ကျောင်းဆင်းပြီး လူတိုင်း အဆောင်သို့ အတူပြန်သွားကြချိန်တွင် လီလင်းက လီရှန်းကို အစွန်သို့ ဆွဲခေါ်ကာ အသံတိုးတိုးဖြင့် မေးလာသည်။
“နင် ဆေးဝါးစက်ရုံ စာမေးပွဲ ဖြေချင်တာလား”
“ငါ ကြိုးစားကြည့်ချင်တယ်”
လီရှန်းကလည်း ဖုံးကွယ်မခဲ့ထားပါချေ။
ဆေးဝါးစက်ရုံအတွင်း စာမေးပွဲဖြေမည့်သူများက အလွန်များပြားလွန်းသည်။
လူတစ်ယောက်လောက် ပိုလာသည်က ထူးခြားလာလိမ့်မည်မဟုတ်ပေ။
“ဒါဆို ငါလည်း ကြိုးစားကြည့်မယ်”
လီလင်းက အံကို တင်းတင်းကြိတ်ကာ ပြတ်သားစွာ ပြောလာသည်။
“ငါလည်း မကြိုးစားဘဲ လက်လျှော့မှာ မဟုတ်ဘူး”
သူမက မျက်လုံးကို ပင့်မ,ကာ ‘နူးညံ့ပြီး အနိုင်ကျင့်ရလွယ်ကူသည်’ ဟူသော စကားလုံးများ ရေးထိုးထားသကဲ့သို့ ထင်ရသော လီရှန်း၏ မျက်နှာကို ကြည့်လိုက်ပြီးနောက် လွန်ခဲ့သော ရက်အနည်းငယ်က အိမ်တွင် ကြားခဲ့ရသော သတင်းကို ပြန်တွေးလိုက်မိသည်။
မူဝါဒသစ်များ ရောက်လာတော့မည်။ လီရှန်းထံတွင် အမေမတူသော မောင်နှမနှစ်ယောက်ရှိနေခဲ့သည်။
မူဝါဒသစ်ကို အကောင်အထည်ဖော်လိုက်သည်နှင့် ကျေးလက်သို့ သွားရမည့်သူမှာ လီရှန်း ဖြစ်လာလိမ့်မည်။
လီရှန်း၏ စရိုက်ကို ထပ်မံစဉ်းစားလိုက်ပြီး သူမက အကောင်းဆုံးကို ရွေးချယ်ရန် ဆုံးဖြတ်ခဲ့သည်ဟု ခံစားရသည်။
“လီရှန်း၊ ငါတို့ စာမေးပွဲအတွက် အတူတူ ပြင်ဆင်ကြရအောင်”
“ကောင်းပြီ”
လီလင်း သက်ပြင်းချလိုက်ကာ ပေါ့ပါးသော လေသံဖြင့် ပြောလာသည်။
“ငါတို့ နှစ်ယောက်လုံး ဆေးဝါးစက်ရုံကို ဝင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်”
“အင်း”
လီရှန်းလည်း ခေါင်းကိုအားပြင်းပြင်းနှင့် ညိတ်လိုက်လေသည်။
လီရှန်းအနေဖြင့် ဤအချိန်မှသာ ပြန်ရောက်လာခြင်းဖြစ်ကာ စာအုပ်များကိုမထိတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပေပြီ။
ယခင်က သူမ၏ ပညာရေး စွမ်းဆောင်ရည် မည်မျှပင် ကောင်းခဲ့ပါစေ၊ ယခုတွင်တော့ အစမှ စတင်ရတော့မည်။
သူမက အတန်းထဲတွင် အာရုံစိုက် နားထောင်ခဲ့ပြီး အတန်းပြီးနောက် စာကိုသေသေချာချာ ပြန်လည်ကျက်မှတ်သည်။
သူမ အစာစားနေချိန်တွင်ပင် သူမ၏ဘေးတွင် စာအုပ်တစ်အုပ်ကို ထားခဲ့ပြီး ဘန်းမုန့်ကို ကိုက်ရင်း ဖတ်ခဲ့သည်။ သူမ၏ အလွန်အမင်းကြိုးစားသော စာလေ့လာမှုစတိုင်က သူမနှင့်အတူ စာကျက်နေသော လီလင်းဆီသို့ ကူးစက်စေခဲ့ပြီး မကြာမီ လီလင်းလည်း ဤလေ့လာမှု အခြေအနေထဲသို့ ဝင်ရောက်လာခဲ့သည်။
ပတ်ဝန်းကျင်မှ အတန်းဖော်များကတော့ အလွန် ထူးဆန်းသကဲ့သို့ ခံစားနေကြသည်။
လျို့ဖင်းတစ်ယောက်တည်းသာ သူတို့ မည်သည့်အရာကို လုပ်ချင်နေကြောင်းကို သိရှိခဲ့ပြီး သူတို့ကို လှောင်ပြောင်နေသော်လည်း မထိန်းနိုင်စွာဘဲ စိတ်ပူပန်နေခဲ့သည်။
အဲဒါက ဆေးဝါးစက်ရုံပဲ။
စာမေးပွဲကိုသာ အောင်မြင်ခဲ့မည်ဆိုရင် ဒီဘဝမှာ စိုးရိမ်စရာ မရှိတော့ဘူး။
သို့သော်လည်း ဆေးဝါးစက်ရုံတွင် စာမေးပွဲ ဖြေဆိုမည့်သူက များစွာရှိနေပြီး ခရိုင်မြို့တော်မှ စာမေးပွဲခန်းများတွင်ပင် ဖြေဆိုမည်သူများရှိနေသည်။
သူတို့ တကယ် အောင်မြင်နိုင်ပါ့မလား။ လုံးဝ မဖြစ်နိုင်ဘူး။
လျို့ဖင်းအနေဖြင့် သူတို့ကို စိတ်ပျက်သွားစေရန် စကားမပြောခဲ့ဘဲ အတွင်းစိတ်မှ တိတ်တဆိတ် ဝမ်းသာနေခဲ့သည်။
သူမက သူတို့နှစ်ယောက် ဆေးဝါးစက်ရုံသို့ စာမေးပွဲ ဖြေဖို့ သွားခးမည်ဆိုပါက တခြားစက်ရုံများအတွက် သူမနှင့် ယှဉ်ပြိုင်တော့မည်မဟုတ်သဖြင့် ကောင်းမွန်သည်ဟု ယူဆခဲ့သည်။
လီလင်းတစ်ယောက်ကတော့ တိတ်တဆိတ် အံ့အားသင့်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် လီရှန်းက ယဉ်ကျေးမှုဆိုင်ရာ အသိပညာများကိုသာ ပြန်လည်လေ့လာနေရုံသာမက ဆေးပညာအကြောင်းကိုပါ သင်ယူနေကြောင်းကို သူမ တွေ့ရှိခဲ့ရသောကြောင်းပင်။
ထိုစာအုပ်များကို မည်သည့်နေရာမှ ရလာကြောင်းကိုတော့ သူမ မသိခဲ့ရပေ။
“ငါ့ရဲ့ အကြီးဆုံးအဒေါ်ရဲ့ အစ်ကိုက ခရိုင်ဆေးရုံမှာ ဆရာဝန်လေ”
နောက်ဆုံးတွင် လီရှန်းက ဆေးပညာစာအုပ်၏ နောက်ခံကို ရှင်းပြလာသည်။
“နင် ဒါတွေကို နားလည်နိုင်လား”
လီလင်း၏ ခေါင်းက မူးဝေနေခဲ့သည်။
“နားလည်တယ်.. ဒါက အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်တယ်”
လီရှန်းက သူမ၏ လက်ချောင်းထိပ်များဖြင့် စာအုပ်ကို လွမ်းဆွတ်စွာ ပွတ်သပ်သည်။
သူမအနေဖြင့် အတိတ်ဘဝတွင် ကြေကွဲဖွယ်ရာသေဆုံးခြင်းဖြင့် သေဆုံးခဲ့ရပြီး နာကြည်းမှုများစွာ ရှိခဲ့သည်။
စနစ်ထံမှ ရွေးချယ်ခံရပြီးနောက်တွင် သူမအနေဖြင့် အသက်ရှင်လိုစိတ် မရှိတော့သည့် မူရင်းပိုင်ရှင်များ၏ ကိုယ်စား အသက်ရှင်ရန်နှင့် ပြီးပြည့်စုံသော ဘဝကို နေထိုင်ရန် တာဝန်များကို စတင် လုပ်ဆောင်ခဲ့သည်။
အကြောင်းအရာက ရှုပ်ထွေးခြင်း မရှိသော်လည်း သူမတွင် အတွေ့အကြုံ မရှိသောကြောင့် ဒုက္ခများစွာကို ဖြတ်သန်းခဲ့ရသည်။
သူမ မုဆိုးမ ဖြစ်ခဲ့ဖူးသည်။ ကလေးများကို တစ်ယောက်တည်း ပြုစုခဲ့ဖူးသည်။
သူမ၏ ကလေးများကြားမှ ဆက်ဆံရေးကို မျှတအောင် ကြိုးစားရသည့် အဘွားအို ဖြစ်ခဲ့ဖူးသည်။
ဒုက္ခသည်တစ်ဦးလည်း ဖြစ်ခဲ့ဖူးသည်။
နေ့စဉ် အစားအသောက်နှင့် အဝတ်အစားအတွက် ရုန်းကန်ခဲ့ရပြီး လွတ်မြောက်ရန်နှင့် အသက်ရှင်ရန် ကြိုးစားခဲ့ရသည်။
ထို့သို့သောကြုံတွေ့လာရပြီးနောက်တွင် သူမအနေဖြင့် တစ်စုံတစ်ရာသော ကျွမ်းကျင်မှုတစ်ခု ရှိရမည်ဟု တွေးတောခဲ့သည်။
သို့မဟုတ်ပါက အသက်ရှင်ရန်အတွက် အလွန် ခက်ခဲလိမ့်မည်။
ထို့ကြောင့် သူမက ဆေးပညာကို သင်ယူရန် ရွေးချယ်ခဲ့သည်။သူမ၏ စိတ်ကူးက အလွန်ရိုးရှင်းပေသည်။ ငတ်မွတ်ခေါင်းပါးမှု မရှိသရွေ့ ဆရာဝန်ဖြစ်လာခြင်းက သူမ၏ ဆေးပညာဖြင့် ငွေရှာနိုင်ရုံသာမက သူမကို ဖျားနာ၍ မသေစေရန်လည်း အာမခံနိုင်သည်။
ဤစိတ်ကူးကြောင့် နောက်ထပ်ကမ္ဘာအနည်းငယ်တွင် သူမက ကြိုးစားပမ်းစား လေ့လာခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်မှုကို ရရှိရန် ကြိုးစားခဲ့သည်။
အကျိုးဆက်အနေဖြင့် သူမက သူမ၏ ဆေးပညာဖြင့် အမှတ်များကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့ပြီးနောက် နောက်တစ်ကြိမ် ပြန်လာရန်အတိက် အခွင့်အရေး ရရှိခဲ့သည်။
ယခုအချိန်တွင် သူမ၏ အတိတ်မှ ကြိုးစားမှုများက သူမကို ယုံကြည်မှု ပေးလာခဲ့သည်။
လီလင်း သက်ပြင်းချလိုက်သည်။
“ငါ ဒါတွေကို နားမလည်နိုင်တာ ဝမ်းနည်းစရာပဲ”
“ဆေးဝါးစက်ရုံအတွက် စာမေးပွဲမှာ ပရော်ဖက်ရှင်နယ် အသိပညာတွေကို မေးမြန်းလာမယ်ဆိုရင်တောင် သိပ်နက်ရှိုင်းမှာ မဟုတ်လောက်ဘူး.. ဒါတွေက အခြေခံ အသိပညာတွေပဲ .. နင် ဒါတွေကို အရင်ဆုံး မှတ်မိအောင် ကြိုးစားသင့်တယ်”
လီရှန်းက လီလင်းအတွက် အသိပညာ အချက်အလက်များကို အကျဉ်းချုပ်ပေးကာ သူမ ပြုစုထားသော မှတ်စုများကိုပါ လေ့လာခွင့်ပေးလိုက်သည်။
လီလင်းလည်း မှတ်စုကို လျင်မြန်စွာ ယူလိုက်ပြီး နှစ်မျက်နှာလောက် လှန်ကြည့်လိုက်သည်။ ထို့နောက်တွင် ၎င်းမှတ်စုက သူမ ယခင်က ကျပန်း လေ့လာခဲ့သည့် စာများထက် ပိုမို ရှင်းလင်းသည်ကို တွေ့ရှိခဲ့ရသည်။
သူမ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး လီရှန်း၏ လက်မောင်းကို ဆွဲကိုင်ကာ ပြောလိုက်မိလေ၏။
“ရှန်းရှန်း၊ မင်းက အရမ်း ကြင်နာတတ်တာပဲ”
သူမသည် လီရှန်းကို သနားသောကြောင့်သာ အဖော်ပြုပေးခဲ့ခြင်း ဖြစ်သော်လည်း သူမကတော့ ဤမျှလောက်ပင် ကြင်နာပေးခဲ့သည်။
လီလင်းအနေဖြင့် မတိုင်ခင်က လီရှန်းကို စကားနှစ်ခွပြောတတ်ပြီး ပရိယာယ်များသူဟု ခံစားခဲ့ရသော်လည်း ယခုတွင်တော့ ထိုအတွေးများအတွက် ရုတ်တရက် အနည်းငယ် ရှက်မိသွားသည်။
သူမက မှတ်စုစာအုပ်ကို ရင်ခွင်ထဲသို့ ထည့်ထားရင်း နောက်ပိုင်းတွင် လီရှန်း၏သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ကာ သူမနှင့်အတူ ဆေးဝါးကုမ္ပဏီသို့ အတူတကွ ဝင်ခွင့်ရရန် ကြိုးစားမည်ဟု တိတ်တဆိတ် ကတိပြုခဲ့သည်။
လီရှန်းသည်လည်း လီလင်း ကသူမနှင့် ပို၍ နီးကပ်လာသည်ကို သဘာဝကျစွာဖြင့် ခံစားနိုင်သည်။
သူမအနေဖြင့်လည်း လီလင်းနှင့် ပိုမို နီးကပ်စွာ ပေါင်းသင်းရန်အတွက် ဆန္ဒရှိပေသည်။ သူမသည်က အတိတ်က ကိစ္စအများစုကို မေ့လျော့သွားခဲ့သော်လည်း သူမ နက်နက်နဲနဲ မှတ်မိနေသည့် အရာတစ်ခု ရှိသည်။
၎င်းမှာ လီလင်းက သူမအတွက် တိုက်ပွဲဝင်ခဲ့ခြင်းကိုပင်။
ထိုအချိန်က သူမ၏ အရိုးပြာများကို သူမ၏ ဦးလေးက ပင်းချန်မှ ကောက်ယူလာခဲ့သည်။ ဟဲထန်နှင့် ကျန်းယွဲ့တို့ကလည်း ဆွေမျိုးများထံသို့ လည်ပတ်ရန်အတွက် မြို့သို့ ပြန်ရောက်လာခဲ့သည်။
သူတို့၏ နောင်တကြောင့် ဖြစ်နိုင်သည်။ သူတို့နှစ်ယောက်လုံး သူမ၏ နာရေးသို့ လာရောက်ခဲ့ကြသည်။
သို့သော်လည်း သူမ၏ ဦးလေးက ၎င်းတို့ကို နှင်ထုတ်ခဲ့သည်။
ထိုအချိန်က လက်ထပ်ပြီးဖြစ်သော လီလင်းက ထိုစုံတွဲအား လူတိုင်းရှေ့တွင်ပင် “ဟန်ဆောင်နေတယ်” . “ကြောင်က ကြွက်သေအတွက် ငိုပေးနေသလိုမျိုး မဟုတ်မမှန်တဲ့ သနားခြင်းတွေကိုပြသနေတယ်” စသည့် စကားများနှင့် စွပ်စွဲခဲ့ပြီး ထိုစုံတွဲအား ခေါင်းမထောင်နိုင်အောင် ဆဲဆိုခဲ့သည်။
လီလင်းနှင့် လီရှန်းက နှစ်နှစ်ခန့်ကြာအောင် အခန်းဖော်များ ဖြစ်ခဲ့သော်လည်း သူတို့၏ ဆက်ဆံရေးသည်က ဝေးလည်း မဝေး၊ နီးလည်း မနီးခဲ့ပေ။
လီရှန်းအနေဖြင်် သူမ သေဆုံးကြောင်းကို သိရှိပြီးနောက်တွင် လီလင်းက ဤမျှလောက်အထိ ဝမ်းနည်းလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
လီလင်းက လူကောင်းတစ်ယောက်သာ ဖြစ်ပေ၏...
လီရှန်းက သူမ၏ လက်ဖြင့် လီလင်း၏ နဖူးကို တို့ထိလိုက်သည်။
“နင်ကလည်း မိန်းမကောင်းတစ်ယောက်ပဲ”
လီလင်း: “!!!”
စနေ၊ တနင်္ဂနွေက မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့သည်။
လီရှန်းတစ်ယောက် သူမ၏ အိတ်များကို အမြန်ထုပ်ပိုးလိုက်ကာ သူမ၏ မောင်ဝမ်းကွဲ ကျန်းချောင် လာရောက်ခေါ်ဆောင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သူမက စာမေးပွဲများအတွက် ပြင်ဆင်ရမည်ဖြစ်သောကြောင့် ကျောင်းတွင်း ပတ်ဝန်းကျင်မှာ စာလေ့လာရန်အတွက် အနည်းငယ် ဆူညံလွန်းနေသည်ဟု တွေးမိသည်။
ထို့ကြောင့် ယနေ့အတွက် နောက်ထပ် ခွင့်တစ်ရက်ယူကာ သူမ၏ ဦးလေးနှင့် ဆွေးနွေးရန်အတွက် စက်ယန္တရားစက်ရုံသို့ သွားရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်ပေသည်။
သူမအနေဖြင့် စာမေးပွဲမဖြေရသေးခင် လာမည့်ရက်များတွင် အိမ်သို့ပြန်၍ စာပြန်နွှေးရန် စီစဉ်ချင်နေခဲ့သည်။
လီရှန်း၏ လုပ်ရပ်ကို မြင်လျှင် လီလင်းသည်လည်း အိမ်သို့ပြန်၍ နေထိုင်ရန် တွေးတောမိလာခဲ့ရသည်။
“ငါလည်း အိမ်မှာ စာပြန်နွှေးလို့ရရင် ကောင်းမှာပဲ”
လီလင်းတစ်ယောက် လီရှန်းမှ သက်သောင့်သက်သာဖြင့် ပေါ့ပေါ့ပါးပါး ထွက်ခွာသွားရန် ပြင်ဆင်နေသည်ကို မြင်လျှင် အလွန် အားကျမိနေခဲ့သည်။
သူမ၏ မိဘနှစ်ယောက်လုံးက ပုံမှန် အလုပ်သမားများဖြစ်ပြီး လုပ်သက်လည်း လုံလောက်စွာ ရှိသည်။
သို့သော် သူမတွင် အစ်ကို သုံးယောက်နှင့် ညီမတစ်ယောက် ရှိသဖြင့် အိမ်ရာက အလွန် ကျဥ်းမြောင်းလွန်းနေသည်။
သူမ အထက်တန်းကျောင်းသို့ စတင်ဝင်ရောက်လာပြီးကတည်းက သူမအတွက် အိမ်တွင် အိပ်စရာနေရာ မရှိတော့ပေ။ပိတ်ရက်တိုင်းတွင် အိမ်ပြန်ရောက်တိုင်း သူမနှင့် သူမ၏ ညီမဖြစ်သူက တစ်မီတာပင် မကျယ်သော အိပ်ရာငယ်လေးထဲတွင် ပြွတ်သိပ်၍ အိပ်စက်ရသည်။
“ငါ့ရဲ့မိဘတွေက သဘောတူပါ့မလား မသိဘူး”
“နင် မေးကြည့်လိုက်ပါလား”
လီရှန်းသည်လည်း လီလင်း၏ မိသားစု အခြေအနေကို သိရှိသော်လည်း လီလင်းသာ သူမ၏ ကိုယ်ပိုင် စွမ်းရည်ဖြင့် ဆေးဝါးစက်ရုံသို့ ဝင်ခွင့်ရပါက သူမ၏ မိဘများလည်း ဂုဏ်ယူမိလိမ့်မည်ဟု ခံစားရသည်။
ပို၍အရေးကြီးသည်မှာ လီလင်း ဆေးဝါးစက်ရုံသို့ ဝင်ရောက်သည်နှင့် လီမိသားစုမှ ကျန်သူများလည်း စာမေးပွဲဖြေဆိုရန် ပိုမို လွယ်ကူလာမည် ဖြစ်သည်။
“ဒါဆို ငါ ကြိုးစားကြည့်လိုက်မယ်”
လီလင်းလည်း အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။
“ဘယ်လိုပဲဖြစ်ဖြစ် အခုထက်တော့ ပိုမဆိုးနိုင်ပါဘူး”
လီရှန်း သက်ပြင်းချလိုက်မိသည်။
“အခု ကျောင်းက စာပြန်နွှေးဖို့ ကောင်းတဲ့နေရာ မဟုတ်ဘူး”
***