ကျန်းရှောင်သည် မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးရင်း သီချင်းတညည်းညည်းနှင့် စိတ်ကြည်လင်နေ၏။
ကျန်းရှောင် ရောက်ရှိနေသည့် ခန္ဓာကိုယ်မှာ ဟန်ကျန်းရွှယ်၏ မောင်လေးခန္ဓာကိုယ် ဖြစ်သော်လည်း၊ အမှန်စင်စစ် ကျန်းရှောင်သည် အရွယ်ရောက်ပြီးသူ တစ်ဦးသာ ဖြစ်သည်။
မှတ်ဉာဏ်များ ပေါင်းစပ်ပြီးနောက်တွင် ကျန်းရှောင်သည် သန်မာထက်မြက်သည့် မိန်းကလေးဖြစ်သော ဟန်ကျန်းရွှယ်အပေါ် ပိုမိုစာနာသနားမိလာ၏။
စိတ်ထဲတွင်လည်း သူမကို မိမိ၏ ညီမလေးအရင်းကဲ့သို့ သတ်မှတ်လိုက်မိသည်။
ထို့ကြောင့် ပန်းကန်ဆေးခြင်း၊ တံမြက်စည်းလှည်းခြင်းနှင့် အမှိုက်ပစ်ခြင်းကဲ့သို့သော အိမ်မှုကိစ္စများကို ကူညီလုပ်ဆောင်ပေးရန် သူ ဆုံးဖြတ်လိုက်သည်။
မိဘများမှာ တာဝန်တစ်ခုဖြင့် ထွက်သွားပြီးကတည်းက ပြန်မလာတော့သဖြင့် အထီးကျန်ဆန်လှသည့် ဤမိန်းကလေးကို သူ တတ်နိုင်သမျှ ဂရုစိုက်ပေးချင်သည်။
မိဘမဲ့ဖြစ်ရသည့်အပြင် ကျန်းရှောင်ဖီကဲ့သို့သော အသိတရားမဲ့သည့် လူဆိုးလေးကိုပါ ပြုစုစောင့်ရှောက်နေရသည်မှာ သူမအတွက် ပို၍ပင် ဆိုးရွားလှ၏။
အားကိုးရာမဲ့နေသည့် ဟန်ကျန်းရွှယ်သည် သူတစ်ပါး၏ အားကိုးရာ တိုင်တစ်လုံး ဖြစ်လာခဲ့ရသည်။
အမှန်စင်စစ် ဤလောကတွင် မည်သည့်အရာမှ ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
သူမသည် ကျောင်းတက်ရသည်၊ ကြယ်တာရာ စွမ်းအားကျင့်ကြံရသည်၊ ကျောင်းလှုပ်ရှားမှုများတွင် ပါဝင်ရသည်သာမက အိမ်ပြန်ရောက်လျှင်လည်း ကျန်းရှောင်ဖီကို ဂရုစိုက်ရသေးသည်။
ကံကောင်းထောက်မစွာဖြင့် သူမသည် ငယ်ရွယ်နုပျိုပြီး အင်အားပြည့်ဝသူဖြစ်၍သာ တော်တော့သည်။
အကယ်၍ သူမသာ သက်ကြီးရွယ်အိုတစ်ဦး ဖြစ်နေပါက စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပေလိမ့်မည်။
မိသားစု ရပ်တည်နိုင်ခြင်း၏ အဓိကအကြောင်းရင်းမှာ သူတို့၏ မိဘများကြောင့်လည်း ဖြစ်၏။
ဖခင် ဟန်ချန်း နှင့် မိခင် ကျန်းဟုန်ယဲ့ တို့မှာ နိုးထသူများဖြစ်ကြသော်လည်း ကျန်းရှောင်အနေဖြင့် သူတို့၏ အဆင့်အတန်းကို မသိရှိပေ။
သူတို့နှစ်ဦး မရှိတော့သော်လည်း မိသားစုအတွက် ငွေကြေးအမြောက်အမြား ချန်ထားရစ်ခဲ့၏။
ဟန်ကျန်းရွှယ်က ငွေကြေးကို ထိန်းသိမ်းထားပြီး ငွေမည်မျှကျန်သည်ကို ကျန်းရှောင် မသိသော်လည်း၊ နေ့လယ်စာတွင် ဝက်သားနီချက် စားနိုင်သေးသည်ကို ကြည့်ခြင်းအားဖြင့် စားဝတ်နေရေး မခက်ခဲသေးကြောင်း သိနိုင်သည်။
သို့သော်လည်း မည်သည့်စည်းစိမ်မှ ထာဝရ မတည်မြဲနိုင်ပေ။
လူကြီးတစ်ယောက်အနေဖြင့် ကျန်းရှောင်သည် မိသားစုအတွက် တာဝန်ယူရမည်ကို သိသည်။
ယောက်ျားတစ်ယောက်အနေဖြင့် ဝေပုံကျ ပါဝင်ကူညီရန်မှာ သူ၏ တာဝန်ပင်။
သူ့တွင် ကျန်းမာသန်စွမ်းသည့် ခန္ဓာကိုယ်ရှိနေသရွေ့ စိတ်ပိုင်းဖြတ်ထားလျှင် ငွေရှာရန်မှာ ပြဿနာမဟုတ်ပေ။
လောဘကြီးပြီး ပျင်းရိသူများသာ ငွေရှာရ ခက်ခဲတတ်ကြသည်။
စားပွဲထိုး၊ အစားအသောက် ပို့ဆောင်သူ သို့မဟုတ် ဆီဆိုင်ဝန်ထမ်းအဖြစ် လုပ်ကိုင်နိုင်သည်။
ထိုသို့လုပ်ခြင်းဖြင့် အတွေ့အကြုံသစ်များ ရရှိသလို ဝင်ငွေလည်း ရနိုင်မည်။
သို့သော် ယခုအခါတွင် သူသည် ကြယ်တာရာ အတတ်ပညာကို ရရှိထားပြီးဖြစ်သဖြင့် အခြားသော အလုပ်အကိုင်များကို လုပ်ကိုင်နိုင်မည့် အခွင့်အလမ်း ပိုများလာသည်။
ကျန်းရှောင်သည် ဆေးရုံအပြင်ဘက်တွင် စောင့်ဆိုင်းကာ အသေးစား ထိခိုက်ဒဏ်ရာရသူများကို ကုသပေးရန် စဉ်းစားလိုက်၏။
"ဘာလဲ... ဓားနဲ့ လက်ရှမိလို့လား၊ ဆေးထည့်ချင်သလား"
"ချုပ်ဖို့လိုသလား၊ ပတ်တီးစည်းချင်လား၊ အနာကျက်ဖို့ အချိန်စောင့်ရမှာလား"
"ကျွန်တော့်ဆီသာလာခဲ့၊ ဘာမှမလိုဘူး၊ ချက်ချင်းပျောက်စေရမယ်"
"ဘယ်လိုကုမလဲလို့ မေးနေတာလား၊ မဟုတ်ဘူး၊ ကျွန်တော် ခင်ဗျားကို ကုမှာမဟုတ်ဘူး"
"ကောင်းချီးပေးမှာ"
"အစ်ကို... ဘတ်စကတ်ဘော ကစားရင်း ခြေကျင်းဝတ် လည်သွားတာလား၊ နာနေလား၊ ရောင်နေလား၊ လမ်းလျှောက်ရ ခက်နေလား၊ အနာသက်သာချင်လား၊ ကျွန်တော် ကူညီမယ်လေ"
"ဘယ်လို ကူညီမှာလဲလို့ မေးနေတာလား"
"ဟဲဟဲ... ကျွန်တော် ခင်ဗျားကို ကောင်းချီးပေးမှာလေ"
ထိုသို့လုပ်ခြင်းဖြင့် သူ၏ ကြယ်တာရာ စွမ်းအားကို လေ့ကျင့်နိုင်မည်ဖြစ်သလို၊ ၎င်း၏ အတိုင်းအတာနှင့် ထိရောက်မှုကိုလည်း နားလည်လာမည်ဖြစ်သည်။
လူနာမရှိသည့်အချိန်တွင်လည်း အခြေခံ ကြယ်
တာရာ ကြွယ်ဝမှုနည်းစနစ်ကို လေ့ကျင့်နိုင်သည်။
"တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ"
သူသည် ပျော်ရွှင်စွာဖြင့် ဆုံးဖြတ်ချက်ချလိုက်ပြီး ပန်းတိုင်အသေးစားလေး တစ်ခု သတ်မှတ်လိုက်၏။
အနည်းဆုံးတော့ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်တော့ပေ။
သူသည် အသက်အရွယ်ရနေပြီဖြစ်ရာ ဟန်ကျန်းရွှယ်ထံမှ မုန့်ဖိုးတောင်းရန်မှာ ရှက်ဖို့ကောင်းလှ၏။
"ဟေး... လောကကြီးကို လှည့်လည်ကြည့်ရှုမယ်ဆိုတဲ့ အစီအစဉ်က ဘယ်ရောက်သွားတာလဲ၊ဘာလို့ ငါက ဆေးရုံသွားဖို့ ရွေးချယ်မိရတာလဲ..."
ထိုစဉ် ဟန်ကျန်းရွှယ်၏ အခန်းတံခါး ရုတ်တရက် ပွင့်လာပြီး သူမ ထွက်လာသည်။
အေးစက်ပြီး နုနယ်သည့် သူမ၏ မျက်နှာနှင့် လိုက်ဖက်သော ဂါဝန်ဖြူလေးကို ဝတ်ဆင်ထားရာ နတ်သမီးလေးတစ်ပါး လမ်းလျှောက်လာသကဲ့သို့ပင်။
မီးဖိုချောင်ဘေးမှ ဖြတ်သွားစဉ် ကျန်းရှောင် ပန်းကန်ဆေးနေသည့် အသံကို သူမ ကြားလိုက်ရသည်။
ပုံမှန်ဆိုလျှင် ဟန်ကျန်းရွှယ်သည် ကျန်းရှောင်ကို ဂရုမစိုက်ဘဲ အပြင်ထွက်သွားမည်သာ။
သို့သော် ယနေ့တွင် သူမ ပါးရိုက်လိုက်သည့် မောင်လေးမှာ ထူးထူးခြားခြား လိမ္မာနေပုံရသည်။
သူသည် အရင်ကကဲ့သို့ပင် နောက်ပြောင်တတ်သေးသော်လည်း ယခုမူ အန္တရာယ်မရှိသည့် ဟာသများကိုသာ ပြောတော့သည်။
သူသည် အရင်လို ခေါင်းမာခြင်း၊ မိုက်မဲခြင်း မရှိတော့ဘဲ အိမ်ကိုပင် သန့်ရှင်းရေးလုပ်ကာ မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။
ဟန်ကျန်းရွှယ်သည် သူ၏ အမူအရာကို မြင်ပြီး အံ့သြသွားသည်။
တစ်ဖက်တွင် သူမ၏ မောင်လေးမှာ အမှန်တကယ်ပင် လူလားမြောက်လာပြီဟု ခံစားရသလို၊ အခြားတစ်ဖက်တွင်မူ... "ငါ သူ့ကို စောစောစီးစီး ပါးရိုက်လိုက်သင့်တာ" ဟု တွေးမိပြန်၏။
သူမ၏ မောင်လေး ရုတ်တရက် ရင့်ကျက်လာသည်ကို သိလိုက်ရသဖြင့် ဟန်ကျန်းရွှယ်သည် မီးဖိုချောင်တံခါးဝတွင် ရပ်လိုက်ပြီး သူမ၏ ခရီးသွားမည့် အစီအစဉ်ကို ပြောပြရန် ပြင်လိုက်သည်။
"ကျန်း..."
သူမ စကားစလိုက်စဉ်မှာပင် ပန်းကန်ဆေးသံများကြားမှ သူ သီချင်းဆိုနေသည်ကို ကြားလိုက်ရသဖြင့် ရပ်လိုက်မိသည်။
ကျန်းရှောင်သည် စိတ်အားထက်သန်စွာဖြင့် သီချင်းညည်းနေသည်။
"တစ်နှစ်မှာ နေထွက်ချိန် ၃၆၅ ကြိမ် ရှိတယ်... နင့်ကို ၃၆၅ ကြိမ် ကောင်းချီးပေးလိုက်မယ်..."
ဟန်ကျန်းရွှယ်မှာ အံ့သြလွန်း၍ ဆွံ့အသွားပြီး စိတ်ထဲတွင် ဂယောက်ဂယက် ဖြစ်သွားသည်။
သုံးစက္ကန့်အကြာတွင် သူမသည် နောက်သို့လှည့်မကြည့်တော့ဘဲ အဖြူရောင် ဖိနပ်လေးကို စီးကာ အိမ်ပြင်သို့ အမြန်ထွက်သွားတော့သည်။
"ဝုန်း"
"ဟင်"
တံခါးဝုန်းခနဲ ပိတ်သွားသည့်အသံကို မီးဖိုချောင်ထဲမှ ကျန်းရှောင် ကြားလိုက်ရ၏။
သူသည် ပန်းကန်များကို ချလိုက်ပြီး လက်ကို တစ်ရှူးဖြင့် သုတ်ကာ အပြင်သို့ ထွက်လာခဲ့သည်။
"ဟန်ကျန်းရွှယ်"
ကျန်းရှောင်က နားမလည်နိုင်စွာ အော်ခေါ်လိုက်သည်။ သို့သော် ထူးသံမရှိပေ။
သူ နှစ်ကြိမ်တိုင်တိုင် ထပ်ခေါ်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။
"ဒီကောင်မလေးကတော့... အပြင်သွားတာတောင် ငါ့ကို မပြောသွားဘူး"
ကျန်းရှောင်က သက်ပြင်းချရင်း ပြောလိုက်သည်။
"မရဘူး၊ နောက်ဆို စည်းကမ်းတွေ သတ်မှတ်ရမယ်၊ နေ့လယ်ဘက် အပြင်သွားတာ ပြဿနာမရှိပေမယ့် ညဘက်ဆိုရင်တော့ ငါ့ကို အစီရင်ခံရမယ်"
ကလေးသံနှင့် လူကြီးစကားကို ပြောနေသော်လည်း ကျန်းရှောင်မှာ ထူးဆန်းသည်ဟု မခံစားရပေ။
သူသည် လက်သုတ်ထားသည့် တစ်ရှူးစိုကို နှာခေါင်းဝတွင်ထားပြီး ပြင်းထန်စွာ နှာချေလိုက်သည်။
နေဦး... အအေးမိတာကို မြန်မြန်ပျောက်အောင် ကုလို့ရမလား။
ကျန်းရှောင်သည် ထိုနေရာတွင်ပင် ရပ်ကာ သူ၏ နည်းပါးလှသော ကြယ်တာရာစွမ်းအင်ကို စုစည်းလိုက်သည်။
ထို့နောက် ညာဘက်လက်ကို သူ၏ ဦးခေါင်းပေါ်တွင် တင်လိုက်ရာ အဖြူရောင် အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားလေသည်။
ကျန်းရှောင်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
အကြောင်းမှာ... ၎င်းက အမှန်တကယ်ပင် သက်သောင့်သက်သာ ရှိလွန်းနေသောကြောင့်။
အဖြူရောင် အလင်းတန်းထဲတွင် ကျန်းရှောင်သည် တစ်ကိုယ်လုံး နွေးထူးသွားပြီး ကြွက်သားများ၏ တင်းမာမှုများ လျော့ကျသွားကာ တစ်ကိုယ်လုံး လန်းဆန်းတက်ကြွလာသကဲ့သို့ ခံစားလိုက်ရသည်။
မတ်လ၏ နေရောင်အောက်တွင် နွေးထွေးသည့် လေပြေလေညင်းကို ခံစားနေရသကဲ့သို့ပင်။
"အား..."
ကျန်းရှောင်သည် ဗိုက်ဝနေသည့် ဝက်ကလေးတစ်ကောင်ကဲ့သို့ ညည်းတွားလိုက်မိသည်။
တစ်ဖက်တွင်လည်း ဟန်ကျန်းရွှယ်သည် ဓာတ်လှေကားထဲမှ ထွက်လာခဲ့ပြီ။
သူတို့သည် ခုနစ်လွှာတွင် နေထိုင်ကြပြီး ထိုအလွှာတွင် အိမ်နှစ်လုံးရှိသည်။
အခန်း ၇၀၂ တံခါးရှေ့တွင် ခြေသုတ်ကော်ဇောလေး ရှိနေသဖြင့် လူနေထိုင်ကြောင်း သိသာသော်လည်း ထိုအိမ်ရှင်ကို သူတို့မောင်နှမ တစ်ခါမျှ မမြင်ဖူးကြပေ။
ဟန်ကျန်းရွှယ်နှင့် ကျန်းရှောင်တို့သည် သူတို့၏ မိဘများ ချန်ထားခဲ့သည့် အိမ်တွင် အမြဲနေထိုင်ခဲ့ကြသည်။
ထိုနေရာသည် သာယာအေးချမ်းပြီး သစ်ပင်ပန်းမန်များဖြင့် ပြည့်နှက်နေ၏။
နတ်သမီးလေးကဲ့သို့ လှပသည့် ဟန်ကျန်းရွှယ်သည် လမ်းတစ်လျှောက်တွင် ရှိနေကြသည့် သက်ကြီးရွယ်အိုများ၏ စပ်စုမှုကို အေးစက်စွာဖြင့် ကျော်ဖြတ်လာခဲ့သည်။
နောက်ဆုံးတွင် သူမသည် ဝင်းအတွင်းမှ ထွက်လာနိုင်ခဲ့သည်။
"နင့်အသက်က ၁၈ နှစ်ပဲ ရှိသေးတယ်၊ အထက်တန်းတောင် မအောင်သေးဘူးလို့ သူတို့ကို ပြောလိုက်ပါလား"
ဂျစ်ကားတစ်စီး၏ ဒရိုင်ဘာနေရာတွင် ထိုင်နေသည့် ဆွဲဆောင်မှုရှိသော ဆံပင်တိုလေးနှင့် မိန်းကလေးတစ်ဦးက အော်ပြောလိုက်သည်။
သူမသည် အဖြူရောင် လက်တိုအင်္ကျီနှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ဆင်ထား၏။
သူမသည် ခြေထောက်နှစ်ဖက်ကို ကားပြတင်းပေါက်ပေါ် တင်ထားပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် ဟန်ကျန်းရွှယ်ကို နောက်ပြောင်နေသည်။
ဟန်ကျန်းရွှယ်က သူမကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှပြန်မပြောပေ။
"ငါ အထက်တန်းမအောင်သေးဘူးလို့ ပြောရမှာလား၊ ငါက ၁၈ နှစ်ပဲ ရှိသေးတာလား"
"အဲဒါက အသုံးဝင်လို့လား၊ အဲဒီ လူကြီးတွေက သူတို့ ၁၈ နှစ်တုန်းက သူတို့ကလေးတွေတောင် မွေးနေပြီလို့ ပြောကြတာလေ..."
"အိုး...ရွှယ်ရွှယ် စိတ်ဆိုးနေတာ ချစ်ဖို့ကောင်းလိုက်တာ"
ဆံပင်တိုနှင့် မိန်းကလေးသည် ကားပေါ်မှ ဆင်းလာကာ ဟန်ကျန်းရွှယ်ကို ဖက်လိုက်သည်။
ဟန်ကျန်းရွှယ်က တွန်းထုတ်ရန် ကြိုးစားသော်လည်း အားမမျှသဖြင့် အလျှော့ပေးလိုက်၏။
"ဘာလို့ ငါ့ကို လာတွေ့တာလဲ"
ဟန်ကျန်းရွှယ်က မေးလိုက်သည်။
"ပျော်ရအောင်လေ၊ အခုက ကျောင်းပိတ်ရက်လေ၊ ဘာလို့ အိမ်ထဲမှာပဲ အမြဲအောင်းနေတာလဲ"
"ငါသာ လာမခေါ်ရင် နင် အိမ်ပြင်တောင် ထွက်မှာမဟုတ်ဘူး"
ဆံပင်တိုနှင့် မိန်းကလေးသည် ဟန်ကျန်းရွှယ်၏ လက်ကိုဆွဲကာ ကားထဲသို့ တွန်းထည့်လိုက်လေတော့သည်။
***