ပညာရှိ လီယောင်းသည် မှောင်မည်းသော အခန်းထောင့်တစ်ခုတွင် ကပ်ထိုင်ရင်း တိုးတိုးတိတ်တိတ် ရေရွတ်နေမိသည်။
"ငါက ဘယ်သူလဲ"
သူ့ကိုယ်သူ အကြိမ်ကြိမ် မေးခွန်းထုတ်နေသည်။
"ငါက အကျိုးအကြောင်း နိယာမရဲ့ ပညာရှိ လီယောင်းပဲ"
သူမ ပြောလိုက်သည်။
ထို့နောက် နာကျင်မှုကြောင့် သူမ၏ ဦးခေါင်းကို ပြန်လည်ဆုပ်ကိုင်လိုက်ရပြန်သည်။
"မဟုတ်ဘူး... ငါက... ငါက ဂိုဏ်းချုပ် လီယောင်းပဲ"
သူမသည် ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
"အဲ့ဒါလည်း မဟုတ်သေးဘူး။ ငါက... ယောကျာ်းရဲ့ မိန်းမ... ဟုတ်တယ် အဲ့ဒါပဲ။ ငါ့ရဲ့ ယောကျာ်း..."
သူမ စတင်အော်ဟစ်တော့သည်။
"ယောကျာ်းရဲ့ နာမည်က ဘယ်သူပါလိမ့်"
သူမ ရုတ်တရက် တန့်သွားသည်။ "အာ... အခုတော့ မြင်ပြီ။ ငါ ဘယ်လိုများ မေ့သွားရတာလဲ။ စီနီယာအစ်ကို ရှန်းယွီလေ"
ထိုသို့ပြောကာ သူမ၏ လက်ချောင်းများကို သွေးထွက်သည်အထိ ကိုက်ခဲနေမိသည်။
"ငါ ဘာတွေဖြစ်နေတာလဲ"
သူမ အသံထွက်၍ တွေးတောနေမိသည်။
အတန်ကြာမှ သူမ ပြန်လည်တည်ငြိမ်သွားသည်။
"ငါ အခုတော့ သဘောပေါက်ပြီ။ တစ်ယောက်ယောက်က ငါ့ရဲ့ အမှတ်တရတွေကို လာကစားနေတာပဲ"
သူမ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘာပညာရှိလဲ။ ငါက စီနီယာအစ်ကိုရဲ့ မိန်းမဆိုတာ ရှင်းနေတာပဲ။ တစ်ယောက်ယောက်က ငါ့ကို စီနီယာအစ်ကိုအကြောင်း မေ့သွားအောင် အမှတ်တရတွေကို လာရှုပ်နေတာ"
သူမ၏ အမူအရာမှာ မှောင်မည်းကာ ကြောက်မက်ဖွယ်ကောင်းသော အသွင်သို့ ပြောင်းလဲသွားသည်။
"ဘယ်သူလဲ။ ဘယ်သူက ငါ့ကို ဒီလိုလုပ်ရဲတာလဲ"
သူမ၏ စွမ်းအင်များ ပြင်းထန်စွာ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ကမ္ဘာကြီးမှာ စတင်တုန်ခါလာတော့သည်။ သူမ၏ စွမ်းအင်များမှာ ထိန်းချုပ်မရဘဲ ပေါက်ကွဲထွက်နေသဖြင့် အလင်းနှစ်ပေါင်းများစွာ အကွာအဝေးရှိ ကြယ်စုတန်းများမှာ စတင်ပေါက်ကွဲကုန်ကြသည်။
သူမ ရုတ်တရက် ရပ်တန့်လိုက်သည်။
"အိုး... မဟုတ်သေးဘူး ငါ့ကိုယ်ငါ ထိန်းချုပ်ရမယ်။ အရာအားလုံးကို ဖျက်ဆီးမိလို့ စီနီယာအစ်ကိုသာ အဲ့ဒီမှာ ရှိနေရင် ဘယ်လိုလုပ်မလဲ"
သူမ ဖျက်ဆီးမိသမျှကို ပြန်ကြည့်လိုက်သည်။ ထို့နောက် ချိုသာစွာ ပြုံးလိုက်မိသည်။
"စီနီယာအစ်ကို... ကျွန်မ အခု အများကြီး သန်မာနေပြီနော်။ ကျွန်မတို့တွေ ကတိပေးထားခဲ့သလိုပဲ စီနီယာအစ်ကိုအတွက် ဒီကမ္ဘာကြီးကို သိမ်းပိုက်ပေးနိုင်ပြီ"
သူမ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဘာမှမရှိသော ဟင်းလင်းပြင်မှ ခမ်းနားထည်ဝါသော ရုန်းတော်ကြီးတစ်ခု ပေါ်ထွက်လာသည်။
"ဒါက ကျွန်မတို့တွေရဲ့ မင်္ဂလာအိမ်လေးနဲ့ တူတယ်။ စီနီယာအစ်ကို ကြိုက်မှာပဲ"
ထိုသို့ပြောကာ အိမ်သူသက်ထား မိန်းကလေးငယ်လေးတစ်ဦးကဲ့သို့ တစ်ယောက်တည်း ရယ်မောနေမိသည်။
ထိုသို့ အတွေးများထဲတွင် နစ်မျောနေစဉ် သူမ၏ရှေ့၌ အလင်းရောင်မျက်နှာပြင်တစ်ခု ရုတ်တရက် ပေါ်လာသည်။
"ဒါက ဘာလဲ"
ထိုသို့တွေးတောရင်း လက်ဖြင့် ပယ်ဖျက်လိုက်သည်။
ထိုသို့လုပ်ဆောင်လိုက်သည်နှင့် အချက်အလက်များမှာ သူမ၏ ဦးခေါင်းအတွင်းသို့ တိုက်ရိုက်စီးဝင်လာသည်။
"ပညာရှိများရဲ့ အစည်းအဝေးလား"
သူမ အသံထွက်၍ ရေရွတ်လိုက်မိပြီး အရေးကြီးသောအရာတစ်ခုကို သတိရသွားသည်။
"ဟုတ်သားပဲ ဒါက ငါ့ရဲ့ မှားယွင်းတဲ့ အမှတ်တရတွေထဲကပဲ။ ပညာရှိတွေက တာအိုနယ်ပယ်ဆီ သွားမယ့်လမ်းကို ရှာဖို့အတွက် အနှစ်တစ်ထောင်မှာ တစ်ကြိမ် ဆုံကြတယ်ဆိုတာလေ"
သူမသည် ထိုအချက်ကို လက်တစ်ချက်ဖြင့် ပယ်ဖျက်လိုက်ပြန်သည်။
"ငါက ပညာရှိမှ မဟုတ်တာ ဘာလို့ သွားရမှာလဲ"
သူ့ကိုယ်သူ ပြန်မေးပြီးမှ စဉ်းစားစရာတစ်ခု ပေါ်လာသည်။
"ပညာရှိတွေ သူတို့များ ငါ့ရဲ့ အမှတ်တရတွေကို လာရှုပ်နေတာလား"
သူမ၏ မျက်နှာမှာ ကြောက်မက်ဖွယ် အပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
"ဒါဆိုရင်တော့ ဒီအစည်းအဝေးကို တက်ရောက်ပြီး သူတို့အားလုံးကို သင်ခန်းစာ ကောင်းကောင်းပေးရတော့မှာပေါ့"
သူမသည် ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားပြီး အလင်းနှစ်ပေါင်း ဘီလီယံချီဝေးသော အခြားနေရာတစ်ခုတွင် ပေါ်လာသည်။ ဤသည်မှာ တစ်နေရာမှတစ်နေရာသို့ ကူးပြောင်းခြင်းမဟုတ်ဘဲ သူမ၏ အရှိန်မှာ ထိုမျှအထိ မြန်ဆန်နေခြင်းပင်။
သူမ ရှေ့ရှိ တည်နေရာကို ကြည့်လိုက်သည်။ ၎င်းမှာ ဟင်းလင်းပြင်ထဲတွင် လွင့်မျောနေသော ကြီးမားသည့် ကျွန်းတစ်ခုဖြစ်ပြီး မိုင်ပေါင်း ဆယ်သန်းခန့် ကျယ်ဝန်းကာ တောက်ပသော ရွှေရောင်လက်စွပ်များဖြင့် ဝန်းရံထားသည်။
သူမ၏ လက်ဝါးထဲတွင် စွမ်းအင်လုံးတစ်ခု စုစည်းလိုက်သည်။
ထိုစွမ်းအင်လုံးကို လွင့်မျောနေသော ကျွန်းဆီသို့ ပေါ့ပေါ့ပါးပါးပင် ပစ်လွှတ်လိုက်သည်။
ကြီးမားသော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာပြီး အရာအားလုံး ကြည်လင်သွားသောအခါ ဘာမှမရှိသော ဗလာနယ်တစ်ခုသာ ကျန်ရစ်တော့သည်။ ဟင်းလင်းပြင်မှာ သူ့ကိုယ်သူ ပြန်လည်တည်ဆောက်ရန် ရုန်းကန်နေရသည်။
"အကျိုးအကြောင်း နိယာမရဲ့ ပညာရှိ... ဒါက ဘာသဘောလဲ"
သူမ၏ နောက်ကျောဘက်မှ တစ်စုံတစ်ဦးက စကားပြောလိုက်သည်။
သူမ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ လူကိုးယောက်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။
ယောကျာ်း ခြောက်ယောက်နှင့် အမျိုးသမီး သုံးယောက်ပင်။
"အမျိုးသမီးတွေလား"
သူမ၏ အမူအရာမှာ ရုတ်တရက် ဒေါသကြောင့် ပျက်ယွင်းသွားသည်။
"ဒါဆို တစ်ချိန်လုံး ဒါက နင်တို့ လက်ချက်ပေါ့လေ"
သူမက ပြောလိုက်ရာ သူမ၏ အသံမှာ ဒေါသများ ဖုံးလွှမ်းနေသည်။
"ရှင် ဘာတွေပြောနေတာလဲ..."
အမျိုးသမီးတစ်ဦးက စတင်၍ ပြောဆိုရန် ကြိုးစားသော်လည်း သူမ စကားမဆုံးမီမှာပင် အကျိုးအကြောင်း ပညာရှိ၏ လက်မှ အေးစက်သော စွမ်းအင်များ ထွက်ပေါ်လာပြီး အမျိုးသမီး သုံးဦးစလုံးကို ခိုင်မာသော နှင်းခဲတုံးများအတွင်း ချက်ချင်း အေးခဲပစ်လိုက်သည်။
သူမသည် ထိုနှင်းခဲတုံးဘေးတွင် ချက်ချင်းပေါ်လာသည်။
"ဒါကို ငါ အမြဲ စမ်းကြည့်ချင်နေတာ"
သူမက တိုးတိုးလေး ပြောလိုက်သည်။
"ဗလာနယ် ပျက်သုဉ်းခြင်း..."
...
ထိုနှင်းခဲတုံးမှာ မှောင်မည်းသော စွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး ဘာတစ်ခုမျှ အကြွင်းအကျန်မရှိဘဲ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"နင်... နင် ဘာတွေလုပ်နေတာလဲ"
ကျန်ရှိနေသော ပညာရှိတစ်ဦးက တုန်ရီသောအသံဖြင့် မေးလိုက်သည်။
"နင် ရူးသွားပြီလား"
နောက်တစ်ယောက်ကလည်း မေးခွန်းထုတ်သည်။
ယောကျာ်း ခြောက်ဦးမှာ အကျိုးအကြောင်း ပညာရှိကို အလျင်အမြန် ဝန်းရံလိုက်ပြီး ကာကွယ်ရေး အဝန်းအဝိုင်းတစ်ခုကို ဖွဲ့စည်းလိုက်ကြသည်။
ထိုအုပ်စုတွင် အသန်မာဆုံးဟု ထင်ရသော ယောကျာ်းတစ်ဦးသည် အကျိုးအကြောင်း ပညာရှိကို စိုးရိမ်တကြီး ကြည့်နေမိသည်။
သူမ ဘာတွေဖြစ်နေတာလဲဟု သူ သိချင်နေမိသည်။
သူမမှာ သူတို့အားလုံးထဲတွင် အသက်အကြီးဆုံး ပညာရှိဖြစ်ကြောင်း သူ တွေးလိုက်မိသည်။
သူတို့ ပညာရှိများ ဖြစ်လာကြချိန်တွင် သူမမှာ ကာလပေါင်းများစွာကတည်းက ပညာရှိတစ်ဦး ဖြစ်နေခဲ့ပြီးသား ဖြစ်သည်။
ဤသည်မှာ သူမသည် ပညာရှိနယ်ပယ်၏ ပဉ္စမမြောက်တာအိုသို့ ရောက်ရှိထားသူဖြစ်ရာ သူတို့အားလုံးထဲတွင် အသန်မာဆုံးဖြစ်ကြောင်း ဆိုလိုခြင်းပင်။ ခုနက အမျိုးသမီး သုံးယောက်မှာ ဒုတိယတာအိုပညာရှိများသာ ဖြစ်ကြသည်။ သူတို့ အလွယ်တကူ ဖျက်ဆီးခံလိုက်ရပုံကို ကြည့်လျှင် ကျန်ရှိသော သူတို့ ခြောက်ယောက်မှာလည်း သိပ်ပြီး ထူးခြားလိမ့်မည်မဟုတ်ပေ။
သူတို့ထဲမှ နှစ်ယောက်မှာ အမျိုးသမီးများကဲ့သို့ ဒုတိယတာအိုတွင် ရှိနေကြပြီး သုံးယောက်မှာ တတိယတာအိုတွင် ရှိနေကာ သူကိုယ်တိုင်မှာမူ စတုတ္ထတာအိုတွင် ရှိနေသည်။ သူသည် စတုတ္ထတာအိုသို့ ရောက်နေသည့်တိုင်အောင် ဤမျှ မြင့်မားသောအဆင့်များတွင် အဆင့်ငယ်တစ်ခုချင်းစီ၏ ကွာခြားချက်မှာ အလွန်ကြီးမားလှသဖြင့် သူမနှင့် နှိုင်းယှဉ်လျှင် သူမှာ သာမန်လူသားတစ်ဦးကဲ့သို့သာ ဖြစ်ပေလိမ့်မည်။
"အခု ငါ ဘာလုပ်သင့်သလဲ"
သူ အသည်းအသန် စဉ်းစားနေမိသည်။
ထိုအခါမှ အကြံတစ်ခု ရလာသည်။ ခုနက ပညာရှိသည် အကျိုးအကြောင်း နိယာမကို အသုံးမပြုဘဲ ယင်ယန်နိယာမနှင့် ဗလာနယ်နိယာမတို့ကိုသာ အသုံးပြုခဲ့သည်။ ဤပညာရှိမှာ အကျိုးအကြောင်း နိယာမကို ကျွမ်းကျင်စွာ အသုံးချနိုင်သူအဖြစ် လူသိများသည်။ ဤကဲ့သို့ ကွဲပြားသော နိယာမများကို အသုံးပြုနေပုံနှင့် သူမ၏ အပြုအမူများကို ကြည့်လျှင် သူမမှာ အနည်းငယ်စိတ်လွတ်နပုံပင်။
"နောက်ဆုံးတော့ နင် အသိစိတ် လွတ်သွားပြီပေါ့လေ။ အဲ့ဒီနည်းလမ်းက တစ်နေ့ကျရင် နင်ကို ပြန်ဒုက္ခပေးလိမ့်မယ်လို့ ငါ ပြောသားပဲ"
သူ၏ သီအိုရီကို စမ်းသပ်သည့်အနေဖြင့် သူက ပြောလိုက်သည်။
"နင် ဘာတွေပြောနေတာလဲ"
ပညာရှိက အမှန်တကယ်ပင် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ပြန်ပြောသည်။
"ဟားဟားဟား... နင် တကယ်ပဲ အသိစိတ် အလုခံလိုက်ရတာပဲ။ နင် ဘယ်လိုကျင့်စဉ်မျိုးကို ကျင့်နေတယ်ဆိုတာတောင် နင် မမှတ်မိတော့ဘူး"
ထိုယောကျာ်းက ယုံကြည်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။
သူ ပြုံးလိုက်မိသည်။ ဤအရာမှာ မျှော်လင့်ထားသည်ထက် ပိုမိုလွယ်ကူမည့်ပုံပင်။ ယခင်က ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော သူ၏ မျက်လုံးများမှာ ယခုအခါ လောဘရိပ်များဖြင့် ပြည့်နှက်လာခဲ့သည်။
သူ့အနေဖြင့် စောင့်ကြည့်ရသလောက် အကျိုးအကြောင်း ပညာရှိသည် သူမ ယခုလေးတင် အသုံးပြုလိုက်သော နိယာမများအပေါ် နားလည်မှု သိပ်ရှိပုံမရပေ။ သူမသည် သူမ၏ အဆမတန်များပြားသော စွမ်းအင်များကိုသာ အသုံးပြုပြီး နိယာမများကို အတင်းအကျပ် ဖြစ်ပေါ်စေခြင်းသာ ဖြစ်ပေလိမ့်မည်။
အကယ်၍ ထိုသို့သာ ဖြစ်မည်ဆိုပါက သူမ၌ ပဉ္စမတာအို၏ အပြည့်အဝ တိုက်ခိုက်ရေးစွမ်းရည် ရှိလိမ့်မည်မဟုတ်ပေ။
အကောင်းဆုံး အခြေအနေတွင် စတုတ္ထတာအိုခန့်သာ ရှိပေလိမ့်မည်။ ဆိုလိုသည်မှာ သူနှင့် အဆင့်တူပင်။
ဤစွမ်းအားအဆင့်ဖြင့်ဆိုလျှင် သူသည် သူမကို ယှဉ်ပြိုင်နိုင်သင့်သည်။ အခြားသူများ၏ အကူအညီဖြင့်ဆိုလျှင် သူမကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယူဆသည်။ ကာလပေါင်းများစွာအတွင်း အသက်အကြီးဆုံး ပညာရှိ စုဆောင်းထားသော ရတနာများနှင့် ကြွယ်ဝမှုများကို တွေးတောမိသောအခါ သူ၏ မျက်လုံးများမှာ လောဘဖြင့် တောက်ပလာခဲ့သည်။
သူသည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ။
"ဟားဟားဟား... ဒီနေ့ ရောက်လာလိမ့်မယ်ဆိုတာ ငါ သိပြီးသားပဲ"
သူက မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
"နောင် နှစ်သန်းပေါင်းများစွာအကြာမှာ ငါ ပဉ္စမတာအိုကို ရောက်မှ နင်ကို စိန်ခေါ်ဖို့ မျှော်လင့်ထားတာ ဒါပေမဲ့ စောစောစီးစီး လုပ်ရတော့မယ့်ပုံပဲ"
ထိုယောကျာ်းက ရဲရဲဝံ့ဝံ့ ကြေညာလိုက်သည်။
"ငါသာ နင်ကို အနိုင်ယူနိုင်ရင် ငါက အသန်မာဆုံး ပညာရှိ ဖြစ်လာတော့မှာ"
သူက ရည်မှန်းချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူသည် သူ၏ အစီအစဉ်ကို အခြားသော ပညာရှိ ငါးဦးထံသို့ အသံလှိုင်းမှတစ်ဆင့် အလျင်အမြန် ဆက်သွယ်ပြောကြားလိုက်သည်။
သူတို့မှာ အကျိုးအကြောင်း ပညာရှိနှင့် ထိပ်တိုက်တွေ့ရန် စိုးရိမ်နေကြသော်လည်း အခြားရွေးချယ်စရာ မရှိသည်ကို သိကြသဖြင့် သူ၏ အစီအစဉ်ကို သဘောတူလိုက်ကြတော့သည်။
***