ဒါရိုက်တာလျို့ကတော့ လီရှန်း၏ ဆက်ဆံရခက်လှသည့် အဘွားဖြစ်သူ၏အကြောင်း ကြားလျှင် အခြေအနေကို နားလည်သွားခဲ့သည်။
သေချာပေ၏။ လီရှန်းသာ စက်ရုံမှာ ဆက်ရှိနေသေးပါက အဘွားလီ၏ နှောင့်ယှက်မှုက ရှောင်လွှဲ၍ မရနိုင်လောက်ပေ။
နောက်ဆုံးမှာတော့ လီရှန်းက တောင့်မခံနိုင်တော့ဘဲ လီဟုန်ကျွင့်ဆီသို့ အလုပ်နေရာကို ပြန်ပေးရခြင်းဖြစ်လာနိုင်သည်။
သို့မဟုတ်ဘဲ ဤမိန်းကလေးကသာ အလုပ်ကို ခေါင်းမာမာနှင့်လုပ်ကိုင်နေမည်ဆိုလျှင် အဘွားလီက ဆက်ပြီး နှောင့်ယှက်နေပေလိမ့်မည်။
ထိုမြင်ကွင်းကို တွေးရုံနှင့်ပင် ဒါရိုက်တာလျို့တစ်ယောက် တုန်လှုပ်သွားခဲ့သည်။
ဤအချိန်ထိ တိတ်ဆိတ်နေခဲ့သော စွမ်းလီဖန်ကတော့ စိတ်လှုပ်ရှားနေခဲ့ပေပြီ။
လီရှန်းက သူမ၏အလုပ်ကို ရောင်းချမည်ဟု စပြောသည့် အချိန်ကတည်းက သူမ၏ခေါင်းထဲမှ ရေဒါလေးက တဝီဝီ မြည်နေခဲ့သည်။
သူမအနေဖြင့် သူမ၏ အငယ်ဆုံးသားအတွက် စက်ယန္တရားစက်ရုံတွင် အလုပ်ရှာပေးချင်ခဲ့သည်။
သို့သော်လည်း အထည်ချုပ်စက်ရုံ အလုပ်ရနိုင်မည်ဆိုလျှင်လည်း သူမ အလွန်ပင် ပျော်ရွှင်နေလိမ့်မည်။
သူမက အလုပ်တစ်ခု ရရှိဖို့ရန်အတွက်သာ လိုချင်ခြင်းဖြစ်ကာ တောင်းဆိုချက် များများစားစား မရှိပေ။
လီရှန်းက ဆက်ပြောလာသည်။
“နောက်ပြီး အိမ်ကိစ္စကလည်း ရှိသေးတယ်.. အိမ်ကိစ္စအတွက်က မရှင်းလင်းနိုင်လောက်အောင် ရှုပ်ထွေးနေလို့ ဦးလေးက ကျွန်မကို မပြောခဲ့တဲ့အကြောင်းကို ကျွန်မ သိပါတယ်
ဒါပေမဲ့ ကျွန်မရဲ့အဖေ အဲဒီမှာနေနိုင်တာက ကျွန်မရဲ့အမေကြောင့်ဆိုတဲ့အချက်ကိုတော့ ငြင်းလို့ မရဘူး..
ကျွန်မ အခု အသက် ဆယ့်ရှစ်နှစ် ပြည့်နေပြီ.. နှစ်နှစ်မပြည့်ခင်ကတည်းက အဲဒီအိမ်ကနေ ထွက်လာခဲ့ရပြီး အိမ်ကိုပြန်လာရင်တောင် နေစရာနေရာ မရှိခဲ့ဘူး
ကျွန်မရဲ့ အဖေ မကောင်းတဲ့အကြောင်းကို မပြောချင်ဘူး၊ ဒါပေမဲ့ သူက မျက်နှာချင်းဆိုင် စကားပြောဖို့အတွက်တောင် လေးစားချင်စရာမရှိဘူး..
ကျွန်မ သူ့အတွက် တစ်စုံတစ်ခုလုပ်ပေးချင်ရင်တောင် စိတ်ပျက်စရာတွေကိုပဲ ကြုံတွေ့ခဲ့ရတယ်”
ဖန်ချင်းတစ်ယောက် ယခင်က လီရှန်းကို နားမလည်ပေးနိုင်ခဲ့သည့်အတွက် စိတ်နှလုံးတို့ နာကျင်လာခဲ့ရသည်။
လီဟုန်ကျွင့်ဆိုတဲ့လူက ဘာလို့ ဒီလိုမျိုး ကောင်းမွန်တဲ့ သမီးလေးကို တန်ဖိုးထားရမှန်း မသိတာလဲ?!
“လီဟုန်ကျွင့်က တကယ်ကို လူမဆန်ဘူး!”
ကျန်းဟုန်မေ့က နာကျင်စွာဖြင့် လီရှန်းကို ပွေ့ဖက်ထားခဲ့မိသည်။
သူမက စိတ်ခံစားလွယ်သူဖြစ်သောကြောင့် ယခုအချိန်တွင် သူမ၏ မျက်လုံးများက နီရဲနေခဲ့သည်။
“အလုပ်ရာထူးက ရောင်းလို့ရတာတော့ သေချာတယ်.. ဒါပေမဲ့ ဒီလို အခြေအနေမျိုးမှာတော့ မရောင်းသင့်ဘူး”
ဒါရိုက်တာလျို့သည် အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ ပြောလာသည်။
“ဒီလိုဆိုရင်ရော.. မင်းအတွက် လုပ်ထုံးလုပ်နည်းတွေကို ဦးလေး အရင်လုပ်ထားပေးမယ်.. မင်းအထက်တန်းကျောင်းပြီးဖို့ တစ်လကျော်လောက်ပဲ ကျန်တော့တာ မလား..
ဒီကာလအတွင်းမှာ သေသေချာချာစဉ်းစားကြည့်ပေါ့.. ကျောင်းပြီးတဲ့နောက်မှာလည်း ရောင်းချင်သေးတယ်ဆိုရင် ဦးလေး မင်းအတွက် လူရှာပေးမယ်..
မရောင်းချင်ဘူးဆိုရင်လည်း တိုက်ရိုက် အလုပ်ပြန်ဝင်လို့ရတယ်”
လီရှန်းသည် အံ့အားသင့်သွားရသည်။
သူမအနေဖြင့် ဒါရိုက်တာလျို့က ဤမျှ တရားမျှတမှု ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက ထုန်လင်းနှင့် ဆွေမျိုးတော်စပ်သည့် မည်သူမဆို ထုန်လင်းနှင့် တူညီနေလိမ့်မည်ဟု ထင်ခဲ့သည်။
သို့သော်လည်း တကယ်တမ်း စဉ်းစားကြည့်လျှင် ယနေ့အတွက် ကိစ္စအားလုံးက ချောချောမွေ့မွေ့နဲ့ အောင်မြင်သွားခြင်းမှာ ဒါရိုက်တာလျို့နှင့် ဇနီးသည်တို့ကြောင့်သာ ဖြစ်သည်။
ဒါရိုက်တာလျို့က ကိစ္စများကို ဘက်မလိုက်ဘဲ ကိုင်တွယ်ခဲ့သည်ကို သူမ မြင်နိုင်ခဲ့ရသည်။ သို့သော်လည်း စွမ်းလီဖန်တွင်တော့ ကိုယ်ပိုင်အလိုလောဘတချို့ ရှိနေခဲ့သည်။
လောဘရှိခြင်းက မကောင်းသောအရာ မဟုတ်ပါချေ။ တခြားသူများကို ထိခိုက်အောင်မလုပ်သရွေ့ လက်ခံ၍ရနိုင်ပေသည်။
“ဒါဆိုရင်လည်း ဦးလေးလျို့ကို ကြိုပတင်ပြီး ကျေးဇူးတင်လိုက်ပါ့မယ်”
လီရှန်း သက်ပြင်းချလိုက်ပြီး မတ်မတ်ရပ်ကာ ဒါရိုက်တာလျို့အား အပြုံးတစ်ခုဖြင့် အရိုအသေပေးလိုက်သည်၊
ထို့နောက် စွမ်းလီဖန်၏ လက်ကို ဆုပ်ကိုင်၍ ကျေးဇူးတင်စကားဆိုလုက်ပြန်သည်။
“အန်တီစွမ်းကိုလည်း ကျေးဇူးတင်ပါတယ်.. အန်တီသာ မရှိရင် ဒီနေ့ ကျွန်မ အခုလိုအဆင်ပြေနိုင်မှာမဟုတ်လောက်ဘူး”
စွမ်းလီဖန်သည်လည်း ထိုသို့ ချီးကျူးစကားကိုကွားလျှင် အလွန်ပင် ပျော်ရွှင်သွားခဲ့သည်။
သူမက ရင်ဘတ်ကို ပုတ်ကာ အာမခံစကားလာပြောသည်။
“မင်းက ငါ့ကို အန်တီလို့တောင် ခေါ်နေတာလေ.. ငါက မင်းကို ဒုက္ခရောက်အောင် လုပ်ပါ့မလား”
သူတို့ ရုံးခန်းမှ ပြန်ထွက်လာချိန်တွင် ကျန်းကျူးရိက ဝူချွမ်ချန်တို့ နှုတ်ဆက်နေသည်ကို မြင်လိုက်ရသည်။
အထည်ချုပ်စက်ရုံမှ အပြန်လမ်းတွင် ကျန်းကျူးရိက မေးလာခဲ့သည်။
“ရှန်းရှန်း၊ မင်းရဲ့ဦးလေးက အိမ်အကြောင်းကို မပြောခဲ့ဘူး.. မင်း ဦးလေးကို ဒေါသထွက်နေလား”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
လီရှန်း အံ့အားသင့်သွားရသည်။
“ဦးလေးက ကျွန်မကို ဒုက္ခရောက်အောင်မလုပ်ဘူးဆိုတာ ကျွန်မယုံတယ်”
“ အမှန်ပဲ.. အစ်ကိုကြီး.. အစ်ကိုက ဒီလိုမျိုးပြောရင် ကျွန်မတို့ရဲ့ ရှန်းရှန်းကို နာကျင်အောင်လုပ်နေတာနဲ့အတူတူပဲ”
ကျန်းဟုန်မေ့က လီရှန်းဆီသို့ လျှောက်သွားခဲ့ကာ သူမ၏ လက်ကို ဆွဲယူပြီး မျက်နှာတွင် အပြုံးတစ်ခုနှင့် ပြောလာခဲ့သည်။
“ရှန်းရှန်း၊ မင်း ဒီနေ့ လုပ်ခဲ့တာ မှန်တယ်.. အန်တီက မင်းကို ချီးကျူးချင်တယ်”
လီရှန်း အနည်းငယ် ရှုပ်ထွေးသွားရသည်။
“အရင်တုန်းက မင်းက အရမ်း တိတ်ဆိတ်နေခဲ့ပြီး ကိစ္စတွေအားလုံးကို စိတ်ထဲမှာပဲ ထားခဲ့တယ်”
ကျန်းဟုန်မေ့က လီရှန်းကို ဖက်လိုက်ပြီး ပြောလာခဲ့သည်။
“နောက်ဆိုရင် အဲဒီလို ထပ်မနေရဘူးနော်.. ဒီနေ့လို ဖြစ်နေရမယ်.. မင်းမှာ ဘာတွေပဲ မကျေနပ်စရာတွေ ရှိလာပါစေ ငါတို့ကို ပြောပြရမယ်.. ငါတို့အားလုံးက မင်းရဲ့အကြီးအကံ ၊မင်းရဲ့နောက်ခံတွေပဲ.. ငါတို့ မင်းကို အမြဲတမ်း ထောက်ခံပေးမယ်”
“ဟုတ်တယ်၊ ငါ ဒီနေ့ တကယ် စိတ်ဆိုးနေတာ! လီဟုန်ကျွင့်ကို ဖမ်းပြီး ရိုက်ပစ်ချင်တယ်”
ကျန်းရှင်းမင်က လက်မလျှော့ချင်သေးဘဲ ကျမ်းကျူးရိကို အော်ပြောလာခဲ့သည်။
“အစ်ကိုကြီး.. မင်း ဒီနေ့ ဘာဖြစ်သွားတာလဲ...”
အိမ်ကို ပြန်ရအောင် လုပ်ပေးမယ်လို့ ကတိပေးထားတာမဟုတ်ဘူးလား။
ဘာလို့ ဘာမှ မပြောခဲ့တာလဲ။
ကျမ်းကျူးရိက မည်သည့်စကားကိုမှမဆိုခဲ့ဘဲ စီးကရက်ကိုသာ မီးညှိလိုက်လေ၏။
ထိုအခိုက်တွင် အမြဲတစေ မထင်မရှားနေတတ်သော သူတို့၏ဦးလေးဖြစ်သူ ယန်အန်းကော်က တခြားတစ်ဖက်မှ ပြုံးပြီး ပြောလာခဲ့သည်။
“ဒီအကြောင်းနဲ့ပတ်သက်ရင် မင်းတို့ ငါ့ကို မေးရမှာ”
“ဟမ်?”
လူတိုင်းက ယန်အန်းကော်ဘက်ကို ပြန်လှည့်ကြည့်လိုက်ကြသည်။
“ငါတို့ ဗျူရိုက အထည်ချုပ်စက်ရုံနဲ့ မြေကွက်တစ်ခု လဲလှယ်ချင်နေတယ်.. အဲဒါက ဝန်ထမ်းခြံဝန်းဧရိယာထဲမှာပဲ”
ယန်အန်းကော်က ပြည်သူ့လုံခြုံရေးဗျူရိုတွင် ဝင်ရောက်ခဲ့ပြီး ယခုအချိန်၌ နိုင်ငံရေးဌာနတွင် အလုပ်လုပ်နေခဲ့သောကြောင့် ဤနယ်ပယ်ရှိ သတင်းအချက်အလက်များနှင့်ပတ်သက်လျှင် စောစီးစွာသိရလေ့ရှိသည်။
“ အိမ်တွေရဲ့ခွဲတမ်းကို ပြန်ပြီးပြင်ဆင်မယ်လို့ပြောချင်တာလား”
လီရှန်း၏ မျက်လုံးများက အရောင်တောက်ပလာခဲ့သည်။
“ဟုတ်တယ်”
ယန်အန်းကော်က အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်သည်။
“ငါပြောချင်တာက.. လီဟုန်ကျွင့်ရဲ့ အိမ်ကိုလည်း သူ့ရဲ့လုပ်သက်နဲ့လိုက်ပြီး ခွဲထုတ်ပစ်မှာပဲ.. အခု ကိစ္စတွေ က ဒီလိုဖြစ်လာပြီဆိုတော့ သူက မင်းအမေရဲ့ ဝေစုကို ယူဖို့မဖြစ်နိုင်တော့ဘူး
အချိန်ကျလာရင် သူ အလုပ်လုပ်ခဲ့တဲ့ အချိန်ကာလအပေါ် မူတည်ပြီး ရသင့်သလောက်ကိုပဲ ခွဲယူနိုင်လိမ့်မယ်.. မင်းကတော့ မင်းအမေရဲ့ ဝေစုကို ယူလိုက်ရုံပဲ”
“ဘာလို့လဲ.. ရှန်းရှန်းက ဘာလလို့ အစ်မရဲ့ဝေစုကိုပဲရမှာလဲ”
ကျန်းဟုန်မေ့ အော်ပြောလိုက်မိသည်။
“လီဟုန်ကျွင့်က သူမရဲ့ အဖေ မဟုတ်ဘူးလား.. သူက ဒီလောက် နှစ်တွေအကြာကြီး ရှန်းရှန်းအတွက် တစ်ပြားမှ မပေးခဲ့ဘူး၊ သူ အသက်ကြီးလာရင် ရှန်းရှန်းက ထောက်ပံ့ရဦးမှာ.. အဲဒီအိမ်က ရှန်းရှန်းကို ပေးသင့်တယ်”
“မဟုတ်ဘူး၊ အဲဒါကို မလိုဘူး”
လီရှန်း ခေါင်းခါလိုက်သည်။
“သူ့ ဝေစုကို ရဖို့က မလွယ်ပါဘူး.. နောက်ပြီး သူ့မှာ သားတစ်ယောက်ရှိနေသေတယ်.. ဒီတော့ သူ အသက်ကြီးလာရင် ထောက်ပံ့ပေးဖို့ ကျွန်မကိုတောင်းဆိုမှာ မဟုတ်ဘူး”
လီဟုန်ကျွင့်သည်က သားယောက်ျားများကိုသာ ပို၍နှစ်သက်သူဖြစ်ပြီး အယူအဆအဟောင်းများအပေါ်တွင် စွဲမြဲနေသူဖြစ်သည်။
လီရှန်းက သူ့ကို ထောက်ပံ့ဖိုအတွက်ကို မဆိုထားနှင့်ဦး။ လီကျူးက သူ့ကို ထောက်ပံ့မယ်လို့တောင် တွေးဖူးမှာ မဟုတ်လောက်ဘူး။
သူ အသက်ကြီးလာရင် လီချောင်ရဲ့အနားမှာပဲနေမှာ သေချာတယ်။
ရှန်းရှန်း၏ ပွင့်လင်းသည့်စိတ်သဘဘောထားက ကျမ်းကျူးရိကို အံ့အားသင့်စေခဲ့သည်။
သူ၏ မှတ်ဥာဏ်ထဲတွင် ဤတူမဖြစ်သူ၏ စရိုက်က အားနည်းလွန်းသည်ဟု သတ်မှတ်နိုင်သည်။
သူမက တခြားသူများနှင့် စကားပြောခြင်း၊ ဆက်သွယ်ခြင်းတို့ကို မကြိုက်ပါချေ။
ဟိုးယခင် သူ့၏သားနှစ်ယောက် အိမ်မှာရှိနေစဥ်တုန်းက အိမ်ထဲတွင် ရယ်မောသံများ အနည်းငယ်ရှိခဲ့သော်လည်း သူ၏သားများ အိမ်မှ ထွက်ခွာသွားပြီးနောက်တွင်တော့ တူမက အိမ်တွင် ရှိနေလျှင်ပင် လူပျောက်တစ်ယောက််ကဲ့သို့ ရှိနေခဲ့သည်။
သူတိ့ဇနီးမောင်နှံနှင့်ပင် အလွယ်တကူ စကားမပြောခဲ့ပေ။
လက်ရှိအချိန်မှ လီရှန်း သူ့ကို ကြည့်လာသော အမူအရာတို့ ကျန်းကျူးရိအား ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်မိစေခဲ့သည်။
သူ အလုပ်တွေ အရမ်းများနေလို့ ကလေးကို ပစ်ထားမိတာများလား။
ဒါကြောင့် သူ့ရဲ့တူမမှာ ဒီလိုမျိုး စိတ်နေသဘောထား ရှိနေတာကို မသိခဲ့တာလား။
“မင်းပြောတာမှန်တယ်”
ကျန်းကျူးရိ ခေါင်းညိတ်၍ ထောက်ခံလိုက်လေ၏။
***