"စိတ်ဝင်စားဖို့ကောင်းသားပဲ"
ကျန်းရှောင်သည် သူရောက်ရှိလာစဥ်ကပင် ဤမှော်ဆန်သောကမ္ဘာကြီး၏ ဆွဲဆောင်မှုကို ပြင်းထန်စွာခံခဲ့ရသော်လည်း၊ သူရရှိထားသော မှတ်ဉာဏ်များကို သေချာစွာ ပြန်လည်စဥ်းစားနေမိ၏။
ကျန်းရှောင်၏ မူလကမ္ဘာတွင် သူ့၌ မိသားစုမရှိသလို သံယောဇဥ်တွယ်စရာလည်း မရှိပေ။
ထို့ကြောင့် စိုးရိမ်ပူပန်စရာ တစ်ခုမှမရှိခဲ့ပေ။
'ဤကမ္ဘာတွင် ထူးဆန်းသော စွမ်းရည်အမျိုးမျိုးရှိသည်တဲ့လား၊ အထင်ကြီးစရာပဲ'
ကျန်းရှောင်သည် မတ်တပ်ရပ်လိုက်ပြီး သူ၏ ဝက်ခြံကဲ့သို့ ရှုပ်ပွနေသော အခန်းကို လှည့်ပတ်ကြည့်ရှုရာ တကယ်ပင် ကြည့်မကောင်းအောင် ဖြစ်နေသည်ကို သတိပြုမိသွားသည်။
ခဏမျှ စဥ်းစားပြီးနောက်၊ ကျန်းရှောင်သည် သူ၏မှတ်ဉာဏ်ထဲကအတိုင်း အဝတ်အစားများကို တစ်ထည်ချင်းစီ ကောက်ယူကာ ဗီရိုထဲတွင် ပြန်လည်ချိတ်ဆွဲထားလိုက်၏။
ကြမ်းပြင်ပေါ်ရှိ တစ်ရှူးလုံးများက ကျန်းရှောင်အား နှာပြန်ညှစ်ချင်စိတ် ပေါက်လာစေသည်။
'တောက်... နိုးထသူတွေက ဘာလို့ နှာစေးနေရသေးတာလဲ'
'ကျန်းရှောင်ဖီရေ... မင်းအတွက် ငါတကယ် ရှက်မိတယ်'
ကျန်းရှောင်သည် တစ်ရှူးလုံးအားလုံးကို အမှိုက်အိတ်ထဲသို့ ပစ်ထည့်ရင်း ကျန်းရှောင်ဖီကို လှောင်ပြောင်နေမိသည်။
အမှိုက်အိတ်ကြီး နှစ်အိတ်စာခန့် ရှင်းလင်းပြီးနောက် ကျန်းရှောင်တစ်ယောက် နုံးချိသွားပြီ။
ဤမျှ ချောမောသန့်ပြန့်ပြီး တက်ကြွလှပသော လူငယ်လေးတစ်ယောက်က ဘယ်လိုလုပ် ဒီလောက်အထိ အဝတ်အစားအစား အနေအထိုင် စုတ်ပြတ်နေရတာလဲ။
'မင်းက မင်းအစ်မက ခိုင်းလို့ ဒီလိုဝတ်တာလား'
ကျန်းရှောင်သည် အခန်းသိမ်းဆည်းရင်း မျက်မှောင်ကြုတ်နေမိသည်။
လွန်ခဲ့သော သုံးနှစ်က မိဘများ ဆုံးပါးသွားပြီးနောက်ပိုင်း ကျန်းရှောင်ဖီသည် ထိန်းသူမရှိသဖြင့် ပို၍ဆိုးသွမ်းလာပြီး စည်းကမ်းမဲ့လာခဲ့ပုံရ၏။
သို့သော် လွန်ခဲ့သော ၂ လခန့်က ကျောင်းဆင်းပွဲအခမ်းအနားတွင် စွမ်းအားနိုးထလာပြီးနောက်ပိုင်း သူ၏အခြေအနေမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။
စွမ်းအားနိုးထလာပြီးနောက် စိတ်ပိုင်းဆိုင်ရာ မမျှတမှုအချို့ ခံစားခဲ့ရသည်ထင်၏။
ထိုမမျှတမှုမှာ လွန်ခဲ့သော သုံးရက်ခန့်က အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
"ဟမ်"
ကျန်းရှောင်သည် ခဏမျှ ကြောင်အသွားပြီး အမှိုက်အိတ်ကို တံခါးဝတွင် ဖြည်းညင်းစွာ ချထားလိုက်၏။
အဘယ်ကြောင့်ဆိုသော် သူ၏မှတ်ဉာဏ်ထဲတွင် ထူးခြားသော အရာတစ်ခုကို တွေ့ရှိလိုက်သောကြောင့် ဖြစ်သည်။
'စနစ်'
'အတွင်းပိုင်း ကြယ်တာရာမြေပုံ'
'ကျန်းရှောင်ဖီမှာ စနစ်အပိုပစ္စည်း ဘယ်လိုလုပ် ရှိနေရတာလဲ'
'ဒါဆို ကျန်းရှောင်ဖီက တကယ်ပဲ ရွေးချယ်ခံရသူဖြစ်ပြီး မာန်မာနတွေ တက်ကြွခဲ့တာလား'
'နောက်ဆုံးမှာ သူကြွားဝါနေတုန်း အစ်မဖြစ်သူရဲ့ ဆူပူမှုကို ခံလိုက်ရလို့ အိပ်ပျော်သွားပြီး တခြားကမ္ဘာကို ကူးပြောင်းသွားတာလား'
ကျန်းရှောင်သည် အတွင်းပိုင်းမြေပုံကို ဂရုတစိုက် ဖွင့်ကြည့်လိုက်ရာ၊ အလယ်တွင် သူ၏ ပုံရိပ်ယောင်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်ယောင်မှာ နောက်ခံမျှသာဖြစ်ပြီး အောက်ပါ သုံးခုကို အစဉ်လိုက် ဖော်ပြထားသည်။
၁။ ကြယ်တာရာစွမ်းအား
၂။ ကြယ်တာရာအတတ်ပညာ
၃။ အခြေခံအတတ်ပညာ
ကြယ်တာရာစွမ်းအား ပြားချပ်၏ အပေါ်ဘက်တွင် ကြယ်တာရာပုံချပ်တစ်ခု ပေါ်လာသည်။
ကြယ်တာရာကိုးလုံးမှာ ဇွန်းပုံသဏ္ဍာန်ရှိပြီး နက္ခတ်ခုနစ်လုံး) နှင့် ဆင်တူသော်လည်း လက်ကိုင်မှာ အနည်းငယ် ရှည်လျားနေသည်။
ထို့အပြင် မှိန်ဖျော့နေသော ကြယ်နှစ်လုံး အပိုပါရှိသဖြင့် စုစုပေါင်း ကိုးလုံးဖြစ်နေ၏။
ထိုကြယ်ကိုးလုံးကို ပုံရိပ်ယောင် အစက်အပြောက်များဖြင့် ဆက်သွယ်ထားသည်။
ကြယ်တာရာချပ်၏ အပေါ်တွင် လက်ရေးကြည်ကြည်လင်လင်ဖြင့် စာသားတစ်ကြောင်း ရှိနေသည်။
ကြယ်တာရာစွမ်းအား - ကြယ်မှုန်အဆင့် ၂
'ကြယ်မှုန်အဆင့်'
ကျန်းရှောင်သည် ထူးဆန်းသော မျက်နှာပေးဖြင့် ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး မှတ်ဉာဏ်များကို ပြန်လည်နှိုက်ထုတ်ကြည့်သည်။
ရုတ်တရက် သူသဘောပေါက်သွားသည်မှာ ကြယ်မှုန်အဆင့်ဆိုသည်မှာ ဤကမ္ဘာရှိ နိုးထသူများ ပိုင်ဆိုင်သော ကြယ်တာရာစွမ်းအား၏ အဆင့်အတန်း သတ်မှတ်ချက်ပင် ဖြစ်သည်။
ကြယ်မှုန်အဆင့်အထက်တွင် နက်ဗျူလာအဆင့်၊ ဂလက်ဆီအဆင့်၊ ကြယ်ကြွေအဆင့် နှင့် ကြယ်စင်အဆင့်ဟူ၍ ရှိကြသည်။
လူသားများအတွက် အမြင့်ဆုံးအဆင့်မှာ ကြယ်စင်အဆင့် ဖြစ်ပုံရပြီး ထိုအထက်အဆင့်များမှာ ဒဏ္ဍာရီလာသာ ဖြစ်နေသေး၏။
ကျန်းရှောင်သည် သူ၏ ကြယ်တာရာမြေပုံကို ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားလာကာ ဆံပင်များကို ပွတ်သပ်နေမိသည်။
ဒုတိယတစ်ခုမှာ 'ကြယ်တာရာအတတ်ပညာ' ဟု ရေးသားထားသည်။
ကျန်းရှောင် စိတ်ပျက်သွားသည်မှာ ထိုနေရာတွင် ဘာမှမရှိခြင်းပင်။
'တစ်ခုတောင် မရှိဘူးလား၊ သူက ဒီလောက်တောင် ဆင်းရဲတာလား'
ကျန်းရှောင် ခေါင်းခါရင်း တတိယတစ်ခုကို ဆက်ကြည့်လိုက်ရာ ထိုနေရာတွင်တော့ အသစ်အဆန်းတစ်ခု တွေ့လိုက်ရသည်။
တတိယတစ်ခုမှာ 'အခြေခံအတတ်ပညာ' ဖြစ်သည်။
အခြေခံတိုက်ခိုက်ရေး (ကြေးဝါအရည်အသွေး အဆင့် ၁၊ အဆင့်မြှင့်တင်နိုင်သည်)
ကြယ်တာရာစွမ်းအား ပေါများမှု (ကြေးဝါအရည်အသွေး အဆင့် ၁၊ အဆင့်မြှင့်တင်နိုင်သည်)
ဒါပါပဲလား။
ကျန်းရှောင်သည် အခြေခံတိုက်ခိုက်ရေး၏ အဓိပ္ပာယ်ကို သိသော်လည်း ကြေးဝါအရည်အသွေးဆိုသည်မှာ အနိမ့်ဆုံးလားဟု တွေးမိ၏။
ကြယ်တာရာစွမ်းအား ပေါများမှု ကရော ဘာလဲ။
ကျန်းရှောင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ကြယ်တာရာ စွမ်းအား ပေါများမှုကို သေချာကြည့်လိုက်ရာ....
ကြယ်တာရာစွမ်းအား စုစည်းမှုနှင့် ပြန်လည်ပြည့်ဖြိုးမှု အရှိန် (ကြေးဝါအရည်အသွေး အဆင့် ၁၊ အဆင့်မြှင့်တင်နိုင်သည်) ဟူသော စာသားကို တွေ့လိုက်ရ၏။
အထင်ကြီးစရာပင်။
'ပထမတစ်ခုက နက္ခတ်ခုနစ်လုံး ကြယ်တာရာကို ပေးတယ်၊ ဒုတိယတစ်ခုကတော့ အလွတ်ကြီး'
'တတိယတစ်ခုမှာတော့ အသုံးဝင်ပြီး အဆင့်မြှင့်လို့ရတဲ့ အခြေခံအတတ်ပညာ နှစ်ခုရှိတယ်'
'ဒါကြောင့်ပဲ ကျန်းရှောင်ဖီက မာနကြီးနေတာလား'
"ကျန်း...ရှောင်...ဖီ"
ထိုစဉ် တံခါးဝမှ ကြောက်မက်ဖွယ်ကောင်းပြီး ပြင်းထန်သောအသံ ထွက်ပေါ်လာသည်။
အသံရှင်မှာ အလွန်ဒေါသထွက်နေကြောင်း ကျန်းရှောင် ခံစားမိလိုက်၏။
ခဏအကြာတွင် တံခါးပွင့်သွားပြီး အသားဖြူဖြူ ချောမောလှပသော အမျိုးသမီး ပြန်လည်ပေါ်လာသည်။
"နင် တကယ်ပဲ ထမင်းမစားဘူးလား..."
"ဟင်"
ကျန်းရှောင်ဖီ၏ အစ်မမှာ အမှိုက်များ၊ တစ်ရှူးလုံးများဖြင့် ရှုပ်ပွနေသော အခန်းမှာ ယခုအခါ ပြောင်လက်သန့်ရှင်းနေသည်ကို တွေ့ရသဖြင့် အံ့အားသင့်သွားသည်။
ဟန်ကျန်းရွှယ်သည် သူမ၏ စူးရှသော မျက်လုံးများဖြင့် အခန်းကို လှည့်ကြည့်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ငိုင်နေသော ကျန်းရှောင်ကို တွေ့လိုက်ရ၏။
သူမ၏ ဒေါသများ လျော့ပါးသွားပြီး အေးစက်စွာ ပြောလိုက်သည်။
"ထမင်းလာစားတော့"
ထို့နောက် သူမ လှည့်ထွက်သွားသည်။
ကျန်းရှောင် မျက်တောင်ခတ်ရင်း တွေးနေမိသည်။
'သူမက ခုနတင် ကျန်းရှောင်ဖီကို ထမင်းမကျွေးဘူးပြောပြီး ပါးတောင် ရိုက်လိုက်သေးတယ် မဟုတ်လား'
'မိနစ် ၃၀ ပဲ ရှိသေးတယ်၊ သူမက ထမင်းလာစားဖို့ ခေါ်နေပြီလား'
ကျန်းရှောင်ဖီမှာ အသက် ၁၆ နှစ်သာ ရှိသေးသော်လည်း၊ ယခု ၎င်း၏ကိုယ်ထဲသို့ ရောက်နေသော ကျန်းရှောင်မှာ အသက် ၂၅ နှစ်အရွယ် လူကြီးတစ်ယောက်ဖြစ်သည်။
သူမ၏ အပြုအမူကို ကြည့်ခြင်းဖြင့် သူမသည် အနည်းငယ် မာနကြီးသူဖြစ်ကြောင်း သူသိနိုင်၏။
သို့သော် သူမသည် တကယ်ပင် ဆွဲဆောင်မှုရှိလှသည်။
သူမ၏ တစ်ခုတည်းသော အပြစ်မှာ...
ကျန်းရှောင်သည် ကုတင်ကို အမြန်ရှင်းလင်းပြီး မှတ်ဉာဏ်ထဲက လမ်းကြောင်းအတိုင်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သူ၏ အိမ်မှာ စတုရန်းမီတာ ၁၂၀ ခန့်ရှိပြီး အိပ်ခန်း ၃ ခန်း၊ ဧည့်ခန်း ၁ ခန်း ပါရှိသည်။
နေထိုင်မှုအခြေအနေမှာ မဆိုးလှပေ။
ကျန်းရှောင်ဖီ၏ ဝက်ခြံကဲ့သို့ အခန်းမှလွဲ၍ အိမ်၏ ကျန်အစိတ်အပိုင်းများမှာ သန့်ရှင်းသပ်ရပ်ပြီး ပရိဘောဂများမှာလည်း ကျော့ရှင်းလှ၏။
အမှိုက်အိတ်ကြီး နှစ်အိတ်ကို တံခါးဝတွင် ထားခဲ့ပြီးနောက် ကျန်းရှောင်သည် ရေချိုးခန်းထဲတွင် လက်ကို သေချာဆေးကြောကာ မီးဖိုချောင်သို့ ဝင်လာခဲ့သည်။
ဟန်ကျန်းရွှယ်သည် သူမ၏ ဆံပင်အရှည်များကို မြင်းမြီးပုံစံ စည်းထားပြီး ကျန်းရှောင်အပေါ် ဆက်လက် တင်းမာနေဆဲပင်။
သူမ၏ မျက်နှာမှာ အေးစက်နေသော်လည်း ကျန်းရှောင်ဖီ ဘာဖြစ်သွားသလဲဆိုသည်ကို တိတ်တဆိတ် အံ့သြနေမိသည်။
'ငါ့ရဲ့ ပါးရိုက်ချက်က သူ့ကို တကယ်ပဲ အသိဝင်သွားစေတာလား'
အမှန်စင်စစ် ဟန်ကျန်းရွှယ်မှာ ထိုမျှအကြမ်းဖက်တတ်သူမဟုတ်သလို ယခင်က ကျန်းရှောင်ဖီကို တစ်ခါမျှ မရိုက်ဖူးပေ။
အေးစက်ခက်ထန်ပြီး ချိုသာသောစကား မပြောတတ်သော်လည်း သူမသည် ကျန်းရှောင်ဖီကို ဂရုစိုက်မှုဖြင့်သာ စောင့်ရှောက်ခဲ့၏။
လွန်ခဲ့သော ၂ လက ကျန်းရှောင်ဖီ စွမ်းအားနိုးထလာသည့်အတွက် သူမ တိတ်တဆိတ် ဝမ်းသာခဲ့သော်လည်း ထိုအချိန်မှစ၍ ကံဆိုးမှုများ စတင်ခဲ့သည်။
ကျန်းရှောင်ဖီ၏ စရိုက်မှာ လွန်ခဲ့သော ၃ နှစ်က မိဘများမရှိတော့ကတည်းက ဆိုးရွားလာခဲ့သော်လည်း စွမ်းအားရရှိပြီးနောက်ပိုင်း ပို၍ပင် ပြောင်းလဲသွားခဲ့သည်။
လွန်ခဲ့သော ၃ ရက်ကမူ သူသည် လုံးဝ တခြားလူတစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး အလွန်အမင်း မာန်တက်လာခဲ့၏။
ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ဖီ၏ ကလေးကလား အပြုအမူများကို သည်းခံလာခဲ့သော်လည်း ယနေ့တွေ့ရသော ဗီဒီယိုမှာ သူမအတွက် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားစေခဲ့သည်။
သူမကဲ့သို့ အေးစက်သောသူမှာ ဒေါသထွက်ခဲသော်လည်း ထွက်လာလျှင်မူ လပေါင်းများစွာ စုပုံနေသော ဒေါသများ ပေါက်ကွဲထွက်လာခြင်းဖြစ်သည်။
ကျန်းရှောင်ဖီ၏ ယနေ့အပြုအမူများက သူမကို အမှန်တကယ်ပင် စိတ်ဆိုးဒေါသထွက်စေခဲ့သည်။
သို့သော် သူမ၏ ပါးရိုက်ချက်က ဤမျှ ထိရောက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ပါးရိုက်ခံရပြီးနောက် သူသည် အဝတ်အစားများ သိမ်းဆည်းသည်၊ အခန်းရှင်းသည်၊ ဆော့ကစားခြင်းကို ရပ်တန့်ပြီး ထမင်းကို ငြိမ်ငြိမ်သက်သက် လာစားသည်။
'ကြည့်စမ်း၊ အခုတော့ ဘယ်လောက် လိမ်မာနေလဲ'
ဟန်ကျန်းရွှယ်သည် ခေါင်းငုံ့ပြီး ထမင်းစားနေသော ကျန်းရှောင်ကို ကြည့်လိုက်သည်။
သူမသည် သူမ၏ ဖြူစင်နူးညံ့သော လက်ဖဝါးကို ပြန်လည်ကြည့်ရှုရင်း 'ငါ ကြယ်တာရာအတတ်ပညာအသစ် တစ်ခုခုများ နိုးထလာတာလား' ဟုပင် တွေးတောမိသည်။
ကျန်းရှောင်သည် ဟန်ကျန်းရွှယ်က သူမ၏ လက်ဖဝါးကို ပြန်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် တုန်လှုပ်သွားသည်။
ထိုပါးရိုက်ချက်မှာ ကျန်းရှောင်ဖီထံ ကျရောက်ခဲ့ခြင်းဖြစ်သော်လည်း ကျန်းရှောင်၏ ဦးခေါင်းနောက်ဘက်မှာ ယခုအထိ နာကျင်နေဆဲဖြစ်ကာ ခုနက ဗီဒီယိုထဲက မြင်ကွင်းကို အလိုလို ပြန်မြင်ယောင်မိသွား၏။
ကောင်းကင်ဘုံက ကျဆင်းလာတဲ့ ရိုက်ချက်ကို မြင်ဖူးသလား။
လူတစ်ယောက်ရဲ့ ခေါင်းနောက်ဘက်ကို တည့်တည့်ကျရောက်တဲ့ အမျိုးအစားလေ။
အဲဒါက ကုသမှုပေးနိုင်သလို ကြောက်ဖို့လည်း ကောင်းတယ်။
***