိုးသမီး တစ်ယောက်ပဲ...။
သူမရဲ့ ဝိညာဉ် စွမ်းအားကို သုံးပြီး သူမ ပတ်ဝန်းကျင်က တခြား နာကြည်းနေတဲ့ ဝိညာဉ်တွေကို ရစ်ပတ်ထားတယ်...။
သူမက ယာဉ်မောင်းရဲ့ ဘေးမှာ ကြမ်းကြမ်းတမ်းတမ်း စောင့်ကြပ်နေပြီး ဘယ်ဝိညာဉ်ကိုမှ သူ့အနား အကပ်မခံဘူး...။
အဲဒါတင် မကသေးဘူး... ယာဉ်မောင်းရဲ့ လက်ထဲက ဓားမြှောင်ကိုလည်း သူမရဲ့ ဆံပင် တစ်မျှင်နဲ့ တင်းကျပ်စွာ ချည်နှောင်ထားသေးတယ်...။
သူမသာ မရှိရင်... အဲဒီ ဓားမြှောင်က ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်ထဲကို စိုက်ဝင်သွားတာ ကြာလောက်ပြီ...။
ဒီမြင်ကွင်းကို မြင်လိုက်ရတော့...
ရိုးရိုးသားသား ပြောရရင် လီယီတောင်း နည်းနည်း ဇဝေဇဝါ ဖြစ်သွားရတယ်...။
' ဘာတွေ ဖြစ်နေတာလဲ... '
ပုံမှန် ယုတ္တိဗေဒ အရ ဆိုရင်...
သူမက ဒီယာဉ်မောင်းကို အမုန်းဆုံး ဖြစ်နေရမှာ မဟုတ်ဘူးလား...။
သူမ ဒီလို ဖြစ်ရတာ အကုန်လုံးက ဒီကောင့်ကြောင့်ပဲလေ...။
အခုကျတော့ သူမက သူ့ကို ဘာလို့ ကာကွယ်ပေးနေရတာလဲ...။
ဒီကိစ္စက ပိုပိုပြီး ထူးဆန်းလာပြီ...။
လီယီတောင်း အလောတကြီး မလှုပ်ရှားဘဲ ထိပ်တိုက် ရင်ဆိုင်နေမှု အခြေအနေကို စောင့်ကြည့်ရင်း စဉ်းစားနေလိုက်၏။
ရိုးရိုးသားသား ပြောရရင် အခု သူ ဘာလုပ်ရမလဲ ဆိုတာကို သေချာ မသိတော့ဘူး...။
ဒီဇာတ်ကွက်က ဇာတ်ညွှန်းရဲ့ ယုတ္တိရှိတဲ့ လမ်းကြောင်း ကနေ သွေဖည်နေတယ်လေ...။
ဝမ်ရှင်းယွဲ့ ကို သူ ကူညီပေးသင့်လား...။
ဒါမှမဟုတ်... ပတ်ဝန်းကျင်က တခြား နာကြည်းနေတဲ့ ဝိညာဉ်တွေကို ကူညီပေးရမလား...။
ဒါမှမဟုတ် ယာဉ်မောင်းကို ကူညီပေးရမလား...။
ဒါမှမဟုတ်ရင်...
ဒီတိုင်းပဲ ရပ်ပြီး ပွဲကြည့်နေရမလား...။
သို့သော်...
သူ ရွေးချယ်မှု မလုပ်နိုင်ခင်မှာပင်...
အခန်းထဲရှိ နာကြည်းနေသော ဝိညာဉ်များက သူ့အတွက် ရွေးချယ်မှု ပြုလုပ်ပေးလိုက်ကြလေပြီ။
ဝမ်ရှင်းယွဲ့နှင့် ရင်ဆိုင်နေသော ဝိညာဉ် ဆယ်ခုကျော်အနက် နှစ်ခုက လှည့်လာပြီး လီယီတောင်းထံသို့ ပျံသန်းလာကြ၏။
သူတို့ထဲက တစ်ယောက်ရဲ့ မျက်နှာက ဆာလဖျူရစ် အက်ဆစ်နဲ့ အပက်ခံထားရသလို ပျက်စီးနေတယ်...။
နောက်တစ်ယောက်ကတော့ လက်တစ်ဖက် ပြတ်နေပြီး မျက်လုံး တစ်ဖက်ကလည်း ဟာလာဟင်းလင်း ဖြစ်နေတယ်...။
သူတို့ ခန္ဓာကိုယ် အနှံ့မှာ ရှိနေတဲ့ ဒဏ်ရာ မျိုးစုံနဲ့ သွေးကွက်တွေကိုတော့ ထည့်မပြောတော့ဘူး...။
သေချာပေါက် မိစ္ဆာ ဝိညာဉ်တွေပဲ...။
သူတို့က လီယီတောင်းဆီကို ပြေးဝင်လာရင်း ဟိန်းဟောက်နေကြတယ်...။
အရသာရှိတဲ့ အစားအစာ တစ်ခုခုကို တွေ့လိုက်ရသလိုမျိုးပဲ...။
သူတို့တင် မကဘူး... ကျန်တဲ့ ဝိညာဉ်တွေ အကုန်လုံးကလည်း တစ်ပြိုင်နက်တည်း လှည့်လာကြတယ်...။
ရှင်းနေတာပဲလေ...။
ဝမ်ရှင်းယွဲ့ နဲ့ ထိပ်တိုက် ရင်ဆိုင်နေလို့ ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူးလေ...။
ထိုအခါကျမှ လီယီတောင်း သဘောပေါက်သွားတော့၏။
ဒီ နာကြည်းနေတဲ့ ဝိညာဉ်တွေ အကုန်လုံးက ဝမ်ရှင်းယွဲ့ အပါအဝင်...
သူတို့ အားလုံးက ပုံရိပ်ယောင်တွေ သက်သက်ပဲ...။
လီယီတောင်း အရင်က ကြုံခဲ့ရတဲ့ သတို့သမီး ဝိညာဉ်နဲ့ ယှဉ်ရင်တော့ လုံးဝကို ကွဲပြားခြားနားတဲ့ အခြေအနေပဲ...။
သူတို့က ယှဉ်လို့တောင် မရဘူး...။
နာကြည်းနေသော ဝိညာဉ် နှစ်ခုက သူ့ထံသို့ ခုန်အုပ်လာနေပြီ ဖြစ်၏။
လီယီတောင်း၏ မွေးရာပါ အန္တရာယ် သိစိတ်က သူ့ကို သတိပေးပြီး ဖြစ်လေသည်။
သူ့မျက်လုံးများ ချက်ချင်း ရေခဲပမာ အေးစက်သွားတော့၏။
" မင်းတို့က သေချင်နေတာပဲ... "
တကယ်လို့ သူတို့က မမြင်ရဘူး ဆိုရင်တော့ ထားလိုက်ပါတော့...။
အခု လီယီတောင်း ဆီမှာ ဝိညာဉ် ရှာဖွေခြင်း စွမ်းရည် ရှိနေပြီ ဆိုတော့ ဒီဝိညာဉ်တွေရဲ့ အရာအားလုံးကို သူ မြင်နိုင်နေပြီလေ...။
[ ဝိညာဉ် ဖမ်းယူခြင်း... ]
အရင်ဆုံး စုစည်းမယ်... ပြီးမှ ဖမ်းယူမယ်...။
ဖွဲ့စည်းပြီးသား ဖြစ်နေသော ဝိညာဉ်များ၏ ပုံရိပ်ယောင်များ အောက်တွင်...
လီယီတောင်းက ဝိညာဉ် စုစည်းခြင်း အဆင့်ကို ကျော်ဖြတ်ကာ ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို တိုက်ရိုက် အသုံးပြုလိုက်လေသည်။
စွမ်းရည်ကို အသက်သွင်းလိုက်သည်နှင့် ရှေ့ဆုံးမှ ပြေးဝင်လာသော ဝိညာဉ် နှစ်ခု၏ အငွေ့အသက်များ ချက်ချင်း လေထဲတွင် လွင့်ပါး ပျောက်ကွယ်သွားတော့၏။
ဤမြင်ကွင်းက အနောက်မှ ပြေးဝင်လာသော ဝိညာဉ် အချို့ကို နေရာမှာတင် မှင်သက်သွားစေခဲ့လေသည်။
သူတို့ရဲ့ မသိစိတ်က ထပ်မကပ်ဖို့ သတိပေးနေတယ်...။
ဒါပေမဲ့ မျှော်လင့်ချက် လေးတချို့ ကျန်နေသေးလို့များလား...။
သူတို့ ချက်ချင်း ထွက်မပြေးကြဘူး...။
ဤမြင်ကွင်းကို မြင်သောအခါ...
လီယီတောင်း၏ မျက်လုံးများထဲတွင် အေးစက်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွား၏။
' သက်တမ်း နည်းနည်းလောက် ကုန်ရုံလေးပဲ မဟုတ်ဘူးလား... '
စွမ်းရည်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ပြန်လေသည်။
ဤတစ်ကြိမ်တွင်တော့ ရှေ့ဆုံးရှိ ခန္ဓာကိုယ် အပေါ်ပိုင်းသာ ရှိသော ဝိညာဉ်မှာ ချက်ချင်း လွင့်ပါး ပျောက်ကွယ်သွားပြန်၏။
ဤအချိန်တွင်...
ပတ်ဝန်းကျင်ရှိ ဝိညာဉ် အားလုံး ကြောက်လန့်သွားကြလေပြီ။
သူတို့ အရပ်မျက်နှာ အသီးသီးသို့ ပြန့်ကျဲ ထွက်ပြေးသွားကြတော့၏။
လီယီတောင်း ခံစားသိရှိနိုင်လေသည်။
ဤဝိညာဉ်များက ရွာပတ်ဝန်းကျင် တစ်လျှောက်လုံးသို့ ပြန့်ကျဲသွားကြခြင်း ဖြစ်၏။
ကြည့်ရတာ... ဒီရွာမှာ တကယ်ကို ထူးခြားတဲ့ အခြေအနေ တချို့ ရှိနေပုံ ရတယ်...။
သို့သော် ဤကိစ္စကို စုံစမ်းစစ်ဆေးရန် လီယီတောင်းတွင် အချိန်မရှိပေ။
ထိုအစား သူ၏ အာရုံကို ဝမ်ရှင်းယွဲ့ထံသို့ ပြောင်းလိုက်လေသည်။
အမျိုးသားက မှုန်ဝါးဝါး အသိစိတ်ဖြင့် လီယီတောင်းကို ကြည့်နေ၏။
တစ်ခုခုကို သူ စဉ်းစားနေသည့်အလားပင်။
နာကြည်းနေသော ဝိညာဉ်များ ထွက်သွားသည်နှင့်အမျှ အစပိုင်းက အသိစိတ် လွတ်နေပုံရသော ယာဉ်မောင်းမှာ သတိပြန်ဝင်လာပုံ ရလေသည်။
သူ ခေါင်းမော့ကာ လီယီတောင်းကို နောက်တစ်ကြိမ် ကြည့်လိုက်၏။
သူ မျက်မှောင်ကြုတ်သွားပြီးနောက် ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသော မျက်နှာထား ဖြစ်သွားလေသည်။
လီယီတောင်းကို ကြည့်ကာ သူက...
" မင်းက ဘယ်သူလဲ... " ဟု မေးလိုက်လေသည်။
***