ပိုင်မာခရိုင် အထက်တန်းကျောင်းအတွင်း ဒုတိယနှစ်ကျောင်းသားများ၏ စာသင်ခန်းထဲ၌ မနက်စောစောအချိန်တွင် ကျောင်းသားခေါင်းဆောင်များက စာသင်ခန်းနှင့်ချိတ်ဆက်ထားသော ခန်ကို မီးမွှေးခဲ့ကြသည်။
မီးများသည်က အရှိန်ပြင်းစွာာ တောက်လောင်နေသော်လည်း စာသင်ချိန်သို့ ရောက်လာချိန်တွင်တော့ စာသင်ခုံတွင်ထိုင်နေရင်းဖြင့် သူတို့၏ လက်ချောင်းများမှာ အအေးဒဏ်ကြောင့် တောင့်တင်းလာခဲ့တုန်းပင်ဖြစ်လေ၏။
နောက်ဆုံး စာသင်ချိန်ပြီးဆုံးသွားချိန်တွင်တော့ ကျောင်းသားများမှ ခန်မီးဖိုအနီးတွင် အပြေးအလွှားစုရုံးကာ ခန္ဓာကိုယ်ကို နွေးထွေးစေခဲ့ကြပြန်သည်။
လီရှန်းသည်လည်း မီးဖိုဘေးတွင် ဝင်ထိုင်လိုက်မိသည်။
သူမ၏ ပတ်ဝန်းကျင်တွင် ရှိနေသော အနည်းငယ် စိမ်းသက်နေပြီး၊ အနည်းငယ်လည်း ရင်းနှီးသကဲ့သို့ ခံစားရသည့် အတန်းဖော်များကို ကြည့်လိုက်မိသည်။
ဤအချိန်မှသာ သူမ၏ ခံစားချက်မှာ အနည်းငယ် ပို၍ အစစ်အမှန်ဟု ခံစားလာရသည်။
သူမ တကယ်ပဲ ပြန်ရောက်လာခဲ့ပြီ။
ထိုပျက်စီးနေသော စနစ် ပြောခဲ့သည်က အမှန်ပင် ဖြစ်နေခဲ့သည်။
သူမသာ တာဝန်များကို ပြီးစီးပါက ပြန်လာနိုင်မည်ဟု ပြောခဲ့ပြီး ဤငည်က အမှန်ပင် ဖြစ်လာခဲ့သည်။
ဤအချိန်၌ လီရှန်းတစ်ယောက် ပျော်ရွှင်ဝမ်းသာမှုကြောင့် မျက်ရည်များပင် ကျချင်နေခဲ့သော်လည်း လူအများ၏ရှေ့တွင် ထိန်းထားလိုက်ရသည်။
မစ်ရှင်များစွာတွင် ရရှိခဲ့သော သူမ၏ အတွေ့အကြုံအရ ဇာတ်ကောင်၏ ဂုဏ်သိက္ခာကို အစပိုင်းတွင်ပင် ဖျက်ဆီးလိုက်ဖို့မဖြစ်နိုင်ပေ။
“လီရှန်း.. နင့် မိထွေးက နင့်အတွက် သတို့သားတစ်ယောက်ရှာနေတယ်လို့ ကြားတယ်နော်”
ကျန်းယွဲ့က လီရှန်းကို ပခုံးချင်းတိုက်ရင်း ပြောလာသည်။
သတို့သား ရှာနေတာလား။
လီရှန်း ခဏတာမျှ ဇဝေဇဝါဖြစ်သွားသည်။
သူမ မည်သည်ကိုမျှ အမှားအယွင်းမဖြစ်မိစေရန်အတွကရ ဘေးနားတွင်ရှိနေသော ကျောင်းသူအတန်းဖော်ကို ခဏတာမျှသာ ကြည့်လိုက်ပြီး စကားမပြောခဲ့ပါချေ။
သူမက မီးဖိုရှေ့တွင် လက်များကို ပွတ်သတပ်နေခဲ့သော်လည်း နားများကတော့ တခြားလူများပြောဘာသည့် စကားများကို နားထောင်နေခဲ့သည်။
ကျန်းယွဲ့က လီရှန်း၏တုံ့ပြန်မှုကို မကျေမနပ်ဖြစ်နေခဲ့ပြီး ဆက်မေးလာခဲ့သည်။
“နင် ကျောင်းပြီးအောင် မနေတော့ဘူးလား”
“ကျောင်းပြီးအောင်မနေတာက ထူးဆန်းတာ မဟုတ်ပါဘူး၊ လီဖန်တို့ ဟုန်ဝမ်းတို့လည်း အိမ်ပြန်ပြီး လက်ထပ်သွားကြတာ မဟုတ်ဘူးလား၊ ဘာတွေများ အရေးကြီးသလိုလုပ်နေတာလဲ၊ နင ဘာလို့ ဒီနေ့ အထူးအဆန်းတွေ ပြောနေတာလဲ”
တစ်ဖက်တွင် ထိုင်နေသော လျို့ချင်းကျွင့်က လီရှန်းဘက်မှ ပြောလိုက်သည်။
“ဟုတ်တယ်.. ကျန်းယွဲ့၊ နင် မနာလိုဖြစ်ရင် နင်လည်း ပြန်ပြီး လက်ထပ်လိုက်လေ”
လီရှန်း၏ဘေးမှတစ်ယောက်သည်ကား ကျန်းယွဲ့ပင် ဖြစ်ပေ၏။
“ကျန်းယွဲ့က လက်ထပ်ဖို့အတွက် မတွေးတောလောက်သေးပါဘူး၊ သူမက ဟဲထန်နဲ့အတူ ပင်းချန်မြို့ကို လိုက်ပြီး ကျေးလက်ဒေသတည်ဆောက်ရေးကို ကူညီပေး ရင်း နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ဖို့ဆန္ဒရှိနေတာ”
ဤစကားများ ထွက်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်းထံမှ အံ့သြတကြီးနှင့်ဆူညံသံများ ထွက်ပေါ်လာသည်။
ကျောင်းသားများအကြား ဆွေးနွေးမှု၏ အာရုံစိုက်ရာလမ်းကြောင်းက လီရှန်းမှ ကျန်းယွဲ့သို့ ချက်ချင်းပြောင်းလဲသွားသည်။
“တကယ်လား ကျန်းယွဲ့၊ နင် ပညာတတ်လူငယ်တစ်ယောက် ဖြစ်တော့မှာလား”
“ဟုတ်တယ်.. ငါက ဘာလို့မဖြစ်နိုင်ရမှာလဲ”
ကျန်းယွဲ့က သူမ၏ ကျစ်ဆံမြီးဆံပင်များကို စိတ်မကျေမနပ် လှုပ်ရမ်းလိုက်သည်။
“ငါ မနေ့က ပင်းချန်ကို သွားဖို့အတွက် နာမည်စာရင်းပေးခဲ့တယ်၊ ပင်းချန်ရဲ့တည်ဆောက်ရေးတပ်မဟာက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ဖွဲ့စည်းခဲ့တာဆိုတော့ အခုချိန်မှာ ကျေးလက်ဒေသကို ကူညီပေးဖို့ ပညာတတ်တွေ အများကြီး လိုအပ်နေတယ်”
ပင်းချန် တည်ဆောက်ရေးတပ်မဟာ…
ဤရင်းနှီးသောနာမည်ကို ကြားလိုက်ရချိန်တွင်တော့ လီရှန်း၏ မျက်ဝန်းများက အနည်းငယ်ဝိုင်းစက်သွားပြီး ဖုန်တက်နေသော မှတ်ဥာဏ်များမှာလည်း ရေလှိုင်းများကဲ့သို့ ပြန်လည်စီးဆင်းလာခဲ့သည်။
“ဒါပေမဲ့ ပညာတတ်လူငယ်ဖြစ်ရတာက အရမ်းပင်ပန်းတယ်လို့ ငါ ကြားဖူးတယ်၊ ငါတို့ ရပ်ကွက်က အစ်မတစ်ယောက်က ကျေးလက်ဒေသကို သွားခဲ့ပြီး တစ်လတောင်မပြည့်သေးခင် ငိုပြီးပြန်လာခဲ့တာ”
“ဟုတ်တယ်.. ငါ့ရဲ့ဝမ်းကွဲအစ်မကလည်း အဲဒီမှာ အရမ်းပင်ပန်းတယ်လို့ပြောခဲ့တယ်၊ ပင်ပန်းတဲ့အပြင် ထမင်းတောင် ကောင်းကောင်းမစားရဘူးတဲ့”
“မပင်ပန်းဘဲ နေမှာတဲ့လား၊ မိုင်နှစ်သောင်းငါးထောင်လောက် ခရီးရှည်ကြီးကို စဉ်းစားကြည့်လေ…”
ကျန်းယွဲ့က စိတ်အားထက်သန်စွာ ပြောလာသည်။
“ငါတို့မှာ ကြိုးကြိုးစားစား လုပ်ကိုင်ချင်တဲ့ စိတ်ဓာတ်တွေရှိရမယ်၊ နိုင်ငံတော်ကို တည်ဆောက်ရေးအတွက် အစွမ်းကုန် ပေးဆပ်ရမယ်”
သူမက ထိုသို့ပြောပြီးနောက် ဘေးနားတွင်ရှိနေသော လီရှန်းကို ဖိတ်ခေါ်ရန်လည်း မမေ့ခဲ့ပေ။
“ဘယ်လိုလဲ လီရှန်း၊ နင်ရော ငါနဲ့ လိုက်ချင်လား၊ ဒီလိုဆိုရင် နင့်ရဲ့ မိထွေးကလည်း နင့်ကို အတင်းအကျပ်အိမ်ထောင်ချပေးဖို့ သတို့သား ရှာမပေးနိုင်တော့ဘူးလေ”
လီရှန်း၏ မိထွေး ထုန်လင်းမှာ စိတ်ဓာတ်မကောင်းသော အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ပြုံးနေသော ကျားတစ်ကောင်လည်းဖြစ်ချေသည်။ကျန်းယွဲ့အနေနှင့် သူမဘက်မှ လီရှန်းကို ခေါ်ဆောင်သွားရန် ဆန္ဒရှိနေခြင်းမှာ တစ်ဖက်လူကို ကယ်တင်ခြင်းသာဖြစ်သည်ဟု တွေးမိသည်။ လီရှန်းက သူမကို ကျေးဇူးတင်သင့်သည်။
ထို့အပြင် ဟဲထန်ကလည်း လီရှန်းကို သူတို့နှင့်အတူ ပင်းချန်သို့ ပညာတတ်လူငယ်အဖြစ် လိုက်ပါရန် စည်းရုံးနိုင်ပါက သူမနှင့် ကြင်ဖက်တွေ့ဆုံမည့် အကြောင်းကို လက်ခံစကားပြောမည်ဟု ဆိုခဲ့သည်။
ကျန်းယွဲ့တစ်ယောက် လီရှန်းကို မနာလိုစွာ ကြည့်လိုက်လေ၏။ သူမ၏ စိတ်ထဲတွင် ဝမ်းနည်းနေခဲ့သော်လည်း လီရှန်းက အမှန်တကယ် ထူးကဲလှကြောင်းကိုတော့ ဝန်ခံရမည်ပင်။
သူမ၏ ဆံပင်များက နက်မှောင်ပြီး အသားအရည်ကလည်းဖြူဖွေးနေခဲ့ကာ လူအများထဲတွင် အလှပဆုံး မဟုတ်သော်လည်း သူမ၏ ဟန်ပန်မှာ ထူးခြားလှသည်။
ကျန်းယွဲ့အနေဖြင့် လီရှန်း၏ ဟန်ပန်ကို “သနားစရာကောင်းတယ်” ဟု ခေါ်ဝေါ်နေခဲ့သော်လည်း သူမ၏ ဖခင်ကတော့ ထိုဟန်ပန်ကို စာပေဆန်သည်ဟု ပြောခဲ့ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် ဤလူက ယဉ်ကျေးမှုဓလေ့များ ပြည့်ဝကြောင်း ဖော်ပြနိုင်သည်ဟု ဆိုခဲ့သည်။
ဟဲထန်က သူမကို နှစ်သက်သည်မှာ မထူးဆန်းတော့ပေ။
“ဒီလို မဖြစ်လောက်ဘူး”
လီရှန်း ကျန်းယွဲ့ကို ပြုံးပြလိုက်သည်။
“ငါ ငါ့ရဲ့အဖေ စီစဉ်တာကို လိုက်နာရမယ်”
ကျန်းယွဲ့ ရုတ်တရက် စိုးရိမ်လာပြီး သူမ၏ အသံမှာလည်း အနည်းငယ် တင်းမာလာခဲ့သည်။
“နင် တကယ် လက်ထပ်တော့မှာလား”
သူမသာ ပင်းချန်သို့ လိုက်မလာခဲ့ပါက ဟန်ထန်နှင့် သူမ၏သဘောတူညီချက်က မည်သို့ ဖြစ်လာမည်နည်း။
ဟဲထန်က သူမအချိန်ကြာမြင့်စွာ ကြိုးစားခဲ့ပြီးမှ ဤသို့ ခွင့်ပြုလာခြင်းဖြစ်သည်။
လီရှန်း ခေါင်းကို ခါရမ်းလိုက်သည်။
“ငါ့ရဲ့အဖေက ငါ့ကို အလျင်စလိုနဲ့ လက်ထပ်မပေးလောက်ဘူးလို့ ယုံတယ်”
ထိုသို့ပြောပြီးနောက် သူမက မီးဖိုနံဘေးမှ ထရပ်လိုက်သည်။
“ငါ နည်းနည်းလောက် နေမကောင်းသလို ခံစားရလို့ ဆရာဆီမှာ ခွင့်တောင်းပြီး ပြန်လိုက်တော့မယ်”
ထို့နောက် သူမ စာသင်ခန်းမှ ထွက်သွားခဲ့တော့သည်။
“ကျန်းယွဲ့၊ နင် ဘာလို့ လီရှန်းကို နင်နဲ့အတူ ကျေးလက်ဒေသကို ဆွဲခေါ်ဖို့ ကြိုးစားနေတာလဲ”
ကျန်းယွဲ့၏ တစ်ဖက်တွင် ထိုင်နေသော ဖန်မိန့်လင်းက မျက်စိတစ်ဖက်မှိတ်ပြကာ ပြောလာသည်။
“နင် ဒီ… ဟဲထန် ပါသွားမှာကို မကြောက်ဘူးလား”
ကျန်းယွဲ့ မျက်မှောင်ကြုတ်လိုက်သည်။
သို့သော် သူမက စိတ်ရှည်သည်းခံစွာ ပြောလာခဲ့သေးသည်။
“ဘာကိုလဲ”
“နင် ဘာတွေ အူကြောင်ကြောင်လုပ်နေတာလဲ၊ ဟဲထန်က လီရှန်းကို ဘယ်လောက်တောင် အာရုံစိုက်လဲဆိုတာ နင် မမြင်ဘူးလား၊ နင်က သူမကိုတွေကို နင်တို့နှစ်ယောက်နဲ့ ပိုနီးအောင်ထားရင် သူက သူမဆီကို ပြေးသွားမှာကို မကြောက်ဘူးလား”
ဖန်မိန့်လင်းက ကျန်းယွဲ့ထက်ပင် ပိုစိုးရိမ်ပုံရသည်။
“ဘာကိုကြောက်ရမှာလဲ၊ လီရှန်းတို့ရဲ့မိသားစုက ဟဲထန်နဲ့ မတန်ပါဘူး”
ဤအကြောင်းကို ပြောလိုက်ပြီးနောက် ကျန်းယွဲ့မှာ အမှန်တကယ်ပင် မကြောက်တော့ပေ။
ဟဲထန်၏ မိသားစုအခြေအနေက အလွန်ပင် ကောင်းမွန်သည်။
သူ၏ မိဘနှစ်ယောက်လုံးမှာလည်း အစိုးရဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ကြသည်။
သူက မိသားစုထဲတွင် ဒုတိယမြောက်သားသာဖြစ်နေသော်လည်း ထူးချွန်သော ကလေးဖြစ်ပြီး မိဘများက သူ့ကို အလွန်တန်ဖိုးထားသည်။
ဤတစ်ကြိမ်တွင် သူ့ကို ပင်းချန်သို့ စေလွှတ်ခဲ့သည်မှာလည်း သူ၏ ဦးလေးဖြစ်သူ တပ်ရင်းမှူးရှိသော မြို့သို့ ပို့ဆောင်ရန်ပင်ဖြစ်ချေသည်။
ဟဲထန်၏ ဦးလေးသာ စောင့်ကြည့်နေပါက လီရှန်းတွင် အတောင်ပံများ ရှိနေလျှင်ပင် ဟဲထန်ထံသို့ ပျံသန်းနိုင်မည်မဟုတ်ပေ။
သူမကတော့ မတူညီပေ။
သူမနှင့် ဟဲထန်သည်ကား ပြီးပြည့်စုံစွာ လိုက်ဖက်မှုရှိပြီး ဟဲထန်၏ အဒေါ်ပင် သူမကို အလွန်ကျေနပ်ခဲ့သည်။
သို့သော် ..
ကျန်းယွဲ့ မကျေမနပ်ဖြစ်စွာဖြင့် အံကြိတ်လိုက်သည်။ ဟဲထန်၏ အဒေါ် ကျေနပ်ခြင်းက အသုံးဝင်မှု မရှိပါချေ။
ဟဲထန်က သူမကို မကြိုက်ခဲ့ပေ။
လီရှန်းကို သူတို့နှင့်အတူ ပင်းချန်သို့ ခေါ်ဆောင်သွားမှသာ သူမနှင့် ချိန်းတွေ့မည်ဟုပင် တောင်းဆိုခဲ့သည်။
သူက သူမ လုပ်နိုင်မည် မဟုတ်ကြောင်း သေချာနေသောကြောင့် ဤစကားကို အသုံးပြု၍ သူမကို တွန်းထုတ်နေခြင်းသာဖြစ်သည်။
ဟဲထန်က သူမကိုရှောင်ဖို့ကြိုးစားလေလေ၊ သူမက ပိုလုပ်လေလေသာဖြစ်မည်။
ဤအကြောင်းကို တွေးမိလျှင် သူမ အတော်လေး မကျေမနပ်ဖြစ်နေသော်လည်း သူ့၏စကားကို လက်ခံခဲ့သည်။
“ကျန်းယွဲ့.. နင် တကယ်ပဲ ရူးသွားပြီလား”
ဖန်မိန့်လင်းက နှစ်ကြိမ်ခမ့်ညည်းညူလိုက်ကာ ကျန်းယွဲ့၏ ရွေးချယ်မှုအပေါ် စိတ်ပျက်နေကြောင်း ဖော်ပြလာခဲ့သည်။
လီရှန်းဘက်မှ ပြောပေးခဲ့သော လျို့ချင်းကျွင့်က ပြောလာ၏။
“သူမက အတော်လေးဥာဏ်ကောင်းတာပါ”
သူမက ထိုသို့ပြောပြီးနောက် အတင်းအဖြင်းပြောလာသော လူအုပ်ထဲသို့ ဝင်လာခဲ့သည်။
“လီရှန်းရဲ့ မိထွေးက လီရှန်းကို ကျေးလက်ဆီကို လွှတ်ပေးမှာမဟုတ်ဘူးဆိုတာ ကျန်းယွဲ့ သေသေချာချာသိတယ်လေ”
“နင် ဘယ်လိုသိတာလဲ”
လူ့သဘာဝအရ စကားများကို ချဲ့ကား ပြောဆိုခြင်းသည်က သာမန်ပင်ဖြစ်ပေသည်။
ထိုအချိန်တွင် သူတို့က ဖရဲစေ့တစ်ဆုပ်ကို ယူစားရင်း စကားပြောဆိုမှုများကို နားထောင်ချင်နေခဲ့ကြသည်။
“လီရှန်းရဲ့ မိထွေးက သံမဏိစက်ရုံက ချန်ချွမ်လင်းကို သဘောကျနေတာ”လျို့ချင်းကျွင့်က လက်များကို နောက်ဘက်တွင် ယှက်ထားကာ ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်ပြီး နှုတ်ခမ်းများကို လျှာနှင့် သပ်လိုက်သည်။
သူမက ရှင်းလင်းစွာ မပြောပြခဲ့သော်လည်း တခြားလူများက နားလည်နိုင်ခဲ့ပေသည်။
“အဲဒါ အမှန်ပဲလား”
ဖန်မိန့်လင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။
သံမဏိစက်ရုံမှ ချန်ချွမ်လင်းမှာ လက်တစ်ဖက်ဟူသောနာမည်ဖြင့် နာမည်ကြီးသည်။
သူ ငယ်ရွယ်စဉ်က ကစားနေစဉ် စက်ထဲသို့ လက်ညှပ်သွားခဲ့သည်။ ထိုအချိန်ကတည်းက သူ့အဖွားက ထမင်းစားရေသောက်မှအစ သူ့ကို ပြုစုစောင့်ရှောက်ပေးခဲ့ရသည်။
သို့သော် သူ၏အဖေထံတွင် စွမ်းရည်များရှိနေပေသည်။
သူက စက်ရုံတွင် တစ်ဦးတည်းသော အဆင့်ရှစ် အလုပ်သမားဖြစ်ခဲ့ပြီး သံမဏိစက်ရုံ၏သူကြီးဟုလည်း သတ်မှတ်နိုင်သူဖြစ်နေခဲ့သည်။
စက်ရုံ၏ အကြီးအကဲတွင် ချန်ချွမ်လင်းကဲ့သို့သော သားတစ်ယောက်သာရှိနေပြီး ယခုတွင်တော့ ထိုသားဖြစ်သူအတွက် ဇနီးတစ်ယောက်ရှာရန် စီစဉ်နေပြီဖြစ်သည်။
အဆင့်ရှစ် အလုပ်သမားများ၏ လုပ်ခလစာများက အလွန်များပြားပေသည်။
“သူမရဲ့ မိထွေးက ချန်မိသားစုရဲ့ သတို့သမီးကြေးကို သဘောကျပုံရတယ်”
လျို့ချင်းကျွင့်က ခေါင်းကိုဆက်တိုက် ငြိမ့်ပြလာသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ့အမေကတော့ သူမရဲ့ မိထွေးက အံ့ဩစရာကောင်းတယ်လို့ ပြောတယ်”
တခြားသူများက ထိုစကားများကို ကြားလျှင် ရုတ်တရက် သက်ပြင်းချလိုက်မိကြသည်။
အတန်းဖော် လီရှန်းတွင် ထိုသို့သော မိသားစုမျိုး ရှိနေလိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ခဲ့ကြပေ။
သူမကို လှောင်ပြောင်စရာအဖြစ် မြင်ခဲ့သောလူများလည်း ရှိကြပြီး၊ သူမကို စိတ်ဝင်စားခဲ့သော်လည်း သူမ၏ မိသားစုကြောင့် လက်လျှော့လိုက်သောသူများလည်း ရှိကြသည်။
တစ်ချိန်တည်းမှာပင် လီရှန်း၏နောက်မှလိုက်သွားသော ကျန်းယွဲ့က လီရှန်း၏ ရှေ့တွင် တိုက်ရိုက် ပိတ်ဆို့၍ ရပ်လိုက်သည်။
“လီရှန်း၊ နင် တကယ်ပဲ နင့် မိထွေးရဲ့ သဘောအတိုင်း လက်ခံဖို့ ဆန္ဒရှိနေတာလား၊ နင့်ရဲ့ မိထွေးက နင့်ကို မုဆိုးဖိုတစ်ယောက်နဲ့ လက်ထပ်ပေးတာ ဒါမှမဟုတ် မသန်စွမ်းသူတစ်ယောက်နဲ့ လက်ထပ်ပေးတာထက်စာရင် ငါနဲ့အတူ ကမ္ဘာသစ်ကို လိုက်ခဲ့ပြီး နင့်ရဲ့ကိုယ်ပိုင်လမ်းကို ရှာဖွေကြည့်ပါလား”
လီရှန်း ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ပြောလိုက်လေသည်။
“အခုခေတ်မှာ အချစ်ရေးနဲ့ အိမ်ထောင်ရေးတွေက လွတ်လပ်မှု ရှိနေပြီ၊ ငါ့မိထွေးက ငါ့ရဲ့ အိမ်ထောင်ရေးကို ကြိုးကိုင်တာကို အမျိုးသမီးအဖွဲ့ချုပ်က ခွင့်ပြုပေးမှာမဟုတ်ဘူး”
လက်ရှိတွင် ထုန်လင်းက သူမ၏ အိမ်ထောင်ရေးအတွက် အသေးအဖွဲ လှုပ်ရှားမှုများကို လုပ်ဆောင်နေသော အချိန်ဖြစ်ကြောင်း သူမ သိသည်။
သို့သော် သူမသည်လည်း ဤနေရာတွင်ထိုင်ပြီး သေခြင်းတရားကို စောင့်ဆိုင်းနေမည်မဟုတ်ပေ။
“နင် ဘာပြောချင်နေတာလဲဆိုတာ ငါ သိတယ်၊ ကျန်းယွဲ့.. နင် ဟဲထန်ကို ကြိုက်တယ် သူ့ကို နင့်ရဲ့ အိမ်ထောင်ဖက်အဖြစ် လိုချင်တယ်ဆိုတာကို ငါ နားလည်တယ်၊
ဒါပေမဲ့ နင်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်လို့ လက်ထပ်ကြတာမျိုးကိုပဲ ဖြစ်စေချင်တယ်၊ တခြား ဘယ်လိုအခြေအနေမျိုးအတွက်ကြောင့်ဖြစ်ဖြစ် လက်မတွဲလိုက်ဖို့မျှော်လင့်မိတယ်”
***