ပန်းတစ်ပွင့်ဖြစ်သော်လည်း အနိုင်ကျင့်ရမလွယ်ကူသည့် ပန်းဘုရင်ဖြစ်နေခဲ့သည်
ကျန်းယွဲ့က နှာခေါင်းတစ်ချက်ရှုံ့ကာ လီရှန်း၏ စားပွဲဆီသို့ လျှောက်လာသည်။
“လီရှန်း၊ ငါတို့ရ့် အဖွဲ့လေးအတွက် နေရာတစ်နေရာ ကျန်သေးတယ်.. နင် တကယ် မလိုက်တော့ဘူးလား”
“မလိုက်ဘူး”
လီရှန်း ခေါင်းခါလိုက်သည်။
“နင်.. “
ကျန်းယွဲ့၏ မျက်လုံးများတွင် မီးတောက်များဖြင့် ပြည့်နှက်လာခဲ့သည်။
လီရှန်းသည်ကား ယခုအချိန်တွင် သူမကို မကြောက်တော့ပေ။ ထို့အစား ကျန်းယွဲ့အား ဆွပေးသည့်အမူအရာတို့ဖြင့် မျက်ခုံးပင့်ပြလာသည်။
ထောင့်အချိုးအစားကြောင့် လီလင်းနှင့် သူမကို စိုက်ကြည့်နေသော ကျန်းယွဲ့မှလွဲ၍ မည်သူမျှ မမြင်နိုင်ခဲ့ပေ။
ကျန်းယွဲ့က သူမ၏အကြည့်ကြောင့် ပေါက်ကွဲသွားခဲ့သည်။
“လီရှန်း၊ မင်း ဒါက ဘာသဘောလဲ”
လီရှန်းက ချက်ချင်းပင် အပြစ်ကင်းစင်ပြီး သနားစရာကောင်းသော အမူအရာကို ပြသလာသည်။
“ငါက ဘာဖြစ်နေလို့လဲ”
ကျန်းယွဲ့ ပါးစပ်ဖွင့်လိုက်သော်လည်း မည်သည်ကိုမှ မပြောနိုင်ခဲ့ပေ။
လူတိုင်းရှေ့မှာ တိုက်ခိုက်မလို့လား။
လီရှန်းကို သူမနဲ့အတူ ကျေးလက်ကို သွားဖို့ အတင်းအကျပ် ခိုင်းနေသလို ဖြစ်စေချင်တာလား။
“ကျန်းယွဲ့၊ အဲဒီနေ့က ငါ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီ.. မင်းနဲ့ အတန်းဖော်ဟဲအတွက်လည်း အကောင်းဆုံး ဖြစ်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်၊ ပြီးတော့...”
လီရှန်းက စိတ်ရှုပ်ထွေးအံ့သြနေသကဲ့သို့ ခေါင်းကို အသာစောင်းလိုက်သည်။
“နင်က နင်တို့ရဲ့ အိမ်ထောင်ရေးမှာ တတိယလူ တစ်ယောက် ပေါ်လာစေချင်တာလား.. နင်နဲ့ အတန်းဖော်ဟဲနဲ့ လုပ်တဲ့ ကိစ္စတိုင်းမှာ ငါ့ကို ဘာလို့ ခေါ်သွားဖို့ လိုအပ်နေတာလဲ”
လီရှန်းထံမှ ထိုစကားများ ထွက်လာသည်နှင့် လူတိုင်းက နားစွင့်လာခဲ့ကြသည်။
ကျန်းယွဲ့က အလွန်ပင် ဒေါသထွက်သွားခဲ့သည်။
“နင် ဘာတွေအဓိပ္ပါယ်မရှိ ပြောနေတာလဲ၊ ငါ နင့်ကို ဘယ်တုန်းက ခေါ်သွားဖူးလို့လဲ”
“နင်သာ ငါ့ကို မခေါ်သွားဘူးဆိုရင် နင့်ရဲ့ အစ်ကိုဟဲနဲ့အတူ ကျေးလက်ကို နှစ်ယောက်တည်း သွားလိုက်”
လီရှန်းက စိတ်သက်သာရာရသော မျက်နှာဖြင့် သက်ပြင်းချလိုက်သည်။
“ကျေးလက်ဒေသရဲ့ ကျယ်ပြန့်သော ကမ္ဘာသစ်မှာ နင်တို့တွေ အောင်မြင်မှုတွေအများစွာ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်”
ကျန်းယွဲ့တစ်ယောက် ငြင်းဆိုရန် စကားလုံးမရှိတော့ဘဲ ခြေဆောင့်ကာ လှည့်ထွက်ပြေးသွားခဲ့ရသည်။
လီရှန်းက ဘေးကို ပြန်လှည့်ကာ လီလင်းကို ပြုံးပြလိုက်သည်။ ထိုအပြုံးမှာယခင်ကအတိုင်း ပန်းပွင့်လေးနှယ် နူးညံ့ပြီး လှပနေခဲ့ပေသည်။
သို့သော်လည်း ဤပန်းလေးမှာ ပျက်စီးလွယ်သော နုနုနယ်နယ် ပန်းပွင့်ဖြူလေး မဟုတ်ဘဲ ပန်းဘုရင် ဖြစ်နေခဲ့သည်။
လီလင်းက လီရှန်းကို လက်မ မထောင်ပြဘဲ မနေနိုင်ခဲ့ပေ။
နောက်ထပ် အတန်းတစ်ရက်ပြီးနောက် စနေ၊ တနင်္ဂနွေသို့ ရောက်ရှိလာခဲ့သည်။ ယခုခေတ်ကာလတွင် စနေ၊ တနင်္ဂနွေ အားလပ်ရက်ဟူသော အယူအဆ မရှိပါချေ။
ပိုင်မားခရိုင် အထက်တန်းကျောင်းက ကျောင်းနေဘော်ဒါဆောင်ကဲ့သို့ဖြစ်သောကြောင့် ဝေးလံသော နေရာမှ ကျောင်းသားများအတွက် အချိန်လုံလောက်စွာ ရရှိစေရန်အတွက် တစ်လလျှင် အားလပ်ရက် လေးရက်ပေးသည်။
ထို့အပြင် တနင်္ဂနွေနေ့တိုင်း နေ့လယ်ပိုင်းတွင် နာရီဝက် အားလပ်ချိန် ရှိသည်။ ဤနာရီဝက်ကို ရေချိုးရန်အတွက် အထူးသီးသန့်ထားခြင်း ဖြစ်သည်။
စက်ရုံတိုင်းတွင် ရေချိုးခန်းကြီးတစ်ခုစီရှိပြီး ရေချိုးလက်မှတ်ရှိသူတိုင်း ရေချိုးနိုင်သည်။
လီရှန်းက ရေချိုးလာခဲ့ပြီးဖြစ်သဖြင့် ပြန်မသွားခဲ့ပေ။ အဆောင်တွင်ရှိနေသော တခြားလူများအားလုံး နေ့လယ်ပိုင်းတွင် ထွက်သွားကြပြီး ညနေပိုင်း ကိုယ်ပိာင်လေ့ကျင့်မှုအချိန်သို့ မရောက်မီ ပြန်ရောက်လာခဲ့ကြသည်။
သို့သော်လည်း ဤတစ်ကြိမ် လူတိုင်း ပြန်လာပြီးနောက်တွင် လီရှန်းကို ကြည့်သည့် ပုံစံများက ပြောင်းလဲသွားခဲကြသည်။
သေချာပေ၏။ သူတို့အားလုံး အိမ်သို့ပြန်ပြီးနောက်တွင် မိသားစုမှသတင်းဖလှယ်လာခဲ့ကြခြင်းပင် ဖြစ်လိမ့်မည်။
လီရှန်းက သူမ၏ မိထွေးမှ အတင်းအကျပ် လက်ထပ်ခိုင်းခြင်းကို မအောင်မြင်စေရန် တားဆီးနိုင်ရုံသာမက မိထွေးဖြစ်သူကို ဆုံးရှုံးမှုများစွာ ဖြစ်စေခဲ့သည်ဟူသော သတင်းက နေ့လယ်ပိုင်းတစ်ခုစာ အချိန်တွင် ပျံ့နှံ့သွားခဲ့သည်။
ကျန်းယွဲ့အတွက်ကတော့ မနက်ပိုင်းတွင် စွမ်းအင်အပြည့် ရှိနေသော်လည်း ပြန်ရောက်လာသောအချိန်တွင်တော့ နှင်းခါးရိုက်ခံထားရသည့် ခရမ်းသီးကဲ့သို့ ဖြစ်နေပြီး စားပွဲပေါ်တွင် မှောက်နေခဲ့ကာ ခေါင်းမထောင်နိုင်တော့ပေ။
“ဒီတော့ နင် ကျောင်းကနေတစ်ရက်ခွဲ ခွင့်တောင်းပြီး ပြန်သွားတာက အိမ်ထောင်ရေး ကိစ္စတွေကို ဖြေရှင်းဖို့ ဖြစ်နေခဲ့တာပေါ့”
လီလင်းက အတင်းအဖျင်းပြောရန် ရောက်လာခဲ့သည်။
“နင်က အရမ် တော်တာပဲ.. နင့်ရဲ့ မိထွေးကိုတောင် အနိုင်ယူနိုင်တယ်.. နင်မသိဘူးမလား.. ကျန်းဖေးက နင့်ကို အရမ်း မနာလိုဖြစ်နေတာ.. သူမက မိထွေးဖြစ်သူနဲ့ ရန်ဖြစ်တိုင်း တစ်ခါမှ မနိုင်ဖူးဘူးလေ”
အရှေ့ဘက်စားပွဲက လျို့ဖင်းငလည်း အနောက်ကိုလှည့်ကာ ကျန်းဖေးကို အသာစောင်းပြ၍ ပြောလာသည်။ကျန်းဖေး၏ ဖခင်သည်လည်း ပြီးခဲ့သည့်နှစ်က ဆယ်နှစ်ငယ်သော အမျိုးသမီးတစ်ဦးနှင့် ပြန်လည်လက်ထပ်ခဲ့သည်။ သူက အသက်ကြီးသူဖြစ်ပြီး ဇနီးသည်က အမျိုးသမီးငယ်လေးတစ်ဦးဖြစ်ရာ သဘာဝအတိုင်း ပို၍ အလျှော့ပေးနေခဲ့သည်။
သို့သော် ကျန်းဖေး၏ မျက်လုံးထဲတွင်တော့ သူမ၏ ဖခင်က အနိုင်ယူခံရသကဲ့သို့ဖြစ်လာခဲ့ပြီး ကျန်းဖေး၏ စိတ်က အလွန် မမျှတသကဲ့သို့ ခံစားလာခဲ့ရသည်။
သူမကသာ အဆိုးရွားဆုံးခံစားရသူဟု တွေးလာခဲ့သည်။
လီရှန်းက ယခင်ကကဲ့သို့ နူးညံ့ပြီး ကြင်နာစွာ ပြုံးပြလာသည်။
“အဓိကက ငါ့ရဲ့ဦးလေးက ကူညီပေးလို့လေ.. ငါ တစ်ယောက်တည်း သာဆိုရင်တော့ လုံးဝ အဆင်ပြေမှာ မဟုတ်ဘူး”
ဒီအပြုံးက ထပ်လာပြန်ပြီ!
လီလင်းတစ်ယောက် ယခုအချိန်တွင် လီရှန်းပြုံးလာသည်ကို မြင်လိုက်ရတိုင်း မထိန်းချုပ်နိုင်စွာ တုန်လှုပ်သွားရသည်။
သူမအနေဖြင့် ဤတစ်ယောက်က ကျားသားစားချင်သောကြောင့် ဝက်အယောင်ဆောင်နေသောသူဖြစ်ကြောင်း နောက်ဆုံးတွင် သိခဲ့ပေပြီ။
သို့သော်လည်း ဝင်ရောက်၍ ပြောလိုက်သေးသည်။
“ဟုတ်တယ်၊ နင့်မှာ အခုလို ကောင်းမွန်တဲ့ဦးလေးတွေရှိနေလို့ ကံကောင်းတာပဲ”
“အခုဆို ပိုကောင်းသွားပြီ.. နင့်ရဲ့ မိထွေးက နောက်ဆို နင့်ကို သေချာပေါက် မလှည့်စားရဲလောက်တော့ဘူး”
လီလင်း သက်ပြင်းချလိုက်သည်။
လီရှန်း ခေါင်းခါရမ်းလိုက်သည်။
“ပြောဖို့တော့ခက်တယ်၊ သူမက တိုက်ပွဲတစ်ခု ပိုရဲရင့်လာတတ်တယ်၊ နောက်တစ်ကြိမ် တိုက်ခိုက်လာမယ့်အချိန်ကို စောင့်နေမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ”
လီရှန်းက ပြောနေရင်းဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
“ထားလိုက်ပါတော့၊ သူမရဲ့အကြောင်း မပြောကြနဲ့တော့၊ သူမရဲ့အကြောင်းကိုပြောရင် ကံမကောင်းတာပဲ ဖြစ်လာလိမ့်မယ်”
“နောက်တစ်ခု ရှိသေးတယ်.. ငါတို့တွေက လပိုင်းအတွင်းမှာ ကျောင်းပြီးတော့မှာလေ၊ ကျောင်းပြီးရင် ဘာလုပ်ရမလဲဆိုတာ မသိသေးဘူး”
လီလင်းက အတင်းအဖျင်းပြောသူ မဟုတ်သောကြောင့် ခေါင်းစဉ်ကို ရိုးရှင်းစွာ ပြောင်းလဲလိုက်သည်။
လျို့ဖင်းကတော့ ဘေးဘက်အတန်းမှ မိန်းကလေးအတန်းဖော်တချို့က အိမ်ပြန်ပြီး လက်ထပ်ကြတော့မည်ကြောင်း ပြောလာပြီး အားကျစွာဖြင့် ပြောခဲ့သည်။
“တကယ်တော့ လက်ထပ်တာကလည်း ကောင်းတာပဲလေ”
“ဘာလို့လဲ၊ နင် ဘာလို့ လက်ထပ်တဲ့အကြောင်းကိုပဲ ပြောနေတာလဲ.. လက်မထပ်ရသေးလို့ အရမ်း စိတ်ပျက်တာလား”
လီလင်း မျက်လုံးလှန်ပြလာသည်။
သူမက လျို့ဖင်း၏ ကိုယ့်ကိုယ်ကိုယ် သနားတတ်သော စရိုက်ကို အမုန်းဆုံး ဖြစ်လေသည်။
“မဟုတ်ပါဘူး၊ ငါရုတ်တရက် တွေးမိသွားလို့၊ ငါ ကြင်ဖက်တွေ့ရင် ကောင်းမလားလို့.. ငါ့အဘွားက ငါ့ကို ကျေးလက်ဒေသကို သွားပြီး ပညာတတ်လူငယ် လုပ်စေချင်နေတယ်.. ပညာတတ်လူငယ်ရုံးကလည်း ငါ့အိမ်ကို အကြိမ်ပေါင်းများစွာ လာနေတာ”
လျို့ဖင်းတစ်ယောက် သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
“ငါ့မိသားစုမှာ ကလေးငါးယောက်တောင် ရှိတယ်.. ဘယ်သူကမှ ကျေးလက်ဒေသကို သွားဖို့ စာရင်းမသွင်းချင်ကြဘူး”
ယခုအချိန်တွင် ကျေးလက်ဒေသကို မဖြစ်မနေသွားရမည်ဟု မထုတ်ပြန်သေးသော်လည်း ပညာတတ်လူငယ်ရုံးမှ ဝန်ထမ်းများက ကလေးများသော မိသားစုများထံသို့ သွားရောက်ကာ ဆွဲဆောင်တတ်သည်။
“တွေးကြည့်ရင် ငါတို့ခရိုင်က စက်ရုံတွေက အလုပ်သမားမခေါ်တာ နှစ်အတော်ကြာနေပြီမလား”
အလုပ်သမား ခေါ်ဆိုသည့်ဦးရေက နည်းသထက် နည်းလာသော်လည်း ကြီးပြင်းလာသည့် ကလေးများက များသထက် များလာသည်။
စားဝတ်နေရေးအတွက် အလုပ်အကိုင် မရှိတော့သည့်အတွက် အိမ်တိုင်းက ညည်းညူနေကြသည်။
သို့သော် ထိုသို့ဖြစ်နေလျှင်ပင် မိသားစုထဲမှကလေးများကို ကျေးလက်ဒေသကို ပို့ကာ ပညာတတ်လူငယ်လုပ်ခိုင်းရန်အတွက် စာရင်းပေးသွင်းရန် တစ်ခါမှ မတွေးခဲ့ကြပါချေ။
မြို့တွင် ဘဝက မည်မျှပင် ခက်ခဲနေပါစေ၊ မြို့ပြအိမ်ထောင်စုစာရင်း ရှိနေသေးသည်။ အကယ်၍ ကျေးလက်ဒေသကို သွားပြီး ပညာတတ်လူငယ်ဖြစ်သွားလျှင်တော့ ကျေးလက်အိမ်ထောင်စုစာရင်းသာ ရရှိသွားပေတော့မည်။
“ငါ့အမေ လွန်ခဲ့တဲ့ ရက်လနည်းလောက်နည်းက စက်ရုံကော်မတီကို သွားစုံစမ်းသေးတယ်.. ပန်းထိုးစက်ရုံက ဒီနှစ် အလုပ်သမား မခေါ်ဘူးတဲ့”
လျို့ဖင်းက မျက်လွှာချကာ သူမ၏ လက်ချောင်းများကို စိုက်ကြည့်နေခဲ့သည်။ သူမသည်က ငယ်စဉ်ကတည်းက သူမ၏ အမေကို ပန်းထိုးရာတွင် ကူညီခဲ့သည်။
ပန်းထိုးစက်ရုံကသာ အလုပ်သမား ခေါ်ယူပါက သူမ သေချာပေါက် အလုပ်ရလိမ့်မည်။
“အထည်ချုပ်စက်ရုံကလည်း အလုပ်သမား မခေါ်ဘူး”
အထည်ချုပ်စက်ရုံက ပြည်သူ့လုံခြုံရေးဗျူရိုနဲ့ မြေ လဲလှယ်ချင်နေသည်။
“နောက်ထပ်နှစ်နှစ် ၊ သုံးနှစ်အတွင်းမှာ အလုပ်သမား ခေါ်ဦးမှာ မဟုတ်ဘူးလို့ ခန့်မှန်းရတယ်”
“ငါတို့ ဘာလုပ်သင့်လဲ.. မိုင်းတွင်းကို သွားရတော့မှာလား”
လီလင်းက သူမ၏ ခေါင်းကို အုပ်ကိုင်ကာ ညည်းတွားလိုက်သည်။
အမျိုးသမီးများအတွက် သင့်လျော်သော စက်ရုံများက အနည်းငယ်လောက်သာ ရှိသည်။ ဤစက်ရုံများကသာ အလုပ်သမား မခေါ်ပါက အမျိုးသားများနှင့် ယှဉ်ပြိုင်ရပေတော့မည်။
“ဆေးဝါးစက်ရုံမှာ စာမေးပွဲ ဖြေဖို့ ကြိုးစားကြည့်ပါလား”
လီရှန်းက စမ်းသပ်သဘောဖြင့် အကြံပြုလိုက်သည်။
“အောင်သွားတာလဲ ဖြစ်နိုင်တာပဲလေ”
“မရဘူး၊ မရဘူး၊ မရဘူး၊ ဆေးဝါးစက်ရုံကို စဉ်းတောင် မစဉ်းစားနဲ့”
လီလင်း မပြောခင်မှာပင် လျို့ဖင်းစတင်ကာ ခေါင်းကို အတင်းအကြပ် ခါရမ်းခဲ့သည်။“ငါ ပန်းထိုးတာကိုပဲ စိတ်ရှည်လက်ရှည် သင်ယူနေတာ ပိုကောင်းပါတယ်.. စက်ရုံက လူတွေ ခေါ်လာနိုင်တာပဲ”
လျို့ဖင်၏ ပညာအရည်အချင်းမှာ သာမန်သာဖြစ်ပြီး ဆေးဝါးစက်ရုံက သူမ စိတ်ကူးပင် မယဉ်နိုင်သော နေရာဖြစ်သည်။
လီလင်းကတော့ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မည်သည့်အရာမှ မပြောခဲ့ပါချေ။
***