နှစ်ဦးသားကြားတွင် တိုက်ပွဲတစ်ခု စတင်တော့မည့်ဆဲဆဲမှာပင် ကောင်းကင်ယံကြီးမှာ နှစ်ခြမ်းကွဲအက်သွားပြီး အထက်ကောင်းကင်မှ ကြီးမားလှသော လက်ဝါးကြီးတစ်ချက် ဆင်းသက်လာခဲ့သည်။ ကြောက်မက်ဖွယ်ကောင်းလှသော ထိုမြင်ကွင်းကြောင့် သားရဲနတ်ဘုရားပင်လျှင် တုန်လှုပ်ချောက်ချားစွာဖြင့် မော့ကြည့်နေမိသည်။
“နတ်ဘုရားတစ်ပါးလား...”
သူက တီးတိုးရေရွတ်မိသည်။
“ပညာရှိက နောက်တစ်ယောက် လွှတ်လိုက်တာလား။ မဟုတ်သေးဘူး... ဒီလောက် အားကောင်းတဲ့ စွမ်းအင်နဲ့ ဒီထဲကို သူတို့ ဘယ်လိုဝင်လာနိုင်တာလဲ”
အခြားတစ်ဖက်တွင်မူ လီယောင်း၏ မျက်လုံးများမှာ ထိုလက်ဝါးကြီးကို မြင်သည်နှင့် ဝင်းလက်တောက်ပသွားသည်။
“ယောကျာ်း”
သူမက အော်ဟစ်နှုတ်ဆက်ရင်း ထိုကြီးမားလှသော လက်ဝါးကြီးဆီသို့ ပြေးသွားတော့သည်။
“ယောကျာ်း ဟုတ်လား...”
သားရဲနတ်ဘုရားမှာ ဆွံ့အသွားရသည်။ သူသည် သူပြုလုပ်တော့မည့် အပြုအမူကို ပြန်လည်သတိရသွားပြီး သက်ပြင်းရှည်ကြီးကိုသာ ချနိုင်တော့သည်။
“ဘယ်လိုတွေတောင် ဖြစ်ကုန်တာလဲ”
လီယောင်း၏ လက်ထဲတွင် ရောက်ရှိနေသော အကျိအချွဲလေးကို ကြည့်ရင်း သူက ဒူးထောက်လျက် ရေရွတ်နေမိသည်။
“ယောကျာ်း... တစ်ခုခု ပြောင်းလဲသွားတာလား။ ကြည့်ရတာ အရင်နဲ့ မတူတော့ဘူးနော်”
လီယောင်းက ခေါင်းကလေးစောင်းကာ မေးလိုက်သည်။
“အင်း... ငါ အခု လူသားပုံစံမှာ မဟုတ်တော့လို့လေ”
သူက ပြန်ဖြေလိုက်သည်။ သူမ တကယ်ပဲ အတည်မေးနေတာလားဟုလည်း သူ တွေးတောနေမိသည်။
“အာ... အဲ့ဒါကြောင့်ကိုး”
သူမက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
[ဒီလောက်ကြီးမားတဲ့ ကွာခြားချက်ကိုတောင် မမြင်ဘူးလား။ မင်းက အတာပဲလား]
ဧကရီက ဝင်ရောက်မေးမြန်းလိုက်သည်။
“ဟိဟိ”
သူမက ချိုသာစွာ ပြုံးပြလိုက်သည်။
[ငါ မင်းကို ချီးကျူးနေတာ မဟုတ်ဘူးနော်]
ဧကရီက အော်ဟစ်လိုက်ပြန်သည်။
“ကျွန်မကတော့ ယောကျာ်းကို ယောကျာ်းအဖြစ်ပဲ မြင်ပါတယ်”
လီယောင်းက ပြောလိုက်သည်။
“ဒါက ကောင်းတဲ့အချက်လား”
ရှန်းယွီ တွေးတောနေမိသည်။
“ဘာပဲဖြစ်ဖြစ်... ယောကျာ်းက အခု အရမ်းအစွမ်းထက်နေပြီပဲ။ ဒီလိုဆို ကျွန်မက ရှင့်ကို ဘယ်လိုလုပ်ပြီး အနိုင်ကျင့်လို့ ရတော့မှာလဲ”
သူမက မေးလိုက်သည်။
[ -_- ]
“...”
“အာ... မဟုတ်ဘူး ကျွန်မ စကားမှားသွားလို့ ဒီလောက် စွမ်းအားကွာခြားချက်ကြီးနေတော့ ကျွန်မတို့ ဘယ်လိုမျိုး အတူတူ ကျင့်ကြံကြမလဲလို့ မေးတာပါ”
သူမက အလျင်အမြန် ပြင်ပြောလိုက်သည်။
[မင်းကတော့ တကယ်ကို မလွယ်ဘူးပဲ]
ရှန်းယွီကတော့ ဘာမှပြန်မပြောဘဲ ကြောင်ကြည့်နေမိသည်။
“ဟုတ်ပါပြီ... ကျွန်မ ဝန်ခံပါတယ်။ ကျွန်မ ယောကျာ်းအပေါ် မကောင်းတဲ့အကြံတွေ ရှိခဲ့ပါတယ်။ ကျွန်မ ဖုံးကွယ်မထားတော့ဘဲ ကိုယ့်အမှားကိုယ် တာဝန်ယူပါ့မယ်။ ယောကျာ်းက ကျွန်မကို ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်”
သူမက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
“မင်းပြောတာက ဆုလာဘ်ကို ပြောတာလား”
ရှန်းယွီက မေးလိုက်သည်။
“ဘာ... ကျွန်မက အဲ့ဒါကို နှစ်သက်တယ်ဆိုပေမဲ့ အဲ့ဒါက အပြစ်ပေးတာ မဟုတ်ဘူးလို့ မဆိုလိုပါဘူးနော်”
လီယောင်းက သူမ၏ စိတ်ရင်းအတိုင်းဖြစ်ကြောင်း ပြသရန် ရင်ဘတ်ပေါ် လက်တင်ကာ ငြင်းဆို လိုက်သည်။
သားရဲနတ်ဘုရားမှာမူ ဒူးထောက်လျက်သားပင် ဤဆန်းကြယ်လှသော မိန်းမမောင်နှံကို ကြည့်ရင်း ဒါ ဘယ်လိုမျိုး ရူးကြောင်ကြောင်အတွဲလဲဟု တွေးနေမိသည်။
“ဟိုလေ...”
သူက သူတို့၏ အာရုံကို ရယူရန် ကြိုးစားလိုက်သည်။
“တိတ်စမ်း ငါ ငါ့ယောကျာ်းနဲ့ စကားပြောနေတာ မမြင်ဘူးလား”
လီယောင်းက အော်ဟစ်လိုက်ပြီး ရှန်းယွီကို လက်နက်တစ်ခုကဲ့သို့ အသုံးပြုကာ သားရဲနတ်ဘုရားကို ရိုက်ချလိုက်ရာ သူ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
“အာ... ယောကျာ်း... အဆင်ပြေရဲ့လား။ တောင်းပန်ပါတယ်... ကျွန်မ တမင်လုပ်တာ မဟုတ်ပါဘူး...”
သူမယောကျာ်းကို လက်နက်လို အသုံးပြုသည့် မိန်းမမျိုးကတော့ ကမ္ဘာမှာ ရှိဦးမလားဟု ရှန်းယွီ တွေးတောရင်း သူမလက်ထဲမှ အမြန်ခုန်ထွက်ကာ လူသားပုံစံသို့ ပြန်လည်ပြောင်းလဲလိုက်သည်။
“ယောကျာ်း... ဒီအတွက်ကြောင့် ယောင်ယောင်က ဘယ်လိုအပြစ်ပေးမှုကိုမဆို ခံယူပါ့မယ်”
သူမက မျှော်လင့်တကြီး မျက်လုံးလေးများဖြင့် ပြောလိုက်ပြန်သည်။
[မင်း ခဏလောက်ပဲဖြစ်ဖြစ် ရမ္မက်တွေ နည်းနည်းလျှော့လို့ မရဘူးလား]
ဧကရီက သူမ၏နောက်မှ ပေါ်လာပြီး လီယောင်း၏ ခေါင်းကို ခပ်ဖွဖွလေး ခေါက်လိုက်သည်။ လီယောင်းက သနားစရာကောင်းသော မျက်နှာလေးဖြင့် သူမ၏ ခေါင်းကို ကိုင်ထားသော်လည်း ဧကရီကတော့ သူမကို ကျော်ဖြတ်ကာ သားရဲနတ်ဘုရား၏ ရှေ့တွင် ရပ်လိုက်သည်။
[မင်း ပညာရှိကို ဘယ်လိုနည်းနဲ့ အနိုင်ယူဖို့ ကြံစည်ထားတာလဲ]
သူမက တိုက်ရိုက်ပင် မေးလိုက်သည်။
“အာဏာစက်လား”
သားရဲနတ်ဘုရားမှာ ဤအချက်ကြောင့် အံ့အားသင့်သွားသည်။
“ပြောစမ်း”
ရှန်းယွီက အမိန့်ပေးလိုက်ပြီး သားရဲနတ်ဘုရားကို ဖိနှိပ်ထားနိုင်သော သူ၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်သည်။
“နေဦး ကျွန်တော် ပြောပါ့မယ်၊ ပြောပါ့မယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို မသတ်ပါနဲ့”
သူက အသည်းအသန် အသနားခံတော့သည်။ သားရဲနတ်ဘုရားက ဤမျှလွယ်လွယ်ကူကူ အလျှော့ပေးလိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ရှန်းယွီ အံ့အားသင့်သွားသည်။
[မင်း အံ့ဩသွားတာလား]
ဧကရီက မေးရာ ရှန်းယွီက ခေါင်းညိတ်ပြလိုက်သည်။
[အသက်အရှည်ဆုံး ရှင်သန်ခဲ့တဲ့သူတွေက သေမှာကို အကြောက်ဆုံးပဲလေ]
သူမက ပြုံးလျက် ရှင်းပြလိုက်သည်။
[ကဲ... ပြောတော့...]
သူမက သားရဲနတ်ဘုရားဘက်သို့ ပြန်လှည့်ကာ ပြောလိုက်သည်။
…
“မင်းပြောချင်တာက ပညာရှိ ဖြစ်လာမယ့် လျှို့ဝှက်ချက်ကို မင်းသိတယ်ပေါ့”
“မဟုတ်ပါဘူး... ကျွန်တော် အဲ့ဒီအဆင့်အထိ မရောက်ဖူးသေးပါဘူး။ ဒါပေမဲ့ ပညာရှိနယ်ပယ်မှာ အဆင့်တက်တဲ့ လျှို့ဝှက်ချက်ကိုတော့ ကျွန်တော် သိပါတယ်။ အနည်းဆုံးတော့ အကြောင်းအကျိုး ပညာရှိ အဆင့်တက်တဲ့ နည်းလမ်းပေါ့”
သူက ပြောလိုက်သည်။
“ပညာရှိတစ်ယောက် အဆင့်တက်ဖို့ နည်းလမ်းတွေ အများကြီး ရှိတာလား”
“မှန်ပါတယ်... ဒါပေမဲ့ ကျန်တဲ့နည်းလမ်းတွေကိုတော့ ကျွန်တော် မသိပါဘူး”
သူက ဝန်ခံလိုက်သည်။
“ဒါတွေက ပညာရှိကို အနိုင်ယူဖို့နဲ့ ဘာဆိုင်လို့လဲ”
ဧကရီက စိတ်မရှည်စွာ မေးလိုက်သည်။
“အဲ့ဒီအကြောင်းကို ကျွန်တော် ပြောပြတော့မလို့ပါပဲ”
သားရဲနတ်ဘုရားက ပြန်ပြောလိုက်သည်။
“ဒါဆိုရင်လည်း မြန်မြန်ပြောစမ်းပါ”
ဧကရီက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
“အကြောင်းအကျိုး ပညာရှိ အဆင့်တက်တဲ့ နည်းလမ်းကတော့ ဝိညာဉ်အစိတ်အပိုင်းတွေ ဖန်တီးတာပါပဲ”
သူက စတင်ပြောပြသည်။
“ပညာရှိက သူမရဲ့ ဝိညာဉ်ကို ခွဲထုတ်ပြီး သံသရာထဲကို ဝင်စေပါတယ်။ ဝိညာဉ်က လူဝင်စားပြီးတဲ့နောက်မှာ သူမက ဘေးကနေပြီး အဲ့ဒီဝိညာဉ် ပညာရှိအဆင့် ရောက်လာအောင် လမ်းညွှန်ပေးပါတယ်။ ပညာရှိအဆင့် ရောက်သွားပြီဆိုရင်တော့ သူမက အဲ့ဒီဝိညာဉ်ကို ပြန်လည်ဝါးမြိုပြီး သူမရဲ့ နယ်ပယ်ကို မြှင့်တင်လိုက်တာပါပဲ”
“သူမက ပညာရှိနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့အတွက် ပညာရှိအဆင့်ရောက်တဲ့ ဝိညာဉ် ၅ ခု လိုအပ်ပါတယ်။ သိထားဖို့က... သူမဟာ အခုဆိုရင် သူမရဲ့ ကိုယ်ပွားဝိညာဉ် ၄ ခုကို ပြန်လည်ဝါးမြိုပြီးသွားပြီ ဖြစ်သလို ပညာရှိနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်ဖို့ နောက်ထပ် ခြေတစ်လှမ်းပဲ လိုတော့တာပါ”
သားရဲနတ်ဘုရားက ရှင်းပြလိုက်သည်။
“ပြန်စဉ်းစားကြည့်ရင်... မင်းတို့နှစ်ယောက်စလုံးက ပညာရှိနဲ့ အတော်လေး တူနေတာပဲ”
သူက ဧကရီနှင့် လီယောင်းကို သေသေချာချာ ကြည့်ရင်း ပြောလိုက်သည်။
“မင်းက လူသားနတ်ဘုရားလား”
သူက မေးလိုက်သည်။
“ငါက လူသားဧကရီပါ။ ဒါပေမဲ့ ငါ့ကို လူသားနတ်ဘုရားလို့လည်း သိကြတယ်”
သူမက ရှင်းပြလိုက်သည်။
ထိုစကားကို ကြားသောအခါ သားရဲနတ်ဘုရားက ခါးသီးစွာ ရယ်မောလိုက်သည်။
“ဒါဆိုရင် မင်းက လူသားနတ်ဘုရား ဖြစ်နေတာကိုး။ မင်း တကယ်ကို ကံဆိုးတာပဲ။ မင်းဟာလည်း ပညာရှိရဲ့ ကိုယ်ပွားတစ်ခုပဲ။ ကျွန်တော်လည်း အတူတူပဲ မိစ္ဆာနတ်ဘုရားနဲ့ အသူရာနတ်ဘုရားတို့လည်း အတူတူပါပဲ။ ဟိုမှာရှိတဲ့ ကောင်မလေးလည်း အပါအဝင်ပေါ့”
သူက လီယောင်းဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။
ဧကရီ၏ မျက်လုံးများ ပြူးကျယ်သွားသော်လည်း သူမက တည်ငြိမ်နေဆဲပင်။
“ဒါဆိုရင်လည်း ကောင်းပါပြီ”
သူမက ပြောလိုက်သည်။
“ဒါပေမဲ့ မင်း ငါ့မေးခွန်းကို မဖြေရသေးဘူး။ ပညာရှိကို ဘယ်လို အနိုင်ယူဖို့ ကြံစည်ထားတာလဲ”
“လွယ်လွယ်လေးပါ... သူမ လုပ်နိုင်ရင် ကျွန်တော်တို့လည်း လုပ်နိုင်တာပေါ့”
သားရဲနတ်ဘုရားက ပြောလိုက်သည်။
“အကယ်၍ ကျွန်တော်က ဟိုကောင်မလေးကို ဝါးမြိုနိုင်ရင် ကျွန်တော် သေချာပေါက် ပညာရှိနယ်ပယ်ကို ရောက်သွားလိမ့်မယ်”
“တကယ်လား”
ရှန်းယွီက မယုံကြည်သလို မေးလိုက်သည်။
“ဟုတ်တယ်... ဒါပေမဲ့ အခုတော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ နှစ်ယောက်စလုံး နတ်ဘုရားနယ်ပယ် ရောက်တဲ့အထိ စောင့်ရမှာပါ”
သားရဲနတ်ဘုရားက ရှင်းပြသည်။
“ဒါတောင်မှ မင်းက ပညာရှိနယ်ပယ်ရဲ့ ပထမတာအိုမှာပဲ ရှိဦးမှာလေ။ ပဉ္စမတာအိုကို ရောက်နေတဲ့ ပညာရှိကို မင်းက ဘယ်လိုလုပ်ပြီး အနိုင်ယူမှာလဲ”
“ဒီကိုယ်ပွားမှာ ကောင်းကင်ဘုံတာအို စွမ်းအား ရှိနေတဲ့အတွက် အဲ့ဒါကို အသုံးပြုပြီး ဒီကမ္ဘာပေါ်မှာရှိတဲ့ ကောင်းကင်ဘုံတာအိုရဲ့ ကန့်သတ်ချက်တွေကို ပိုပြီး အားကောင်းလာအောင် လုပ်ဆောင်နိုင်မှာပါ”
ရှန်းယွီက သူ့ကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူသည် ပညာရှိကို အနိုင်ယူရန် ကြိုးစားနေခြင်းထက် သူ့ကိုယ်သူ ပညာရှိရန်မှ ကာကွယ်ရန်သာ ကြိုးစားနေပုံပင်။
“မိန်းမ... သူ့ကို ဝါးမြိုပစ်လိုက်တော့”
ရှန်းယွီက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်တော့သည်။
***