လီရှန်းတစ်ယောက် ထုန်လင်း၏အမူအရာကိုတစ်ချက်ကြည့်လိုက်ကာ ချက်ချင်းပင် စိတ်ထဲတွင် စဥ်းစားတွက်ချက်လိုက်ပြီး နောက်တစ်စက္ကန့်ကြာလျှင် ခေါင်းကိုမော့၍ လီဟုန်ကျွင့်ကို ကြည့်လိုက်သည် ။
“အဖေ၊ ကျွန်မတို့ရဲ့ အတန်းက ကျန်းယွဲ့က ပြောတယ်၊ အဖေက သူ့အမေကို ကျွန်မရဲ့အိမ်ထောင်ရေးအကြောင်းတွေကို လာပြောထားတယ်လို့ သိရတယ်တဲ့၊
ကျွန်မက အသက် ဆယ့်ရှစ်နှစ်တောင် မပြည့်သေးဘူး၊ အခုချိန်မှာ လက်ထပ် မှတ်ပုံတင်လက်မှတ်ယူဖို့လည်း တရာ့မဝင်သေးဘူး၊ အဖေ လုပ်နေတာက နည်းနည်းလောက် မြန်ဆန်လွန်းမနေဘူးလား”
ဒေါသစိတ်များက လီရှန်း၏ မျက်နှာတစ်ခုလုံး၌ ဖုံးလွှမ်းနေခဲ့သည်။
“ဒါ့အပြင် အဖေ.. ကျွန်မက အဖေ့ရဲ့ သွေးသားရင်း သမီးပါ၊ အာ.. ကျွန်မရဲ့အမေက စောစောစီးစီး ကွယ်လွန်သွားပေမယ့် အဖေက ကျွန်မကို ဒီလိုမျိုး မိသားစုဝင်တစ်ယောက်မဟုတ်သလို မဆက်ဆံသင့်ဘူး..
အဖေ ချောင်ချောင်နှင့် ကျူးကျူးကို ချစ်သလို ကျွန်မကို ချစ်မှာ မဟုတ်ဘူးဆိုပေမယ့် အနည်းဆုံးတော့ ကျွန်မတို့ရဲ့ မိသားစုက အကျင်းစာရိတ္တကောင်းမွန်တဲ့ မိသားစုပဲလေ
ကျွန်မတို့ရဲ့မိသားစုထဲမှာ ဘယ်လိုလုပ်ပြီး အဲဒီလို ဖြစ်လာနိုင်ရမှာလဲ.. ဘယ်လိုလုပ် လူမြင်မကောင်းတာတွေ ဖြစ်သွားနိုင်မှာလဲ”
“ကံကောင်းလို့ ဒီကိစ္စက အဘိုးရဲ့နားကို မရောက်သေးဘူး၊ မဟုတ်ရင် ကျွန်မရဲ့ ဦးလေးတွေ သေချာပေါက် ဒေါသထွက်ကြမှာ”
“အဖေလည်း သိပါတယ်၊ ကျွန်မရဲ့ ဉီးလေးက...”
“တော်လိုက်တော့ တော်လိုက်တော့ “
လီဟုန်ကျွင့်က လီရှန်း၏ စကားများကို ဖြတ်တောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ လီရှန်းကို ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“ငါ အဲဒါတွေကို ဘယ်တုန်းက ပြောခဲ့လဲ”
သူက ကျန်းမိသားစုနဲ့ အစောပိုင်းကတည်းက သဘောတူညီချက်ရယူခဲ့သည်။
ထိုအချိန်ကစပြီး လီရှန်း၏ကိစ္စများမှာ သူ ဝင်ရောက်စွက်ဖက်ခြင်းမရှိတော့ပေ။
မင်္ဂလာဆောင်၊ နာရေး မကျန်..
သူသေသွားချိန်တွင်တောင်မှ လီရှန်းကို ပြန်လာပြီး သူ့အား ဂါရဝပြုဖို့သာ တောင်းဆိုမည်ဖြစ်ပြီး နာရေးစရိတ်အတွက် တောင်းခံမည် မဟုတ်ပေ။
ထို့အတူ သူသေဆုံးပြီးချိန်တွင် လီရှန်းဆီသို့ မည်သည့်ငွေကြေးဥစ္စာနှင့် အမွေကိုမျှ ပေးမည်မဟုတ်ကြောင်း စဥ်းစားထားခဲ့သည်။ နောက်ဆုံးမထွက်ခွာမီအကြိမ်အဖြစ် နှုတ်ဆက် မှာကြားစကားများ ပြောဖို့ရန်ကတော့ ပြောဆိုစရာပင် မလိုတော့ပေ။
“အဖေ မပြောဘူးလား”
လီရှန်းက အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။
“ဒါပေမဲ့ ကျန်းယွဲ့က ပြောခဲ့တယ်.. အဖေက သူမရဲ့အမေဆီကို ချန်မိသားစုရဲ့ အချက်အလက်တွေကို စုံစမ်းခိုင်းထားပြီး စကားကမ်းလှမ်းထားတယ်တဲ့၊ တစ်ဖက်က ခေါင်းငြိမ့်တာနဲ့ ကျွန်မတို့ကို လက်ထပ်ပေးမှာလို့ပြောတယ်”
“ချန်မိသားစုလား.. ဘယ်ကချန်မိသားစုလဲ”
ဒါရိုက်တာလျို့၏ မျက့နှာအမူအရာက လေးနက်သွားခဲ့ကာ ပြားဖြတ်၍ မေးလာခဲ့သည်။
ယနေ့ခေတ်ကာလတွင် လွတ်လပ်သော အိမ်ထောင်ရေးကိုသာ လေးစားပြီး၊ အတင်းအကြပ် စီစဥ်ပေးသော အိမ်ထောင်ရေးကို လုံးဝ ခွင့်မပြုပေ။
“ဘယ်ကချန်မိသားစု ရှိသေးလို့လဲ”
ပိုင်မာခရိုင်တွင် နာမည်ကြီး ချန်မိသားစုဟူ၍ အများအပြားမရှိသောကြောင့် စွမ်းလီဖန်က ချက်ချင်းပင် သဘောပေါက်နားလည်သွားခဲ့သည်။
“သံမဏိစက်ရုံက တစ်ယောက်လေ၊ အဆင့်ရှစ်ဝန်ထမ်းရဲ့ သား.. သူ့ရဲ့လက်က နည်းနည်း မသန်စွမ်းဘဲ ခေို့ယွင်းနေတာ”
“ဘာကို လက်နည်းနည်းလောက်ချို့ယွင်းနေရမှာလဲ .. သူ့မှာ လက်လုံးဝ မရှိတာ!”
လီရှန်းက ချက်ချင်းပင် ဒေါသတကြီးဖြင့် အော်ငိုလိုက်သည်။
“အဖေ.. အဖေက ကျွန်မကို သဘောမကျဘူးဆိုရင်တောင် ဒီလိုလူမျိုးနဲ့တော့ လက်ထပ်ခိုင်းလို့မရဘူးလေ၊ သူက စားသောက်ဖို့အတွက်ကိုတောင် သူ့အဖွားကို ကူညီခိုင်းနေရသေးတာ.. အဖေ သေုက ဘေေ်လိုလဲဆိုတာ မမြင်ဖူးဘူးလား”
“ဟေး.. “
ဆိုရလျှင် လီရှန်းအနေဖြင့် မသန်စွမ်းသူများကို လုံးဝ အထင်မသေးပါချေ။
ပြဿနာမှာ ချန်ချွမ်လင်းသည်က မသန်စွမ်းရုံသာမက နည်းနည်းလောက်လည်း ရူးနှမ်းနေသေးသည်။
သူ့ထံတွင် ကလေးဘဝကတည်းက ဒဏ်ရာရရှိခဲ့ပြီး စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်ခဲ့ရသောကြောင့် ယခုအချိန်တွင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်နိုင်ခြင်းပင် မရှိပေ။
သူမအနေဖြင့် လက်မပါသော တခြားလူများကိုလည်း မြင်ဖူးသည်။ ၎င်းတို့က လက်မရှိသော်လည်း ခြေထောက်ဖြင့်ပင် အစားစားရန် လေ့ကျင့်နိုင်ကြသည်။
“လောင်လီ၊ ဒီကိစ္စကတော့ တော်တော်လေး ဆိုးတာပဲ”
ဒါရိုက်တာလျို့က ချက်ချင်းပင် အရေးကြီးသည့် တစ်စုံတစ်ခု ဖြစ်နေပြီကို သိလိုက်လေသည်။
အထူးသဖြင့် လီရှန်း၏ ဒေါသထွက်ပြီး တုံ့ဆိုင်းနေသော အမူအရာမှာ အလွန်ပင် လက်တွေ့ဆန်လွန်းသည်။
သူမ၏ အတန်းဖော်၏ မိခင်နှင့်လည်း ပတ်သက်နေသောကြောင့် သူမက လိမ်ပြောနိုင်လောက်စရာ အကြောင်းမရှိပေ။
တစ်စုံတစ်ယောက်က ကျန်းယွဲ့၏ မိခင်ကို ကြင်ဖက်ရှာပေးခိုင်းရန် မေးမြန်းခဲ့ခြင်းမှာ ထင်ရှားနေခဲ့သည်။
လီဟုန်ကျွင့်လည်း သူက အပြစ်ကင်းသည်ဟု ခံစားရသည်။ ထို့ကြောင့် သူက လက်ဝါးများကို ဖြန့်ကာ အရေးမစိုက်စွာ ပြောလာခဲ့သည်။
“ဒါရိုက်တာလျို့၊ ကျွန်တော့်ရဲ့အကြောင်းကို ခင်ဗျားတို့သိပါတယ်.. ကျွန်တော်တို့ အဲဒီကိစ္စကို ဆွေးနွေးတုန်းကလည်း ခင်ဗျားလည်း ရှိတယ်.. ကျွန်တော်က အဲဒီလိုအလုပ်မျိုးလုပ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”သူက မျက်နှာကို ပွတ်သပ်လိုက်ပြန်၏ ။ လက်ရှိ ကိစ္စများကြောင့် အနည်းငယ် စိတ်တိုပုံရသည်။
“ကျန်းမိသားစုဘက်က လုပ်ချင်နေတာလည်း ဖြစ်နိုင်တာပဲလေ”
“မဖြစ်နိုင်ဘူး”
လီဟုန်ကျွင့်မှ ကျန်းမိသားစုဘက်ကို မီးတောက်များ ကူးစက်စေလိုသည့်အရိပ်အရောင်မျိုးပြလာသည်နှင့် လီရှန်းလည်း ချက်ချင်းပင် အလောတကြီး ဝင်ပြောလိုက်သည်။
“ကျွန်မရဲ့ ဦးလေးက ကျွန်မအတွက် အဖော်ရှာပေးရင်တောင်မှ ချန်မိသားစုလိုမျိုးကိုတော့ လက်တွဲဖော်အဖြစ်ရှာပေးမှာမဟုတ်ဘူး”
လီရှန်း၏ ဦးလေးမှာ စက်ရုံ၏ ဝန်ထမ်းရေးရာ ညွှန်ကြားရေးမှူးဖြစ်ပြီး ဒါရိုက်တာလျို့နှင့် တူညီသော ရာထူးရှိနေခဲ့သည်။
ထိုသူ၏စက်ရုံက အထည်ချုပ်စက်ရုံထက် ပို၍ပင်ကြီးပေသည်။
တရားမျှတစွာ ပြောရမည်ဆိုလျှင် လီရှန်းသာ ဒါရိုက်တာလျို့၏ တူမဖြစ်ပါက သူ၏ တူမကို မသန်စွမ်းသူနှင့် လက်ထပ်ခွင့်ပြုမည် မဟုတ်ပေ။
ဤမျှ အသက်အရွယ်ဖြင့် ရုပ်ချောကာ ပညာတတ်သော မိန်းကလေးတစ်ဦးကို စက်ရုံညွှန်ကြားရေးမှူး၏ မိသားစုတွင်သာမက အစိုးရအရာရှိ၏ မိသားစုနှင့်ပင် လက်ထပ်ပေးနိုင်ပေသည်။
မည်သည့်အချိန်တွင်မဆို ၊ ရင်းနှီးမှု မည်မျှပင် ရှိစေကာမူ၊ ယောက္ခမ ဘက်မှဆွေမျိုးများ၏ ဆက်ဆံရေးက အလွန်အရေးကြီးသည်မဟုတ်ပါလား။
အဆုံးတွင် ကလေးမလေးတစ်ဦးကို ပြုစုပျိုးထောင်ခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ်ပင် ဂရုမစိုက်နိုင်သော မသန်စွမ်းနှင့် လက်ထပ်ခိုင်းဖို့က လုံးဝ မဖြစ်ြိုင်ပါချေ။
၎င်းက လက်ထပ်ပေးခြင်းမဟုတ်ဘဲ ရန်ငြိုးကြောင့် အပြစ်ပေးခြင်းသာဖြစ်နိုင်လိမ့်မည်။
ဒါရိုက်တာလျို့လည်း ကျန်းမိသားစု၏လုပ်ဆောင်ချက် မဖြစ်နိုင်ဟု ခံစားရသည်။
သို့သော်လည်း လီဟုန်ကျွင့်က သူ မဟုတ်ဟု အခိုင်အမာ ငြင်းဆိုခဲ့သောကြောင့် အခြေအနေက ရှုပ်ထွေးလာခဲ့သည်။
သူတို့က တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီရှန်းက အလျင်အမြန်ပင် အကြံပေးလိုက်သည်။
“ကျွန်မကို မယုံရင် စက်ရုံကိုသွားပြီး ကျွန်မရဲ့ဦးလေးကို မျက်နှာချင်းဆိုင် မေးကြည့်ပါလား”
ဤကိစ္စကို ပြသနာကြီးကြီးမားမား မဖြစ်မချင်း သူမ အဆုံးသပ်ခိုင်းမည်မဟုတ်ပေ။
“ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မေးမြန်းဖို့ လိုအပ်တယ်၊ မင်းရဲ့ အတန်းဖော်ရဲ့ အမေ အလုပ်လုပ်တာက ဘယ်စက်ရုံလဲဆိုတာကိုသိဖို့အတွက်လည်း မေးမြန်းဖို့ လိုအပ်တယ်”
ဒါရိုက်တာလျို့က လီဟုန်ကျွင့်ထက်ပင် ပို၍ ဒေါသထွက်နေသည်။
“ဒီလိုလုပ်ရပ်မျိုးဆိုတာက လုံးဝကို အမျိုးသမီးတွေကို ဖိနှိပ်ချင်နေတာပဲ”
*
လီရှန်း၏ မိခင် ကျန်းဟုန်ကျန့်မှာ သူရဲကောင်းတစ်ဉီးဖြစ်ကြောင်းကို သိရှိရမည်။
လီရှန်းက ဤနှစ်ပေါင်းများစွာအတွင်း အထည်ချုပ်စက်ရုံ၏ အလုပ်သမားဝင်းတွင် ကြီးပြင်းလာခဲ့ခြင်း မရှိသော်လည်း ထိုစဥ်က ဖြစ်ပွားခဲ့သည်များကို ကြုံတွေ့ခဲ့သူတိုင်းက သူရဲကောင်း ကျန်းဟုန်ကျန့်၏ ပံ့ပိုးမှုက မည်မျှပင် ဂုဏ်ယူစရာဖြစ်ကြောင်းကို သိရှိကြသည်။
သူရဲကောင်း ကျန်းဟုန်ကျန့်၏ တစ်ဉီးတည်းသော သမီးက မသန်စွမ်းသူနှင့် လက်ထပ်ရမည်ဆိုသည့်အကြောင်းကို တခြားသူများ သိရှိသွားကြမည်ဆိုလျှင် သူတို့၏ အထည်ချုပ်စက်ရုံထဲတွင်ရှိနေသော လူများမှာ မျက်နှာပင် ပြနိုင်တော့မည် မဟုတ်ပေ။
ဤအကြောင်းကို မည်သို့ရှင်းပြရမည်ကိုလည်း မသိနိုင်လောက်တော့ပေ။
၎င်းက အထည်ချုပ်စက်ရုံ၏ ပုံရိပ်ကို လုံးဝဖျက်စီးစော်ကားလိုက်ခြင်းပင်မဟုတ်ပါလား။
လီဟုန်ကျွင့်ကလည်း ဤအပြစ်ကို ခေါင်းမခံလိုသောကြောင့် ချက်ချင်းပင် အလောတကြီး ပြောခဲ့သည်။
“ကောင်းပြီ၊ အခုပဲ သွားမေးကြစို့”
ထိုသို့ ပြောပြီးနောက် သူက ချက်ချင်းပင် ထွက်သွားကာ စက်ဘီးကို တွန်းထုတ်ယူလာခဲ့သည်။
“အရင်ဆုံး ကျန်းမိသားစုဆီကို သွားကြရအောင်”
သူ့အနေဖြင့် သူ၏ ယခင် ဇနီးသည် အိမ်သို့ မသွားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော်လည်း အပြစ်ကင်းစင်ကြောင်းပြသရန်အတွက် သွားရောက်ရန် ဆန္ဒရှိနေခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ထုန်လင်းကတော့ လီဟုန်ကျွင့်ကို ဆွဲကိုင်လိုက်ပြီး ပြောလာခဲ့လေသည်။
“အဲဒီကို အလျင်စလို သွားဖို့လုပ်စရာမရှိပါဘူး၊ ရှင် ဗိုက်ဆာနေပြီမဟုတ်ဘူးလား၊
ဒါရိုက်တာလျို့လည်း အခုလောက်ဆိုရင် ဗိုက်ဆာနေလောက်ပြီ၊ ရှန်းရှန်းကလည်း ဗိုက်ဆာနေပြီထင်တယ်၊ နေ့လယ်စာစားပြီးမှ သွားကြရအောင်ေ”
သူမ၏ လက်များက ယခုအချိန်တွင် သံထည်ကဲ့သို့ အေးစက်နေပြီး သူမ၏ အပြုံးသည်လည်း အတုအယောင်ဆန်လွန်းနေခဲ့သည်။
လီဟုန်ကျွင့်လည်း ထိုစကားကို ကြားလျှင် အနည်းငယ် တုံ့ဆိုင်းသွားခဲ့သည်။ ဤအချိန်မှာ ဒါရိုက်တာလျို့၏ နေ့လယ်စာစားချိန်ဖြစ်၍သောကြောင့် အလျင်စလိုသွားရန် ပြဿနာရှိပုံရသည်။
သူ တုံ့ဆိုင်းနေသည်ကို မြင်လိုက်ရလျှင် ထုန်လင်းက တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သို့သော်လည်း လီရှန်းက သူမ အချိန်ဆွဲနေသည်ကို သိသောကြောင့် ချက်ချင်းပင် ဝင်ပြောလိုက်လေ၏။
“ဟင့်အင်း.. ဒီအကြောင်း အရင်ဆုံးဖြေရှင်းပေးပါ၊ မဟုတ်ရင် ဒီအကြောင်းကိုပဲ စဥ်းစားမိပြီး ကျွန်မ စားလို့တောင် မဝင်လောက်တော့ဘူး”
သူမက စိတ်ကို အလွန်အမင်း ထိန်းချုပ်ထားခဲ့ရပြီး ခေါင်းမာလွန်းသော အမူအရာတို့ကိုဖော်ဆောင်ထားခဲ့ကာ တဖက်တွင်တော့ ကျိုးပဲ့လွယ်လောက်အောင် နူးညံ့ပုံရကာ တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်။”အန်တီစွမ်း၊ အခုဆို ကျွန်မတို့ရဲ့ အတန်းဖော်တွေက ကျွန်မ ချန်မိသားစုနဲ့ လက်ထပ်တော့မှာကို သိနေကြပြီ၊ ကျွန်မ ဘယ်လိုလုပ်ရတော့မလဲ”
“အခုပဲ သွားရအောင်”
သူမက ဤသို့ ပြောလိုက်လျှင် တခြားမည်သူမျှ သူတို့၏ ထင်မြင်ချက်ကို မပြောရသေးမီ ဒါရိုက်တာလျို့၏ အသံက ကျယ်လောင်စွာ ထွက်လာခဲ့သည်။
“ကောင်းပြီ၊ အခုပဲ ထွက်ခွာကြစို့”
လီဟုန်ကျွင့်လည်း ဆုံးဖြတ်ချက်ချထားခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် ဤအပြစ်ကို လုံးဝမခံယူလိုပေ။
***