ထိုလူ ထွက်သွားသည်ကို ကြည့်ရင်း ဝမ်ချန် ခေါင်းကို အောက်သို့ စိုက်ချထားလိုက်၏။
စောင့်ကြည့်ကင်မရာ၏ မည်သည့်ထောင့်မှ သူ၏ မျက်နှာအမူအရာကို မမြင်နိုင်စေရန် သူ သေချာ ဂရုစိုက်လိုက်လေသည်။
ထိုလူက ဆရာတစ်ဆူ ဖြစ်နေမလား ဆိုသည်ကို သူ မသိသလို... ကင်မရာများမှတစ်ဆင့် သူသည် ယခင် ဝမ်ချန် မဟုတ်တော့ဘူး ဆိုသည်ကို သိသွားမည်လား ဆိုသည်ကိုလည်း သူ မသေချာပေ။
လီယီတောင်းနှင့် အခြားလူများ ဝင်လာမည့်အချိန်ကို သူ စောင့်ဆိုင်းရပေမည်။
ဝမ်ချန်ကို ဤသို့ ဝင်ရောက် ထိန်းချုပ်လိုက်ခြင်းမှာ သူတို့ အဖွဲ့အစည်း၏ အစီအစဉ်ထဲတွင် ပါဝင်နေခြင်း မဟုတ်ပေ။
သူတို့၏ မူလ အစီအစဉ်အရဆိုလျှင် ယခုအချိန်၌ လီယီတောင်းသည် ရွာလေးထဲတွင် သေဆုံးနေရမည် ဖြစ်ပြီး ယခုလို နောက်ဆုံးအချိန်ကျမှ ရုတ်တရက် အစီအစဉ် ပြောင်းလဲစရာ လိုမည် မဟုတ်ပေ။
ဤသို့ ရုတ်တရက် အစီအစဉ်ပြောင်းလဲရခြင်းက သူတို့အတွက် လွယ်ကူလှသည်တော့ မဟုတ်။
ယခုလို စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့်ပင် သူသည် ကြီးမားလှသော အကျပ်အတည်းတစ်ခုနှင့် ရင်ဆိုင်နေရလေပြီ။
သူတို့၏ စွမ်းရည်များက ထူးခြားဆန်းကြယ်သည်ဟု ထင်ရသော်လည်း အားနည်းချက်များစွာ ရှိနေသည် မဟုတ်ပါလား။
ဥပမာ ဆိုရလျှင် ယခင်က ဝမ်ရှင်းယွဲ့၏ ခန္ဓာကိုယ်ကို ဝင်ရောက် စီးနင်းခဲ့သည့် အသိစိတ်မျိုးပင်။
ယခုတော့ ထိုမိန်းကလေးမှာ ကုတင်ပေါ်တွင် လဲလျောင်းနေရပြီး အသက်သာ ရှိ၍ အသိမရှိတော့သည့် သစ်တုံးတစ်တုံးပမာ ဖြစ်နေလေပြီ။
ဤသို့ အသိမဲ့နေသူ တစ်ယောက် ပြန်လည် နိုးထလာနိုင်မလား ဆိုသည်ကတော့ သူမ၏ ကံတရားအပေါ်၌သာ မူတည်နေတော့၏။
ထို့ကြောင့် တခြား ရွေးချယ်စရာ လမ်းမရှိတော့သည့် အခြေအနေမျိုးမှလွဲ၍ ဤနည်းလမ်းကို သူတို့ အသုံးပြုမည် မဟုတ်ပေ။
နှစ်ဦးနှစ်ဖက်လုံး ထိခိုက်နစ်နာစေမည့် အခြေအနေမျိုးပင်။
' နေဦး... မဟုတ်သေးပါဘူး... '
သူတို့ကို အန္တရာယ် မပေးနိုင်သူမျိုးနှင့် ကြုံလာပါက သူတို့သည်သာ လုံးဝ အနိုင်ရသူများ ဖြစ်ပေသည်။
သူတို့ ဝင်ရောက် စီးနင်းထားသည့် ခန္ဓာကိုယ် ပိုင်ရှင်ကို သတ်လိုက်မည် ဆိုလျှင်တောင်မှ သူတို့ကို ကြီးကြီးမားမား ထိခိုက်သွားစေမည် မဟုတ်ပေ။
အဆိုးဆုံး အခြေအနေဆိုလျှင်ပင် သူတို့၏ စွမ်းအင် အနည်းငယ် အားနည်းသွားရုံသာ ရှိမည်။
သို့သော်...
ယခုတစ်ကြိမ်တွင်တော့ ထိုအသိစိတ်ကို တိုက်ရိုက် သတ်ဖြတ်ပစ်လိုက်ခြင်း ဖြစ်နေ၏။
ဤကိစ္စက သာမန်တော့ မဟုတ်တော့ပေ။ သူတို့၏ အသိစိတ်ပိုင်းဆိုင်ရာကို တကယ်ကြီး ထိခိုက်ပျက်စီးသွားစေခြင်း ဖြစ်သည်။
အမှန်တော့ လီယီတောင်းတွင် ဝိညာဉ်များကို တိုက်ခိုက်နိုင်သည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟု သူတို့ အိပ်မက်ပင် မမက်ခဲ့ကြပေ။
ထိခိုက်အောင် လုပ်နိုင်ရုံသာမက ဝိညာဉ်ကို ထိန်းချုပ်နိုင်သည့် နည်းလမ်းများပင် ရှိနေသေးသည် မဟုတ်ပါလား။
ထိုစွမ်းရည်များကြောင့်ပင် လီယီတောင်းသည် ဝမ်ရှင်းယွဲ့၏ ဝိညာဉ်ကို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ဝမ်ရှင်းယွဲ့မှတစ်ဆင့် လီကော့ရှန်း၏ ခန္ဓာကိုယ်၌ ကပ်တွယ်နေသော အသိစိတ်ကို အစတုံး ဖျက်ဆီးပစ်နိုင်ခဲ့လေသည်။
ဤသို့ ရုတ်တရက် လုပ်ဆောင်လိုက်မှုကြောင့် သူတို့ဘက်မှ အချိန်မီ မကယ်တင်နိုင်ခဲ့ပေ။ အထူးသဖြင့် သူတို့ကိုယ်တိုင် သီးသန့် အကာအကွယ် အတားအဆီးတစ်ခု ပြုလုပ်ထားခဲ့သောကြောင့်ပင်။
ထို အကာအကွယ် အတားအဆီးထဲတွင် အန္တရာယ် ရှိလာနိုင်မည်ဟု သူတို့ မည်သို့ တွေးမိပါမည်နည်း။
အရာအားလုံးကို သူတို့ သဘောပေါက်လိုက်ချိန်တွင်တော့ အချိန်နှောင်းသွားခဲ့လေပြီ။
ယခင်က လီကော့ရှန်းကို ဝင်ရောက်စီးနင်းထားခဲ့သော ထိုအသိစိတ်မှာ ယခုအခါ အလုံးစုံ ပျက်စီးသွားခဲ့လေပြီ။
ယခု ဝမ်ချန်၏ ခန္ဓာကိုယ်ကို ဝင်ရောက် စီးနင်းထားသူမှာ ဖျက်ဆီးခံလိုက်ရသည့် ထိုအသိစိတ်၏ အစ်ကိုပင် ဖြစ်ပေသည်။
မိမိ၏ နှမဖြစ်သူ ဒုက္ခရောက်ကာ အနိုင်ကျင့် ခံလိုက်ရသည်မို့ အစ်ကိုဖြစ်သူက လက်စားချေရန် ထွက်လာခဲ့ခြင်းမှာ သဘာဝပင်။
ယခုတစ်ခေါက်တွင်တော့ သူက အစစအရာရာ အပြည့်အဝ ပြင်ဆင်ပြီးမှ ရောက်လာခြင်း ဖြစ်၏။
သူသည် ဤခန္ဓာကိုယ်၏ မူလ အသိစိတ်ကိုပင် ဝါးမျိုပစ်ရန် ကြံစည်ထားလေသည်။
ဤသို့ လုပ်ဆောင်ခြင်းက သူ့အတွက် ပေးဆပ်ရမှု ကြီးမားလှသော်လည်း၊ သူတို့၏ အသိစိတ်တစ်ခုလုံး မမျှော်လင့်ဘဲ အစတုံး ဖျက်ဆီးခံလိုက်ရခြင်းထက်တော့ ပိုကောင်းသေးသည် မဟုတ်ပါလား။
အချိန် ၃ မိနစ်ပင် မပြည့်သေး... အစောပိုင်းက ဝင်လာခဲ့သော လူလတ်ပိုင်းအရွယ် အမျိုးသားက ရှေ့ဆုံးမှ ဦးဆောင်၍ ပြန်ဝင်လာပြီး သူ၏ နောက်တွင်တော့ လီယီတောင်း လိုက်ပါလာသည်။
လီယီတောင်း နောက်တွင် လီကော့ရှန်း ရှိနေပြီး၊ လီကော့ရှန်း နောက်တွင်တော့ လီယီတောင်းနှင့်အတူ လုံခြုံရေး တာဝန်များကို အဓိက ယူပေးထားသည့် ခေါင်းဆောင်တို့ အသီးသီး ပါလာကြ၏။
နှစ်ဖက် လူချင်း ဆုံမိသည်နှင့် တပြိုင်နက် လီကော့ရှန်း၏ မျက်နှာအမူအရာက ချက်ချင်းပင် ဒေါသကြောင့် ရူးသွပ်မတတ် ဖြစ်သွားလေသည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်၌ လီကော့ရှန်း၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသူမှာ ဝမ်ရှင်းယွဲ့၏ ဝိညာဉ် မဟုတ်ပါလား။
လီယီတောင်းက အခြေအနေ အရပ်ရပ်ကို ရှင်းပြကာ အကြိမ်ကြိမ် သတိပေးထားခဲ့သော်လည်း၊ ယခုအချိန်၌တော့ သူမ၏ အငြိုးအာဃာတ အငွေ့အသက်များကို မထိန်းချုပ်နိုင်တော့ဘဲ ထုတ်ဖော်ပြသမိသွားတော့သည်။
ကံကောင်းသည်က လီယီတောင်းက မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သောအခါ သူမ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထိန်းချုပ်သွားခြင်းပင်။
အဘယ်ကြောင့်ဆိုသော် လီယီတောင်းက သူမကို ကတိပေးထားပြီး ဖြစ်၍ပင်။
ဝမ်ချန်သည် ဥပဒေအရ ထိုက်တန်သော ပြစ်ဒဏ်ကို လူသိရှင်ကြား ခံယူပြီးသွားပါက... နောက်ဆက်တွဲ ကိစ္စရပ်များကို သူမ သဘောအတိုင်း လုပ်ဆောင်ခွင့် ပြုမည်ဟု ဆိုထားခဲ့သည်။
အကယ်၍ သူမဘက်မှ အကူအညီ လိုအပ်လာမည် ဆိုလျှင်တောင် လီယီတောင်းက တွန့်ဆုတ်နေမည် မဟုတ်ပေ။
ဥပမာ အားဖြင့်... ထိုလူမိုက်နှစ်ဦးကို အခန်းတစ်ခန်းတည်း အတူတူ ထားပေးလိုက်ခြင်းမျိုးပင်။
ထို့ကြောင့် ယခုလက်ရှိ သူမ လုပ်ရမည့် အရာမှာ လိမ်လိမ်မာမာဖြင့် ပူးပေါင်း ဆောင်ရွက်ပေးရန်သာ။
ရဲများ ထွက်ဆိုချက် ယူပြီးစီးကာ၊ နှစ်ဖက်စလုံးမှ ဤကိစ္စကို အဆုံးအဖြတ် ပေးပြီးသည်အထိ သူမ စောင့်ဆိုင်းရပေမည်။
အခန်းထဲတွင် လူများ နေရာအသီးသီး ယူလိုက်ကြချိန်၌၊ လီကော့ရှန်းမှာလည်း ဝမ်ချန် ခံစားရသည့် အခွင့်အရေးမျိုးကို တန်းတူ ခံစားနေရပြီ ဖြစ်သည်။
သူ့အတွက်ကတော့ ယခု အခြေအနေကြီးက လုံးဝ ရှင်းလင်းနေလေပြီ။
လီကော့ရှန်း အတွက် တမင် ကြိုတင်ကြံစည် လူသတ်မှုမှာ ငြင်းမရအောင် ထင်ရှားနေသလို၊ ဝမ်ချန်မှာလည်း လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် ငြိစွန်းနေလေသည်။
သူတို့ နှစ်ဦး၏ ကျူးလွန်မှုများက အလွန်ကို ရက်စက်ယုတ်မာလွန်းလှသည် မဟုတ်ပါလား။
လီယီတောင်း အခန်းထဲ ဝင်လာချိန်တွင်တော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
အကြောင်းမှာ ဝမ်ချန်... သေဆုံးမည့် သတိပေးချက်ကို လက်ခံရရှိထား၍ပင်။
ထို့အပြင် ဤသတိပေးချက်မှာ လီကော့ရှန်းကို သူ ပထမဆုံး တွေ့ခဲ့စဉ်က မြင်တွေ့ခဲ့ရသည့် သတိပေးချက်နှင့် တစ်ပုံစံတည်း ထပ်တူကျနေ၏။
သူတို့နှစ်ဦးစလုံး ယင်စွမ်းအင်ဖုံးလွှမ်း တိုက်စားမှုကြောင့် သေဆုံးရမည် ဆိုသည့် အချက်ပင်။
' ယင်စွမ်းအင် တိုက်စားခံရပြီး... သေဆုံးရမယ်... '
သူ ဝမ်ချန်ကို စူးစိုက်ကြည့်လိုက်ပြီး၊ သူ့ဆီတွင် ပုံမှန်မဟုတ်သည့် အရာတစ်ခုခု ရှိနေသည်ဟု လီယီတောင်း ခံစားလိုက်ရသည်။
သို့သော်... ဝမ်ချန်၏ ထိတ်လန့်နေသည့် မျက်နှာအမူအရာနှင့် တုန်ရီနေသည့် ဟန်ပန်တို့ကြောင့် လီယီတောင်း ဘာဆက်ပြောရမှန်း မသိတော့ပေ။
"ဝမ်ချန်... ဒီက လီကော့ရှန်းရဲ့ ထွက်ဆိုချက်အရ မင်းက သူ့ကို ယွမ် တစ်သိန်း ပေးပြီး မင်းရဲ့ ဇနီးကို ကားနဲ့ တမင် ဝင်တိုက်ခိုင်းခဲ့တယ် ဆိုတာ ဟုတ်ပါသလား... အဲဒါ မှန်မမှန် အတည်ပြုပေးပါ..."
ရဲအရာရှိ၏ မေးခွန်းကြောင့် ဝမ်ရှင်းယွဲ့ တစ်ယောက် ထပ်မံ ဒေါသထွက်လာပြန်၏။
သူမသည် မတရား သေဆုံးခဲ့ရသည့် နာနာဘာဝ ဝိညာဉ်တစ်ခုမျှသာ ဖြစ်သည် မဟုတ်ပါလား။
ကံတရား ဖေးမမှုကြောင့်သာ လီကော့ရှန်း၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့်ရပြီး ဤနေရာ၌ လာထိုင်နေနိုင်ခြင်း ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် သူမ၏ ဝိညာဉ်စွမ်းအင်များမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေလေပြီ။ ဝမ်ချန်ကို တရားဥပဒေ အရ အပြစ်ပေးခံရမည်လား သို့မဟုတ် သူမ ကိုယ်တိုင် ဝမ်ချန်၏ အသက်ကို နုတ်ယူလိုက်ရမည်လား ဆိုသည့် နောက်ဆုံးအချိန်ကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်၏။ သို့မှသာ သူမ ရင်ထဲက အငြိုးအာဃာတများ ပြေပျောက်ပြီး သံသရာ ပြန်လည် ကူးပြောင်းနိုင်မည် မဟုတ်ပါလား။
ထို့ကြောင့် သူမဘက်မှ ဝင်ရောက် စွက်ဖက် ပြောဆိုပိုင်ခွင့် လုံးဝ မရှိပေ။
ငြိမ်ငြိမ်လေးသာ ဆက်လက် စောင့်ဆိုင်းနေရုံမှလွဲ၍ တခြားမတတ်နိုင်သော်လည်း၊ သူမ၏ ဒေါသကိုတော့ ထိန်းချုပ်ရန် ခက်ခဲလွန်းလှ၏။
ရဲအရာရှိက မေးခွန်းထုတ်နေချိန်တွင်... အစောပိုင်းက ဝမ်ချန်ကို အိပ်မွေ့ချခဲ့သော အမျိုးသားက အသာအယာ ပြုံးလိုက်ပြီး သူ၏ စွမ်းရည်များကို အသုံးပြုကာ ဝမ်ချန်ကို သိုသိုသိပ်သိပ် လွှမ်းမိုး ထိန်းချုပ်လိုက်လေသည်။
စက္ကန့်အနည်းငယ် ကြာသွားသည့်တိုင်အောင် ဝမ်ချန်မှာ ခေါင်းကိုသာ ငုံ့ထားပြီး မည်သည့် တုံ့ပြန်မှုမှ မလုပ်ဘဲ နှုတ်ဆိတ်နေဆဲပင်။ ဤမြင်ကွင်းကြောင့် အားလုံး နားမလည်နိုင်အောင် ဖြစ်သွားကြရသည်။
စစ်ဆေးမေးမြန်းနေသည့် ရဲအရာရှိက နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးရန် ပြင်လိုက်စဉ်မှာပင်... ရုတ်တရက် ထိုရဲအရာရှိက သူ့လည်ပင်းကို သူ ပြန်ညှစ်ထားလိုက်ပြီး မျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်သွားလေသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသဖြင့် အားလုံး အံ့အားသင့်မှင်တက်သွားကြ၏။
ကံကောင်းသည်မှာ ဘေးနားတွင် ရပ်နေသည့် တပ်ဖွဲ့ ၃ မှ ခေါင်းဆောင်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး၊ ရဲအရာရှိ၏ လက်များကို အတင်းအကျပ် ဖယ်ရှား ထိန်းချုပ်လိုက်နိုင်ခြင်းပင်။
တစ်ချိန်တည်းမှာပင် လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာကလည်း ချက်ချင်း မည်းမှောင်သွားလေတော့သည်။
သူက စကားတစ်ခွန်းမှ မဟတော့ဘဲ ဘယ်ကနေ ရောက်လာမှန်းမသိသည့် 'ရူယီ' ကျောက်စိမ်းတောင်ဝှေး ကဲ့သို့သော အရာတစ်ခု သူ၏ ညာလက်ထဲတွင် ပေါ်လာပြီး ထိုရဲအရာရှိ၏ လက်ဖျံကို တိုက်ရိုက် ရိုက်ချလိုက်၏။
မိမိကိုယ်ကို လည်ပင်းပြန်ညှစ်ရန် ကြိုးစားနေသော ရဲအရာရှိမှာ ထိုနေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ကျသွားလေသည်။ ထို့နောက် ထိုအမျိုးသားက ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ရဲအရာရှိ၏ ပါးစပ်ထဲသို့ အတင်းအကျပ် ထိုးထည့်လိုက်တော့သည်။
ဤအဖြစ်အပျက် အားလုံးသည် မနေ့ညကတည်းက ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။
ထွက်ဆိုချက် ယူရသည့် ထိုရဲအရာရှိလေးမှာ ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားသည်နှင့် တပြိုင်နက် ချက်ချင်းပင် အိပ်မောကျသွားလေတော့၏။
မနေ့ညက အဖြစ်အပျက်များအတွက် လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူ့ရှေ့ရှိ ဝမ်ချန်ကို အေးစက်စက် အကြည့်တို့ဖြင့် စူးစိုက်ကြည့်နေလေသည်။
ဤအချိန်ထိ အခြေအနေကို သဘောမပေါက်သေးဘူး ဆိုလျှင်တော့ သူသည် တကယ့် ငတုံးငအ တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
သူက တစ်ဖက်လူ၏ လှည့်စားခြင်းကို ခံလိုက်ရပြီ မဟုတ်ပါလား။
မူလက တစ်ဖက်လူကို သူ အောင်မြင်စွာ အိပ်မွေ့ချ နိုင်ခဲ့ပြီဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခုတော့... အရာအားလုံးက ပြောင်းပြန် ဖြစ်သွားခဲ့လေပြီ။ သူသာလျှင် တစ်ဖက်လူ၏ လှည့်ဖြားခြင်းကို အောင်မြင်စွာ ခံလိုက်ရခြင်းပင်။
ယခင်ကတည်းက သူ ဝမ်ချန်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ပြီး ဝိညာဉ် ဝင်ပူးခံထားရနိုင်ခြေများ အတွက်ပါ အစစအရာရာ ပြင်ဆင်ထားခဲ့သည်။ ထို့ပြင် စုံစမ်းစစ်ဆေးမှုများ လုပ်ရန်ပင် ကြိုတင် စီစဉ်ထားခဲ့သေး၏။
သူ လုံးဝ ထင်မှတ်မထားခဲ့မိသည့် အရာက သူ ဒီလောက် သေချာ စုံစမ်းထားသည့်တိုင်အောင် တစ်ဖက်လူက ယခုလောက်အထိ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေနိုင်ခဲ့ခြင်းပင်။
သူ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး၊ တစ်ဖက်လူမှာ အမှန်တကယ်ပင် သာမန် မဟုတ်ကြောင်း နားလည်သွားလေတော့သည်။
ထိုအချိန်တွင် လီယီတောင်းကတော့ အရာအားလုံးကို တိတ်ဆိတ်စွာဖြင့် အကဲခတ်နေခဲ့၏။
အခန်းထဲ စတင် ဝင်ရောက်လာကတည်းက တစ်ခုခု လွဲချော်နေပြီ ဆိုသည်ကို သူ အာရုံခံမိနေခဲ့သည်။
သူ၏ လက်ထဲတွင်လည်း အဆောင်လက်ဖွဲ့ တစ်ခုကို အသင့်ပြင်ထားပြီး ဖြစ်၏။
အကယ်၍ အစောပိုင်းက ဝမ်ချန်ဆီမှ ပုံမှန်မဟုတ်သည့် အပြုအမူတစ်ခုခု ပြသလာခဲ့လျှင် (သို့မဟုတ်) မမျှော်လင့်ထားသည့် ကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့လျှင်... စနစ်၏ တာဝန်ကို ပြီးဆုံးအောင် မထမ်းဆောင်နိုင်တော့ဘူး ဆိုလျှင်တောင်မှ၊ လီယီတောင်း အနေဖြင့် တွန့်ဆုတ်မနေဘဲ ချက်ချင်း ဝင်ရောက် ဖြေရှင်းမည် ဖြစ်ပေသည်။
သို့သော် ယခုတော့ ကိစ္စမရှိတော့ပေ။ စနစ်၏ တာဝန်က အောင်မြင်သွားပြီ ဆိုသည်ကို သူ သိနေသည် မဟုတ်ပါလား။
ဆုလာဘ်များကို ထုတ်ယူရန်အတွက် နာရေးဝန်ဆောင်မှုဆိုင်သို့သာ ပြန်သွားရန် လိုအပ်တော့သည်။
ယခုလေးတင် ဖြစ်ပျက်သွားသည့် အရာများက အလွန်တရာ အံ့အားသင့် ထိတ်လန့်ဖွယ် ကောင်းနေသော်လည်း၊ တကယ်တမ်းတွင် ထိုအဖြစ်အပျက်များ အားလုံးက စက္ကန့်အနည်းငယ် အတွင်းမှာပင် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဝမ်ချန်မှာ နေရာမှ မတ်တပ် ထရပ်လိုက်လေပြီ။
သူက လူလတ်ပိုင်း အမျိုးသားကို သရော်တော်တော် အပြုံးဖြင့် တစ်ချက် ကြည့်လိုက်သော်လည်း ဘာမှ မပြောဘဲ လီယီတောင်းဘက်သို့သာ လှည့်လာခဲ့၏။
"ဟဲဟဲ... မင်း ဒီလောက် ငယ်နေလိမ့်မယ်လို့ တကယ် ထင်မထားခဲ့ဘူး..."
"ငါ့ ညီမက မင်း လက်ထဲကို တကယ်ကြီး ကျရောက်သွားခဲ့တာပဲ... မင်းလို ထူးခြားမှု မရှိတဲ့ ရုပ်သွင်မျိုးနဲ့များ... ဘယ်လို စွမ်းရည်မျိုးတွေ ပိုင်ဆိုင်ထားလဲ ဆိုတာ ငါ တကယ် စပ်စုချင်လာပြီ..."
"တကယ်လို့ အခု ငါ မင်းကို သတ်လိုက်မယ် ဆိုရင်ရော... ဒီ အသုံးမကျတဲ့ အမှိုက်နှစ်ကောင်က ငါ့ကို တားနိုင်မယ် ထင်နေလား..."
ဝမ်ချန်၊ (သို့မဟုတ်) အခြားတစ်ယောက်၏ ထိန်းချုပ်မှုကို ခံထားရသော ဝမ်ချန်က ကောက်ကျစ်သည့် အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။
အထူးသဖြင့် ကျန်နှစ်ယောက်ကို အသုံးမကျသည့် အမှိုက်များဟု ရည်ညွှန်းလိုက်ချိန်တွင်... သူ၏ မျက်နှာအမူအရာက အလွန်တရာ မောက်မာ ရိုင်းစိုင်းလွန်းနေ၏။
လီယီတောင်းက ဝမ်ချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ဝမ်ချန်၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ကို စိုက်ကြည့်လိုက်ခြင်းပင်။
ဤတစ်ယောက်က တော်တော်လေး စွမ်းအားကြီးလှသည်။ ယခင် လီကော့ရှန်း ခန္ဓာကိုယ်ထဲ ဝင်ပူးခဲ့သည့် ဝိညာဉ်ထက် အဆပေါင်းများစွာ ပိုမို အားကောင်းနေ၏။
သူ၏ ညာလက်က အချိန်မရွေး လှုပ်ရှားနိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်သလို၊ ကြေးမုံမှန်ကလည်း အသင့် အနေအထားတွင် ရှိနေလေပြီ။
တစ်ဖက်လူဆီမှ လှုပ်ရှားမှု အရိပ်အယောင်လေး ပြလိုက်သည်နှင့် တပြိုင်နက်... သူ့စွမ်းရည်များကို အခြားသူများ သိသွားမည် ဆိုလျှင်တောင် လီယီတောင်းက နောက်တွန့်နေမည် မဟုတ်ဘဲ ချက်ချင်း ထုတ်သုံးမည် ဖြစ်ပေသည်။
ဤအချိန်၌ သူ့စွမ်းရည်များကို ဆက်လက် ဖုံးကွယ်ထားခြင်းက အဓိပ္ပါယ် မရှိတော့ပေ။
လီယီတောင်း၏ သိုသိပ်လှသော လှုပ်ရှားမှု အားလုံးသည် တစ်ဖက်လူ၏ အကဲခတ်မှု အောက်တွင် ရောက်ရှိနေသည့်နှယ်...။
"ဟဲဟဲ... ဘာလှုပ်ရှားမှုမှ မလုပ်နဲ့... လူတွေကို လှုပ်မရအောင် လုပ်နိုင်တဲ့ ပစ္စည်းတစ်ခု မင်းဆီမှာ ရှိနေတယ် ဆိုတာ ငါ သိတယ်နော်..."
"အင်း... ဒါပေမဲ့ ငါ မင်းကို ကြိုပြောထားမယ်... မင်းရဲ့ အဲဒီပစ္စည်းက ငါ့အပေါ်မှာတော့ သုံးလို့ရမှာ မဟုတ်ဘူး... ဒါကြောင့် အချိန်ဖြုန်း မနေပါနဲ့..."
"ပြီးတော့ မင်းဆီမှာ ဝိညာဉ်တွေကို ထိခိုက်အောင် လုပ်နိုင်စွမ်း ရှိတယ် ဆိုတာလည်း ငါ သိထားတယ်... ဒါပေမဲ့ အဲဒါကလည်း အခု ငါ့အခြေအနေကို ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး..."
"ငါ ပြောတာကို မင်း မယုံဘူး ဆိုရင်လည်း ရပါတယ်... ဒါပေမဲ့ လာပြီး စမ်းသပ်ကြည့်ဖို့တော့ မစဉ်းစားနဲ့..."
"ဘာလို့လဲ ဆိုတော့... မင်း စမ်းသပ်မှု မလုပ်ခင်မှာပဲ... ငါက မင်းကို အရင်ဆုံး သတ်ပစ်လိုက်နိုင်လို့ပဲ..."
ထို နောက်ဆုံးစကားကြောင့် လီယီတောင်း ကျောချမ်းသွားရလေသည်။
တစ်ဖက်လူသည် သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အကြွင်းမဲ့ ယုံကြည်မှု ရှိနေကြောင်းကို လီယီတောင်း ကောင်းကောင်းကြီး ခံစားလိုက်ရ၏။
ထို့အပြင် တပ်ဖွဲ့ ၃၆ မှ လူနှစ်ဦးကလည်း ထိုစကားများကို ကြားပြီးနောက်... တစ်ဖက်လူကို အလွန် လေးနက်တည်ကြည်သည့် အမူအရာများဖြင့် စိုက်ကြည့်နေကြသည်ကို လီယီတောင်း သတိပြုမိလိုက်သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် ထိုစကားများကို ကြားပြီးနောက် တစ်စုံတစ်ခုကို ပြန်လည် အမှတ်ရသွားသည်လား၊ သို့မဟုတ် ခန့်မှန်းမိသွားသည်လား မသိ... သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ပြည့်နှက်နေလေသည်။
ထင်ရှားလှပေသည်...။
သူသည် တစ်ဖက်လူ၏ သရုပ်မှန်ကို အဖြေရှာတွေ့သွားခြင်း၊ သို့မဟုတ် ပြန်လည် မှတ်မိသွားခြင်းပင် ဖြစ်ပေလိမ့်မည်။
ထို့အပြင် ဤ သရုပ်မှန်မှာ သူတို့ လုံးဝ ရင်ဆိုင်နိုင်စွမ်း မရှိသည့် အရာမျိုး ဖြစ်ဖို့ များနေပေသည်။
' ကြည့်ရတာ ပြဿနာက တော်တော် ရှုပ်ထွေးသွားမယ့် ပုံပဲ... '
တစ်ဖက်လူက လေလုံးထွားနေခြင်းပဲ ဖြစ်ဖြစ်၊ တကယ် ခြိမ်းခြောက်နေခြင်းပဲ ဖြစ်ဖြစ် လီယီတောင်း အနေဖြင့် အသင့်ပြင်ထားရန် လိုအပ်ပေသည်။
' တကယ်လို့ ဟိုကောင် ပြောတာတွေ အားလုံးက အမှန်တွေ ဖြစ်နေခဲ့ရင်ကော... '
' ဒါဆိုရင် ငါ လှုပ်ရှားလိုက်တာနဲ့ တပြိုင်နက်... အဲဒီကောင်က ငါ့ကို အရင် လက်ဦးမှု ရယူပြီး တိုက်ခိုက်တော့မှာ မဟုတ်ဘူးလား... '
လီယီတောင်း၏ ခေါင်းထဲတွင် အတွေးများ ချာချာလည် တွေးတောနေစဉ်မှာပင်...
ရုတ်တရက်...။
အားကောင်းပြီး ထိတ်လန့်ဖွယ် ကောင်းလှသော အငွေ့အသက်ကြီးတစ်ခု ဝမ်ချန်၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲ ထွက်ပေါ်လာလေတော့သည်။
ဝမ်ရှင်းယွဲ့၏ ထိန်းချုပ်ထားမှုကို ခံနေရသော လီကော့ရှန်း၏ ခန္ဓာကိုယ်မှာ ကြမ်းပြင်ပေါ်မှ လေထဲသို့ တဖြည်းဖြည်း ကြွတက် လွင့်မျောလာ၏။
ဝမ်ချန်က ခေါင်းကို ဖြည်းညှင်းစွာ လှည့်လာပြီး၊ ခန္ဓာကိုယ် တစ်ခုလုံးမှ အေးစက်စက် အငွေ့အသက်များ ဖြာထွက်နေလေသည်။
"ငါ့ ညီမကို မင်း ထိခိုက်အောင် လုပ်ခဲ့တာလား..."
"ငါက မင်းကို နောက်မှ ရှင်းပစ်မယ်လို့ တွေးထားတာ... ဒါပေမဲ့ မင်းက ချောင်းမြောင်း တိုက်ခိုက်ဖို့ ကြိုးစားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး..."
"ဟဲဟဲ..."
"မင်းရဲ့ သောက်သုံးမကျတဲ့ စွမ်းအားလေးနဲ့... ငါ့ကို ထိခိုက်အောင် လုပ်နိုင်မယ်လို့ မင်း ထင်နေတာလား..."
***