တစ်ဖက်လူ၏ အသံကို ကြားလိုက်ရချိန်တွင်...
လီယီတောင်း မျက်လုံးများထဲ၌ နောက်ထပ် လေးနက်သည့် အရိပ်အယောင်လေး ဖြတ်ပြေးသွားပြန်၏။
ဘာလို့လဲ ဆိုတော့... ယာဉ်မောင်းဆီက ထွက်လာတဲ့ အသံက မိန်းမ အသံ ဖြစ်နေလို့ပဲ...။
' မိန်းမ အသံ... '
လီယီတောင်း ပထမဆုံး အနေနဲ့ ခန့်မှန်းလိုက်တာက...
' ဖြစ်နိုင်တာက... ဒီမိန်းမက... ဝမ်ရှင်းယွဲ့ ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော် များတယ် မဟုတ်လား... '
ပြီးတော့ အခု... သူမက ယာဉ်မောင်းရဲ့ ပါးစပ်ကနေတစ်ဆင့် စကားပြောနေရတဲ့ အကြောင်းရင်း...။
အဲဒီ အကြောင်းရင်းကို သူ ခန့်မှန်းလို့ ရပါတယ်...။
ဒီအချိန်မှာ... သူမက ယာဉ်မောင်းကို ထိန်းချုပ်ထားတာ ဖြစ်ရမယ်...။
အဲဒါက လီယီတောင်းရဲ့ ပထမဆုံး အတွေးပဲ...။
ဒါပေမဲ့...
ထို့နောက် သူ ထပ်မံ အံ့အားသင့်သွားပြန်၏။
မဟုတ်ဘူး... တစ်ခုခုတော့ မှားနေပြီ...။
တကယ်လို့ ဝမ်ရှင်းယွဲ့က ယာဉ်မောင်းကို ထိန်းချုပ်ထားတာ ဆိုရင်... ယာဉ်မောင်း အနောက်မှာ ရပ်နေတဲ့ အမျိုးသမီးရဲ့ နာကြည်းနေတဲ့ ဝိညာဉ်က ဘယ်သူလဲ...။
" ဟူး... "
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
သူ့ရှေ့က ယာဉ်မောင်းကို သူ သေချာ စိုက်ကြည့်လိုက်၏။ အခြေအနေတွေက လီယီတောင်း စိတ်ကူးထားတာထက် ကျော်လွန်သွားပြီပဲ...။
ခဏမျှ စဉ်းစားပြီးနောက် သူ အလောတကြီး မလှုပ်ရှားတော့ပေ။
ထိုအစား ကုတင်ပေါ်တွင် ထိုင်နေသော ယာဉ်မောင်းကို ကြည့်ကာ...
" ငါက ဘယ်သူလဲ ဆိုတာ အရေးမကြီးပါဘူး... အရေးကြီးတာက... မင်းက ဘယ်သူလဲ... " ဟု ခပ်ပေါ့ပေါ့ပင် မေးလိုက်လေသည်။
တစ်ဖက်လူ ခဏတာ တိတ်ဆိတ်သွား၏။ထို့နောက် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။
" မင်း... မင်းက အစ်ကိုယီတောင်း မဟုတ်လား... "
သူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွားသလို သူ၏ လေသံကလည်း ပြောင်းလဲသွား၏။ သူ့မျက်နှာ အမူအရာတွင် အေးစက်သည့် အရိပ်အယောင်လေးပင် ပါဝင်နေလေသည်။
၎င်းက လီယီတောင်းကို ခဏတာ မှင်သက်သွားစေခဲ့၏။ တဆက်တည်းမှာပင် သူ့တစ်ကိုယ်လုံး ချက်ချင်း အေးခဲသွားတော့သည်။
ဒီအခန်း တစ်ခုလုံးက... ဒီအချိန်မှာ ပြင်ပ ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက်သွားသလို သူ ခံစားလိုက်ရတယ်...။
တစ်နည်းအားဖြင့် ပြောရရင်...
ဒီအခန်းက... အခု အချိန်မှာ လုံးဝကို သီးခြား ဖြစ်သွားတာပဲ...။
ဒါက သာမန် လူတစ်ယောက် လုပ်နိုင်တဲ့ စွမ်းရည်မျိုး သေချာပေါက် မဟုတ်ဘူး...။
' မကောင်းတော့ဘူး... '
လီယီတောင်း စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။
တစ်ဖက်လူရဲ့ အစီအစဉ်က တအားကို ပြည့်စုံလွန်းနေတယ်...။
သူက တကယ်ပဲ ဒီလောက်တောင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတာလား...။ သူ့ကို ထောင်ချောက်ထဲ ဆွဲသွင်းဖို့ သက်သက် အတွက်များလား...။
သူ ချက်ချင်းပင် ရွှံ့အိမ်လေး ထဲမှ ယာယီ ထွက်ခွာရန် ပြင်လိုက်၏။
ဒါပေမဲ့... မျက်မြင်မရတဲ့ စွမ်းအင် အလွှာတစ်ခုက သူ့ကို ရစ်ပတ်ထားသလို သူ ခံစားလိုက်ရတယ်...။
နောက်ကို ခြေတစ်လှမ်းတောင် ဆုတ်လို့ မရဘူး...။
ပါးလွှာတဲ့ အလွှာတစ်ခုက သူ့ကို ပိတ်ဆို့ထားသလို ခံစားနေရတယ်...။
အားစိုက်ရုန်းကြည့်ရင်တောင် အလကားပဲ...။
မမြင်ရတဲ့ အတားအဆီး တစ်ခုက သူ့ကို လုံးဝ ဝန်းရံထားတာ...။
ဤအချိန်တွင် လီယီတောင်း သူ့ရှေ့မှ ယာဉ်မောင်းကို မြင်လိုက်ရ၏။
အံ့သြစရာ ကောင်းလောက်အောင်ပင် ယာဉ်မောင်းက လွင့်မျောနေလေသည်။
သူက လေထဲမှာ တွဲလောင်း ဖြစ်နေတာ...။
သူ့အနောက်မှာ ရှိနေတဲ့ ဝမ်ရှင်းယွဲ့ (အဲဒီ နာကြည်းနေတဲ့ ဝိညာဉ်က ဝမ်ရှင်းယွဲ့ လို့ ယူဆရတာပေါ့) လည်း... လေထဲကို မြင့်တက်လာတယ်...။
ထိုမျှမကသေးပေ။ သူမ၏ ဆံပင်များက အရပ်မျက်နှာ အနှံ့သို့ ဖြာထွက်သွား၏။
၎င်းက မျက်စိတစ်မှိတ် အတွင်းမှာပင် ယာဉ်မောင်း၏ တစ်ကိုယ်လုံးကို ရစ်ပတ်သွားလေသည်။
အဲဒါက... ယာဉ်မောင်းကို လေထဲမှာ လွင့်မျောနေအောင် လုပ်နေတာက သူမပဲ ဆိုတဲ့ အတိုင်းပဲ...။
အဲဒါတင် မကသေးဘူး...
စောစောက ထွက်သွားတဲ့ နာကြည်းနေတဲ့ ဝိညာဉ် တချို့ ပြန်ရောက်လာတာကိုလည်း လီယီတောင်း သတိထားမိလိုက်တယ်...။
ဘာလို့လဲ ဆိုတော့ သူတို့က အမိုးပေါ်ကနေ တွားသွားလာကြလို့ပဲ...။
သူတို့က ဇောက်ထိုး တွားသွားလာကြတာ...။
ဒါကြောင့်... သူတို့က လူသားတွေရဲ့ အမျိုးအစားထဲမှာ မပါတော့ဘူး ဆိုတာကို လီယီတောင်း အလိုလို သဘောတူလိုက်မိတယ်...။
" ဒီနေ့တော့... မင်းကို ကယ်ဖို့ တစ်ယောက်ယောက် လာမလား ဆိုတာ ငါ ကြည့်ရသေးတာပေါ့... "
" တပ်ဖွဲ့ ၃၆က အဲဒီ ငတုံးတွေကိုတော့ မေ့လိုက်တော့... သူတို့ကို ငါတို့ ထောင်ချောက်ဆင်ထားပြီးပြီ... "
" လူတွေကို သတ်နိုင်တဲ့ မင်းရဲ့ စွမ်းရည်က စွမ်းအင် အများကြီး ကုန်လိမ့်မယ်လို့ ငါ ထင်တယ်... ဟုတ်တယ် မလား... "
" ဒီလောက် အများကြီး ရှိနေတဲ့ အရာတွေကို မင်း ဆက်ပြီး ရင်ဆိုင်နိုင်ဦးမလား ဆိုတာ ငါ သိချင်မိတယ်... ဟီးဟီး... "
" ဆက်ပြီးတော့... ခံစားလိုက်စမ်း... "
" အို... ဟုတ်သားပဲ... ဒါက အစပဲ ရှိသေးတယ် ဆိုတာ မင်းကို ပြောဖို့ မေ့သွားတယ်... နောက်ထပ် လာဖို့ ရှိသေးတယ်နော်... "
သူ၏ စကားသံ အဆုံးတွင်...
ဤအချိန်၌ လီယီတောင်း တစ်ယောက် သူ့ဦးနှောက်ထဲသို့ အောက်ဆီဂျင် မရောက်တော့သလို ခံစားလိုက်ရလေသည်။ သူက ထင်ယောင်ထင်မှား ဖြစ်စေသော ဆေး အမြောက်အမြားကို ရှူရှိုက်လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
" အဟွတ်... အဟွတ်... "
လီယီတောင်း နှစ်ချက်ခန့် ချောင်းဆိုးလိုက်ပြီး ခေါင်းက ပိုပိုပြီး မူးဝေလာသည်ကို ခံစားလိုက်ရလေသည်။
ပတ်ဝန်းကျင်ရှိ နာကြည်းနေသော ဝိညာဉ်များက တဖြည်းဖြည်း နီးကပ်လာကြလေပြီ။
အသိစိတ် မလွတ်သွားစေရန် လျှာဖျားကို သူ အားကုန် ကိုက်ထားလိုက်၏။
သို့သော်... အလွန်အမင်း ပြင်းထန်သော အိပ်ချင်စိတ်ကြီးက သူ လုံးဝ သတိလစ်သွားတော့မည်ဟု ခံစားရနေလေသည်။
' ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ... '
သူ့ရင်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေတော့၏။
တစ်ဖက်လူက သူ့အတွက် ဒီလို ထောင်ချောက်မျိုးကို တိတ်တဆိတ် ဆင်ထားခဲ့တာပဲ...။
ပြီးတော့... ကျရောက်လာတော့မယ့် အန္တရာယ်ကို သူ အရင်က မခံစားခဲ့ရဘူးလေ...။
သေမင်းရဲ့ အကာအကွယ် ကတောင် ဘာတုံ့ပြန်မှုမှ မပြခဲ့ဘူး...။
တစ်ဖက်လူက သူ့ကို အပြည့်အဝ အကွက်ဆင်သွားခဲ့တာပဲ...။
သူတို့က သူ့ရဲ့ စွမ်းရည် တချို့ကို အပြည့်အဝ နားမလည်ရင်တောင်မှ... အရင်က သူ လုပ်ခဲ့တဲ့ အကြိမ်အနည်းငယ်က လှုပ်ရှားမှုတွေကနေ တစ်ဆင့် တစ်ဖက်လူက ကြိုတင် ကာကွယ်မှုတွေ လုပ်ထားခဲ့တာပဲ...။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
လီယီတောင်းက ညာလက်ဖြင့် ဓားမြှောင် တစ်လက်ကို ဆွဲထုတ်ကာ ခြေထောက်ကို ဆတ်ကနဲ ထိုးစိုက်လိုက်လေသည်။
သွေးထွက်လွန်ပြီး ပြဿနာ မဖြစ်စေရန် သွေးကြော ရှိသည့် နေရာများကို သူ ရှောင်ရှားလိုက်၏။
ဖြစ်ပေါ်လာသော ပြင်းထန်သည့် နာကျင်မှုကြောင့် လီယီတောင်း၏ စိတ်ဓာတ်များ ထိုအခိုက်အတန့်တွင် သိသိသာသာ ပြန်လည် နိုးကြားလာခဲ့လေသည်။
တစ်ချိန်တည်းမှာပင်။
[ ဝိညာဉ် ဖမ်းယူခြင်း... ]
အကြိမ်များစွာ တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်လေသည်။
သူ့ရှေ့တွင် နာကြည်းနေသော ဝိညာဉ် ဆယ်ခုကျော် ရှိနေပြီး ထိုအခိုက်အတန့်တွင် သူတို့ အားလုံး၏ မျက်နှာပေါ်၌ ထိတ်လန့်မှုများ ပေါ်လွင်သွားကြ၏။
ဘိုင်း...
မည်သို့မျှ တွန့်ဆုတ်မနေဘဲ လီယီတောင်းက သူတို့ လုံးဝ လွင့်ပါး ပျောက်ကွယ်သွားသည် အထိ ဝိညာဉ် ဖမ်းယူခြင်း အောက်တွင် သူတို့၏ ဝိညာဉ်များကို ထိန်းချုပ်လိုက်လေသည်။
ထို့နောက်... ယာဉ်မောင်း၏ အနောက်တွင် ရပ်နေသော အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေသည့် ဝမ်ရှင်းယွဲ့ကို သူ ကြည့်လိုက်၏။
[ ဝိညာဉ် စုစည်းခြင်း... ]
စွမ်းအင် အမှုန်အမွှားများစွာက မျက်စိတစ်မှိတ် အတွင်း စုစည်းလာကြလေသည်။
အခုအချိန်မှာ ဝမ်ရှင်းယွဲ့ရဲ့ ဝိညာဉ်က ဒီလောက်အထိ စုစည်းမိနေသလို ခံစားရတဲ့ အကြောင်းရင်းကတော့...
သေချာပေါက် တစ်ယောက်ယောက်က ဝင်စွက်ဖက်ထားလို့ပဲ...။
ဒါပေမဲ့ တစ်ဖက်လူ ဝင်စွက်ဖက်တဲ့ အချိန်မှာ... သူတို့က ပုံသဏ္ဍာန် မရှိတဲ့ အခြေအနေမှာပဲ ရှိသေးတယ်လေ...။
လီယီတောင်း လုပ်လိုက်တာက နောက်ဆုံး ပုံသဏ္ဍာန်ကို ဆင့်ခေါ်လိုက်တာပဲ...။
သူတို့ကို သူတို့ရဲ့ မူရင်း ပုံသဏ္ဍာန်နဲ့ ပြန်လည် ပေါင်းစည်းစေလိုက်တာ...။
သူက လီယီတောင်း၏ လုပ်ရပ်များကို သတိထားမိသွားကြောင်း ထင်ရှားလှပေသည်။ မျက်နှာ အမူအရာ ချက်ချင်း ကြမ်းကြုတ်သွားတော့၏။
ထို့နောက် ဓားမြှောင်ကို မြှောက်ကာ လီယီတောင်းကို လှမ်းထိုးလိုက်လေသည်။
ဤအချိန်တွင် လီယီတောင်းမှာ နာကျင်မှုမှတစ်ဆင့် သတိပြန်ဝင်လာခါစသာ ရှိသေး၏။
စွမ်းရည်ကို ဆက်တိုက် အသုံးပြုပြီးနောက် အိပ်ချင်စိတ်ကြီးက သူ့ကို တစ်ဖန် ပြန်လည် လွှမ်းမိုးလာပြန်လေသည်။
တစ်ဖက်လူ၏ ဓားမြှောင်က သူ့ဆီသို့ ထိုးဝင်လာချိန်တွင် အိပ်ချင်စိတ်က ပို၍ပင် ပြင်းထန်လာတော့၏။
ဤအချိန်တွင် လီယီတောင်း နားလည်သွားလေပြီ။
သူ့ရဲ့ အိပ်ချင်စိတ်က သေချာပေါက် အဲဒီလောက် မရိုးရှင်းဘူး...။
အဲဒါက အမွှေးတိုင် တစ်ခုခု ဒါမှမဟုတ် တခြား ဆေးဝါး တစ်ခုခုကြောင့် မဟုတ်ဘူး...။
အဲဒါက ယာဉ်မောင်းကြောင့်ပဲ...။
ပိုတိတိကျကျ ပြောရရင် ယာဉ်မောင်းကို ထိန်းချုပ်ထားတဲ့ ဝိညာဉ်ကြောင့်ပဲ...။
တစ်ဖက်လူဆီမှာ စွမ်းရည် တစ်ခုခု ရှိရမယ်...။
ပစ်မှတ်ကို အိပ်မောကျသွားအောင် လုပ်နိုင်တဲ့ စွမ်းရည်မျိုးပေါ့...။
လီယီတောင်း မျက်နှာလည်း အလွန် ကြမ်းကြုတ်လာတော့၏။
ယခုအချိန်တွင် သေမင်း၏ အကာအကွယ်ပင် အသက်မဝင်သေးပေ။ ၎င်းက ပြိုင်ဘက် အနေဖြင့် သူ၏ စွမ်းရည်ကို ပိတ်ဆို့ရန် နည်းလမ်း ရှာတွေ့သွားကြောင်း ညွှန်ပြနေလေသည်။
တကယ်တမ်းတွင် မှန်ကန်သော နည်းလမ်းကိုသာ ရှာတွေ့မည် ဆိုပါက ဤနည်းလမ်းက အလွန် ရိုးရှင်းလှပေသည်။
သေမင်း၏ အကာအကွယ်သည် တစ်စုံတစ်ယောက်က သူ၏ အသက်အန္တရာယ်ကို သေစေလောက်သော ခြိမ်းခြောက်မှု ပြုလုပ်နေသည်ဟု ခံစားရချိန်တွင် အသက်ဝင်လာခြင်း ဖြစ်၏။
အကယ်၍ ၎င်းက တိုက်ခိုက်သူ၏ လှုပ်ရှားမှုကို ပိတ်ဆို့နိုင်ပြီး သူ၏ နောက်ထပ် လှုပ်ရှားမှုကို အခြားသူများ မခံစားမိအောင် တားဆီးနိုင်မည် ဆိုပါက...
အဲဒါ လုံလောက်ပြီလေ...။
ပြီးတော့ အခု... တစ်ဖက်လူဆီမှာ အလားတူ စွမ်းရည်မျိုး ရှိနေနိုင်ခြေ တော်တော် များတယ်...။
သေမင်းရဲ့ အကာအကွယ် ကို သုံးလို့ မရတော့မှတော့... ကိုယ်တိုင် ကြိုးစားရုံပေါ့။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူ အိပ်မောကျသွားလုနီးပါး အချိန်လေးမှာပင်...
ခြေထောက်ထဲ စိုက်ဝင်နေသော ဓားမြှောင်ကို ဆတ်ကနဲ ပြန်ဆွဲထုတ်လိုက်၏။
အလွန်အမင်း ပြင်းထန်လှသော နာကျင်မှုကြောင့် လီယီတောင်း တစ်ယောက် ထိန်းမရအောင် အော်ဟစ်လိုက်မိတော့၏။
လီယီတောင်းက ရန်သူတွေ အပေါ်မှာ တကယ်ကို ရက်စက်ပါတယ်...။
သူ့ကိုယ်သူ ဆိုရင် ပိုတောင် ရက်စက်သေးတယ်...။
ပိုပြီး ပြင်းထန်တဲ့ နာကျင်မှုရဲ့ လှုံ့ဆော်မှု အကူအညီနဲ့... လီယီတောင်း ချက်ချင်း သတိပြန်ဝင်လာခဲ့တယ်...။
အဲဒီနောက်...
ယာဉ်မောင်းရဲ့ အသက်ကို အဆုံးသတ်ဖို့ သူ ဘယ်စွမ်းရည်ကိုမှ မသုံးခဲ့ဘူး...။
ထိုအစား... သူ၏ ရင်ခွင်ထဲမှ ကြေးမုံပြင် တစ်ခုကို ထုတ်ယူလိုက်လေသည်။
ကြေးမုံပြင်က ယာဉ်မောင်း၏ အရိပ်ကို ရောင်ပြန်ဟပ်သွား၏။
အေးခဲစေ...။
ကြေးမုံပြင်၏ အလင်းရောင် အောက်တွင် ယာဉ်မောင်း၏ ပုံရိပ်မှာ ဓားမြှောင်ကို မြှောက်ထားလျက်သား နေရာမှာတင် အေးခဲသွားတော့သည်။
***