နာရီဝက်ခန့် ကြာပြီးနောက်တွင် ကျန်းရှောင်သည် လေ့ကျင့်ရေးခန်းမ၏ ထောင့်တစ်နေရာတွင် မျက်နှာတစ်ခုလုံး ဖူးရောင်ညိုမဲလျက် ထိုင်နေရရှာ၏။
ကျန်းရှောင်သည် အားအင်အပြည့်ဖြင့် လျှင်
မြန်ဖျတ်လတ်စွာ လက်ဝှေ့ အထိုးကျင့်အိတ်ကို ပြင်းပြင်းထန်ထန် ထိုးသတ်နေသော မိန်းကလေးကို ကြည့်ရင်း အားကိုးရာမဲ့သလို ခံစားနေရသည်။
နိုးထသူတစ်ယောက်သည် သာမန်လူသားများထက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ပိုကောင်းသည်မှာ အမှန်ပင်။
"နင့်ရဲ့ Weibo အကောင့်ကို ဖျက်လိုက်တော့"
ဟု ဟန်ကျန်းရွှယ်က အိတ်ကို ထိုးနေရင်း ပြောလိုက်သည်။
သူမသည် လက်ချောင်းပြတ် လက်အိတ်များကို ဝတ်ဆင်ထားပြီး ချွေးများ ရွှဲနစ်နေသော်လည်း အရပ်ရှည်ရှည်၊ သွယ်သွယ်လျလျနှင့် အားကစားသမား ပုံစံမျိုးဖြင့် ကြည့်ကောင်းနေဆဲ။
"ပထမစာကြောင်းလား၊ ဒုတိယစာကြောင်းလား"
ဟု ကျန်းရှောင်က မေးရင်း အဖြူရောင် အလင်းတန်းလေးများ ထွက်ပေါ်နေသော သူ၏ ညာလက်ဖြင့် ဖူးရောင်နေသော မျက်နှာကို ပွတ်သပ်နေသည်။
ဟန်ကျန်းရွှယ်က ခဏရပ်လိုက်ပြီး ကျန်းရှောင်ကို လှည့်ကြည့်သည်။
သူမက အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်ကာ "နင် ဘယ်လိုထင်လဲ" ဟု ပြန်မေးလိုက်၏။
ကျန်းရှောင်က ပုခုံးတွန့်ပြကာ "ဘယ်သူသိမှာလဲ" ဟု ဆိုလိုက်သည်။
ဟန်ကျန်းရွှယ်သည် သူမ၏ နားထင်မှ သွေးကြောများ ထောင်တက်လာသည်ဟု ခံစားလိုက်ရပြီး ကျန်းရှောင်ကို ဒေါသတကြီး ကြည့်လိုက်ကာ "နင် အနားယူတာ ဝသွားပြီထင်တယ်"
"နေဦး နေဦး" ကျန်းရှောင်က သူမကို တားရန် လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်ပြလိုက်သည်။
"လူတိုင်းက အခြေခံကနေ သင်ရတာလေ၊ ဘယ်လိုလုပ်ပြီး ငါ့ကို ချက်ချင်း စလုပ်ခိုင်းရတာလဲ"
"အင်း... အဲဒါတော့ ဟုတ်သားပဲ" မထင်မှတ်ဘဲ ဟန်ကျန်းရွှယ်က ခေါင်းငြိမ့်ကာ "ငါလည်း လက်ဝှေ့ထိုးတာ တော်တော်များသွားပြီဆိုတော့ အခြေခံကနေပဲ လေ့ကျင့်ကြတာပေါ့"
ကျန်းရှောင် ဆွံ့အသွားပြီ။
သူသည် ဒေါသမပေါက်ကွဲအောင် အတတ်နိုင်ဆုံး ထိန်းချုပ်ထားပြီး နှစ်နာရီဆိုတာ ခဏလေးပါဟု မိမိကိုယ်ကိုယ် ပြန်ပြောနေမိသည်။
သူ၏ အတွင်းပိုင်း ကြယ်တာရာ မြေပုံကို ဖွင့်ကြည့်လိုက်သောအခါတွင်မူ သူ၏ လက်ဗလာတိုက်ခိုက်ရေး ကျွမ်းကျင်မှု သည် အဆင့် ၂ သို့ တက်သွားသည်ကို မြင်လိုက်ရသဖြင့် မကျေနပ်မှုများ အနည်းငယ် လျော့ပါးသွားသည်။
သင်ခန်းစာပြီးနောက် ကျန်းရှောင်သည် ရေချိုးလိုက်ပြီး မှန်ထဲတွင် သူ၏ ဖူးရောင်နေသော မျက်နှာကို ကြည့်ကာ ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။
'တကယ့်ကို ခန့်ညားတဲ့ မျက်နှာလေးပါပဲ... အခုတော့ ဖူးရောင်နေလိုက်တာ' ဟု သူ တွေးလိုက်မိသည်။
ကျန်းရှောင်သည် သူ၏ လက်များမှ အဖြူရောင် အလင်းတန်းများကို ထုတ်လွှတ်ကာ မိမိကိုယ်ကိုယ် ကောင်းချီးပေးခြင်းအစွမ်းဖြင့် ကုသလိုက်၏။
သူ၏ ကောင်းချီးပေးခြင်းအဆင့်မှာ အလွန်နိမ့်သဖြင့် အခြားသူများကို သက်သောင့်သက်သာ ခံစားရစေနိုင်သော်လည်း ကုသနိုင်စွမ်းမှာမူ အားမရစရာပင်။
ကြယ်တာရာ စွမ်းအားကုန်ဆုံးမှုမှာလည်း နည်းပါးလှ၏။
သို့သော်လည်း ကျန်းရှောင်၏ အားနည်းလှသော ကြယ်မှုန်အဆင့် ကြယ်တာရာ စွမ်းအားအရ အနိမ့်ဆုံးအဆင့်ဖြစ်သော ကောင်းချီးပေးခြင်းကိုပင် တစ်ကြိမ်တည်းတွင် (၁၀) ကြိမ် ဆက်တိုက် မသုံးနိုင်ချေ။
ကိုးကြိမ် ဆက်တိုက် သုံးပြီးပါက အကန့်အသတ်သို့ ရောက်ရှိသွားသည်။
မှန်ထဲမှ ဖူးရောင်နေသော ချောမောသူကို ကြည့်ရင်း ကျန်းရှောင်သည် သူ၏ ကြယ်တာရာ မြေပုံကို ထပ်မံ ဖွင့်ကြည့်လိုက်သည်။
ဇာတ်ကောင် - ကျန်းရှောင်
ကြယ်တာရာ မြေပုံ : နက္ခတ်ခုနစ်လုံး, ကြယ်မှုန်အဆင့် ၂
ကြယ်တာရာ အတတ်ပညာ : ကောင်းချီးပေးခြင်း (ကြေးဝါအဆင့် - အဆင့် ၁)
လှည့်စားခြင်း (ကြေးဝါအဆင့် - အဆင့် ၁)
အခြေခံအတတ်ပညာ : လက်ဗလာတိုက်ခိုက်ခြင်း ( ကြေးဝါအဆင့် - အဆင့် ၂)
ကြယ်တာရာ စွမ်းအား ကြွယ်ဝမှု : ကြေးဝါအဆင့် - အဆင့် ၁
အရည်အသွေးပွိုင့် - ၁
'ဒါနဲ့ နေပါဦး...အရည်အသွေးပွိုင့် တွေကို ဘယ်လို ရတာလဲ' သူ သံသယဖြစ်နေသော်လည်း လက်ဗလာ တိုက်ခိုက်ရေး အဆင့် တက်သွားသည့်အတွက် အောင်မြင်မှု ခံစားချက်လေး ရနေမိသည်။
ပြီးခဲ့သော နှစ်နာရီအတွင်း ဟန်ကျန်းရွှယ်သည် လက်သီးထိုးနည်း၊ ခြေကန်နည်း၊ တောင်ဝှေးရိုက်နည်းနှင့် ဒူးတိုက်နည်းများ၏ လက္ခဏာများကို အကျဉ်းချုပ် ရှင်းပြပေးခဲ့၏။
အသေးစိတ် သင်ကြားခြင်း မရှိသေးသော်လည်း ကျန်းရှောင်၏ ကျွမ်းကျင်မှုမှာ တိုးတက်လာခဲ့သည်။
၎င်းမှာ သူ၏ ကြိုးစားအားထုတ်မှုနှင့် အာရုံစိုက် သင်ယူမှုကြောင့်ဟု ကျန်းရှောင်က ယူဆလိုက်သည်။
အခြေခံ ကျွမ်းကျင်မှုများကို သင်ယူလေ့ကျင့်ခြင်းဖြင့် ထိရောက်စွာ တိုးတက်စေနိုင်ကြောင်း သိလိုက်ရသဖြင့် သူ အလွန် ဝမ်းသာသွား၏။
အဆုံးတွင်တော့ အရည်အသွေးပွိုင့် ဘယ်လို ရမှန်း သူ မသိသေးပေ။
ကျန်းရှောင်သည် အခန်းထဲပြန်ဝင်ကာ သူ၏ ဒဏ်ရာများကို ကောင်းချီးပေးခြင်းဖြင့် ကုသရန် ကြယ်တာရာ စွမ်းအားများကို စုစည်းခဲ့သည်။
သူ၏ ဒဏ်ရာများမှာ တဖြည်းဖြည်း သက်သာလာသော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်လာကာ ကုတင်ပေါ်သို့ လဲကျပြီး အိပ်ပျော်သွားတော့၏။
မွန်းတည့်ချိန်တွင် ထမင်းဟင်းချက်ပြီးသွားသော ဟန်ကျန်းရွှယ်သည် ကျန်းရှောင်၏ အခန်းတံခါးကို ကန်ဖွင့်လိုက်သည်။
"ဒုန်း"
နှစ်ခြိုက်စွာ အိပ်ပျော်နေသော ကျန်းရှောင်မှာ ဘာတုံ့ပြန်မှုမှ မရှိပေ။
ဟန်ကျန်းရွှယ်သည် အခန်းတံခါးကို ဖွင့်လိုက်စဉ် ကုတင်ပေါ်တွင် နုံးချိစွာ အိပ်မောကျနေသော ကျန်းရှောင်ကို မြင်လိုက်ရသဖြင့် တံခါးမှာ နံရံနှင့် မဆောင့်မိစေရန် တံခါးလက်ကိုင်ကို အမြန် ပြန်ဖမ်းလိုက်ရသည်။
သူမသည် အိပ်ပျော်နေသော ကျန်းရှောင်ကို ကြည့်ရင်း အေးစက်သော မျက်နှာထားမှာ တဖြည်းဖြည်း နွေးထွေးလာသည်။
'ဒီတစ်ခါတော့ အပြင်မှာ လျှောက်မလည်ဘဲ အိမ်မှာ အိပ်နေသားပဲ' ဟု သူမ တွေးလိုက်မိ၏။
သူ လိမ္မာလာပြီဟု တွေးရင်း ဟန်ကျန်းရွှယ်သည် လေ့ကျင့်ရေးခန်းမ (သူမ မိဘများ၏ အိပ်ခန်းဟောင်း) ဘက်သို့ လှည့်ကြည့်လိုက်သည်။
နံရံနောက်ကွယ်မှ သူတို့၏ မင်္ဂလာဆောင် ဓာတ်ပုံကို မြင်ယောင်နေပုံရသည်။
ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ဟန်ကျန်းရွှယ်သည် တံခါးကို အသာအယာ ပြန်ပိတ်ကာ သူမ၏ အခန်းသို့ ပြန်လာခဲ့သည်။
ကျန်းရှောင်က မစားတော့သဖြင့် သူမလည်း သိပ်ပြီး စားသောက်ချင်စိတ် မရှိတော့ချေ။
ကြယ်တာရာ စွမ်းအားကို စုစည်းကျင့်ကြံခြင်းသည် လူကို လန်းဆန်းစေနိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကိုမူ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဖြင့်သာ ထိရောက်စွာ ကုသနိုင်သည်။
ဟန်ကျန်းရွှယ်သည် အပြင်ပန်းတွင် အေးစက်ပြီး လူစိမ်းဆန်ပုံရသော်လည်း တကယ်တမ်းတွင် သူမသည်လည်း အသက်တူ မိန်းကလေးများကဲ့သို့ ခေတ်မီသူ တစ်ဦးဖြစ်သည်။
မအိပ်ခင်တွင် သူမသည် ဖုန်းကို ခဏကြာ လျှောက်ကြည့်ကာ ကျန်းပင်မြို့၏ သတင်းများကို ဖတ်နေမိသည်။
လွန်ခဲ့သော ရက်အနည်းငယ်က သတင်းကြီးမှာ ကျန်းပင်မြို့ မြောက်ပိုင်းဆင်ခြေဖုံးတွင် သန်းခေါင်ယံအချိန်၌ စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုနေရာကို ပိတ်ဆို့ထားသဖြင့် သီးခြားကမ္ဘာတစ်ခု ပွင့်လာနိုင်သည်ဟု ယူဆရ၏။
ဟန်ကျန်းရွှယ်သည် Weibo ကို ခဏကြည့်ပြီးနောက် သူမ၏ ဘဝမှတ်တမ်းအဖြစ် စာတစ်ကြောင်း ရေးတင်လိုက်သည်။
ကောက်ရိုးဦးထုပ်နဲ့ လူငယ်လေး : သူ နောက်ဆုံးတော့ နည်းနည်း ပြောင်းလဲသွားပြီ။ တကယ် ဝမ်းသာမိပါတယ်။ ၂၀၁၅၊ ဩဂုတ်လ ၂၁ ရက်။
ထို Weibo ပို့စ်သည် အနည်းငယ် ကြောက်စရာကောင်းနေသည်။
ဟန်ကျန်းရွှယ်သည် ခဏစဉ်းစားပြီးနောက် သူမ နှင့် သူငယ်ချင်း ဖြစ်နေသောအကောင့်ဖြစ်သည့် 'ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား' ကို နှိပ်ကြည့်လိုက်သည်။
ပို့စ်က တစ်ခုတည်းသာ ရှိသေးသည်။
"ဒီပျင်းစရာကောင်းတဲ့ ညမှာ အရမ်းအထီးကျန်နေတယ်၊ အပြင်ကို ခဏလောက် ထွက်ချင်လိုက်တာ။ နောက်ထပ် ၁၀ မိနစ်လောက် ထပ်အောင့်ထားဦးမယ်။ တကယ်လို့ မရတော့ရင်တော့...
စာကြွင်း : ကျန်းရွှယ်လေးကို စပြီး စိတ်ဝင်စားမိတဲ့ ပထမဆုံးနေ့။
ဟန်ကျန်းရွှယ်သည် စာကြွင်းအောက်မှ စာသားကို ထပ်ခါတလဲလဲ ဖတ်ရင်း မျက်နှာထားမှာ ပိုမို တင်းမာလာ၏။
သူမ ပျော်နေသလား၊ စိတ်ဆိုးနေသလား ဆိုသည်မှာ မသဲကွဲပေ။
'သူက ငါ့ကို စိတ်ကူးယဉ်ရဲတယ်ပေါ့၊ အခုမှ ဘာလို့ ငါ့ကို လာကြိုက်ရတာလဲ'
'ပြီးတော့ ငါ့ကို ကျန်းရွှယ်လေး လို့ ခေါ်ရဲတယ်ပေါ့၊ နင်ကတော့...'
"ဟင်...စာဝင်ရေးသူ အသစ်တက်လာတာလား"
ဟန်ကျန်းရွှယ်သည် ပို့စ်ကို ဖွင့်ကြည့်လိုက်ရာ သူမ တင်လိုက်သော ပို့စ်အောက်တွင် မန့် များစွာ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ဟုန်းရန် : ဘယ်သူလဲ။
ဟုန်းရန်: ဘာဖြစ်လို့လဲ။
ဟုန်းရန်: နင် ဘာလို့ ပျော်နေတာလဲ။
ဟုန်းရန်: နင် ငါ့ကို မချစ်တော့ဘူးလား။
ဟုန်းရန်: နင် ဖောက်ပြန်နေတာလား။
ဟုန်းရန်: ငါ ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် နင်ပဲ ငါ့ကို ထားခဲ့တာလား။
ဟုန်းရန်: ဟင်း... မိန်းမတွေက တကယ် နှလုံးသား မရှိတာပဲ။
ဟန်ကျန်းရွှယ်က ထို မန့်များကို ကြည့်ကာ "သွားစမ်းပါ" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ဟုန်းရန်: အဲဒါ ဘယ်သူလဲ ပြောစမ်း။
ဟန်ကျန်းရွှယ်သည် ဖုန်းကို ပစ်ချထားလိုက်သော်လည်း ခဏကြာသောအခါ ပြန်ကောက်ကိုင်လိုက်သည်။
သူမ၏ အေးစက်သော ဟန်ပန်နောက်ကွယ်တွင် ရင်းနှီးသူများနှင့် တွေ့မှသာ ထွက်ပေါ်လာတတ်သော မိစ္ဆာမလေးဗီဇ ရှိနေ၏။
ထို့ကြောင့် ဟန်ကျန်းရွှယ်သည် သက်သက်စချင်သဖြင့် နောက်ထပ် ပို့စ်တစ်ခု တင်လိုက်သည်။
ကောက်ရိုးဦးထုပ်နဲ့ လူငယ်လေး : သူ့ကို စပြီး ကြိုက်မိတဲ့ ပထမဆုံးနေ့။
...
ဟုန်းရန်: နင် ငါ့ကို သက်သက် ရန်စနေတာလား...တောက်။
ဟုန်းရန်: နင် တမင် လုပ်နေတာမလား။
ဟုန်းရန်: ဖုန်းကိုင်စမ်း။
ဟုန်းရန်: ပြန်ဖြေဦး... ဖုန်းကိုင်...နောက်တစ်ခါ ထပ်ချရင်တော့ ငါ စိတ်ဆိုးပြီနော်။
ပြေးနေသော ဝက်ဗိုက်သားလေး : ဒီဘဝက တိုက်ရိုက် လွှင့်ကြည့်နေရသလိုပဲ၊ တကယ့် ပြတ်စဲခန်းကြီးပါလား။ စီနီယာရေ... ချစ်တယ်နော်။
ဟုန်းရန်: နင်...ဖုန်း...ကိုင်...စမ်း...
ကမ္ဘာပေါ်က ဝက်လေးများ : ပေါက်ပေါက်ဆုပ်စားရင်း ရှေ့ဆုံးက ကြည့်နေပါတယ်နော်။ ယေး...
ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား : ဟေး ဟန်းရန် သူမ အိပ်ပျော်သွားပြီ။
ဟန်ကျန်းရွှယ်သည် ထူးဆန်းသောအရာတစ်ခုကို မြင်လိုက်ရသလို ရုတ်တရက် ရပ်တန့်သွားသ၏။
ကျန်းရှောင်ဖီ-ဆိုးသလား-မဆိုးဘူးလား။
ဒီကလေးက အိပ်ချင်ယောင်ဆောင်နေတာလား။
ဟန်ကျန်းရွှယ်သည် ကုတင်ပေါ်မှ ချက်ချင်း ခုန်ထလိုက်သည်။
ထိုအချိန်တွင် ကျန်းရှောင်သည် သူ၏ ဖုန်းမျက်နှာပြင်ပေါ်မှ မန့်ကို စိုက်ကြည့်နေသည်။
'ဟုန်းရန် က ငါ့ကွန်မန့်ကို တိုက်ရိုက် ပြန်ဖြေတယ်ပေါ့'
ဟုန်းရန် : ဪ... မင်းမောင်လေးကိုး။ မင်းတို့နှစ်ယောက် ငါ့ကို စနေကြတာလား၊ အမကြီးကို တော်တော် လန့်သွားအောင် လုပ်နိုင်တာပဲ။
'အမကြီး...ဟုန်းရန် က မိန်းကလေးလား၊
အာ... စိတ်ဝင်စားဖို့ ကောင်းသားပဲ...'
ထိုအချိန်မှာပင် တံခါးမှာ ဒိုင်း ခနဲ အသံနှင့်အတူ ကန်ဖွင့်ခံလိုက်ရပြီး ဟန်ကျန်းရွှယ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကျန်းရှောင်ဖီ"
***