လီယီတောင်းက Live Stream တစ်ခုထဲသို့ ဝင်ရောက်သွားလိုက်သည်။ သူ့ရှေ့ရှိ လူငယ်အမျိုးသမီးကို မြင်လိုက်ရသောအခါ လီယီတောင်း စိတ်မသက်မသာ ဖြစ်သွားရ၏။
ဤအမျိုးသမီးမှာ မိခင်တစ်ယောက် ဖြစ်ရန် အလွန် ငယ်ရွယ်လွန်းနေပုံရသည်။
သို့သော် သူမက အဖြူထည်လေး တစ်ယောက်တော့ သေချာပေါက် မဟုတ်ပေ။
သူမကိုယ်ပိုင် လောကအမြင်၊ ခံယူချက်တွေ ရှိနေမှာတော့ သေချာသည်။
လီယီတောင်း ဝင်ရောက်သွားချိန်တွင် ပရိသတ်အချို့က Notification ကို မြင်တွေ့သွားကြလေပြီ။
"အစ်ကိုယီတောင်း ရောက်လာပြီဟေ့..."
"အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... အစ်ကိုယီတောင်း ရောက်လာပြီ..."
"အစ်ကိုယီတောင်း... လာပြီး ဒီမိစ္ဆာမကို ခေါ်သွားပေးပါဦး..."
"နောက်ဆုံးတော့ တစ်ယောက်ယောက် ထွက်လာပြီပဲ... ငါ ပလက်ဖောင်း အက်ဒမင်ကို တစ်ညလုံး မန်းရှင်း ခေါ်နေတာ၊ သူက လှည့်တောင် မကြည့်ဘူး... ဒါကတော့ လွန်လွန်းတယ်..."
"ဘာမှ ထပ်မပြောကြနဲ့တော့... အစ်ကိုယီတောင်း လှုပ်ရှားမယ့် အချိန်ကိုသာ စောင့်နေကြ..."
"ဒါနဲ့ အစ်ကိုယီတောင်းရေ... @ယီတောင်းနာရေးဝန်ဆောင်မှု... ခင်ဗျား ဟိုကောင်နဲ့ မျက်နှာချင်းဆိုင် တွေ့မယ်လို့ ပြောထားတယ် မဟုတ်လား... အဲဒီကောင် နေ့လယ်က ခင်ဗျားကို လှောင်နေသေးတယ်... မစ္စဝမ်ကို ဘယ်တော့ သွားရှာပြီး သူ့ကို မျက်နှာချင်းဆိုင် တွေ့ပေးမှာလဲ..."
"ဘာတွေ လာပြောနေတာလဲ... ဟိုကောင်က ဘယ်သူလဲ..."
"မဟုတ်ဘူးလေ... တကယ်ပြောတာ သူငယ်ချင်း၊ မင်းကတော့ လွန်သွားပြီ... မစ္စဝမ်ကို ပြန်ခေါ်လာပေးရအောင် အစ်ကိုယီတောင်းက နတ်ဘုရား မှတ်နေလို့လား... အစ်ကိုယီတောင်းက သေမင်းတမန်ကွ နားလည်လား... သေမင်းတမန်..."
"ဟဲဟဲ... သေမင်းတမန်က အသက်ရှင်နေတဲ့ သူတွေကို မထိန်းချုပ်နိုင်ဘူးလား..."
"ကောင်းပြီလေ... မင်းတို့ကောင်တွေက တော်တော် စွမ်းတာပဲ..."
"စကားလမ်းကြောင်း မလွှဲကြနဲ့... အစ်ကိုယီတောင်း... မြန်မြန်လေး ဒီအမှိုက်မကို ရှင်းပေးပါဦး... ကျွန်တော်တို့ ဆက်ပြီး သည်းမခံနိုင်တော့ဘူး... ကလေးရဲ့ အမေကလည်း ဆုံးသွားပြီ... အဖေဖြစ်သူကလည်း အရမ်း နာကျင်ခံစားနေရတာ... သူ့ကို အွန်လိုင်းကနေ ထပ်ပြီး အနိုင်ကျင့်တာမျိုး အဖြစ်မခံနိုင်တော့ဘူး..."
"ဟုတ်တယ်... ဟုတ်တယ်... အစ်ကိုယီတောင်း... အစ်ကိုယီတောင်း... ဒီအမှိုက် Streamer ကို ပါးစပ်ပိတ်သွားအောင် လုပ်ပေးပါ..."
"ဟုတ်တယ်... သူ့ကို ပါးစပ်ပိတ်သွားအောင် လုပ်ပေး..."
"ပါးစပ်ပိတ်ထား..."
Live ထဲရှိ လူတိုင်းက ဝိုင်းဝန်း ပြောဆိုနေကြသည်။
သို့သော်...
ထိုအချိန်တွင် 'အရာအားလုံးက အပေါ်ယံတွေပါ' ဆိုသည့် အမျိုးသမီးကတော့ သူမ၏ နက်ရှိုင်းလှသော ထိုးထွင်းသိမြင်မှုများဖြင့် လူတိုင်းကို မမောမပန်းနိုင် ပညာပေးနေဆဲပင်။
သူမက ကြီးမားလှသော မတရားမှုများကို ခံစားနေရသည့် ပုံစံမျိုးပင် ဖမ်းထားသေး၏။
"ငါနဲ့ ငြင်းနေကြတဲ့ လူတွေ... ငါပြောတာ တစ်ခုခု မှားနေလို့လား..."
"ကလေးရဲ့ မိဘတွေက လျော်ကြေးငွေအတွက် ပြဿနာရှာနေတာ မဟုတ်ဘူးဆိုရင်... ဘာလို့ လျော်ကြေးငွေ ပမာဏက သောင်းဂဏန်းကနေ သန်းဂဏန်းအထိ တက်သွားရတာလဲ... ဒါက သာမန်မျက်စိနဲ့ ကြည့်ရင်တောင် သိသာနေတာ မဟုတ်ဘူးလား..."
"ပြီးတော့ တိုက်မိတဲ့ ယာဉ်မောင်းမှာလည်း မိသားစု ရှိတယ်လေ... ဒါက မတော်တဆမှု သက်သက်ပါ၊ ဘယ်သူမှ မဖြစ်ချင်တဲ့ မတော်တဆမှုလေ... သေသွားတဲ့သူကလည်း သေသွားပြီပဲ... ဘာလို့ သူများ အနာပေါ် ဆားလာပက်နေကြတာလဲ..."
"ငါတို့က သူများ မိသားစုကိုပါ ဖျက်ဆီးပစ်ရမှာလား..."
"အမေဖြစ်သူ တိုက်ပေါ်က ခုန်ချသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့... ဟဲဟဲ... နည်းနည်းလောက် အစွန်းရောက်ပြီး တွေးကြည့်မယ်ဆိုရင်၊ အဖေဖြစ်သူက သူမကို တွန်းချလိုက်တာ ဖြစ်နိုင်ခြေ သိပ်များတယ်လို့ ငါ ပြောရဲတယ်..."
"ဒီအခွင့်အရေးကို အသုံးချပြီး သူက မိန်းမအသစ် တစ်ယောက် ရနိုင်ရုံတင် မကဘူး... ဘယ်သူမှ မသင်္ကာစရာ မလိုဘဲ အများပြည်သူရဲ့ ထင်မြင်ယူဆချက်တွေကိုလည်း သူ လိုသလို ခြယ်လှယ်နိုင်သေးတယ်လေ... တစ်ချိန်တည်းမှာပဲ ကလေးနဲ့ မိန်းမအတွက် လျော်ကြေးငွေ အများကြီး ရနိုင်သလို၊ ပိုငယ်တဲ့ မိန်းမ တစ်ယောက်ကိုလည်း ရှာလို့ရသွားတာပေါ့..."
"ငါ ပြောမယ်... အခု အဲဒီ အဖေဖြစ်သူကို သေသေချာချာ စုံစမ်းစစ်ဆေးကြည့်မယ် ဆိုရင်၊ သူ့ဆီမှာ အကြံအစည် တစ်ခုခု သေချာပေါက် ရှိနေမယ်လို့ ငါ ရဲရဲကြီး ပြောရဲတယ်... တချို့ဆို ပစ်မှတ်တောင် ထားပြီးလောက်ပြီ..."
"အခုခေတ်မှာ ဒေတာခွဲခြမ်းစိတ်ဖြာမှုတွေက အရမ်း တိုးတက်နေပြီလေ... သူ့ရဲ့ စကားပြောမှတ်တမ်းတွေ အားလုံးကို ဆွဲထုတ်ပြီး စစ်ဆေးကြည့်လိုက်ရင်... သေချာပေါက် ရှင်းရှင်းလင်းလင်း မရှိဘူး ဆိုတာ ငါ အာမခံတယ်..."
"အရေးအကြီးဆုံး အချက်က... ဒီလင်မယားက သူတို့ ကလေးအတွက် တရားမျှတမှုကို တကယ် လိုချင်တယ် ဆိုရင်... ဘာလို့ အွန်လိုင်းကနေ လူထုအမြင်ကို အသုံးချနေရတာလဲ... သူတို့ဘာသာ ဓားနဲ့ သွားသတ်လိုက်လို့ ရတာပဲလေ... ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့က ကိစ္စကို ပိုကြီးအောင်လုပ်ပြီး တရားမဝင်တဲ့ အကျိုးအမြတ်တွေကို ရချင်နေကြတာ..."
"မင်းတို့ မုန်းတဲ့သူတွေ ငြင်းနေစရာ မလိုဘူး... စောင့်သာ ကြည့်နေကြ... နောက်ဆုံး စုံစမ်းစစ်ဆေးမှု ရလဒ်က ငါတွေးထားတာနဲ့ သေချာပေါက် ထပ်တူကျလာလိမ့်မယ်..."
Live ထဲတွင် စကားပြောသံများဖြင့် ပြည့်နှက်နေဆဲပင်။
ဒါက လီယီတောင်း ဝင်ရောက်လာပြီးနောက် 'အရာအားလုံးက အပေါ်ယံတွေပါ' ဟု အမည်ရသော အမျိုးသမီး၏ Live ထဲမှ အော်ဟစ်ပေါက်ကွဲမှုများပင် ဖြစ်သည်။
တစ်ဖက်လူ၏ စကားများကို ကြားလိုက်ရသောအခါ လီယီတောင်း မသိစိတ်က မျက်မှောင်ကြုတ်သွားမိသည်။
' ဒါက နောက်နေတာလား... ' ဟု သူ တွေးလိုက်မိ၏။
သူ၏ မျက်နှာအမူအရာက တဖြည်းဖြည်း တည်ငြိမ် လေးနက်လာသည်။
' ဒီလို အတွေးအခေါ်မျိုးက ဘယ်လိုလုပ် ဖြစ်လာရတာလဲ... ဒီအမျိုးသမီးရဲ့ တွေးခေါ်ပုံက ဘာလို့ သာမန်လူ တစ်ယောက်နဲ့ ဒီလောက်တောင် ကွာခြားနေရတာလဲ... ဒါက သာမန်လူ တစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်မျိုးလား... '
လီယီတောင်း အတွေးနက်နေစဉ်မှာပင်...
ရုတ်တရက်၊ စနစ်၏ သတိပေးချက်က သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာ၏။
လီယီတောင်း ကြောင်အသွားသည်။
သူ စဝင်လာတုန်းက သေဆုံးမည့် သတိပေးချက် မရှိခဲ့ပေ။
အခုတော့...
သေဆုံးနိုင်ခြေ ၁၀၀% တဲ့လား...
မတော်တဆ ကားတိုက်မှု...
မသိတဲ့လူတွေကတော့ သူကပဲ ဒီအမျိုးသမီးကို တကယ် လိုက်သတ်တော့မယ်လို့ ထင်သွားကြလိမ့်မည်။
"ဟူး... ဒီ Follow လုပ်ရတာက သိပ်တော့ မလွယ်လှဘူးပဲ..." လီယီတောင်းက တီးတိုး ရေရွတ်လိုက်သည်။
သို့သော် သူ၏ လက်ချောင်းလေးများက Follow ခလုတ်ကို နှိပ်ရန် တွန့်ဆုတ်မနေခဲ့ပေ။
ထို့နောက် ကွန်မန့်ဘောက်စ်ကို ဖွင့်ကာ စာကြောင်းအချို့ကို ရိုက်ထည့်လိုက်သည်။
"လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်လို့ မရဘူး..."
သူက မက်ဆေ့ချ် တစ်ခုကိုလည်း ထုံးစံအတိုင်း ချန်ထားခဲ့သေး၏။
“ သေဆုံးသွားမှာကို မပူပါနဲ့၊ လီယီတောင်းက သင့်ကို လိုက်ပို့ပေးပါမယ်။ ဝန်ဆောင်မှု အပြည့်အစုံနဲ့မို့ သင့် မိသားစုဝင်တွေ စိတ်အေးချမ်းစေဖို့ အာမခံပါတယ်။ ကြိုတင် ဘိုကင် လုပ်မယ်ဆိုရင် ၅၀% လျှော့ဈေး ရမယ်နော်... “
ထို့နောက် လီယီတောင်းက Live မှ ထွက်ပြီး အနည်းငယ် အိပ်ချင်လာသဖြင့် ခဏလောက် အိပ်ရန် စီစဉ်လိုက်၏။
နောက်တစ်နေ့တွင် သူ့အတွက် ကိစ္စဘယ်နှစ်ခု စောင့်ကြိုနေမည်မှန်း သူ မသိပေ။
'အရာအားလုံးက အပေါ်ယံတွေပါ' ဆိုသည့် အမျိုးသမီးနှင့် ပတ်သက်ပြီးတော့...
' တောင်းပန်ပါတယ်၊ ငါ မင်းကို မသိဘူး... မင်းကို Follow လုပ်တာက ငါနဲ့ ဘာမှ မဆိုင်ဘူး... ဒါက စနစ်ရဲ့ ပြဿနာပဲ... မင်း သတ္တိရှိရင် စနစ်ကို သွားပြောချေ... ' ဟု သူ တွေးလိုက်သည်။
လီယီတောင်း Follow လုပ်ပြီး Live မှ ထွက်သွားသည်နှင့် တပြိုင်နက်...
Live တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားလေတော့သည်။
"လခွမ်း... အစ်ကိုယီတောင်း တကယ် လာပြီး Follow သွားတာလား..."
"လခွမ်း... ငါ တကယ် ရူးတော့မယ်... ဒါက ဘယ်လို နတ်ဘုရားမျိုးလဲဟ..."
"ဟားဟား... လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး အကဲဖြတ်လို့ မရဘူးတဲ့... ကောင်းတယ်... ပြောတာ အရမ်း ကောင်းတယ်... တကယ် ကောင်းတယ်..."
"တချို့လူတွေရဲ့ နှလုံးသားက လုံးဝကို ညစ်နွမ်းနေကြတာပဲ..."
"တကယ်ကို အောက်တန်းကျလွန်းတယ်... သူတို့ကို ရှင်းပစ်လိုက်..."
"ဒါနဲ့... ဒီအမှိုက်မက အခုထိ ဒီမှာ အီးပေါက်နေတုန်းပဲ... သူက အစ်ကိုယီတောင်းရဲ့ comment ကို မမြင်ဘူးလား..."
"မဖြစ်နိုင်တာ... သူ မမြင်ဘူးလား... တကယ်ကြီးလား... ငါတို့ ပို့နေတဲ့ comment တွေကို သူ မမြင်ရဘူးလား..."
"ဒါနဲ့ စကားမစပ်... သူမက ပြောဖို့ပဲ အာရုံစိုက်နေပြီး Live က comment တွေကို ဂရုမစိုက်တာများလား..."
"ဟင်... သူမက အဲဒီလောက်တောင် မာနကြီးတာလား... မဖြစ်နိုင်ပါဘူးနော်..."
"တောက်... သူမကို တိုက်ရိုက်စာပို့ပြီး ဘယ်လိုဖြစ်သွားမလဲ ဆိုတာ ကြည့်ရအောင်..."
"အာ... ဒါ အကြံကောင်းပဲ... သူမဆီ တိုက်ရိုက်စာပို့ကြမယ်..."
"ဟုတ်တယ်... ဟုတ်တယ်... သူမ ဘယ်လို မျက်နှာအမူအရာမျိုး ဖြစ်သွားမလဲ ဆိုတာ ကြည့်ကြရအောင်..."
Live ထဲတွင် ဆူညံပွက်လောရိုက်သွားလေသည်။
လူတိုင်းက သူမထံသို့ တိုက်ရိုက်စာများ အဆက်မပြတ် ပို့ကြသောအခါ...
ရုတ်တရက်...
Live ထဲရှိ 'အရာအားလုံးက အပေါ်ယံတွေပါ' ဆိုသည့် အမျိုးသမီးက ခေတ္တမျှ ကြောင်အသွားသည်။ ထို့နောက် သူမက လက်လှမ်းကာ ဖန်သားပြင်ကို နှစ်ချက် ပုတ်လိုက်၏။ သူမ မက်ဆေ့ချ်များကို ဖတ်နေသည်မှာ သိသာလှသည်။
ငါးစက္ကန့်ခန့် ကြာပြီးနောက်...
သူမ၏ မျက်နှာတွင် အထိတ်တလန့် ဖြစ်နေသည့် လက္ခဏာများကို ရှင်းလင်းစွာ မြင်တွေ့လာရသည်။
သူမက ဖုန်းကို အသည်းအသန် နှိပ်ကာ ဖန်သားပြင်ပေါ်တွင် အထက်အောက် ပွတ်ဆွဲနေ၏။
အင်တာနက် အသုံးပြုသူ အများစု၏ ခန့်မှန်းချက်က မှန်ကန်နေလေပြီ။
ဤအမှိုက်မက ဝင်လာသည့် comment များကို ပိတ်ထားပြီး ပြောချင်ရာပြော ပေါက်ကွဲနေခဲ့ခြင်းပင်။
ဒါက ဘာသဘောလဲ။
' မင်းတို့ ငါ့ကို ဆဲချင်ဆဲ... ငါကတော့ မမြင်ရဘူး... ငါ့ဘာသာငါ ဆက်ပြီး ပြောနေမှာပဲ... ' ဆိုသည့် သဘောမျိုးလား။
လခွမ်း...
ဒီလိုလူမျိုးက ဘယ်လိုလုပ် ဒီလောက်တောင် မျက်နှာပြောင်တိုက်နိုင်ရတာလဲ။
မဟုတ်သေးဘူး...
သူမက မျက်နှာပြောင်တိုက်တယ်လို့ ပြောလို့ မရဘူး...။
သူမက တကယ့်ကို အမှိုက်မလို့ ပြောရမည်။
လခွမ်းတဲ့မှပဲ...
အကယ်၍ လီယီတောင်းသာ ယခုအချိန်ထိ ရှိနေသေးလျှင် သေမင်းတမန်၏ ဓားကို ပစ်လွှတ်လိုက်လောက်ပြီ မဟုတ်ပါလား။
သူမ၏ မျက်လုံးများထဲရှိ ထိတ်လန့်နေမှုများကို မြင်လိုက်ရသောအခါ...
Live ထဲရှိ ပရိသတ်များက စိတ်လှုပ်ရှားလာကြသည်။
"သူမ လန့်သွားပြီ... သူမ လန့်သွားပြီ..."
"လခွမ်း... သူမက တကယ် မျက်နှာပြောင်တိုက်တာပဲ... သူမရဲ့ အပြုအမူကို ကြည့်ပါဦး... ခုနက အချိန်ကိုက် comment တွေကို တကယ် မဖွင့်ထားဘူးလား..."
"ဟဲဟဲ... ဒါက တကယ်ကို ရယ်စရာကောင်းလွန်းတယ်... ဒီလို အမှိုက်မျိုး... ငါ တကယ် အံ့သြသွားပြီ..."
"မြန်မြန် သေလိုက်တော့... အစ်ကိုယီတောင်း... ခင်ဗျားဆီမှာ အမြန်ချောပို့ ရှိလား... သူမကို ချက်ချင်း သေမင်းဆီ ပို့ပစ်လိုက်နိုင်တဲ့ ဟာမျိုးလေ..."
"ဟုတ်တယ်... အရေးပေါ် အမြန်ချောပို့ အတွက် ပိုက်ဆံ စုကြစို့... သူမက Live ရဲ့ အချိန်ကိုက် comment တွေကို တကယ် ပိတ်ထားတာပဲ... ဒါဆို ခုနက ဘာလို့ အပြန်အလှန် စကားပြောနေသလို ဟန်ဆောင်နေရတာလဲ... တောက်..."
"ငါကတော့ ဒီမှာ အရူးလို သူမနဲ့ အပြန်အလှန် စကားပြောနေတာ... လခွမ်း... ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ..."
"သေလိုက်ပါတော့... လခွမ်း..."
Live ထဲရှိ လူတိုင်းက သူမကို ဝိုင်းဆဲနေကြသည်။
Live ထဲရှိ လူများက ရူးသွပ်မတတ် ဝေဖန်ရှုတ်ချနေကြသဖြင့် 'အရာအားလုံးက အပေါ်ယံတွေပါ' လည်း ကြောင်အမ်းအမ်း ဖြစ်နေ၏။
သူမက စကား နည်းနည်းလောက် ပြောရုံလေးပါ... ဘယ်လိုလုပ်ပြီး သေမင်းတမန် အစ်ကိုယီတောင်းကို ဆွဲဆောင်မိသွားရတာလဲ။
ယခုအခါ သူမ၏ ရင်ထဲတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေပြီ။
သူမ ပိုတွေးမိလေ၊ ပို၍ ထိတ်လန့်လာလေပင်။
နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
ဆေးရုံသွားမယ်...
ဆေးရုံကသာ မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခု ပေးစွမ်းနိုင်သည် မဟုတ်ပါလား။
ဒါက အင်တာနက်ပေါ်ရှိ သေမင်းတမန်၏ ရောက်ရှိလာမှုကို ရင်ဆိုင်ရန် အများဆုံး အသုံးပြုကြပြီး၊ အောင်မြင်နိုင်ခြေ အများဆုံး နည်းလမ်းပင် ဖြစ်သည်။
အင်တာနက်ပေါ်တွင် အစ်ကိုယီတောင်းကို ရည်ရွယ်သည့် မီးမ် (Memes) များ တစ်ခုနှစ်ခုမက ရှိနေပြီ မဟုတ်ပါလား။
ဥပမာအားဖြင့် သေမင်းတမန်ထံမှ လွတ်မြောက်ရန် နည်းလမ်း ၂၄ သွယ်၊ ကံကြမ္မာကို ပိတ်ဆို့ထားသည့် ကြီးမားသော အတားအဆီး ၈ ခု၊ အစ်ကိုယီတောင်း၏ သေခြင်းတရား သတိပေးချက်မှ ရှောင်ရှားနည်း လက်စွဲစာအုပ် စသည်ဖြင့်...။
ဒီလို ဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိတဲ့ လူတွေက ဘယ်သူတွေလဲ ဆိုတာ ဘယ်သူသိမှာလဲ။
ဘာပဲဖြစ်ဖြစ်...
ယခုအချိန်တွင် အစ်ကိုယီတောင်းနှင့် ပတ်သက်သမျှ အရာအားလုံးက တကယ်ကို ရေပန်းစားနေလေသည်။
အစ်ကိုယီတောင်းက ယခုအခါ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလုနီးပါး ဖြစ်နေပြီဟု ဆိုရပေမည်။
ဒါက အွန်လိုင်းဆယ်လီ လို့ ခေါ်တာပဲ...။
သေချာတာပေါ့... သူလို အွန်လိုင်းဆယ်လီက သာမန် နာမည်ကြီးမျိုး မဟုတ်ဘူးလေ...။
သူက လူတစ်ယောက်ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ အွန်လိုင်းဆယ်လီ တစ်ယောက်ပဲ...။
နံနက်ခင်း နေရောင်ခြည်က နာရေးဝန်ဆောင်မှုဆိုင်လေး၏ အခန်းထဲသို့ ထိုးဖောက် ဝင်ရောက်လာသည်။
လီယီတောင်း နိုးလာချိန်တွင် မနက် ရှစ်နာရီ ကျော်နေလေပြီ။
တကယ်တော့ သူက အပြင်ဘက်မှ ဆူညံသံအချို့ကို ကြားလိုက်ရသဖြင့်သာ ထလာခဲ့ခြင်း ဖြစ်သည်။
သူ အခန်းထဲမှ ထွက်လာခဲ့၏။
အံ့သြစရာကောင်းလောက်အောင် သဟဇာတဖြစ်နေသော မြင်ကွင်းတစ်ခုကို သူ မြင်တွေ့လိုက်ရသည်။
အင်း... သဟဇာတဖြစ်တယ် ဆိုတာက...
ကျိုးရှုရီ၊ လီရှင်းထင်နဲ့ လီကော့ရှန်း...
သူတို့သုံးယောက်က ထမင်းစားခန်းထဲမှာ အတူတူ ထိုင်ပြီး မနက်စာ စားနေကြတာလေ။
မနက်စာက ရိုးရှင်းပါသည်။ ဆန်ပြုတ်၊ အီကြာကွေးနဲ့ အရံဟင်း နည်းနည်း ပါသည်။
ပုံမှန် မနက်စာ တစ်ခုသာ ဖြစ်၏။
သို့သော် အခန်းထဲရှိ လေထုက ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေပြီး၊ အလွန်တရာ တိတ်ဆိတ် ငြိမ်သက်နေ၏။ မည်သည့် စကားပြောသံမှ မကြားရဘဲ၊ အားလုံး ဝါးစားနေသည့် အသံများကိုသာ ကြားနေရသည်။
လီယီတောင်း မြင်နေရသည့် လီကော့ရှန်းပင်လျှင် တစ်လုတ်ချင်း ဖြည်းဖြည်းချင်း စားနေ၏။
ဒါနဲ့ စကားမစပ်...
သူ တကယ် စားလို့ ရရဲ့လား...။
"အစ်ကိုယီတောင်း... နိုးပြီလား... ဒါ ရှင့် ဝေစုလေ... ပူနေတုန်းပဲ... ပူတုန်းလေး စားလိုက်ဦး..."
ပြောလိုက်သူမှာ လီရှင်းထင် ဖြစ်၏။
ကျိုးရှုရီကတော့...
အင်း... သူမက တချိန်လုံး ခေါင်းမဖော်ဘဲ ငေးငိုင်နေပုံရသည်။
လီယီတောင်းက ခေါင်းကို အသာညိတ်ပြလိုက်ပြီး မနက်စာ ယူကာ စတင် စားသောက်လိုက်သည်။
လီယီတောင်း ပါဝင်လာသဖြင့် အခန်းထဲရှိ လေထုက ထိုမျှလောက် မထူးဆန်းတော့ပေ။
သို့သော် အနည်းငယ် လျော့ကျသွားရုံမျှသာ...။
အကြပ်အတည်း ဖြစ်နေသည့် လေထုကတော့ ကျန်ရှိနေဆဲပင်။
လီရှင်းထင် စားနေစဉ်တွင် သူမ၏ မျက်လုံးများက လီကော့ရှန်းနှင့် ကျိုးရှုရီ ကြားတွင် မသိမသာ ကူးချည်သန်းချည် ဖြစ်နေ၏။
ရိုးရိုးသားသား ပြောရလျှင် သူမ တကယ် စပ်စုချင်နေမိသည်။
ဘာကြောင့်များ ကျိုးရှုရီက မနက်စောစောစီးစီး လီကော့ရှန်းကို အတူတူ မနက်စာ စားဖို့ ခေါ်လိုက်ရတာလဲ။
သူတို့က ရန်သူတွေ ဖြစ်သင့်တာ မဟုတ်ဘူးလား။
လီကော့ရှန်းဆီမှာ ထူးခြားချက် တစ်ခုခု ရှိနေရမည် ဆိုသည်ကိုတော့ သူမ သိသည်။ ဒါက လီယီတောင်း တစ်ခုခု လုပ်ထားတာ သေချာသည်။
သို့သော် ယခု လီကော့ရှန်းမှာ ဝမ်ရှင်းယွဲ့ ဖြစ်နေသည်ဟု သူမ စိတ်ကူးနှင့်ပင် မတွေးကြည့်နိုင်ပေ။
ကျိုးရှုရီကတော့ ဤအကြောင်းကို သေချာပေါက် ထုတ်ပြောမည် မဟုတ်ပေ။ အစ်ကိုယီတောင်း အတွက်ကတော့...
သူလည်း သေချာပေါက် ပေါ့ပေါ့ဆဆ ပြောပြမည် မဟုတ်ချေ။
ထိုသို့ဖြင့် အနေရခက်သော မနက်စာ အချိန်လေး ပြီးဆုံးသွားလေသည်။
သူတို့ အနည်းငယ် နာရေးဝန်ဆောင်မှုဆိုင်၏ ဧည့်ခန်းထဲတွင် ထိုင်နေကြပြီး၊ လေထုက တစ်ဖန် ပြန်လည် တိတ်ဆိတ် သွားပြန်၏။
လီယီတောင်းက ဝမ်ရှင်းယွဲ့ကို ဘေးခန်းသို့ အရင် ပြန်သွားစေချင်သည်။
သို့မဟုတ် ကျိုးရှုရီနှင့် လီရှင်းထင်တို့ကို အပြင်ထွက် လမ်းလျှောက်ရန် သူ တောင်းဆိုသင့်သည်။ သို့သော် ကျိုးရှုရီက မျက်လုံးထောင့်မှနေ၍ လီကော့ရှန်းကို ခိုးကြည့်နေသည်ကို မြင်လိုက်ရသောအခါ...
သူ လက်လျှော့လိုက်သည်။
ဝမ်ရှင်းယွဲ့၏ ဝိညာဉ်က အချိန် မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို သူ မသိပေ။
ရေရှည် ဝိညာဉ် ဝင်ပူးခြင်းက စွမ်းအင် အများအပြားကို သေချာပေါက် ကုန်ဆုံးစေမည် ဖြစ်သည်။
သူမ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုသည်ကတော့ ဝမ်ရှင်းယွဲ့၏ လက်ရှိ အခြေအနေပေါ်တွင်သာ မူတည်ပေလိမ့်မည်။
သို့သော် ဒါက ရာသက်ပန်တော့ မဟုတ်ဘူး ဆိုတာကို လီယီတောင်း သိနေ၏...။
အကြပ်အတည်း ဖြစ်နေသည့် လေထုထဲတွင် အချိန်တွေက နှေးကွေးစွာ ကုန်ဆုံးသွားသည်။
မကြာမီ နေ့လယ်ဘက်သို့ ရောက်ရှိလာ၏။
ထိုအချိန်တွင်...
နာရေးဝန်ဆောင်မှုဆိုင် အပြင်ဘက်၌...
အနက်ရောင် ကားတစ်စီး ထိုးရပ်လာသည်။
လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ကားပေါ်မှ ဆင်းလာ၏။
ယခင်က လီယီတောင်းနှင့်အတူ လိုက်ပါလာခဲ့သည့် ခေါင်းဆောင်မှာမူ ယခုအခါ ထိုလူလတ်ပိုင်း အမျိုးသား၏ နောက်မှ လိုက်ပါလာသည်။
လီယီတောင်း နားလည်ထားသလောက် မူလ ခေါင်းဆောင်၏ အဆင့်အတန်းက အတော်လေး မြင့်မားနေပြီ ဖြစ်သည်။
ယခုမူ ထိုလူလတ်ပိုင်း အမျိုးသား၏ နောက်တွင် ရိုရိုသေသေ လိုက်ပါလာသည်ကို တွေ့ရ၏။
ဒါ ဘာကို ဆိုလိုတာလဲ။
ဒီလူလတ်ပိုင်း အမျိုးသားရဲ့ အဆင့်အတန်း ဘယ်လောက်မြင့်လဲ ဆိုတာကို ပြသနေတာပဲ...။
ဒါက သာမန်တော့ သေချာပေါက် မဟုတ်ဘူး...။
***