“ဘာလုပ်မလို့လဲ”
ဖန်ချင်းတစ်ယောက် နေ့လည်စာပင် မစားဘဲ အပြင်သို့ ပြေးထွက်သွားသည်ကို တွေ့လျှင် ကျန်းကျူးရိ အမြန်မေးလိုက်မိရသည်။
“ရှင်တို့ အရင်စားနှင့်လိုက်ကြ.. ကျွန်မ ကျန်းဟုန်မေ့နဲ့ ကျန်းရှင်းမင်ကို သွားခေါ်လိုက်ဦးမယ်”
ဖန်ချင်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့သည်။
“ဒီနေ့သာ လီဟုန်ကျွင့်ကို သေတဲ့အထိ မရိုက်ချနိုင်ရင် ကျွန်မရဲ့နာမည် ဖန်မဟုတ်တော့ဘူး”
ထိုသို့ပြောပြီးနောက် သူမက အားမာန်အပြည့်ဖြင့် အိမ်ပြင်သို့ ထွက်သွားခဲ့သည်။
“အဟမ်း.. ရှန်းရှန်း.. ထမင်းစားပြီးလို့ ကိစ္စမရှိရင် အိမ်မှာပဲ နားနေလိုက်တော်.. ငါ မင်းအဒေါ်နောက်ကို လိုက်သွားကြည့်လိုက်ဦးမယ်”
ကျန်းကျူးရိလည်း မနှောင့်နှေးစေခဲ့ဘဲအလျင်အမြန်ပြောကာ လိုက်သွားခဲ့လေသည်။
လီရှန်း: “...”
ဦးလေးဖြစ်သူ၏ အနည်းငယ် ထိတ်လန့်နေသော အမူအရာကို ကြည့်ကာ လီရှန်း ပြုံးလိုက်မိသည်။
သူမ ပြန်လည်မွေးဖွားလာသော အချိန်မှစ၍ အထည်ချုပ်စက်ရုံ၏ ဝန်ထမ်းအိမ်ရာသို့ လီဟုန်ကျွင့်ကို သွားရှာခဲ့ချိန်၊ နောက်ပိုင်း ပန်းထိုးစက်ရုံသို့သွားကာ ကျန်းယွဲ့၏မိခင်နှင့် ရင်ဆိုင်ရန်သွားသည့်အချိန်များအထိ လီရှန်းတစ်ယောက် သူမ အိပ်မက်ထဲတွင်သာ ရှိနေသေးသကဲ့သို့ ခံစားခဲ့ရသည်။
သို့သော်လည်း ဤအချိန်တွင်တော့ သူမ၏ ဦးလေးနှင့် အန်တီတို့၏ ရင်းနှီးပြီး သဘာဝဆန်လွန်းလှသည့် ဆက်ဆံရေးများကို မြင်လိုက်ရပြီး သူမ၏နှလုံးသားက လက်တွေ့ဘဝသို့ ပြန်ရောက်လာခဲ့လေသည်။
သူမ နေ့လည်စာ စားပြီးချိန်အထိ ကျန်းကျူးရိနှင့် သူ၏ဇနီးသည်တို့ ပြန်မလာခဲ့ကြပေ။
လီရှန်းတစ်ယောက် စားပွဲပေါ်ရှိ ဟင်းပွဲများအားလုံးကို မီးဖိုပေါ်သို့ ပြန်တင်ကာ နွှေးထားလိုက်ပြီးနောက် သူမ စားသောက်ခဲ့သော ပန်းကန်များကို ဆေးကြောကာ တံမြက်စည်းတစ်လက်ကိုယူပြီး ခြံဝင်းကို စတင်ရှင်းလင်းခဲ့သည်။
စက်မှုစက်ရုံကို တည်ထောင်ခဲ့သည်က အချိန်အားဖြင့် အလွန်စောလွန်းပြီး ရွာများမှ လယ်ယာမြေများကို သိမ်းယူကာ တည်ထောင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အနီးအနားမှ ရွာထဲမှ လူငယ်များမှာလည့် သဘာဝကျစွာဖြင့် စက်ရုံထဲတွင် အလုပ်လုပ်ရန်အတွက် ရောက်ရှိလာခဲ့သောကြောင့် ဝန်ထမ်းအိမ်ရာအတွင်းမှ ဖွဲ့စည်းမှုက နောက်ပိုင်းတွင်ဖွင့်လှစ်သော စက်ရုံများကဲ့သို့ ရိုးရှင်းခဲ့ခြင်းမရှိခဲ့ပေ။
ထိုဝန်ထမ်းအိမ်ရာမှ လူအများစုမှာ ကျေးလက်တွင် မွေးဖွားကြီးပြင်းခဲ့ကြသောကြောင့် ကောလာဟလအတင်းအဖြင်းများပိုလည်း အလွန်ကြိုက်နှစ်သက်ခဲ့ကြသည်။
ထို့ကြောင့် လီရှန်းမှာ ကလေးဘဝတွင် များစွာသောလူများထံမှ သူမကို “ဘေးတွဲ ဆီပုလင်း” သို့မဟုတ် “တောစာကလေး” ဟု ခေါ်ဆိုခဲ့ကြသည်။
ထိုအချိန်တုန်းက ကျန်းကျူးရိနှင့် ဖန်ချင်းသည်လည်း ကိုယ်စီအလုပ်များဖြင့် ရှုပ်ထွေးနေခဲ့ရသည်။
သူတို့၏ သားနှစ်ယောက်မှာ သူတို့၏ဝမ်းကွဲညီမအပေါ် အတင်းအဖြင်းပြောသည့် ကိစ္စနှင့်ပတ်သက်၍ ဝန်ထမ်းအိမ်ရာဝင်းမှ လူများနှင့် မကြာခဏ ခိုက်ရန်ဖြစ်ပွားခဲ့ကြလေ၏။
လူအများမှာလည်း သူတို့၏အိမ်သို့ မကြာခဏရောက်ရှိလာခဲ့ကာ တိုင်တမ်းလေ့ရှိကြသည်။
ခိုက်ရန်ဖြစ်ပွားမှုအား အမြန်ဆုံး ငြိမ်သက်စေရန်အတွက် ကျန်းကျူးရိတို့ဇနီးမောင်နှံနှစ်ယောက်မှာ သူတို့၏သားများကိုကို ရှေးဦးစွာ ဆုံးမလေ့ရှိကြလေ၏။
ထိုသို့သော အကြောင်းများက လီရှန်း ဤအိမ်သို့ရောက်ရှိလာ၍သာ ဖြစ်ပေသည်။ နောက်ပိုင်းတွင် သူမအနေဖြင့် အပြင်သို့ ထွက်ရန်ပင် မဝံ့ရဲခဲ့တော့ပေ။
သူမ၏ အစ်ကိုနှစ်ယောက်က သူမအတွက် ထပ်မံရန်ဖြစ်မည်ကို စိုးရိမ်ခဲ့သည်။
သူမအနေဖြင့် အမျိုးမျိုးသော ကောလာဟလနှင့် အတင်းအဖြင်းများကို ကြားခဲ့ရပြီး စိတ်ထဲတွင်သာ ထည့်ထားခဲ့သည်။
“သူများအိမ်မှာ ခိုကပ်နေရတဲ့... “
ဆိုသည့် ခံစားချက်ကလည်း ထိုအချိန်ကတည်းက သူမ၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည်။
ယခုတွင်တော့ ထိုကဲ့သို့ကိစ္စများ ထပ်မံဖြစ်ပွားလာသောအချိန်တွင် သူမ နောက်ထပ် ဂရုမစိုက်တော့မည်မဟုတ်ပါချေ။
သူမက များစွာသော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ခဲ့ပြီးဖြစ်ကာ သူတပါး၏ဘဝများကို ပျော်ရွှင်စေရန် ကြိုးစားခဲ့သည်။
သူမ၏ အလှည့်သို့ ရောက်သောအချိန်တွင်လည်း စိတ်ပျက်အားငယ်စွာ မနေထိုင်သင့်ပေ။
လီရှန်းတစ််ယောက် တံမြက်စည်းကို အားစိုက်ပြီး လှည်းကျင်းနေခဲ့သည်။ သူမက အမှိုက်များကို ရှင်းလင်းနေခြင်းမဟုတ်ဘဲ သူမ၏ တစ်ချိန်က မျှော်လင့်ချက်မဲ့ခဲ့သော ဘဝကို ရှင်းလင်းနေသကဲ့သို့ပင်။
ဖန်ချင်းက ညနေပိုင်းသို့ရောက်မှသာ ပြန်လာခဲ့သည်။
ဇနီးမောင်နှံနှစ်ယောက်လုံး၏ မျက်နှာမျာ့က အလွန်ပင် တည်တန့်နေကြသည်။ သူတို့က နာရီများကိုပင် ချွတ်ကာ အိမ်တွင် ထားခဲ့ကြသည်။
အထူးသဖြင့် ဖန်ချင်းက အတော်လေးပွပြီး သက်သောင့်သက်သာရှိသော အလုပ်ဝတ်စုံကိုပင် ဝတ်ဆင်ခဲ့ကာ မကြာခင် တိုက်ခိုက်ရတော့မည့်အလား သူမ၏လက်များနှင့် ခြေထောက်များကို လှုပ်ရှားခဲ့သည်။
“ရှန်းရှန်း၊ မင်း မလိုက်ခဲ့နဲ့”
ဖန်ချင်းအနေနဲ့ ဖြစ်လာမည့် အခြေအနေက သိပ်ပြီး မကောင်းနိုင်ကြောင်းကို စိုးရိမ်သောကြောင့် လီရှန်းတစ်ယောက် ကြောက်ရွံ့သွားမည်ကို စိုးရိမ်နေခဲ့သည်။
သို့သော်လည်း လီရှန်းက အဝတ်လျှော်တုတ်ကို စိတ်လှုပ်ရှားစွာကိုင်ကာ နှစ်ကြိမ်တိုင်တိုင် မကြည့်ပြီး အလေးချိန်ကို တွက်ချက်၍ ပြောလာလေ၏။”အန်တီ.. ဒါကို ဘယ်လိုထင်လဲ.. ကြည့်ရတာ အတော်လေးတော့ မာတဲ့ပုံပဲ၊ ဒါနဲ့ လူကို ထိမိရင်နာလောက်တယ်မလား”
လီရှန်းအနေဖြင့် တခြားသူများကို မရိုက်နိုင်လောက်သော်လည်း ရန်ပွဲထဲတွင်ဆိုလျှင် အခွင့်အရေးယူနိုင်ကြောင်းတွေးမိသည်။
ထုန်လင်းက သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့သော်လည်း သူမက မိထွေးဖြစ်သောကြောင့် ပြောစရာမရှိလှပေ။ သို့သော်လည်း လီဟုန်ကျွင့်က သူမ၏အဖေရင်းဖြစ်သော်လည်း သူမကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ခြင်းမှာ မုန်းတီးစရာကောင်းလွန်းပေသည်။
ဖန်ချင်း: “...”
“ကောင်းပြီ”
သူမရဲ့ တူမက မကြောက်ရွံ့ဘူးဆိုမှတော့ သွားလိုက်ကြတာပေါ့။
ဤသို့ဖြင့် မိသားစုတစ်ခုလုံးက စိတ်အားထက်သန်မှုအပြည့်ဖြင့် အထည်ချုပ်စက်ရုံ၏ ဝန်ထမ်းအိမ်ရာသို့ သွားခဲ့ကြပြီး ကားပေါ်မှ ဆင်းကာ နောက်ဖက်တွင်ရှိသည့် အိမ်ရာဝင်းသို့ တည့်တည့်သွားခဲ့ကြသည်။
ဤအချိန်၌ လီဟုန်ကျွင့်၏ အိမ်အပြင်ဘက်မှ နေရာလွတ်တွင် လူများစွာ ရပ်နေခဲ့ကြသည်။
ထိုသူများထဲတွင် လီရှန်း၏ အန်တီလေး ကျန်းဟုန်မေ့နှင့်ခင်ပွန်းသည်တို့သာမကဘဲ သူမ၏ အငယ်ဆုံးဦးလေး ကျန်းရှင်းမင်လည်း ရှိနေလေ၏။
ထိုသုံးဦးတို့က အထည်ချုပ်စက်ရုံမှ အရာရှိများနှင့် စကားပြောနေခဲ့ကြသည်။
လီမိသားစု၏ တိုက်ခန်းတံခါးမှာ ပိတ်ဆို့ထားသော်လည်း တံခါးအက်ကွဲကြောင်းမှ အလင်းရောင် ထွက်ပေါ်နေသောကြောင့် အိမ်ထဲတွင် တစ်စုံတစ်ယောက် ရှိနေကြောင်းကို ပြသနေခဲ့သည်။
သူတို့က ကျန်းမိသားစု၏စုဝေးမှုဖွဲ့စည်းပုံက ဤမျှလောက် ကြီးမားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြသောကြောင့် တံခါးဖွင့်ရန်အတွက်မရဲခဲ့ကြပုံရသည်။
အစ်ကိုဖြစ်သူတို့ဇနီးမောင်နှံနှစ်ဦး ရောက်သည်နှင့် ကျန်းဟုန်မေ့နှင့် ကျန်းရှင်းမင်တို့က သူတို့ကို ဦးစွာ ဝိုင်းရံလာခဲ့ကြလေ၏။
အထူးသဖြင့် ကျန်းဟုန်မေ့မှာ လီရှန်းကို သူမ၏လက်ထဲတွင် ပွေ့ဖက်ကာ အလွန်ဝမ်းနည်းကြေကွဲနေသောအသံဖြင့် ငိုကြွေးလာခဲ့သည်။
“ငါတို့ မိသားစုရဲ့ ရှန်းရှန်းက ဒုက္ခတွေအများကြီး ရောက်ခဲ့ရပြီ”
ကျန်းရှင်းမင်သည်လည်း ဝမ်းနည်းနေပုံရပြီး မျက်ရည်များကို မကျဆင်းလာစေရန် ခေါင်းမာမာနဲ့ ထိန်းချုပ်နေခဲ့သည်။
“ဟုတ်တယ်.. ကျွန်တော်တို့ ကျန်းမိသားစုရဲ့ လက်ဖဝါးထဲမှာ ရတနာလေးလိုမျိုးတန်ဖိုးထားပြီး ထည့်ခဲ့ရတဲ့ ကောင်မလေးကို သူမရဲ့ မိထွေးက ဒီလောက်တောင် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့တယ်! မင်းတို့ အထည်ချုပ်စက်ရုံက ဒီနေ့အတွက်တော့ ရှင်းပြချက်တစ်ခု ပေးမှရလိမ့်မယ်!”
ဖန်ချင်းကတော့ ဘေးနားတွင်ရှိနေသည့် ကျန်းကျူးရိကို သတိပေးခဲ့သည်။
“ကျွန်မ စကားပြောနေတုန်းမှာ ဖြတ်မပြောနဲ့”
ကျန်းကျူးရိ: “...”
“ကျွန်မရဲ့ စွမ်းဆောင်ရည်တွေကို မထိခိုက်စေနဲ့”
“မင်းက ငါ့ကို ပြောနေသေးတယ်”
ကျန်းကျူးရိက ဖန်ချင်းကို ကြည့်ကာ ခနဲ့လိုက်သည်။
“ ငါက ကြိုတင်ပြင်ဆင်ထားခဲ့ပြီးသားပဲ”
သူက ဖန်ချင်းကဲ့သို့ မဟုတ်ပါချေ။ ဖန်ချင်းကဲ့သို့ ညီအစ်ကို မောင်နှမများကိုသာ ခေါ်ခဲ့ပြီး ယခုရပ်နေကြသည့် ခေါင်းဆောင်များကို ဂရုမစိုက်ဘဲနေလိမ့်မည်မဟုတ်ချေ။
သူက နေ့လယ်ဘက်တွင် အလကားသက်သက် အလုပ်ရှုပ်ခဲ့ခြင်း မဟုတ်ပေ။ အငြိမ်းစားယူထားသော အထည်ချုပ်စက်ရုံမှ ခေါင်းဆောင်အချို့ကိုပင် သူ ကိုယ်တိုင်သွား၍ဖိတ်ခေါ်ထားခဲ့သည်။
အရာအားလုံးက ယနေ့အတွက် လီဟုန်ကျွင့်နှင့် စာရင်းရှင်းရန်သာ ဖြစ်သည်။
သူက အရှေ့သို့တိုးသွားကာ အငြိမ်းစားဝန်ထမ်း အရာရှိတချို့နှင့် လက်ဆွဲနှုတ်ဆက်ခဲ့ပြီး လက်ထောက်ဒါရိုက်တာဖြစ်သည့် ကျန်းချင်းတုန်ကို လှမ်းကြည့်လိုက်သည်။
“ဉီးလေးကျန်း၊ အခုလိုမျိုး အချိန်ပေးပြီးကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ကိစ္စမရှိဘူး.. ဘယ်လိုပဲဖြစ်ဖြစ် ဟုန်ကျန့် နဲ့ ငါကလည်း လုပ်ဖော်ကိုင်ဖက်ဟောင်းတွေပဲလေ”
ကျန်းဟုန်ကျန့် မတော်တဆမှု ဖြစ်ခဲ့သည့်နှစ်တွင် ကျန်းချင်းတုန်မှာ ထုတ်လုပ်ရေးဒါရိုက်တာလေး ဖြစ်နေခဲ့သည်။
ကျန်းဟုန်ကျန့်သာ မရှိခဲ့လျှင် သူ၏အလုပ်အကိုင်က ပြီးဆုံးသွားပေလိမ့်မည်။ ထို့ကြောင့် ကျန်းဟုန်ကျန့်က သူ့အပေါ် အလွန်ကျေးဇူးကြီးမားသည်။
ကျန်းကျူးရိ၏ ဖုန်းကို လက်ခံရရှိပြီးနောက် သူက သက်သေခံအဖြစာ ခေါင်းညိတ်သဘောတူခဲ့သည့် ပထမဆုံးသော အရာရှိလည်း ဖြစ်ခဲ့ပေသည်။
ကျန်းကျူးရိက ကျန်းချင်းတုန်နှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် အလုပ်သမား သမဂ္ဂဥက္ကဋ္ဌ ဝူချန်ချွမ်ကို နှုတ်ဆက်ရန် သွားခဲ့သည်။
လူများကို နှုတ်ဆက်ပြီးနောက်တွင် အရေးကြီးသော ကိစ္စကို စတင်ရန် အချိန်ကျပြီ ဖြစ်သည်။
တစ်ဖက်တွင်တော့ လီရှန်း မည်သည့်စကားကို မပြောရသေးမီ ကျန်းဟုန်မေ့က လီရှန်းကို ပွေ့ဖက်ကာ အော်ဟစ်ကိုကြွေးနေခဲ့လေ၏။
“ရှန်းရှန်း၊ မင်း ဘာလို့ ဒီလောက်တောင် သနားစရာကောင်းနေရတာလဲ”
လီရှန်း၏ အဒေါ် ကျန်းဟုန်မေ့မှာ ခရိုင်ယဥ်ကျေးမှုအနုပညာအဖွဲ့တွင် ဆရာမတစ်ဦးဖြစ်ပြီး အသံကောင်းတစ်ခုကို ပိုင်ဆိုင်သည်။
ဤအော်ဟစ်သံက လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့လေသည်။ သူမက လီရှန်းကို နာကျင်မှုအပြည့်ဖြင့် ပွေ့ဖက်ထားခဲ့ပြီး၊ သူမ၏ ခံစားချက်များကို ချိုသာပြေပြစ်သော အသံဖြင့် ဝမ်းနည်းဖွယ်ရာ ညည်းညူနေခဲ့သည်။စကားလုံးများထဲမှ အကြောင်းအရာကို နားထောင်ရန်ပင် မလိုပေ။ သူမ၏ အသံကို နားထောင်ရုံဖြင့်ပင် လူများကို မျက်ရည်ကျစေလောက်အောင် နှလုံးသားတစ်ခုလုံး ချဥ်စူးစူး ခံစားစေနိုင်ခဲ့သည်။
သူမ ပြောနေသော အကြောင်းအရာများကို နားထောင်ကြည့်လျှင်__
“ကျွန်မရဲ့ အစ်မ ကျန်းဟုန်ကျန့် ဆုံးပါးသွားတော့ သူမရဲ့ကိုယ်ပေါ်မှာ အကောင်းအတိုင်းကျန်တဲ့ အရေပြားဆိုလို့ တစ်စွန်းတစ်စတောင် မရှိခဲ့ဘူး.. ကျွန်မတို့တွေက ဒီသနားစရာကောင်းလွန်းတဲ့ တူမလေးကို ဂရုစိုက်ဖို့အတွက်တောင် နောက်ကျလွန်းတယ်လို့ ခံစားနေမိခဲ့ကြတာ..
ရလဒ်အနေနဲ့ ကျွန်မတို့က သူမကို ကာကွယ်ဖို့ ဘယ်လောက်ပဲကြိုးစားနေပါစေ အဲဒီ အရှက်မရှိတဲ့လင်မယားနှစ်ယောက်ဆီကနေ ဒီမိန်းကလေးကို ကာကွယ်ပေ့လို့ မရနိုင်ခဲ့ဘူး..
သူတို့ မိသားစုလေးယောက်က နှစ်ပေါင်းများစွာ ကျွန်မအစ်မရဲ့ အသွေးအသားတွေကို စားသုံးပြီး ကျွန်မအစ်မရဲ့အိမ်မှာ နေထိုင်ခဲ့ကြတယ်၊ ကျွန်မအစ်မရဲ့ ပင်စင်လစာကို သုံးစွဲနေခဲ့ကြတယ်!
အခုတော့ သူတို့က ကျွန်မရဲ့အစ်မချန်ခဲ့တဲ့ ဒီသမီးလေးကိုပါ ရောင်းချင်နေကြတယ်!”
***