“ဒီကိစ္စကို အခုထိ မပြောသေးဘူး”
ကျန်းကျူးရိက အခြေအနေ တည်ငြိမ်လာသည်ကို မြင်လိုက်ရသောကြောင်း တည်ငြိမ်စွာဖြင့် ဝင်ပြောလိုက်သည်။
“ကြည့်ရတာ မင်းလည်း အပြစ်မဲ့တဲ့ လူတစ်ယောက်ဖြစ်ပြီး လှည့်စားခံခဲ့ရတာပဲ.. ဒီကိစ္စအတွက် အခြေအနေက အရမ်းကြီးလေးနေပြီ..
သူရဲကောင်းတစ်ယောက်ရဲ့ ကလေးကို ညှဉ်းပန်းနှိပ်စက်မှုအဖြစ်လည်း ပါဝင်တယ်.. မင်းက အဲဒီတစ်ယောက်နဲ့ ပူးပေါင်းပြီး သူ့ဆီက ကြားခဲ့ရတဲ့စကားတွေကိုယုံကြည်ပြီး လုပ်ခဲ့တယ်.. အခု မင်းဆီကို လာပြီးပြောခဲ့တဲ့လူက ဘယ်သူလဲဆိုတာ ပြောပြရင် ပိုကောင်းမယ်”
“သူရဲကောင်းရဲ့ ကလေးလား”
လီရှုမေ့တစ်ယောက် ထိတ်လန့်သွားပြီး သူမ၏လေသံသည်လည်း ပျော့ပြောင်းသွားခဲ့သည်။
“ခေါင်းဆောင်၊ ဒီကိစ္စကို ကျွန်မ မသိဘူး”
ထုန်လင်းတစ်ယောက် လီရှုမေ့၏ သဘောထား ပြောင်းလဲမှုကို မြင်လိုက်ရလျှင် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး ချက်ချင်း နောက်ကိုဆုတ်လိုက်လေသည်။
လီရှန်းလည်း သူမ ပုန်းအောင်းချင်နေသည်ကို မြင်တွေ့ခဲ့သည်။
သူမက ချက်ချင်းပင် ထုန်လင်း၏နောက်ကျောကို လက်တစ်ဖက်ဖြင့် ရှေ့သို့တွန်းထုတ်လိုက်လေ၏။ ထုန်လင်းလည်း ချက်ချင်းပင် လူအုပ်၏နောက်ကွယ်မှ အပြင်ဘက်သို့ ရောက်သွားခဲ့သည်။
ထုန်လင်းအနေဖြင့် သူမကို မည်သူက တွန်းလိုက်သည်ကိုပင် လှည့်မကြည့်နိုင်ခဲ့ဘဲ ခန္ဓာကိုယ်ကို ချက်ချင်းတည်ငြိမ်အောင် ထိန်းလိုက်ကာ အနောက်သို့ ကပြာကယာဆုတ်လိုက်လေသည်။
သို့ရာတွင် သူမထံမှ လှုပ်ရှားမှုက သိသာလွန်းသဖြင့် လူတိုင်း လှည့်ကြည့်မိသွားခဲ့ကြသည်။
သူမ ပုန်းအောင်းနေရန်အတွက် အလွန် နောက်ကျသွားခဲ့ပြီဖြစ်သည်။
လီရှုမေ့က အော်ဟစ်နေခဲ့ပေပြီ။
“ဟေး၊ ဒီမိန်းမက ငါ့ဆီကို လာတဲ့သူပဲ”
သူမက ထုန်လင်း၏ အနားသို့ အလျှင်အမြန် ရောက်လာခဲ့ကာ ထုန်လင်း၏ လက်မောင်းကို ဆွဲကိုင်၍ လူအုပ်ထဲမှ ဆွဲထုတ်ခဲ့သည်။
လီရှုမေ့မှာ အရပ်ရှည်ပြီး သန်မာပေသည်။ သူမ၏ ခင်ပွန်းဖြစ်သူကလည်း အစိုးရစားဖိုးဆောင်၏ မီးဖိုချောင်ရှိ စားဖိုမှူးကြီး ဖြစ်သဖြင့် အစားအသောက်ကလည်းပြည့်စုံသောကြောင့် သန်မာ ဝဖြိုးသည်။
ထို့ကြောင့် သူမက ထုန်လင်းကို ကြက်တစ်ကောင်သဖွယ် ဆွဲခေါ်သွားနိုင်ခဲ့သည်။
ထုန်လင်းက အချိန်ကြာမြင်စွာ ရုန်းကန်သော်လည်း လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။
သို့နှင့် သူမက စိတ်ပျက်လက်ပျက် မျက်နှာဖြင့်သာ လူအုပ်၏အရှေ့သို့ ဆွဲခေါ်ခံလိုက်ရတော့သည်။
“ထုန်လင်း၊ အဲဒါက မင်းလား”
စွမ်းလီဖန်သည်လည်း အံ့သြတုန်လှုပ်သွားခဲ့သည်။
သူမအနေဖြင့် အဓိကတရားခံက သူမ၏ ဘေးနားတွင် ရှိနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“ကျွန်မ မဟုတ်ဘူး... ကျွန်မ မဟုတ်ဘူး”
ထုန်လင်းတစ်ယောက် သူမ၏ မျက်နှာကို ဖုံးအုပ်ကာ တီးတိုးရေရွတ်နေခဲ့သည်။ ထိုသို့ပြုမူခြင်းကြောင့် တခြားလူများက သူမ၏မျက်နှာကို မမြင်နိုင်တော့သည့်အတွက် သူမကို စွပ်စွဲနိုင်တော့မည်မဟုတ်ဟု ထင်နေပုံရသည်။
မတိုင်အချိန်က ဒေါသတကြီးဖြစ်နေခဲ့သော လီဟုန်ကျွင့်သည်လည်း အံ့သြတကြီးဖြစ်သွားခဲ့ရသည်။
သူ၏ မျက်လုံးများက ပြူးကျယ်လာပြီး မသိစိတ်ဖြင့် သူ၏ယောက်ဖဟောင်းဖြစ်သည့် ကျန်းကျူးရိဆီကို ပြန်ကြည့်လိုက်မိကာ သူ၏အသံကလည်း အနည်းငယ် အားနည်းသွားလေသည်။
“မဟုတ်ဘူး၊ ဒီလို မဖြစ်နိုင်ဘူး”
ဘယ်လိုလုပပြီး ထုန်လင်းဖြစ်နိုင်မှာလဲ။
လီဟုန်ကျွင့် လုံးဝဝ မယုံကြည်ခဲ့ပေ။
သူ၏ ဇနီးသည် ထုန်လင်းမှာ စိတ်သဘောထား အနည်းငယ် သေးသိမ်သော်လည်း စိတ်ဓာတ်ကတော့ မဆိုးရွားကြောင်းကို သူ ကောင်းစွာ သိသည်။
အရွယ်ရောက်ပြီးကာစ မိန်းကလေးတစ်ယောက်က မုဆိုးဖိုဖြစ်သည့် သူ့ကို လက်ထပ်ကာ အမွှာကလေးနှစ်ဦးကို မွေးဖွားပေးခဲ့သည်။
သူမက ပထမဆုံးကလေးကို မွေးမြူလိုစိတ်မရှိခြင်းသည်လည်း နားလည်နိုင်သည့်ကိစ္စသပင်ဖြစ်ပေ၏။
သို့သော်လည်း လွန်ခဲ့သော နှစ်များစွာအတွင်း လီရှန်း ပြန်လာသည့်အချိန်တိုင်း ထုန်လင်းက သူမကို အနှောင့်အယှက်မပေးခဲ့ပါချေ။
သူမက တစ်စုံတစ်ရာ မှားယွင်းစွာ မလုပ်မိစေရန်နှင့် အတင်းအဖျင်းများ မခံရစေရန်အတွက် အရာအားလုံးကို သည်းခံခဲ့သည်။
သူမက လီရှန်း၏ အိမ်ထောင်ရေးကို မည်သို့ ဝင်ရောက်စွက်ဖက်နိုင်မည်နည်း။
တံခါးဝ၌ ကြည့်ရှုနေကြသော ဖရဲသီးစားသူများသည်လည်း ထိုအချိန်တွင် ဆူညံနေခဲ့ကြသည်။
အခြေအနေများက ဤသို့ လှည့်ကွက်များထွက်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ခဲ့မည်နည်း။ ဤလူများမှာ ရှင်းပြချက်တောင်းရန်အတွက် လူအများအပြားကို စုစည်းခဲ့ကြသော်လည်း နောက်ဆုံးတွင် ရာဇ၀တ်မှု၏ တရားခံသည်က သူတို့အုပ်စုထဲ၌ပင် ရှိနေခဲ့သည်။
ဒါက ဘယ်လိုတောင် ကြီးမားသွားတဲ့ကိစ္စမျိုးလဲ?
အလုပ်သမားသမဂ္ဂရုံးက အမျိုးသမီးသမဂ္ဂရုံး၏ ဘေးတွင် တည်ရှိသည်။
မူလက အတင်းအဖျင်းပြောဆိုရာ နေရာဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်တောင် ရုံးတွင်ရှိနေသော လူတိုင်းက သူတို့၏အလုပ်များကို ရပ်တန့်ကာ အပျော်ကြည့်ရန် ရောက်ရှိလာကြသည်။
လူပေါင်းများစွာရှိသည့်အတွက် သဘာဝအတိုင်း အသိအကျွမ်းများ ရှိလာပေမည်။ မကြာမီပင် တစ်စုံတစ်ဦးက အခြေအနေကို ပို၍ စိတ်ဝင်စားစရာကောင်းအောင် စတင်ပြုလုပ်ခဲ့သည်
“အဲဒါ မိထွေးပဲလေ.. ကောင်းမွန်တဲ့ မိထွေး ဘယ်နှစ်ယောက်လောက် ရှိနိုင်မလဲ၊ အရှေ့မှာကောင်းတယ်ဆိုပြီး နောက်ကွယ်ကနေ မကောင်းတာတွေ လုပ်နေခဲ့တာပဲ.. အံ့သြစရာမရှိတော့ဘူး”
“အဲဒီလူ၏ရဲ့ အမူအရာကိုကြည့်ရတာ သူ့မိန်းမရဲ့ အစစ်အမှန် မျက်နှာကို မသိသေးပုံရတယ်”
“ဒီလိုကိစ္စမျိုးကို ငါ အများကြီး မြင်ဖူးတယ်.. မင်းတို့ မေ့သွားပြီလား.. လောင်ဖန်းမိသားစုရဲ့ ဒုတိယချွေးမမှာလည်း အဲဒီလို စိတ်ဓာတ်မျိုး ရှိတယ်လေ.. သူမက များသောအားဖြင့် တခြားသူတွေထက် ပိုကောင်းသလို ဟန်ဆောင်တယ်..
ရလဒ်အနေနဲ့ ဘာဖြစ်သွားလဲ.. အရှေ့တစ်ယောက်နဲ့ ကျန်ခဲ့တဲ့ကလေးကို ကြည့်လိုက်၊ ကျွန်တစ်ယောက်လိုပဲ၊ လယ်ယာလုပ်နေရင်းနဲ့ အရှေ့ဘက်မှာ မွေးချင်းတစ်ယောက်ချီထားပြီး အနောက်မှာလည်း တစ်ယောက်ကိုသယ်ထားတယ်.. ဘေးမှာလည်း တစ်ယောက်ကို ထိန်းထားရသေးတယ်..
မင်းတို့ဆိုရင်ရော ကိုယ့်သားသမီးကို ဒီလို ဆင်းရဲဒုက္ခခံစေမှာကို ကြည့်ရက်ကြလား.. ကိုယ့်သားသမီး မဟုတ်ရင် ကိုယ်ချင်းစာစိတ် မခံစားရဘူးလား.. ကြည့်နေလိုက် .. အဲဒီကလေးတွေက နှစ်နှစ်လောက်ကြာရင် ကျေးလက်ဒေသကို သွားဖို့အတွက် သေချာပေါက် စာရင်းသွင်းကြရလိမ့်မယ်”
ထိုနည်းဖြင့် သူတို့အတွက် အတင်းအကျပ်စီစဥ်မည့် လက်ထပ်ပွဲအကြောင်းကို စဉ်းစားရန် မလိုအပ်တော့ဘဲ ပညာတတ်လူငယ်အဖြစ် အခြေချနေထိုင်ခွင့်ကိုလည်း ရရှိနိုင်သည်။
ထိုတွက်ချက်မှုက အလွန်ကောင်းမွန်ပေသည်။
“ဒီအမျိုးသားတွေက မျက်စိကန်းနေကြတာလေ.. ကျွန်မတို့အိမ်က ခင်ပွန်းသည်ကတောင် လောင်ဖန်းမိသားစုရဲ့ ဒုတိယချွေးမက အသံတိုးတိုးနှင့် နူးနူးညံ့ညံ့ ပြောတတ်တယ်လို့ ပြောပြီး ကျွန်မကို သူ့ဆီကနေ သင်ယူပြီး စကားကိုကောင်းကောင်းပြောဖို့ ပြောခဲ့သေးတယ်.. ဒါနဲ့ကျွန်မလည်း သူ့ကို ငရဲမှာသွားရှာဖို့ပြောလိုက်တယ်”
လူအုပ်ကြီးက ဆူညံနေခဲ့ကြသည်။
သူတို့က တီးတိုးဆွေးနွေးနေကြသော်လည်း အသံက သိပ်ပြီး တိုးတိမ်နေခြင်း မရှိသဖြင့် လူတိုင်း ရှင်းရှင်းလင်းလင်း ကြားနိုင်ကြသည်။
လီရှုမေ့မှာ အစပိုင်းတွင် အနည်းငယ် ကြောက်ရွံ့ခဲ့ကြသည်။
သူမက သူရဲကောင်းတစ်ယောက်၏ ကလေးကို နှိပ်စက်ခြင်းနှင့် ပတ်သက်နေသောကြောင့် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။ သို့ရာတွင် ယခုအချိန်တွင်တော့တရားခံ အခင်းဖြစ်ပွားရာနေရာ၌ ရှိနေပြီဖြစ်သည်။
သူမက မကြောက်ရွံ့တော့ရုံသာမက မာန်မာနကြီးဖြင့် သူမ၏ မေးစေ့ကို မ,မြှောက်ကာ ပြောလာခဲ့သည်။
“ကြည့်ပါဦး ခေါင်းဆောင်တို့၊ ဒီတစ်ယောက်ပဲ.. သူမက ဒီမိန်းကလေးက သနားစရာကောင်းတယ်လို့ ကျွန်မဆီကို လာပြောခဲ့တာ..
သူမရဲ့စကားတွေကိုကြားတော့ ကျွန်မလည်း စိတ်မကောင်းဖြစ်ခဲ့မိတယ်.. ကျွန်မမှာလည်း သမီးမိန်းကလေးတစ်ယောက် ရှိတယ်လေ.. ဒါကြောင့် သူမကို သနားသွားတဲ့အတွက် ခေါင်းညိတ်ပြီး ဆွေးနွေးဖို့ သဘောတူခဲ့တာပါ”
“ပြီးတော့ ကျွန်မက ချောင်ကျစ်တို့မိသားစုရဲ့ အငယ်ဆုံးတစ်ယောက်နဲ့ ချန်ရွှန်တို့မိသားစုရဲ့ ပဉ္စမမြောက်ကလေးအပါအဝင် ကောင်းမွန်တဲ့ လူတွေ အတော်များများကို မိတ်ဆက်ပေးခဲ့တယ်
ဒါပေမဲ့ သူမက ဒီတစ်ခုကို မကျေနပ်သေးဘူး၊ နောက်တစ်ခုကို မကျေနပ်သေးဘူးနဲ့ ဇီဇာကြောင်နေခဲ့တာ
နောက်ဆုံးကျမှ ချန်တာ့ဟဲရဲ့မိသားစုကို ကြိုက်တယ်လို့ ပြောခဲ့တယ်.. ဒီအကြောင်းကို ကျွန်မဘက်က စတင်ပြီးပြောတာ မဟုတ်ဘူး”
အမှန်တရားကို မည်သူမျှ မသိတော့ပေ။
သို့သော်လည်း လီရှုမေ့ကတော့ ယခုအချိန်တွင် သူမအတွက် အကောင်းဆုံးဖြစ်စေမည့် အရာများကို မည်သို့ပြောရမည်ကို နားလည်ခဲ့ပြီဖြစ်သည်။
သူမ ဖော်ပြခဲ့သော မိသားစုနှစ်ခုက မည်သို့ပင်ဖြစ်စေ အနည်းဆုံး မိဘနှစ်ပါးစလုံး အသက်ရှင်လျက်ရှိပြီး လက်ခြေတို့လည်း ကောင်းမွန်ကာ ကျန်းမာသောလူငယ်များသာ ဖြစ်သည်။
ထိုသို့နှိုင်းယှဉ်ခြင်းဖြင့် ထုန်လင်း၏ အတွင်းစိတ်ကို ပို၍ပင် ယုတ်မာသွားစေခဲ့သည်။
ထုန်လင်းသည်လည်း ထိုသို့သော စွပ်စွဲမှုကို မည်သို့ခံနိုင်မည်နည်း။ သူမာ ချက်ချင်းပြန်ပြောလိုက်သည်။
“ကျွန်မ လီရှန်းအတွက် ယောက်ျားရှာပေးဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး.. ရှင်က ပြောခဲ့တာလေ.. ချန်တာ့ဟဲရဲ့ လစာက တစ်လကို ယွမ် ရှစ်ဆယ်ကျော်ရတယ်.. သူ့ရဲ့ လစာက သားတစ်ယောက်အတွက်ပဲဆို..
နည်းနည်းလေးတော့... မသန်စွမ်းပေမဲ့ အရမ်း နာခံတတ်တယ်၊ ရှန်းရှန်းက ဆင်းရဲဒုက္ခကို နည်းနည်းလောက်တောင့်ခံပြီး သူနဲ့ အိမ်ထောင်ပြုနိုင်ရင် ချက်ချင်း မိသားစုရဲ့ သခင် ဖြစ်နိုင်တယ်.. ပိုက်ဆံလည်း ရှိတယ်၊ ယောက္ခမတွေ မရှိတော့ရင်...”
သေချာပေ၏။ ထိုအကြောင်းပြချက်က လက်ခံနိုင်စရာ မရှိပါချေ။
ထို့ကြောင့် ထုန်လင်းက ပြောနေရင်းနဲ့ ငိုကြွေးပြီး လီဟုန်ကျွင့်ကို တောင်းပန်လာခဲ့သည်။
“ဟုန်ကျွင့်၊ ကျွန်မကို ယုံပါ.. ကျွန်မမှာ တကယ်ကို မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး.. ကျွန်မက ရိုးရိုးလေးပဲ တွေးခဲ့တာပါ၊ အိမ်ပြန်ရောက်တော့ နောင်တရနေခဲ့တာ”
“မင်းက အရာအားလုံးကိုလုပ်ပြီးမှ နောင်တရနေတာလား!”
ကျန်းကျူးရိကလည်း ဒေါသတကြီး မေးမြန်းခဲ့သည်။
“ မင်း နောင်တရရင် ငါ့တို့ကို ဘာလို့ လာမပြောတာလဲ.. နောင်တရနတာတောင် မင်းရဲ့ ယောကျာ်းဆီမှာ လျှို့ဝှက်ထားသေးတာလား”
လီရှုမေ့က သူမ၏နှုတ်ခမ်းကို တွန်းချိုးလိုက်ပြီး ပြန်ပြောခဲ့သည်။
“ဟုတ်တယ်၊ နင် နောင်တရနေတယ်ဆိုရင် ဘာလို့ နောက်ကိုပြန်လှည့်ပြီး ငါ့ကို လာမပြောခဲ့တာလဲ.. နင်သာ ပြောခဲ့ရင် ငါ ဒီကြင်ဖက်စေ့စပ်မှုကို လုံးဝ လုပ်ပေးမှာ မဟုတ်ဘူး”
သူမက ပြောရင်း သူမ၏ရင်ဘတ်ကို မကြာခဏပုတ်နေပြီး ဒေါသထွက်နေသော အမူအရာဖြင့် ပြောခဲ့သည်။
“ကျွန်မရဲ့ဘဝမှာ လူငယာတွေကို မင်္ဂလာပွဲအတွက် အောင်သွယ်ပေးခဲ့တာ အကြိမ်ပေါင်းများစွာ ရှိပြီ၊ ဒါပေမဲ့ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ် ဒီလောက်ထိ အရှက်ရခဲ့တာပဲ.. အခုကစပြီး အောင်သွယ်လုပ်ပေးဖို့ကိုတောင် ကြောက်နေပြီ”
ထုန်လင်းမှာ ချက်ချင်း သူမ၏လည်ပင်းကို ကျုံ့ထားလိုက်ကာ စကားမပြောရဲတော့ပေ။
သူမ ကျန်းကျူးရိကို အနည်းငယ် ကြောက်ရွံ့ခဲ့သည်။ ဤနှစ်များအတွင်း သူနှင့် မကြာခဏ မတွေ့ဆုံခဲ့ရသော်လည်း သူက အထည်စက်ရုံဝင်းသို့ ပြေးလာခဲ့ပြီး လီရှန်းကို လာခေါ်သွားခဲ့စဉ်က သူ၏ မျက်နှာပေါ်ရှိ အမူအရာတို့က သူမကို ပြန်လည်တွေးမိတိုင်း ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။
***