လီယီတောင်းက ယာဉ်မောင်း ရူးသွပ်စွာ ရုန်းကန်နေသည်ကို ကြည့်ရင်း တည်ငြိမ်စွာ ရပ်နေလိုက်၏။
သူလည်း နေရာမှာတင် မှင်သက်သွားလေသည်။
ဒါက... ကိစ္စတွေက သူ ခန့်မှန်းထားတာထက် ကျော်လွန်သွားပြီ...။
သူမရဲ့ လက်ရှိ အခြေအနေ အရဆိုရင် ဒီဝမ်ရှင်းယွဲ့က သေချာပေါက် သာမန် ဝိညာဉ် မဟုတ်ဘူး...။
ဖြစ်နိုင်တာက သူမ အသက်ရှင်စဉ် တုန်းကတောင် ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေခဲ့တာများလား...။
ဒါမှမဟုတ် သူမ သေသွားပြီးတဲ့ နောက်မှာ ဒီလို အခြေအနေမျိုး ဖြစ်သွားစေတဲ့ အရာ တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရတာလား...။
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒါတွေ အကုန်လုံးက ကောင်းတဲ့ နိမိတ်တွေတော့ မဟုတ်ဘူး...။
လီယီတောင်းက ဝမ်ရှင်းယွဲ့ အပေါ်မှာ ဝိညာဉ် ဖမ်းယူခြင်း စွမ်းရည်ကို မသုံးရသေးဘူးလေ...။
ဒါပေမဲ့... တကယ်လို့ တစ်ဖက်လူမှာ သာမန် ဝိညာဉ်တွေနဲ့ မတူတဲ့ စွမ်းအားတွေ တကယ်ပဲ ရှိနေမယ် ဆိုရင်...
ဒါဆိုရင် သူ့ရဲ့ ဝိညာဉ် ဖမ်းယူခြင်းက သူမ အပေါ် အလုပ်လုပ်ပါ့မလား...။
တကယ်လို့ အလုပ်မလုပ်ဘူး ဆိုရင်...
သူမက အခြေအနေကို ပြောင်းပြန်လှန်ပြီး သူ့ကို ပစ်မှတ်ထားလာရင် ဘယ်လိုလုပ်မလဲ...။
' ဖက်ခ်... '
ဘာလို့ အမြဲတမ်း ငါ့ကိုယ်ငါ အန္တရာယ်ထဲ ဆွဲသွင်းနေရတာလဲ...။
လီယီတောင်း ခဏတာ စကားမပြောနိုင်အောင် ဖြစ်သွားရလေသည်။
သုံးမိနစ်ခန့် အကြာတွင်...
ယာဉ်မောင်း ငြိမ်ကျသွားသည်ကို လီယီတောင်း သတိထားမိလိုက်၏။
ဝမ်ရှင်းယွဲ့ လည်း သူ၏ အနောက်တွင် လုံးဝ ပျောက်ကွယ်သွားလေပြီ။
ယာဉ်မောင်းရဲ့ မျက်လုံးတွေ...
ပြီးတော့ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ အငွေ့အသက်တွေက လုံးဝကို ပြောင်းလဲသွားခဲ့ပြီ...။
တစ်ခုတည်းသော မပြောင်းလဲတဲ့ အရာကတော့ နေရာမှာတင် အေးခဲနေတဲ့ သူရဲ့ ခန္ဓာကိုယ်ပဲ...။
ဤမြင်ကွင်းကို မြင်သောအခါ လီယီတောင်း စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။
ဝမ်ရှင်းယွဲ့က သူ့စကားကို နားထောင်ပြီး ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားတာပဲ...။
တစ်ချိန်တည်းမှာပင်...
လီယီတောင်းကို စိတ်အေးသွားစေတာက ဝမ်ရှင်းယွဲ့ ယာဉ်မောင်းရဲ့ ခန္ဓာကိုယ်ထဲ ဝင်သွားရင်တောင် ကြေးမုံပြင်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတုန်းပဲ ဆိုတာကို သိလိုက်ရလို့ပဲ...။
ကြေးမုံပြင်က တကယ်ကို အစွမ်းထက်တာပဲ...။
အဘိုးအိုက ကြေးမုံပြင် အတွက် အထူး ပြင်ဆင်မှု တချို့ လုပ်ထားခဲ့ပုံ ရတယ်...။
ထားပါတော့… ငါ မစ်ရှင် ပြီးအောင် လုပ်ရဦးမယ်လေ...။
မစ်ရှင် ပြီးအောင် လုပ်ဖို့ ဝမ်ရှင်းယွဲ့ ရဲ့ ပါဝင်ပတ်သက်မှု လိုအပ်တယ်...။
ဒါကြောင့် သူတို့ အကုန်လုံးကို တစ်ပြိုင်နက်တည်း ရှင်းပစ်ဖို့ ဆိုတာ မဖြစ်နိုင်သေးဘူး...။
သူ ကြေးမုံပြင်ကို ဖြည်းညင်းစွာ သိမ်းလိုက်ပြီး ယာဉ်မောင်း ခန္ဓာကိုယ်ကို မှန် ရောင်ပြန်ဟပ်မှုမှ လွတ်မြောက်စေလိုက်၏။
ယာဉ်မောင်းက မျက်စိတစ်မှိတ် အတွင်း လွတ်လပ်ခွင့် ပြန်ရသွားလေသည်။
ကိစ္စတွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ် လာနေပြီ...။
တအား ထူးဆန်းလွန်းလို့ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကိုတောင် မသိတော့ဘူး... တစ်လှမ်းချင်းစီပဲ သွားရတော့မှာပေါ့...။
အခု လောလောဆယ် တစ်ဖက်လူကို သူ လှည့်စားထားနိုင်ပြီ ဆိုတော့...
အင်း... တစ်ဖက်လူကို သူနဲ့အတူ ပြန်လိုက်လာအောင် လှည့်စားဖို့က သိပ်မခက်လောက်ပါဘူး...။
ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယွဲ့ ရဲ့ တစ်ခုတည်းသော အတွေးက လက်စားချေဖို့ပဲလေ...။
သူမ လက်စားချေနိုင်မယ်ဆိုရင် အကုန် အဆင်ပြေတယ်…။
" ဟူး... "
လီယီတောင်း အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး တည်ငြိမ်စွာဖြင့်...
" ဒီမှာ ပြဿနာ တချို့ ရှိနေသေးတယ်... ငါတို့ ပိတ်မိနေတယ်... ဒါကို ရှင်းပြီးတာနဲ့ မင်းကို ငါ ခေါ်ထုတ်သွားမယ်... "
" ကျန်းမြို့ကို ပြန်ရောက်မှပဲ မင်းရဲ့ ယုတ်မာတဲ့ ယောကျ်ားနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ဖို့ အခွင့်အရေး ရှာလို့ ရမယ်... "
" အဲဒီတော့မှ သူ့ကို ဥပဒေ အရ အပြစ်ပေးလို့ ရမှာ... တစ်ချိန်တည်းမှာပဲ မင်း ထိန်းချုပ်ထားတဲ့ ဒီယာဉ်မောင်းကိုလည်း သူ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရအောင် လုပ်နိုင်မယ်... "
" သူတို့ကို ဥပဒေ အရ အပြစ်ပေးခံရတာကို မင်း မြင်ချင်တယ် မဟုတ်လား... မင်းရဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေလည်း မင်း သေရတဲ့ တကယ့် အကြောင်းရင်းကို သိသွားစေချင်တယ် မဟုတ်လား... "
ယာဉ်မောင်း၊ ဒါမှမဟုတ် ယာဉ်မောင်းကို ထိန်းချုပ်ထားတဲ့ ဝမ်ရှင်းယွဲ့က လီယီတောင်း၏ စကားများကို ကြားပြီးနောက် မျက်နှာပေါ်ရှိ ဒေါသများ ဖျော့တော့ တည်ငြိမ်သွားလေသည်။
ထို့နောက် သူမ တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
" ငါတို့ အခု မမြင်ရတဲ့ အတားအဆီး တစ်ခုနဲ့ ပိတ်မိနေတာ... ဒီအတားအဆီးကို ဖျက်ဆီးဖို့ မင်းမှာ နည်းလမ်း ရှိလား... "
" တကယ်လို့ ငါတို့ ဒါကို မဖျက်နိုင်ရင် အခု ထွက်သွားလို့ မရဘူး... "
ဒါက လီယီတောင်း အခုလေးတင် စကားတွေ အများကြီး ပြောရတဲ့ အကြောင်းရင်းပဲ...။
သူ့နည်းလမ်းတွေက လောလောဆယ် ကန့်သတ်ချက်တွေ ရှိနေတယ်...။
ဒီအတားအဆီးကို ဖျက်ဆီးဖို့ ကောင်းတဲ့ နည်းလမ်း မရှိဘူး...။
ထို့ပြင် စစ်ကူ ဖြစ်သော တပ်ဖွဲ့ ၃၆က သူ့ကို ကူညီရန် ဘယ်အချိန် ရောက်လာမည်ကိုလည်း သူ အတိအကျ မသိနိုင်ပေ။
တပ်ဖွဲ့ ၃၆ ရောက်လာရင်တောင် သူတို့က ဒီအတားအဆီးကို ဖျက်ဆီးနိုင်မယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ...။
ဒါပေမဲ့ လီယီတောင်းမှာ ခံစားချက် တစ်ခု ရှိတယ်...။
အခု ဝမ်ရှင်းယွဲ့က တအားကို အစွမ်းထက်နေတယ်...။
သူမမှာ ဒီအတားအဆီးကို ဖျက်ဆီးနိုင်တဲ့ စွမ်းရည် ရှိနိုင်တယ်...။
ဒါပေမဲ့... ဒီတစ်ခါတော့ လီယီတောင်း စိတ်ပျက်ရဖို့ ဖန်လာတာပဲ...။
သူ့စကားများကို ကြားပြီးနောက် ဝမ်ရှင်းယွဲ့လည်း ပတ်ဝန်းကျင်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
သူမ ခံစားမိတယ်...။
ဒါမှမဟုတ် သူတို့ရဲ့ ရှုထောင့် ကနေ ဆိုရင် ဒီအတားအဆီးကို သူတို့ မြင်နိုင်တယ်...။
သူမ၏ မရေမတွက်နိုင်သော ဆံပင်မည်းများက ဝိညာဉ် ပုံစံဖြင့် တစ်ဖန် ပြန်လည် စုစည်းလာပြန်၏။
ထို့နောက် သူမက အချိန်ကောင်းကို စောင့်ရင်း ခွန်အားများကို စုစည်းလိုက်လေသည်။
သူမ၏ အငွေ့အသက်များ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင်...
သူမ၏ ဆံပင်များ အားလုံး မျက်စိတစ်မှိတ် အတွင်း ပေါက်ကွဲထွက်လာတော့၏။
သူ့ရှေ့ရှိ မမြင်ရသော အတားအဆီးကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားလေသည်။
" ဝုန်း... ဝုန်း... ဝုန်း... "
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီး မြေကြီးပင် တုန်ခါသွားလေသည်။
မမြင်ရသော အတားအဆီးကြီး တုန်ခါနေသည်ကို လီယီတောင်း ခံစားမိလိုက်၏။
ရေထဲကို ကျောက်ခဲ တစ်လုံး ပစ်ချလိုက်လို့ ဂယက်လှိုင်းလေးတွေ ထသွားသလိုမျိုးပဲ...။
သို့သော်…
ဒီဂယက်လှိုင်းလေးတွေက စက္ကန့်အနည်းငယ် အကြာမှာတော့ ပုံမှန်အတိုင်း ပြန်ငြိမ်သွားတယ်...။
ဝမ်ရှင်းယွဲ့ မယုံနိုင်အောင် ဖြစ်သွားရလေသည်။
သူမ နောက်တစ်ကြိမ် စွမ်းအား ထပ်မံ စုစည်းလိုက်ပြန်၏။
ဤတစ်ကြိမ်တွင် သူမ၏ တိုက်ခိုက်မှုက ပိုမို ပြင်းထန်လာလေသည်။
အငွေ့အသက်များက ပိုမို ကြီးမားလာ၏။
ဒါပေမဲ့... တစ်ခုတည်းသော ကွာခြားချက်က လီယီတောင်းက မြေကြီး တုန်ခါမှုကို ပိုပြီး သိသိသာသာ ခံစားလိုက်ရတာပဲ...။
ဂယက်လှိုင်းတွေလည်း နည်းနည်း ပိုများလာတယ်...။
အကျိုးသက်ရောက်မှု ကတော့ အလကားပါပဲ...။
ဤတစ်ကြိမ်တွင် ဝမ်ရှင်းယွဲ့ ထပ်မံ မလှုပ်ရှားတော့ပေ။ သူမ၏ အငွေ့အသက်များ အများအပြား လွင့်ပါးသွားသည်ကိုပင် ခံစားသိရှိနိုင်လေသည်။
စောစောက ကုန်ဆုံးသွားမှုက နောက်ပြောင်စရာ မဟုတ်ကြောင်း ထင်ရှားလှ၏။
အကယ်၍ ဝမ်ရှင်းယွဲ့ သူမ၏ စွမ်းရည်ကို ထပ်မံ အသုံးပြုပါက စုစည်းထားသော ဝိညာဉ် အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
သို့သော် သူမ၏ အကြည့်များထဲတွင် ရူးသွပ်မှုများ လွှမ်းမိုးနေလေပြီ။
အကယ်၍ သူမ ဤမမြင်ရသော အတားအဆီးကို မဖျက်ဆီးနိုင်ပါက ဤနေရာမှ ထွက်သွားနိုင်မည် မဟုတ်ပေ။
အဲဒီ ရလဒ်ရဲ့ အကျိုးဆက်ကတော့ သူမ လက်စားချေလို့ မရနိုင်တော့တာပဲ...။
တခြား အရာတွေကို သူမ သည်းခံနိုင်ပါတယ်...။
ဒါပေမဲ့... လက်စားချေလို့ မရဘူး ဟုတ်လား...။
ဒါကိုတော့ သူမ လုံးဝ သည်းမခံနိုင်ဘူး...။
သူမ အတွက် အရေးအကြီးဆုံး အရာက အခု သူမကို အသက်ရှင် ရပ်တည်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ အရာပဲ...။
အဲဒါက လက်စားချေဖို့ပဲ...။
မဟုတ်ရင် သူမ တည်ရှိနေတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ...။
သို့သော်... အကယ်၍ သူမ၏ စွမ်းရည်ကို ဆက်လက် အသုံးပြုနေပါက သူမ၏ ဝိညာဉ် လွင့်ပါး ပျောက်ကွယ်သွားမည်ကို လီယီတောင်း တကယ်ကို စိုးရိမ်မိလေသည်။
အဲဒီ အချိန်ကျရင် သူမ လက်စားချေနိုင်မလား၊ မချေနိုင်ဘူးလား ဆိုတာက လီယီတောင်း ထိန်းချုပ်လို့ ရတဲ့ အရာ မဟုတ်တော့ဘူးလေ...။
ဒါပေမဲ့ သူ့ရဲ့ မစ်ရှင်ကတော့ သေချာပေါက် ကျရှုံးသွားမှာပဲ...။
ထို့ကြောင့် ဝမ်ရှင်းယွဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမည့် လမ်းကို ရွေးချယ်သွားသည်ကို လီယီတောင်း သည်အတိုင်း လက်ပိုက် ကြည့်နေမည် မဟုတ်ပေ။
သူ အလျင်အမြန် ဝင်ဟန့်တားလိုက်၏။
" မင်း ဒီလို လုပ်စရာ မလိုပါဘူး... မင်း အရမ်း ပင်ပန်းသွားပြီ... အရင် အနားယူလိုက်ပါဦး... "
" ငါ နည်းနည်း စဉ်းစားကြည့်ပါ့မယ်... "
ဝမ်ရှင်းယွဲ့က အစပိုင်းတွင် သူ့ကို မကျေမနပ် မျက်ထောင့်နီဖြင့် ကြည့်လိုက်လေသည်။
သို့သော် လီယီတောင်းဆီမှ ဖြေရှင်းနည်း ရှာပေးမည်ဟု ကြားလိုက်ရသဖြင့် ဝမ်ရှင်းယွဲ့ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ကျေးဇူးတင်တဲ့ အရိပ်အယောင်လေးတောင် ပါနေသလိုပဲ...။
တစ်ဖက်လူ၏ ကျေးဇူးတင်မှုကို မြင်သောအခါ လီယီတောင်း အနည်းငယ် နေရခက်သွားလေသည်။
သူက တစ်ဖက်လူကို အသုံးချခဲ့တာ ရှင်းနေတာကို... အခုတော့ သူက တစ်ဖက်လူရဲ့ ကျေးဇူးရှင်ကြီးလို ဖြစ်နေပြီ...။
' အဟမ်း... အဟမ်း... '
ဝမ်ရှင်းယွဲ့ ထံမှ အကြည့်ကို လွှဲဖယ်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အတားအဆီးကို နောက်တစ်ကြိမ် ကြည့်လိုက်၏။
လက်ကို ဆန့်ထုတ်ကာ ဖြည်းညင်းစွာ စမ်းသပ်ကြည့်လိုက်လေသည်။
အတားအဆီး ရှိနေဆဲ ဖြစ်ကြောင်း သူ ခံစားသိရှိနိုင်၏။
တကယ်တမ်းတွင် လီယီတောင်း၌ အကြံကောင်း တစ်ခုမှ မရှိပေ။
သူ့မှာ အဲဒီလို စွမ်းရည်မှ မရှိတာ...။
ဒါပေမဲ့... လွန်ခဲ့တဲ့ ခဏလေးကမှ သူ တစ်ခုခုကို ရုတ်တရက် သတိရသွားတယ်...။
အဲဒါက ပြီးခဲ့တဲ့ ယာယီ မစ်ရှင် တုန်းက ဖွင့်ခဲ့တဲ့ သေမင်းရဲ့ အံ့အားသင့်ဖွယ် သေတ္တာ ပဲ...။
အဲဒါကို အရင်ကလည်း မိတ်ဆက်ပေးပြီးပြီလေ...။
လီယီတောင်း အဆောင်လက်ဖွဲ့ ဆယ်ခု ရခဲ့တယ်...။
ဒါပေမဲ့ ဒီအဆောင်လက်ဖွဲ့ တွေက နတ်ဘုရား ရတနာသေတ္တာ ကနေ ရခဲ့တဲ့ ကာကွယ်ရေး အဆောင်လက်ဖွဲ့ တွေနဲ့ မတူဘူး...။
ဒီအဆောင်လက်ဖွဲ့ တွေက သတ်ဖြတ်ဖို့ အတွက် သီးသန့်ပဲ...။
ထိုမျှမကသေးပေ။
အဆောင်လက်ဖွဲ့ တွေကို ကျိန်စာ ကိရိယာ အမျိုးအစား တစ်ခုလို့လည်း ယူဆလို့ ရတယ်...။
လီယီတောင်း ရဲ့ အဆောင်လက်ဖွဲ့ ကလည်း ချွင်းချက် မဟုတ်ဘူး...။
အဲဒါက ပိုတောင် အဆင့်မြင့်သေးတယ်...။
ကျိန်စာတွေ၊ ကျိန်စာတွေ... သဲလွန်စ မရှိဘဲ လူသတ်တာ...။
ကျိန်စာ အများစုက သဘာဝကျကျပဲ လက်ခံမယ့်သူကို အရင် ရှာရတယ်... ပြီးမှ ကျိန်စာ တိုက်ဖို့ စွမ်းရည် အမျိုးမျိုးကို သုံးရတာ...။
သေမင်းရဲ့ အံ့အားသင့်ဖွယ် သေတ္တာ ကနေ ရတဲ့ အဆောင်လက်ဖွဲ့ အတွက်ကတော့ ဒီလောက် အများကြီး ဒုက္ခခံစရာ မလိုဘူး...။
သေချာတာပေါ့... ဒီအဆောင်လက်ဖွဲ့က လီယီတောင်း နဲ့ ချိတ်ဆက်ထားပြီး သူ တစ်ယောက်တည်းပဲ သုံးလို့ ရတာ...။ အမျိုးအစား နှစ်ခု ရှိပြီး တစ်မျိုးကို ငါးခုစီ ရှိတယ်...။
တစ်မျိုးက လူတွေကို တိုက်ခိုက်ဖို့ သီးသန့် ဖန်တီးထားတာ ဖြစ်ပြီး အောင်မြင်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ရှိတယ်...။
အဆောင်လက်ဖွဲ့ ပစ်မှတ်ထားခံရတဲ့ ဘယ်သူမဆို သေချာပေါက် သေရမှာ ဖြစ်ပြီး သူတို့ အပေါ် သက်ရောက်နေတဲ့ စွမ်းရည်တွေနဲ့ ကျိန်စာတွေ အားလုံးက ပျက်ပြယ်သွားမှာပဲ...။
နောက်ထပ် တစ်မျိုးကတော့ သီးသန့် ပစ္စည်း တစ်ခုကနေ တစ်ဆင့် အသုံးပြုလို့ ရတာမျိုး...။
အဲဒါက သက်ဆိုင်ရာ ပစ္စည်းရဲ့ ပိုင်ရှင်ကို ရှင်းလင်းပေးနိုင်တယ်...။
ဥပမာအားဖြင့် ဓားရှည်၊ ဓားတို၊ ဒါမှမဟုတ် အဝတ်အစား တစ်ထည်၊ ခေါင်းစီးကြိုး တစ်ခု အစရှိသဖြင့်ပေါ့...။
ဒါကြောင့် သူ ရုတ်တရက် တစ်ခုခုကို စဉ်းစားမိသွားတာ...။
တကယ်လို့ ဒီအတားအဆီးသာ အထူး ပစ္စည်း အမျိုးအစား တစ်ခု ဖြစ်ခဲ့မယ် ဆိုရင်ကော...။
အဲဒီလို ဆိုရင် အဆောင်လက်ဖွဲ့ တွေရဲ့ အကျိုးသက်ရောက်မှုကို သုံးလို့ ရနိုင်မလား...။
ထို့ကြောင့် လီယီတောင်းက တိတ်တဆိတ် စမ်းသပ်မှု အချို့ ပြုလုပ်ခဲ့ပြီး ဖြစ်လေသည်။
ထင်သည့်အတိုင်းပင်။
အဆောင်လက်ဖွဲ့ကို သုံးလို့ ရတယ်...။
သို့သော် အစပိုင်းတွင် သူ တိုက်ရိုက် မသုံးခဲ့ပေ။
ထိုအစား အတားအဆီးကို ဖွင့်ရန် ဝမ်ရှင်းယွဲ့ကို သူ ကြိုးစားခိုင်းခဲ့ခြင်း ဖြစ်၏။
အကယ်၍ သူမသာ အောင်မြင်ခဲ့မည် ဆိုပါက အဆောင်လက်ဖွဲ့ တစ်ခု ကုန်ဆုံးမည့် အရေးမှ သူ သက်သာသွားမည် ဖြစ်၏။
ထို့ပြင် ဝမ်ရှင်းယွဲ့၏ ခွန်အားကိုလည်း အားနည်းသွားစေနိုင်ပြီး သူ့ကို ပိုမို ဘေးကင်းစေလိမ့်မည်။ ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင် ပစ်မည့် အခွင့်အရေးကို သူ သဘာဝကျကျပင် လက်လွှတ်ခံမည် မဟုတ်ပေ။
ကံမကောင်းစွာနဲ့ပဲ...
ဝမ်ရှင်းယွဲ့ ရဲ့ လက်ရှိ စွမ်းရည်ကလည်း ဒီအတားအဆီးကို မဖျက်ဆီးနိုင်ဘူး...။
ဒီလို အခြေအနေမျိုး အောက်မှာ သူ အဆောင်လက်ဖွဲ့ တွေကို သုံးဖို့ပဲ ရှိတော့တယ်...။
မဟုတ်ရင်...
ဝမ်ရှင်းယွဲ့ သေတဲ့အထိ သူ စောင့်နေရမှာလား...။
မကြာမီ အချိန်လေးက...
ဝမ်ရှင်းယွဲ့ ယာဉ်မောင်း၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကို ဖယ်ရှားပစ်လိုက်သည့် အချိန်ပင်။
ဝေးလံခေါင်သီသော တောင်ပေါ် ရွာလေး တစ်ရွာတွင်...
အလွန် လျှို့ဝှက်သော မြေအောက် စက်ရုံ တစ်ခု ရှိလေသည်။
ပိုတိတိကျကျ ပြောရရင် အဲဒါက မြေအောက် ' ဆေးဘက်ဆိုင်ရာ ' စက်ရုံ တစ်ခုပဲ...။
ဘာတွေ လုပ်သလဲ ဆိုတာကိုတော့ အသေးစိတ် ရှင်းပြနေစရာ မလိုပါဘူးလေ...။
စက်ရုံရှိ လျှို့ဝှက် အခန်း တစ်ခန်းထဲတွင်...
လူသုံးယောက် တင်ပျဉ်ခွေ ထိုင်နေကြလေသည်။ လူတိုင်းက လက်အုပ်ချီထားကြ၏။
သူတို့၏ ရှေ့တွင် အသက်ကင်းမဲ့နေသော သစ်သား ရုပ်တု တစ်ခု ရှိလေသည်။
ရုပ်တုတွင် ဦးခေါင်း သုံးလုံးနှင့် မျက်နှာ သုံးဖက် ပါရှိပြီး တစ်ဖက်စီက လူသုံးယောက်ထဲမှ တစ်ယောက်စီကို ကိုယ်စားပြုနေ၏။
ဒီလူသုံးယောက်က အမြွှာညီအစ်ကို တွေပဲ... ဒါမှမဟုတ်... သူတို့က ဖန်တီးထားတဲ့ အမြွှာညီအစ်ကို တွေပဲ...။
ယာဉ်မောင်း၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကို ဝမ်ရှင်းယွဲ့ ရှင်းလင်းပစ်လိုက်သည့် အခိုက်အတန့်မှာပင်...
သူတို့ သုံးယောက်လုံး တစ်ပြိုင်နက်တည်း မျက်လုံးပွင့်လာကြလေသည်။
သူတို့၏ သူငယ်အိမ်များက ပြောင်းပြန် ဖြစ်နေ၏။
သူတို့၏ မျက်လုံးများထဲတွင် သွေးကြော အနီရောင်ရဲရဲများဖြင့် ပြည့်နှက်နေလေသည်။
ဒီလူသုံးယောက်က... မျက်မမြင်တွေလား...။
သူတို့၏ တစ်ခုတည်းသော လုပ်ရပ်မှာ သူတို့၏ လက်ချောင်းထိပ်များကို တစ်ပြိုင်နက်တည်း ကိုက်လိုက်ခြင်းပင် ဖြစ်၏။
ထို့နောက် သူတို့က သူတို့ကို ကိုယ်စားပြုသော ရုပ်တု အပေါ်သို့ သွေးများ သုတ်လိမ်းလိုက်ကြလေသည်။
ဒီလုပ်ရပ်က တော်တော်လေး ရိုးရှင်းပေမဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ကို သိသိသာသာ အားနည်းသွားစေတယ်...။
ထို့နောက်...
သူတို့က ဒီလုပ်ရပ်ကို နှစ်ကြိမ်တောင် ထပ်လုပ်ခဲ့သေးတယ်။
ဒါက သူတို့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးတောင် အားနည်းသွားစေတယ်...။
သူတို့ အချိန်မရွေး လဲကျသွားနိုင်ခြေတောင် ရှိသေးတယ်...။
ဒီလုပ်ရပ် နှစ်ခုက ဝမ်ရှင်းယွဲ့ ရဲ့ တိုက်ခိုက်မှု နှစ်ခုပဲ...။ တကယ်လို့ လီယီတောင်းသာ ဒီမြင်ကွင်းကို မြင်ခဲ့မယ် ဆိုရင်...
ဖြစ်နိုင်တာက သူ ဝမ်ရှင်းယွဲ့ကို နောက်တစ်ကြိမ် ထပ်ကြိုးစားခိုင်းဦးမှာပဲ...။
ဘာပဲဖြစ်ဖြစ် ဝမ်ရှင်းယွဲ့က ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး... ဒါပေမဲ့ ဒီကောင် သုံးယောက် ကလည်း သူတို့ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီလို့ ထင်ရတယ်လေ...။
ဒါပေမဲ့ ဒါတွေ အကုန်လုံးက မဖြစ်နိုင်ပါဘူး...။
ဘာပဲဖြစ်ဖြစ်... လီယီတောင်းက တကယ့် နတ်ဘုရားမှ မဟုတ်တာ... အရာအားလုံးကို သူ ဘယ်လိုလုပ် မြင်နိုင်မှာလဲ...။
တိုက်ခိုက်မှု နှစ်ကြိမ်၏ အကျိုးသက်ရောက်မှုများကို ခံစားလိုက်ရပြီးနောက် အမြွှာညီအစ်ကိုများမှာ အလွန် သတိထားနေကြလေပြီ။
သို့သော် သူတို့ အချိန်အတော်ကြာ စောင့်ခဲ့သော်လည်း တတိယအကြိမ် တိုက်ခိုက်မှုကို မခံစားခဲ့ရပေ။
သို့သော်... သူတို့ မသိခဲ့သည်မှာ...
ဒီအရာ အားလုံး ပြီးဆုံးဖို့ အဝေးကြီး လိုသေးတယ် ဆိုတာကိုပဲ...။
တကယ့် သေခြင်းတရားက.... အခုမှ စတင် ကျရောက်လာတာ...။
***